အခန်း ၁၆၁၃
Vol. 115 Ch. 1613
အခန်း ( ၁၆၁၃ ) ကျွင်းရှောင်ယောက်ကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်း။
ကျွင်းရှောင်ယောက်က တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို နောက်ဆုံးအကြိမ် လှုပ်ခတ်သွားစေခဲ့သည်မှာ သူ မွေးဖွားလာခဲ့စဉ်တုန်းက ဖြစ်သည်။
ရှေးဦး မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ခု လောကထဲသို့ သက်ဆင်းလာခြင်းက လောကကြီးအား စိတ်ကူးမယဉ်နိုင်လောက်သော တုန်လှုပ်မှုကို ယူဆောင်လာပေးခဲ့၏။
နောက်ဆုံးတွင်၊ ဤအရာက မရေတွက်နိုင်သော နယ်ပယ်လောကအသီးသီးတွင် ကျော်ကြားလှသည့် အနှိုင်းမဲ့၍ အထွတ်အထိပ်ဖြစ်သော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
အကယ်၍ မျှော်လင့်မထားသော မတော်တဆမှုတစ်စုံတစ်ရာ မရှိခဲ့လျှင်၊ သူက အနာဂတ်မှာ နယ်နိမိတ်ပင်လယ်တစ်ခုလုံး၌ ကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ဦး၊ အထွတ်အထိပ် အကျော်အမော်တစ်ဦး သေချာပေါက် ဖြစ်လာမည်ဟု ဆိုနိုင်သည်။
သို့သော်လည်း၊ နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်၏ ရွှမ်ထျန်းနန်းတော်၌ ပုန်းအောင်းနေခဲ့မှုနှင့် တစ်ဆယ့်ငါးနှစ်ကြာ တိတ်တဆိတ် ကျင့်ကြံနေခဲ့ခြင်းများက ပြင်ပလောကထံမှ အမျိုးမျိုးသော သံသယများကို သဘာဝအတိုင်း ထွက်ပေါ်လာစေခဲ့သည်။
မည်သို့ပင်ဆိုစေ၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ အရည်အချင်းဖြင့်ဆိုလျှင် ငယ်ရွယ်စဉ်အချိန်မှာပင် ပတ်ဝန်းကျင် အရပ်မျက်နှာအားလုံးကို စတင်၍ လွှမ်းမိုးနိုင်ရမည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ထားခဲ့သည်။
သူက ငယ်ရွယ်စဉ်က ရှိတတ်သော သွေးဆူလွယ်ခြင်းများနှင့် အခြားသူများနှင့် အပြိုင်အဆိုင်ဖြစ်လိုမှု အသက်အရွယ်ကို ကြာမြင့်စွာကတည်းက ကျော်ဖြတ်ခဲ့ပြီးပြီ။
ထို့ကြောင့် သူဟာ အနည်းငယ် နှိမ့်ချနေသကဲ့သို့ ဖြစ်ခဲ့သည်။
ဤအရာက ကောလာဟလများနှင့် အတင်းအဖျင်းအချို့ကို ဖြစ်ပေါ်လာစေခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပင်ဖြစ်ရာ မည်သူမျှ ကျွင်းရှောင်ယောက်ကို အမှန်တကယ် လျှော့မတွက်ရဲကြပါချေ။
သို့သော်လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုတော့ ရှိနေဆဲ ဖြစ်သည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က ထင်ရှားသော ဥပမာတစ်ခုပင်။
ပုံမှန်အားဖြင့် သူတို့သည် ကျွင်းရှောင်ယောက်၏ စေ့စပ်မှု ဖျက်သိမ်းလိုသော တောင်းဆိုမှုကို အလွယ်တကူ သဘောတူလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း သူတို့က ဤကောလာဟလများ၏ လွှမ်းမိုးမှုကို ခံလိုက်ရပုံပေါ်သည်။
ဤအရာက သူတို့အား သူတို့ဘဝ၏ အကြီးမားဆုံးသော အခွင့်အရေးကို လွဲချော်သွားစေခဲ့ပေသည်။
ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်က ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ မိမိ၏ နာမည်ကို ထင်ရှားစေခဲ့ပြီ ဖြစ်သည်။
အသက်တစ်ဆယ့်ငါးနှစ်သာ ရှိသေးသော အဓိပတိ အကျော်အမော်တစ်ဦး...
မရေတွက်နိုင်သော ခေတ်ကာလများ၏ ရှေးဟောင်းသမိုင်းကြောင်းများကို ရှာဖွေကြည့်လျှင်ပင်၊ ထိုအရာမျိုး တစ်ဦးတစ်ယောက်မျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းရှောင်ယောက်က မကြုံစဖူးသော စံချိန်သစ်တစ်ခုကို တင်လိုက်ခြင်း ဖြစ်သည်။
"ဘုရား...ဘုရား...၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက ဆယ့်ငါးနှစ်ကြာအောင် အခန်းအောင်းနေခဲ့ပေမဲ့ သူထွက်ပေါ်လာတော့လည်း ကြောက်စရာကောင်းအောင် လုပ်ပြခဲ့တာပဲ"
"အသက်တစ်ဆယ့်ငါးနှစ်အရွယ် အဓိပတိ ကျွမ်းကျင်သူ ဟုတ်လား... ဒါကြီးက ငါ့ဘဝကို အလဟဿ ဖြုန်းတီးခဲ့မိသလို ခံစားရတယ်"
"ချိပ်ပိတ်ခံထားရတဲ့ အဲဒီ ရှေးကမ္ဘာဦးက ဘုရင်ငယ်တွေတောင်မှ ရွှမ်ထျန်းဧရာဇ်ငယ်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက ကြောက်စရာကောင်းလွန်းတယ်"
အင်မော်တယ်နယ်မြေတွင် အိပ်မော်ကျနေသော မျိုးစေ့အဆင့် ပုဂ္ဂိုလ်များ ရှိနေသကဲ့သို့...
နယ်နိမိတ်ပင်လယ်တွင်လည်း ရှေးဟောင်းခေတ်ကာလကတည်းက ချိပ်ပိတ်ခြင်း ခံထားရသော ရှေးဦး ဘုရင်ငယ်များ ရှိကြပေသည်။
ထိုတည်ရှိမှုများမှာ အင်မော်တယ်အင်အားစု အသီးသီးမှ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော်လည်း၊ ထိုချိပ်ပိတ်ခံထားရသော ဘုရင်ငယ်များ နိုးထလာခဲ့လျှင်ပင်...
သူတို့က ကျွင်းရှောင်ယောက်၏ ပြိုင်ဘက် လုံးဝ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသည်။
"ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်ကတော့ အခု ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပေါက်နေလောက်ပြီ"
"ပြီးတော့ ယွမ်ကျူးနတ်ဘုရားမင်းဆက်လည်း အေးအေးချမ်းချမ်း နေနိုင်တော့မှာ မဟုတ်ဘူး"
လူတိုင်း ခန့်မှန်းခဲ့ကြသည့်အတိုင်းပင်။
ကျယ်ပြောလှသော တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးတွင်၊ အရှိန်အဟုန်အပြင်းဆုံး လှုပ်ခတ်သွားခဲ့သော အင်အားစုနှစ်ခုမှာ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်နှင့် ယွမ်ကျူးနတ်ဘုရားမင်းဆက်တို့ ဖြစ်ကြသည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ လေ့ကျင့်မှု ပြီးဆုံးသွားပြီးနောက်...
ပိုင်ရွယ်ဝေက တွေဝေငေးမောနေသော မျက်နှာအမူအရာဖြင့် ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်သို့ ပြန်ရောက်သည့်အခါ၊ သူမထံသို့ ရောက်ရှိလာသော အကြည့်များစွာကို သူမ ခံစားလိုက်ရ၏။
ထိုအကြည့်များမှာ ပုံမှန်အားဖြင့် လေးစားမှုနှင့် အားကျမှုများ ပါဝင်နေတတ်သော်လည်း...
ဤအခိုက်အတန့်တွင်မူ ၎င်းက အနည်းငယ် စူးရှနေခဲ့ပြီး၊ အနည်းငယ် လှောင်ပြောင် သရော်လိုဟန်ပင် ဖြစ်နေခဲ့သည်။
"သူတော်စင်ငယ် ပိုင်ရွယ်ဝေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူခဲ့တုန်းကတော့ ရွှမ်ထျန်းဧကရာဇ်ငယ်ကို ဖားဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့တာ။ သူက ပြင်ပက ကောလာဟလတွေကို ယုံကြည်ခဲ့တာ ဖြစ်ရမယ်"
"ဟုတ်တယ်... အခုတော့ ဧကရာဇ်ငယ်ရဲ့ ပါရမီက အရမ်းတောက်ပနေပြီလေ။ သူက အသက်တစ်ဆယ့်ငါးနှစ်နဲ့တင် အဓိပဓိတစ်ဦး ဖြစ်နေပြီ။ သူက အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ သခင် သေချာပေါက် ဖြစ်လာလိမ့်မယ်"
"အရင်က တို့တွေရဲ့ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က ရွှမ်ထျန်းနတ်ဘုရားမင်းဆက်နဲ့ အရမ်းကို ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေး ပတ်သက်မှု ရှိခဲ့တာ။ ဒါပေမဲ့ သူတော်စင်ငယ် ပိုင်ရွယ်ဝေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆက်ဆံရေးက အေးစက်သွားခဲ့ရတယ်"
"တို့ရဲ့ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ရပြီ"
"ဟုတ်တယ်... ဒါတွေအားလုံးက သူတော်စင်ငယ် ပိုင်ရွယ်ဝေ ကြောင့်ပဲ..."
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ တပည့်များတွင် မည်သူမျှ ပိုင်ရွယ်ဝေအား လက်ညှိုးထိုးကာ မျက်နှာချင်းဆိုင် မပြောဝံ့ကြချေ။
သို့သော်လည်း ကွယ်ရာတွင်မူ သူတို့အားလုံး တီးတိုးပြောဆိုနေခဲ့ကြသည်။
သို့ပေသော်ငြား၊ ပိုင်ရွယ်ဝေ၏ ကျင့်ကြံမှုအရ ၎င်းတို့ကို သဘာဝကျစွာပင် ကြားနိုင်ခဲ့ပေသည်။
သူမ၏ နှုတ်ခမ်းထောင့်စွန်းများတွင် ခါးသီးမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ရသည်။
နောက်ဆုံးတွင် သူက နန်းတော်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
အေးစက်သော အငွေ့အသက်တို့ဖြင့် အမျိုးသမီးတစ်ဦးက ရေခဲဖြင့် ထုဆစ်ထားသော ရာဇပလ္လင်ထက်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေခဲ့၏။
သူက ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ နန်းတော်ရှင် ဖြစ်ပေတော့သည်။
"ရွယ်ဝေ..."
သူက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"နန်းတော်ရှင်မ...၊ ရွယ်ဝေ... ရွယ်ဝေ မှားသွားခဲ့ပါပြီ"
ဤနေရာသို့ ရောက်ရှိသည့်အခါတွင်မူ၊ ပိုင်ရွယ်ဝေက နောက်ဆုံးတွင် မအောင့်နိုင်တော့ပေ။
သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာခဲ့တော့သည်။
သို့သော်လည်း စီးကျလာသည့် အခိုက်အတန့်တွင်ပင် မျက်ရည်စက်လေးမှာ ရေခဲကျောက်ဆောင်လေးတစ်ခုအဖြစ် အေးခဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ ကြွေကျသွားခဲ့ရသည်။
သူက မည်သို့ပင် အေးစက်ပြီး စိမ်းသက်သော အမူအရာ ရှိစေကာမူ အသက်တစ်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမျှသာ ဖြစ်သေးသည်။
ယခုကဲ့သို့ ကြီးမားသော ဖိအားများအောက်တွင် သူမ၏ တည်ငြိမ်မှုများကို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
"ဟူး... ရွယ်ဝေ၊ ဒါက မင်းတစ်ယောက်တည်း မှားခဲ့တာ မဟုတ်ပါဘူး၊ ငါတို့အားလုံး မှားခဲ့ကြတာပါ"
"တကယ်လို့ ငါသာ အဲဒီတုန်းက ကောလာဟလအချို့ကို မယုံကြည်ခဲ့ရင် မင်းကို စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူခိုင်းမိမှာ မဟုတ်ဘူး။ ငါလည်း မှားခဲ့ပါတယ်"
နန်းတော်ရှင်ကလည်း နက်နက်ရှိုင်းရှိုင်း သက်ပြင်းချရင်း ပြောလိုက်လေသည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က ကောင်းကင်သို့ ပျံသန်းသွားနိုင်မည့် အခွင့်အရေးကို လွဲချော်ခဲ့ရပြီ ဖြစ်သည်။
အကယ်၍ စေ့စပ်ပွဲကိုသာ ဖျက်သိမ်းခြင်း မပြုခဲ့ပါက...
သူမ အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သွားသည်နှင့်၊ ပိုင်ရွယ်ဝေသည် ကျွင်းရှောင်ယောက်၏ ဇနီး သို့မဟုတ် အနည်းဆုံးတော့ အငယ်လေးတစ်ဦး ဖြစ်လာလိမ့်မည်။
ထိုအချိန်တွင် ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်နှင့် ဤမြင့်မြတ်ခန္ဓာ တာအိုသန္ဓေကြားရှိ ဆက်ဆံရေးက အလွန်တရာ ခိုင်မာနေလိမ့်မည် ဖြစ်သည်။
ရရှိမည့် အကျိုးကျေးဇူးများမှာလည်း စိတ်ကူးယဉ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ယခုမူ၊ အရာအားလုံးက ပိုင်ရွယ်ဝေ၏ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်မှုနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်အတွက်လည်း ရွှမ်းထျန်းနတ်ဘုရားမင်းဆက်နှင့် ရင်းနှီးနိုင်ရန် ပို၍ ခက်ခဲသွားရတော့မည်။
ပိုင်ရွယ်ဝေမှာ ငိုကြွေးနေဆဲ ဖြစ်သည်။ သူက ထစ်ငေါ့စွာ ပြောဆိုလိုက်၏။
"နန်းတော်ရှင်မ... အဲဒီတုန်းက ကျွန်မကို နောင်တရမလားလို့ မေးခဲ့သေးတယ်နော်"
"အခုတော့... ရွယ်ဝေ တကယ်ပဲ နောင်တရနေပါပြီ..."
ပိုင်ရွယ်ဝေက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
သူသည် ထိုစဉ်တုန်းက မည်မျှအထိ အမြင်ကျဉ်းမြောင်းပြီး ကလေးဆန်ခဲ့ကြောင်းကို ယခုအခါတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် ဧကရာဇ်ငယ်ကို ဖားရန် စိတ်မဝင်စားပါဟု ပြောဆိုခဲ့သော်လည်း၊ တကယ်တော့ ပြင်ပတွင် ပျံ့နှံ့နေသော ကောလာဟလအချို့၏ လွှမ်းမိုးခြင်းကို အမှန်တကယ် ခံခဲ့ရခြင်း ဖြစ်ပေသည်။
ယခုမူ၊ သူမ ရင်ထဲ၌ နက်ရှိုင်းစွာ နောင်တရနေခဲ့မိပြီ ဖြစ်သည်။
သူမနှင့် ကျွင်းရှောင်ယောက်တို့က အမှန်တကယ်ပင် မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ ဖြစ်ခဲ့ရပြီ။
ဤဘဝတွင် သူတို့ကြား၌ မည်သည့် ထိတွေ့မှုမျိုးမျှ ထပ်မံ၍ ရှိလာတော့မည် မဟုတ်ချေ။
ယခုအချိန်တွင်၊ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က နောင်တရမှုများ ပြည့်နှက်နေသလို ယွမ်ကျူးနတ်ဘုရားမင်းဆက်မှာလည်း ဒေါသတကြီး ဖြစ်နေခဲ့သည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ပင်မခန်းမကြီးအတွင်း၌...
ဧကရာဇ်ယွမ်က ဒေါသူပုန်ထလျက်ရှိပြီး မင်းဆက်တစ်ခုလုံးပင် တုန်ခါနေရတော့သည်။
သူ့တွင် သားသမီး အမြောက်အမြား ရှိသည်။
သေဆုံးသွားခဲ့သူများမှာလည်း အထူးတလည် ထူးချွန်သူများ မဟုတ်ကြပါချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ သူတို့က ဧကရာဇ်ယွမ်၏ သားသမီးများ ဖြစ်ကြသည်။
ကျွင်းရှောင်ယောက်၏ လုပ်ဆောင်ချက်များက ဧကရာဇ်ယွမ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။
"အသက်တစ်ဆယ့်ငါးနှစ်အရွယ် အဓိပတိ ဟုတ်လား... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယခုအချိန်အထိ၊ ဧကရာဇ်ယွမ်မှာ ၎င်းကို မယုံကြည်နိုင်သေးပါ။
ဤအတိုင်းဆိုလျှင်၊ သူတို့ထဲတွင် အထူးချွန်ဆုံးဖြစ်သော သူ၏ တစ်ဆယ့်ရှစ်ယောက်မြောက် သားဖြစ်သူပင်လျှင် ကျွင်းရှောင်ယောက်၏ ပြိုင်ဘက် ဖြစ်လာနိုင်ရန် မဖြစ်နိုင်ပါချေ။
"မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ က တကယ်ပဲ အဲဒီလောက်အထိ ကြောက်စရာကောင်းတာလား"
ဧကရာဇ်ယွမ်၏ မျက်နှာထားမှာ အလွန်တရာ တည်ကြည်နေခဲ့သည်။
အဓိကအားဖြင့်၊ သူ့ကို ဒေါသထွက်စေသည်က သူ၏ သားသမီးများ သေဆုံးသွားခြင်းကြောင့် မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်က ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ဖိအားတစ်ခုကို ပေးစွမ်းနေခြင်းကြောင့် ဖြစ်သည်။
အသက်တစ်ဆယ့်ငါးနှစ်မှာပင် အဓိပတိတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်ရာ...
အနာဂတ်တွင် သူက ရွှမ်းထျန်းနတ်ဘုရားမင်းဆက်ကို ဦးဆောင်ပြီး သူတို့၏ ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို လုံးဝ ချေမှုန်းပစ်နိုင်လိမ့်မည် မဟုတ်ပါလော။
"အရှင်မင်းကြီး အဲဒီ ရွှမ်ထျန်းဧကရာဇ်ငယ် ယွင်ရှောင် ကို တကယ်ပဲ စိုးရိမ်နေတာလား"
ရုတ်တရက်၊ ဝတ်စုံနက်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်သည်။
သူက ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အမတ်ချုပ်ကြီးပင်။
"အမတ်ချုပ်မှာ နည်းလမ်း ရှိလို့လား"
ဧကရာဇ်ယွမ်က လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
သူသည် ဖိအားတစ်ခုကို အမှန်တကယ်ပင် ခံစားနေရခြင်း ဖြစ်၏။
"အခုလို ဟင်းလင်းပြင်အက်ကွဲကြောင်း ပွင့်လာပြီး အနက်ရောင်ကပ်ဘေးမျိုးနွယ် ကျူးကျော်လာပြီဆိုရင် တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကတော့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး"
"ဖြစ်နိုင်တာကတော့၊ လောကရဲ့ကလေးငယ်လို့ ခေါ်ဆိုတဲ့အရာ မွေးဖွားလာနိုင်တယ်။ တကယ်လို့ ကျုပ်တို့ရဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်အနေနဲ့ ဒီလောကရဲ့ကလေးငယ်ကို ရရှိနိုင်ခဲ့မယ်ဆိုရင်..."
"ဒါဆိုရင် ကျုပ်တို့မှာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်မဲ့ စွမ်းအား ရှိလာလိမ့်မယ်"
"ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီလူက မဟာကမ္ဘာလောကရဲ့ ရွေးချယ်ခံရသူဖြစ်လို့ သူ့ရဲ့ ပါရမီနဲ့ စွမ်းအားကတော့ လုံးဝ အားနည်းနေမှာ မဟုတ်ပါဘူး"
"နောက်ပြီးတော့ သူ့ရဲ့ ကြွယ်ဝလွန်းတဲ့ ကံကောင်းခြင်းကြောင့် ကျုပ်တို့မင်းဆက်အနေနဲ့ သူ့ကို ရရှိခဲ့မယ်ဆိုရင် ကျုပ်တို့ရဲ့ တိုင်းပြည်ကံကြမ္မာကို မြှင့်တင်ပေးနိုင်လိမ့်မယ်"
အမတ်ချုပ်ကြီးက ပြောလိုက်သည်။
"အင်း... ဒါက နည်းလမ်းကောင်းတစ်ခုပဲ။ အမိန့်တော် ပြန်လိုက်စမ်း... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ လောကရဲ့အရွေးချယ်ခံကို ရှာဖွေရမယ်"
ဧကရာဇ်ယွမ်လည်း သူ၏ ဝတ်စုံလက်စကို ဝေ့ယမ်းလျက် အမိန့်တော် ချမှတ်လိုက်တော့သည်။