← Chapters

အခန်း ၁၆၁၄

Vol. 115 Ch. 1614

အခန်း ၁၆၁၄

Vol. 115 Ch. 1614

အခန်း ( ၁၆၁၄ ) လင်းယွင်ဂြိုဟ်၊ တောင်ပိုင်းကြယ်စင်စုဂိုဏ်းမှ စူးယု။

ဟင်းလင်းပြင်အက်ကွဲကြောင်း ဖြစ်ရပ်ပြီးနောက်...

တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးမှာ ကျွင်းရှောင်ယောက်၏ နတ်ဆိုးဆန်သော စွမ်းအားကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

အနက်ရောင်ကပ်ဘေးမျိုးနွယ်၏ ကျူးကျော်မှုကလည်း အသီးသီးသော အင်မော်တယ်အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

ကျယ်ပြောလှသော လောကကြီးတစ်ခုအနေဖြင့်၊ တောင်ပိုင်းကြယ်စင်စုလောကသည် ရေတွက်မရနိုင်သော သက်ရှိသတ္တဝါများကို မွေးထုတ်ပေးထားခဲ့သည်။

အရပ်မျက်နှာအသီးသီးတွင် အစွမ်းထက်သော အင်အားစုများနှင့် မျိုးနွယ်စုများလည်း ရှိကြပေသည်။

သို့သော်လည်း ဤကဲ့သို့ ကြီးမားသော အင်အားစုများ ရှိနေသည့်တိုင်...

နိုမန်မရဏနယ်မြေကဲ့သို့ ဒဏ္ဍာရီလာ အနက်ရောင်ကပ်ဘေးမျိုးနွယ်စု၏ ကျူးကျော်မှုကို ရင်ဆိုင်ရသည့်အခါ လောကကြီးတစ်ခုလုံး အတိုင်းအတာတစ်ခုအထိ မငြိမ်မသက် ဖြစ်နေခဲ့ရပေသည်။

ယခင်ကလည်း သူတို့သည် ထိုကဲ့သို့သော သတင်းမျိုးကို ကြားဖူးခဲ့ကြသည်။

နယ်နိမိတ်ပင်လယ်၏ အခြားသော လောကများစွာက အနက်ရောင်ကပ်ဘေးမျိုးနွယ်၏ ကျူးကျော်မှုကြောင့် သက်ရှိများအားလုံး ပျက်စီးကာ အရာခပ်သိမ်း ချုပ်ငြိမ်းသွားခဲ့ရဖူးပေသည်။

ထိုမျှမက၊ လောကကြီး၏ အစစ်အမှန် အနှစ်သာရသည်ပင် အနက်ရောင်ကပ်ဘေးမျိုးနွယ်၏ စုပ်ယူခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

အနက်ရောင်ကပ်ဘေးမျိုးနွယ်က ဖုတ်ကောင် အုပ်စုတစ်စု သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်ခုကဲ့သို့ပင် ဖြစ်ရာ ၎င်း ဖြတ်သန်းသွားရာ အရပ်တိုင်းတွင် မည်သည့်အသက်စွမ်းအင်မျှ ရှင်သန်ကျန်ရစ်နိုင်ခြင်း မရှိပါချေ။

ဤကဲ့သို့သော မငြိမ်မသက်မှုများကြားတွင်၊ သတင်းစကားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအခြေအနေမျိုးတွင် တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးက လောက၏ကလေးငယ်ကို မွေးဖွားပေးလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင်...

တောင်ပိုင်းကြယ်စင်စုလောက၏ ကံကြမ္မာက လောက၏အရွေးချယ်ခံအပေါ်တွင် စုစည်းသွားလိမ့်မည် ဖြစ်သည်။

လောက၏ကလေးငယ်က တောင်ပိုင်းကြယ်စင်စုလောက၏ မူလရင်းမြစ်ကိုလည်း ရရှိမည်ဖြစ်ကာ လောက၏သခင်အဖြစ် ကြီးထွားလာပြီး တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် ကူညီပေးလိမ့်မည်။

ဤသတင်းက အရပ်မျက်နှာအသီးသီးမှ ခန့်မှန်းတွေးဆမှုများကို လှုံ့ဆော်ပေးခဲ့သည်။

"ရွှမ်ထျန်းဧကရာဇ်ငယ်က ကျုပ်တို့ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အရွေးချယ်ခံ ဖြစ်နေမလား"

"ဖြစ်နိုင်တယ်ဗျ... အသက်တစ်ဆယ့်ငါးနှစ်အရွယ် အဓိပတိ တစ်ယောက်ကသာ လောကရဲ့ကလေးငယ် မဟုတ်ဘူးဆိုရင်၊ ဘယ်သူက လောကရဲ့ကလေးငယ် ဖြစ်ဖို့ အရည်အချင်း ပြည့်မီမှာလဲ"

"တကယ်လို့ မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေသာ အပြည့်အဝ ရင့်ကျက်လာမယ်ဆိုရင်၊ မဟာကမ္ဘာလောကကြီးတစ်ခုတည်းတင် မကဘူး။ စကြဝဠာတစ်ခုလုံးကိုတောင် ကာကွယ်ပေးနိုင်လိမ့်မယ်"

တောင်ပိုင်းကြယ်စင်စုလောကရှိ သက်ရှိအများစုက ကျွင်းရှောင်ယောက်မှာ မဟာကမ္ဘာလောကကြီး၏ ကံကြမ္မာကို ပိုင်ဆိုင်ထားသော လောက၏အရွေးချယ်ခံ ဖြစ်သည်ဟု ယုံကြည်နေကြတော့သည်။

သို့သော်လည်း၊ အချို့သော အင်မော်တယ်အင်အားစုများကမူ...

မဟာကမ္ဘာလောကကြီးအနေဖြင့် လောက၏အရွေးချယ်ခံအပေါ် ဤကဲ့သို့သော ထူးခြားပြောင်မြောက်လှသည့် ပါရမီကို ထပ်မံ၍ ပေးအပ်ရန် မလိုအပ်လောက်ဟု ယူဆကြသည်။

အချို့သော အင်အားစုများဆိုလျှင် လောက၏အရွေးချယ်ခံကို တိတ်တဆိတ် စတင်ရှာဖွေနေကြပြီ။

တောင်ပိုင်းကြယ်စင်စုလောက၏ စိတ်ဆန္ဒအရ ရွေးချယ်ခံရသော လောက၏အရွေးချယ်ခံကိုသာ ခေါ်ဆောင်နိုင်ခဲ့လျှင်...

ထိုအင်အားစုအနေဖြင့် တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး၏ ကံကြမ္မာကို ရရှိလိမ့်မည် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။

ဒါက တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်လိုကြသော အင်မော်တယ်အင်အားစုများ အိပ်မက်မက်နေခဲ့ကြသည့် အရာ ဖြစ်သည်။

အချိန်အနည်းငယ်အတွင်းမှာပင်၊ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးတွင် လျှို့ဝှက်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။

ထိုသို့သော မငြိမ်မသက် လှုပ်ခတ်မှုများကြားမှာပင်...

နောက်ထပ် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းဖြစ်ပွားခဲ့သော တည်နေရာမှာ အရှေ့တုန်ရွှမ်းဒေသ ၏ လက်အောက်ခံ နယ်မြေတစ်ခုရှိ ရှေးဟောင်းဂြိုဟ်တစ်ခုပေါ်တွင် ဖြစ်သည်။

တစ်ခါသေဖူး ပျဉ်ဖိုးနား‌လည်သွားကြပြီဖြစ်သော အင်အားစုများသည် ယခုတစ်ကြိမ်တွင် အနည်းငယ်မျှ ပေါ့ဆခြင်း မရှိကြတော့ပေ။

သူတို့က လေ့ကျင့်မှုအတွက် လူငယ်ပါရမီရှင်များကို စေလွှတ်နေဦးမည် ဖြစ်သော်လည်း...

ယခုတစ်ကြိမ်တွင်၊ အဓိက အင်အားစုအားလုံးက ဦးဆောင်ရန်အတွက် နတ်ဖန်ဆင်းခြင်းအဓိပတိနှင့် ပျက်စီးခြင်းတာအိုသခင် အဆင့်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများကို စေလွှတ်ခဲ့ကြသည်။

အချို့သော ဧကရာဇ်တစ်ပိုင်းအဆင့်များပင်လျှင် ဟင်းလင်းပြင်အက်ကွဲကြောင်း ထွက်ပေါ်လာရာ နေရာသို့ ရံဖန်ရံခါ အကြည့်များ ပို့လွှတ်နေခဲ့ကြပေသည်။

ထို့ပြင် ၎င်းက လူအများစု အမျှော်လင့်ဆုံးအရာလည်း ဖြစ်သည်။

၎င်းက ကျွင်းရှောင်ယောက် လှုပ်ရှားမှု ပြုလုပ်မလား ဆိုတာကိုပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သူ၏ ယခင်စွမ်းဆောင်ရည်က တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို မှင်တက်သွားစေခဲ့သည် မဟုတ်ပါလား။

သို့သော် လူတိုင်း အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

ဤတစ်ကြိမ်တွင်လည်း၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ ယွင်ရှီ၊ ရှန်းလဲ့နှင့် အခြားသူများသာ ရှိနေခဲ့သေးသည်။

သို့သော်လည်း၊ လူတိုင်းက ပြန်လည်စဉ်းစားလိုက်မိကြသည်။

ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင်၊ သူက ဤကဲ့သို့သော လေ့ကျင့်မှုမျိုးကို လုံးဝ လိုအပ်ပုံမရပါချေ။

ဤအရာက အဝေးမှ လာရောက်ကြသော နတ်သမီးများနှင့် သူတော်စင်မ အများအပြားကို စိတ်ပျက်သွားစေခဲ့သည်။

သူတို့က အတွေ့အကြုံရှာဖွေရန် လာရောက်ခြင်းဖြစ်သည်ဟု ပြောကြသော်လည်း၊ စင်စစ်မှာတော့ လာရောက်ကြည့်ရှုချင်ရုံမျှသာ ဖြစ်ပေသည်။

ဒဏ္ဍာရီများထဲတွင် လူလောကသို့ သက်ဆင်းလာသော နတ်ဒေဝါတစ်ပါးအဖြစ် ဖော်ပြကြသည့် ဧကရာဇ်ငယ်၏ ထူးခြားသော ရုပ်ဆင်းသွင်ပြင်နှင့် ပါရမီက မည်သို့ရှိမည်နည်း။

ကံဆိုးစွာပင်၊ သူတို့က ဧကရာဇ်ငယ်၏ မျက်နှာကို မြင်ခွင့်ရလိမ့်မည် မဟုတ်တော့ပါချေ။

စိတ်ကြီးသော မိန်းမပျို အများအပြားကမူ စိတ်ကူးယဉ်ထားကြသည်။

အကယ်၍ ထိုဧကရာဇ်ငယ်၏ အာရုံစိုက်မှုကိုသာ ရရှိနိုင်ခဲ့လျှင် ဇနီး သို့မဟုတ် မယားငယ် ဖြစ်လာရန် မဆိုထားဘိ...

အစေခံမိန်းကလေး သို့မဟုတ် အခြွေအရံမိန်းကလေး ဖြစ်ရလျှင်ပင် အကြွင်းမဲ့ ဂုဏ်ယူဖွယ်ရာနှင့် အခွင့်အရေး ဖြစ်ပေလိမ့်မည်။

ယွင်ရှီလည်း ဤအရာများကို သိရှိသွားပြီးနောက်...

သူမ၏ အစ်ကိုကြီး လေ့ကျင့်မှုအတွက် ရောက်မလာခြင်းကို အမှန်တကယ်ပင် စိတ်သက်သာရာရမိသွားသည်။

'ငါ အစ်ကို့ကို ကာကွယ်ပေးရမယ်၊ ပြီးတော့ ဒီလို အရည်မရ အဖတ်မရ မိန်းမတွေရဲ့ နှောင့်ယှက်မှုကို မခံရစေရဘူး'

ယွင်ရှီက သူ့စိတ်ထဲမှ တွေးလိုက်သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်း ထွက်ပေါ်လာရာ နေရာ...

အရှေ့တုန်ရွှမ်းဒေသ၏ လက်အောက်ခံ နယ်မြေတစ်ခုရှိ ရှေးဟောင်းဂြိုဟ်တစ်ခုပေါ်တွင်...

ထိုရှေးဟောင်းဂြိုဟ်ကို လင်းယွင်ဂြိုဟ်ဟု ခေါ်ဆိုသည်။

လင်းယွင်ဂြိုဟ်သည် မကြီးမားသော်လည်း ဝိညာဉ်စွမ်းအင်မှာ လွန်စွာ ကြွယ်ဝပေသည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းက လင်းယွင်ဂြိုဟ်၏ အလယ်ဗဟိုဒေသတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ လင်းယွင်ဂြိုဟ်၏ လွန်စွာ ဝေးလံသော နေရာတစ်ခုတွင်...

ဤနေရာတွင် ရှေးကျပြီး ဆိတ်သုန်းလှသော တောင်တန်းတစ်ခု ရှိနေခဲ့သည်။

ထိုဆိတ်သုန်းသော တောင်တန်းပေါ်တွင် ပျက်စီးယိုယွင်းနေသော ဂိုဏ်းတစ်ခု ရှိ၏။

ဂိုဏ်း၏ ဆိုင်းဘုတ်ထက်တွင်မူ "တောင်ပိုင်းကြယ်စင်စုဂိုဏ်း"ဟူသော စာလုံးကြီးများကို မထင်မရှား ရေးသားထားလေသည်။

ကျိုးကြောင်းဆင်ခြင်ကြည့်လျှင်၊ အသေးငယ်ဆုံးသော ဂိုဏ်းတစ်ခု၌ပင် လူရိပ်လူခြေ အနည်းငယ်ခန့် ရှိနေသင့်သည်။

သို့သော်လည်း ယခုအခါတွင်မူ၊ ဤတောင်ပိုင်းကြယ်စင်စုဂိုဏ်းမှာ လူသူကင်းမဲ့၍ ခွေးတစ်ကောင် ကြောင်တစ်မြီးမျှ မမြင်တွေ့ရချေ။

တောင်ပိုင်းကြယ်စင်စုဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းရှိ၊ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းကဲ့သို့သော အဆောက်အအုံတစ်ခုထဲတွင်သာ...

ဤနေရာတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။

ထိုအဘိုးအိုက ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဆွတ်ဆွတ်ဖြူနေသည်။

သူသည် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ကုမရသော ရောဂါဝေဒနာ၏ ဖိစီးမှုဖြင့် သေလုမြောပါး ဖြစ်နေသကဲ့သို့ ကုတင်ထက်တွင် လဲလျောင်းနေလေသည်။

အဘိုးအို၏ ဘေးတွင်မူ လူငယ်လေးတစ်ဦး ရှိနေသည်။

ထိုလူငယ်လေးတွင် ဓားသဏ္ဍာန် ဖြောင့်တန်းသော မျက်ခုံးနှင့် တောက်ပသော မျက်ဝန်းများရှိကာ ဆွဲဆောင်မှုရှိပြီး ချောမောသော ရုပ်ရည်သွင်ပြင်မျိုး ရှိပေသည်။

သူ့ကို ထူးထူးခြားခြား ချောမောသူဟု ဖော်ပြ၍မရနိုင်သလို၊ ကျွင်းရှောင်ယောက်ကဲ့သို့သော အထွတ်အထိပ် ရုပ်ရည်မျိုးနှင့်လည်း သေချာပေါက် နှိုင်းယှဉ်၍ မရနိုင်သော်လည်း...

၎င်းက လူတို့ကို လွန်စွာ သက်တောင့်သက်သာရှိသော ခံစားချက်မျိုးကိုတော့ ပေးစွမ်းနိုင်ဆဲ ဖြစ်သည်။

သူက ဤလောကကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ သဟဇာတဖြစ်မှု ခံစားချက်မျိုး ရှိနေခဲ့၏။

ဤအခိုက်အတန့်တွင်၊ လူငယ်လေး၏ မျက်နှာထက်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့ပေသည်။

ကုတင်ထက်တွင် သေအံ့ဆဲဆဲ အခြေအနေမျိုးဖြင့် လဲလျောင်းနေသော အဘိုးအိုက တောင်ပိုင်းကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။

အနှီလူငယ်လေးမှာတော့...

တောင်ပိုင်းကြယ်စင်စုဂိုဏ်း၏ တစ်ဦးတည်းသော တပည့် ဖြစ်ပေသည်။

ထိုလူငယ်လေး၏ အမည်မှာ စူးယု ဖြစ်သည်။

သူသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရကာ နေရာအနှံ့ လွင့်ပါးနေခဲ့ရသည်။

နောက်ပိုင်းတွင်၊ သူ့ရှေ့တွင်ရှိနေသော အဘိုးအိုနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရပေသည်။

သူက မိမိကိုယ်ကိုယ် တောင်ပိုင်းကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ဟု မိတ်ဆက်ခဲ့ပြီး စူးယုအား မြင်တွေ့ရသည့်အခါတွင်...

စူးယု၌ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ရှိနေကာ အနာဂတ်တွင် သက်ရှိအားလုံး၏ ထိပ်ဆုံး၌ ရပ်တည်ရန် ကံပါလာသူ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စူးယုကလည်း ၎င်းကို အစစ်အမှန်ဟု ယုံကြည်ခဲ့ပြီး၊ မိမိကိုယ်ကိုယ် အမှန်တကယ်ပင် ရွေးချယ်ခံရသူ ဖြစ်ကာ အနာဂတ်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ကံပါလာသူဟုပင် တွေးတောခဲ့မိပေသည်။

သို့သော်လည်း နောက်ပိုင်းတွင်၊ ထိုအဘိုးအိုက သူ့ကို တောင်ပိုင်းကြယ်စင်စုဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သည့် အခါတွင်မူ...

စူးယု လုံးဝ ဆွံ့အသွားရသည်။

ဂိုဏ်းတစ်ခုလုံးက ပျက်စီးယိုယွင်းနေခဲ့ပြီး၊ သူက တစ်ဦးတည်းသော တပည့် ဖြစ်နေခဲ့၏။

အဘိုးအို၏ ကောက်ကျစ်သည့် မြေခွေးအိုကြီးကဲ့သို့ အမူအရာကို ကြည့်ရင်း၊ စူးယုမှာ သူ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။

သို့သော်လည်း၊ သူက ထွက်ခွာမသွားခဲ့ချေ။

ဤအဘိုးအိုက လွန်စွာ အားကိုး၍မရနိုင်သူ ဖြစ်နေလျှင်ပင်...

အနည်းဆုံးတော့ သူ့အပေါ်တွင် တော်တော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး၊ အစားအသောက်နှင့် တည်းခိုရန် နေရာ ပေးခဲ့သည်။

သူက သူ့အား တစ်နေ့လုံး အဓိပ္ပာယ်မရှိသော ကျင့်စဉ်အချို့ကိုလည်း ကျင့်ကြံခိုင်းခဲ့သေးသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ စူးယုမှာ ဤဘဝတွင် ‌နေသားကျခဲ့ရသည်။

ယခုမူ အဘိုးအို၏ သက်တမ်းမှာ အဆုံးသတ်သို့ ရောက်ရှိနေခဲ့ချေပြီ။

စူးယုက သူ့ကိုယ်သူ အလွန်အမင်း ဝမ်းနည်းနေပါသည်ဟု မပြောလိုသော်လည်း...

သူ၏ အသံထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခုတော့ ရှိနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ဤဖြစ်ရပ်ပြီးနောက် သူ့ကို အမှန်တကယ် ဂရုစိုက်ပေးမည့်သူ ရှိတော့မည် မဟုတ်ချေ။

"စူးယု... ငါပြောခဲ့တာတွေကို မင်း မှတ်မိနေသေးရဲ့လား... မင်းမှာ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်၊ သက်ရှိအားလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်ဖို့ ကံပါလာတာ..."

အသက်ရှူရန်ပင် ရုန်းကန်နေရသော အဘိုးအိုက အသံများ တုန်ရင်လျက် စကားပြောဆိုရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

"အဘိုး.. စကားမပြောပါနဲ့၊ ခင်ဗျားကိုယ်ကိုပဲ ဂရုစိုက်ပါ"

စူးယု သက်ပြင်းချလိုက်သည်။

"စူးယု... မင်း ငါ့ကို မယုံဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါတို့ရဲ့ တောင်ပိုင်းကြယ်စင်စုဂိုဏ်းက အတော်လေးကို ထူးခြားပြောင်မြောက်ခဲ့တယ်ဆိုတာ မင်း သိသင့်တယ်..."

"တစ်ချိန်တုန်းက၊ ငါတို့ဟာ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးရဲ့ အုပ်ချုပ်သူ ဖြစ်ခဲ့တာ"

"ပြီးတော့ ငါတို့ တောင်ပိုင်းကြယ်စင်စုဂိုဏ်းရဲ့ တည်ထောင်သူက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးရဲ့ သခင်ပဲ..."

စူးယုမှာ အဘိုးအို၏ စကားများကို ကြားရသည့်အခါ ဘာပြန်ပြောရမည်မှန်း မသိပေ။

အဘိုးအိုမှာ ရောဂါဝေဒနာ ဖိစီးမှုကြောင့် စိတ်ကယောင်ကတမ်း ဖြစ်နေခဲ့ချေပြီ။

"အဘိုး... တောင်ပိုင်းကြယ်စင်စုလောက ဆိုတာ ဘာလဲဗျ။ ကျုပ်က လင်းယွင်ဂြိုဟ် အကြောင်းပဲ သိတာ"

စူးယုက ပြောလိုက်သည်။

"တောင်ပိုင်းကြယ်စင်စုလောက ဆိုတာက အရမ်း အရမ်းကို ကြီးမားတဲ့ လောကကြီးတစ်ခုပေါ့။ ကြီးမားလွန်းလို့ စိတ်ကူးယဉ်ဖို့တောင် ခက်ခဲတယ်"

"တောင်ပိုင်းကြယ်စင်စုလောကနဲ့ နှိုင်းယှဉ်ရင် လင်းယွင်ဂြိုဟ် ဆိုတာ ဖုန်မှုန့်တစ်စလိုပဲ"

"ပြီးတော့ မင်းကတော့ တောင်ပိုင်းကြယ်စင်စုလောကရဲ့ သခင် ဖြစ်လာဖို့ ကံပါလာခဲ့တယ်"

All Chapters