အခန်း ၁၆၁၉
Vol. 115 Ch. 1619
အခန်း ( ၁၆၁၉ ) ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ ယွမ်မင်းသားငယ် ပေါ်လာပြီ။
ယွင်ရှီထံမှ ဤကဲ့သို့သော မျက်နှာအမူအရာမျိုး ပြသလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
သူမ၏ စိတ်အခြေအနေက အမြဲတမ်း တည်ငြိမ်သည်။
ကျွင်းရှောင်ယောက်၏ ရှေ့မှောက်တွင် သို့မဟုတ် သူမ၏ မိခင်ဖြစ်သူရှေ့တွင်သာ ကလေးဆန်သည့် ရိုးသားမှု၊ နာခံမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ကို မြင်တွေ့ရလိမ့်မည်။
သို့သော်လည်း ယခုအခါ၊ ယွင်ရှီ၏ လှပသော မျက်နှာပြင်က နှင်းခဲပြင်ကဲ့သို့ဖြစ်နေပြီး တောက်ပသော မျက်ဝန်းများမှာလည်း အေးစက်နေခဲ့ပြီ ဖြစ်သည်။
"နင် ဘာပြောလိုက်တယ်..."
မိန်းကလေး၏ ရုတ်ချည်း ပြောင်းလဲသွားသော မျက်နှာအမူအရာကို မြင်ရသည့်အခါ၊ စူးယုမှာလည်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။
အဘယ်ကြောင့် ဤကောင်းကင်တမန်ကဲ့သို့ မိန်းကလေးက ရုတ်တရက် ပြောင်းလဲသွားရသနည်း။
'ငါက သူ့ရဲ့ အထိမခံနိုင်တဲ့ အချက်တစ်ခုကို ထိမိသွားလို့လား'
"ယွင်ရှီ... မင်း မြင်မြင်ချင်း အချစ်ကို ယုံကြည်လား မသိဘူး။ ဒါပေမဲ့..."
"ပါးစပ်ပိတ်ထားစမ်း"
စူးယု၏ စကားများမှာ ကြားဖြတ်ခြင်း ခံလိုက်ရသည်။
သူ့မျက်နှာအမူအရာမှာ တော်တော်လေး ပျက်ယွင်းသွားခဲ့၏။
သူက မည်သည့်အမှားကို ပြုလုပ်မိခဲ့မှန်း သေချာ မသိရှိသေးပေ။
၎င်းက သူ ယွင်ရှီ၏ အစ်ကိုကြီးအကြောင်းကို ပြောဆိုမိခဲ့ခြင်းကြောင့်လား။
"နင်က ငါ့အစ်ကိုကြီးဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ လုံးဝ မသိပါဘူး"
"ငါတောင်မှ သူ့ကို လေးလေးစားစားနဲ့ ငေးမောကြည့်ရရုံပဲ ရှိတာ။ နင်က သူ့ကို အနိုင်ယူဖို့မပြောနဲ့... စိန်ခေါ်ဖို့တောင် ဘာအရည်အချင်းမျိုး ရှိနေလို့လဲ"
ယွင်ရှီအတွက်၊ ကျွင်းရှောင်ယောက်သည် အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်ပြီး ယုံကြည်ကိုးကွယ်ရာ အရင်းအမြစ်တစ်ခု ဖြစ်သည်။
စူးယု၏ စကားများက ယွင်ရှီ၏ အထိမခံနိုင်သော အချက်တစ်ခုကို ထိမိသွားသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ကျုပ်... ကျုပ်..."
စူးယု၏ တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
သူ၏ မျက်နှာမှာလည်း အလွန်တရာ ဖြူလျော်သွားခဲ့ရ၏။
သူက သူမ၏ အစ်ကိုကြီးကို အနိုင်ယူမည်ဟုသာ ပြောခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ဤမျှအထိ ပြဿနာအကြီးအကျယ် ရှာရန် အမှန်တကယ် လိုအပ်ပါသလား။
ဤအခိုက်အတန့်တွင်၊ စူးယုကိုယ်တိုင်ပင် သတိမပြုမိခဲ့ပေ။
သူ၏ အတွင်းစိတ်ထဲမှ စိတ်ခံစားချက်တစ်ခု တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
ထိုစိတ်ခံစားချက်ကို မနာလိုဝန်တိုမှုဟု ခေါ်ဆိုနိုင်ပေသည်။
အဘယ်ကြောင့် သူက ကောင်းကင်တမန် သို့မဟုတ် နတ်ဘုရားမကဲ့သို့ ယူဆထားသော ဤမိန်းကလေးက...
အခြားအမျိုးသားတစ်ဦးကို ဤမျှအထိ ပြင်းထန်စွာ ကာကွယ်ပေးနေရသနည်း။
ထိုအမျိုးသားက သူမ၏ အစ်ကိုကြီး ဖြစ်နေလင့်ကစား၊ စူးယုမှာ နက်ရှိုင်းသော မနာလိုမှု ခံစားချက်ကို ခံစားနေရသေးသည်။
ထိုမနာလိုမှုက အမုန်းတရားအဖြစ်သို့ပင် အနည်းငယ် ပြောင်းလဲလုမတတ် ဖြစ်ခဲ့သည်။
"စူးယု... မင်း ရူးနေတာလား။ မင်း ဘာလုပ်နေတာလဲ။ အရှင်မင်းသမီးကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"
ရွှမ်ကျုံးဂိုဏ်းချုပ်လည်း ဤအခိုက်အတန့်တွင် သူ၏ လက်ဖျား၊ ခြေဖျားများက ရေခဲကဲ့သို့ အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
သူ့နှလုံးသားမှာလည်း ရေခဲဂူတစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်သွား၏။
သူ၏ မူလရည်ရွယ်ချက်မှာ စူးယုကို ယွင်ရှီနှင့် မိတ်ဆက်ပေးရန်နှင့် သူ့ကို ပိုမိုမြင့်မားသော လောကကြီးဆီသို့ ခေါ်ဆောင်သွားစေရန် ဖြစ်သည်။
သို့သော်လည်း ယခုမူ၊ ဤပဋိပက္ခက အမှန်တကယ် ဖြစ်ပွားခဲ့ချေပြီ။
ထို့ပြင်၊ စူးယုက ယွင်ရှီ၏ အစ်ကိုကြီးကို အနိုင်ယူချင်သည်ဟုပင် ပြောဆိုခဲ့သည်။
ယွင်ရှီ၏ အစ်ကိုကြီးက မည်သူနည်း။
ထိုသူမှာ တောင်ပိုင်းကြယ်စင်စုလောက၏ မွေးရာပါ မြင့်မြတ်ခန္ဓာ ဖြစ်သော ရွှမ်ထျန်းဧကရာဇ်ငယ် ဖြစ်သည်။
လင်ယွင်ဂြိုဟ်၏ ဒေသခံတစ်ဦးဖြစ်သော စူးယုက ဤကဲ့သို့ အထက်တန်းကျပြီး အနှိုင်းမဲ့ ပုဂ္ဂိုလ်မျိုးကို မည်သို့များ ရန်စဝံ့သနည်း။
သူ့တွင် ယခုအခါ ထူးခြားပြောင်မြောက်သော ပါရမီ ရှိနေစေဦးတော့...
မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေနှင့် နှိုင်းယှဉ်လျှင် သူက အမှိုက်အဆင့်သာ ရှိနေသေးသည်။
ထို့ကြောင့်၊ ရွှမ်ကျုံးဂိုဏ်းချုပ်က အလွန်တရာ ဒေါသထွက်ခဲ့သည်။
အကယ်၍ ကြိုတင်သိရှိခဲ့မည်ဆိုပါက၊ သူဟာ သူ့ကို လုံးဝ လျစ်လျူရှုထားမိလိမ့်မည်။
"စူးယု... မင်း တကယ်လို့ နောက်တစ်ကြိမ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲဦးမယ်၊ ပြီးတော့ ရွှမ်ထျန်းဧကရာဇ်ငယ်အပေါ် ရိုသေမှုမရှိဘဲ ပြောဆိုဦးမယ်ဆိုရင်တော့ ငါ့ကို အညှာတာမဲ့တယ်လို့ အပြစ်မတင်နဲ့တော့..."
ရွှမ်ကျုံးဂိုဏ်းချုပ်က အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ရင်း စူးယုကို ကိုယ်တိုင်ဖိနှိပ်ရန် ပြင်ဆင်လိုက်သည်။
"ခင်ဗျား..."
စူးယု၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်သွားခဲ့ရသည်။
ဘာကြောင့်လဲ။
ဘာကြောင့် လူတိုင်းက ထိုရွှမ်ထျန်းဧကရာဇ်ငယ်ဆိုသူကို ဤမျှအထိ အထင်ကြီး လေးစားနေကြရတာလဲ။
ထိုရွှမ်းထျန်းဧကရာဇ်ငယ် ဆိုသူက ဘယ်သူမို့လို့လဲ။
"ခဏလောက် နေဦး"
ထိုအခိုက်တွင်၊ ရှန်းလဲ့က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ရင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ အထင်မြင်သေးသော အကြည့်မျိုးက သူ့မျက်ဝန်းထဲတွင် ဖြတ်ပြေးသွား၏။
ဤစကားကို ကြားရသည့်အခါ၊ ရွှမ်ကျုံးဂိုဏ်းချုပ်က ရပ်တန့်လိုက်သည်။
ရှန်းလဲ့က ခြေခွဲ၍ ရပ်လိုက်ပြီး လှောင်ပြောင်သရော်လိုက်၏။
"ငါ့ရဲ့ ပေါင်ခွကြားကနေ တွားသွားစမ်း၊ ဒါဆိုရင် မင်း ရှင်သန်ခွင့်ရနိုင်မဲ့ အခွင့်အရေးတစ်ခု ရှိကောင်း ရှိလိမ့်မယ်"
အရှက်ခွဲခြင်း...
ဒါက ဗြောင်ကျကျ အရှက်ခွဲခြင်း ဖြစ်သည်။
သူက ဤကဲ့သို့သော နိမ့်ကျသည့် အရပ်သားတစ်ဦးကို လုံးဝ အထင်မကြီးချေ။
ဖားတစ်ကောင်က ရွှေဟင်္သာကို တမ်းတနေခြင်းသာ ဖြစ်မည်။
ဤနတ်ဘုရားမလေးက သူကိုယ်တိုင်ပင် လက်လှမ်းမမီနိုင်သော တည်ရှိမှုမျိုး ဖြစ်၏။
အောက်ခြေလောကမှ ဤကဲ့သို့ နိမ့်ကျလှသည့် တည်ရှိမှုများက ပတ်သက်ခွင့်ရရန် မည်သို့ အရည်အချင်းရှိမည်နည်း။
ယွင်ရှီက ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ အနည်းငယ် မျက်မှောင်ကုတ်မိသွားသည်။
သူမ၏ စရိုက်အရဆိုလျှင်၊ ဤကဲ့သို့သော အနိုင်ကျင့်ခြင်းနှင့် အရှက်ခွဲခြင်းများကို သဘာဝအတိုင်း မနှစ်သက်ချေ။
သို့သော်လည်း၊ အနှီလူငယ်က သူမ၏ အစ်ကိုကြီးကို ပြစ်မှားစော်ကားခဲ့သည်။
ကျွင်းရှောင်ယောက်က ယွင်ရှီ၏ နှလုံးသားထဲတွင် မည်သူမျှ မပြစ်မှားနိုင်သော တည်ရှိမှုမျိုး ဖြစ်ပေသည်။
ထို့ကြောင့်၊ ယွင်ရှီသည် မည်သည့်စကားမျှ ထပ်မဆိုခဲ့ချေ။
စူးယုမှာလည်း မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ပြီ ဖြစ်သည်။ သူ၏ နားထင်မှ သွေးကြောများမှာလည်း ထောင်ကြွနေ၏။
သူ့နှလုံးသားထဲမှ ဒေါသတရားမှာ ချော်ရည်များကဲ့သို့...
သူ့နှလုံးသားထဲမှ ပေါက်ကွဲထွက်လာပြီး သူ၏ သွေးကြောများထဲသို့ စီးဆင်းသွားခဲ့ချေပြီ။
သူ့ဘဝတွင် သူ အမုန်းဆုံးအရာမှာ နှိမ့်ချခြင်းနှင့် အရှက်ခွဲခြင်း ခံရခြင်း ဖြစ်သည်။
ရှန်းလဲ့က သူ၏ အထိမခံနိုင်သော အားနည်းချက်ကို အားပြင်းပြင်းဖြင့် ထိုးနှက်လိုက်ခြင်းပင်။
"ဝုန်း"
စူးယုက မတုံ့ဆိုင်းတော့ဘဲ ရှန်းလဲ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ရှန်းလဲ့ကလည်း ဤအရာကို ကြိုတင်မျှော်လင့်ထားပုံရသည်။
သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
သူ့ခန္ဓာကိုယ်ပေါ်တွင် စစ်နတ်ဘုရားသွေးများ စီးဆင်းနေပြီး သွေးနှင့် ချီများမှာ လှိုင်းထန်လာသည်။
သူသည်လည်း လက်သီးတစ်ချက်ကို ထိုးနှက်လိုက်တော့သည်။
နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံသောအခါ...
ရှန်းလဲ့၏ အေးစက်သော မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။
"ဒုန်း..."
ရှန်းလဲ့၏ လက်မောင်းမှာ အမှန်တကယ် ကျိုးသွားခဲ့ရ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။
ရှန်းလဲ့မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ရပြီး၊ သွေးတစ်လုပ်ကို အန်ထုတ်ရကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ဤမြင်ကွင်းက ရွှမ်ကျုံးဂိုဏ်း တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
သူတို့ ဘာကို မြင်တွေ့လိုက်ရသနည်း။
လင်းယွင်ဂြိုဟ်မှ ဒေသခံကောင်လေးတစ်ဦးက၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ အစွမ်းထက်သော ပါရမီရှင် ရှန်းလဲ့ကို လက်သီးတစ်ချက်တည်းဖြင့် အမှန်တကယ် လွင့်ထွက်သွားစေခဲ့တာလား။
ဒါက မယုံနိုင်စရာ ကောင်းလွန်းသည်။
"စူးယု... မင်း"
ရွှမ်ကျုံးဂိုဏ်းချုပ်သည်လည်း အလွန်တရာ အံ့အားသင့်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် စူးယု ထုတ်လွှတ်လိုက်သော စွမ်းအားက သူ့ကိုပင် ထိတ်လန့်သွားစေခဲ့၏။
သို့သော်လည်း၊ ထို့နောက်တွင် လိုက်ပါလာသည်မှာ အရိုးထဲအထိ စိမ့်ဝင်သွားသော အေးစိမ့်မှုပင် ဖြစ်တော့သည်။
သူခေါ်ဆောင်လာသော လူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရွှမ်ကျုံးဂိုဏ်းချုပ် ရင်ထိတ်သွား၏။
အကယ်၍ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သာ ဒေါသထွက်လာမည်ဆိုပါက၊ ရွှမ်ကျုံးဂိုဏ်းတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းမှာ ပြာအတိ ဖြစ်သွားရလိမ့်မည်။
"အဟွတ် ဟွတ်... မင်း နိမ့်ကျတဲ့ ပုရွက်ဆိတ်ကတော့..."
ရှန်းလဲ့က သွေးတစ်လုပ်ကို အန်ထုတ်လိုက်သည်။
သူ့ရင်ဘတ်ပေါ်ရှိ ချပ်ဝတ်တန်ဆာမှာလည်း ကျိုးပဲ့သွားခဲ့ပြီး ပြုတ်ကျသွားခဲ့၏။
ကံကောင်းထောက်မစွာဖြင့်၊ သူသည် ချပ်ဝတ်တန်ဆာဖြင့် ကာကွယ်ထားခြင်း ခံခဲ့ရသည်။
မဟုတ်ပါက၊ စူးယု၏ ဤတိုက်ခိုက်မှုကြောင့် ရှန်းလဲ့ သေဆုံးခြင်းမရှိခဲ့လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်။
"နင်..."
ယွင်ရှီသည်လည်း ဤအရာကို မျှော်လင့်မထားခဲ့ချေ။
သူမ၏ မျက်နှာတွင် မမျှော်လင့်ထားသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်ခဲ့ရသည်။
ထို့နောက်မှာတော့ သူမ၏ မျက်ဝန်းများမှာ ပို၍ပင် အေးစက်သွားတော့သည်။
ဤလူငယ်က သူမ၏ အစ်ကိုကြီးကို မရိုမသေ ပြောဆိုခဲ့ရုံမျှမက၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ လူများကိုပင် ဒဏ်ရာရစေခဲ့သေးသည်။
ယခုအခါတွင်မူ ယွင်ရှီက စူးယုအပေါ်တွင် နက်နဲသော စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုများ ရှိနေပြီဟု ဆိုနိုင်သည်။
"ယွင်ရှီ... ဒီလိုမဟုတ်ပါဘူး... ကျုပ်... သူက လွန်လွန်းလို့ပါ..."
ယွင်ရှီ၏ အေးစက်သော မျက်နှာအမူအရာကို မြင်တွေ့ရသည့်အခါ၊ စူးယုက ကမန်းကတန်း ရှင်းပြလိုခဲ့သည်။
"မင်း ဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေကို ပြောရဲသေးတယ်လား။ ငါ မင်းကို အခုပဲ သတ်ပစ်မယ်"
ရွှမ်ကျုံးဂိုဏ်းချုပ်လည်း ဒေါသပေါက်ကွဲသွားခဲ့သည်။
စူးယု တစ်ဦးတည်းကပင် ရွှမ်ကျုံးဂိုဏ်းတစ်ခုလုံးကို ပြဿနာအရှုပ်အထုပ်ထဲသို့ အောင်မြင်စွာ ဆွဲသွင်းသွားခဲ့ချေပြီ။
သူ့ရင်ထဲတွင် နောင်တတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
အဘယ်ကြောင့် သူသည် ဤကဲ့သို့ မသိဆိုးရွားနိုင်လှသော သတ္တဝါမျိုးကို ကူညီမိခဲ့ပါသနည်း။
ယခုတော့ သဒ္ဒါလွန်၍ ကျွန်ဖြစ်ရတော့မည်။
ရွှမ်ကျုံးဂိုဏ်းချုပ်က စူးယုကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ်...
ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းဆီမှ တိုးညှင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်စမ်း"
ဤအသံကို ကြားရသည့်အခါ၊ ရွှမ်ကျုံးဂိုဏ်းချုပ် ရပ်တန့်သွားခဲ့၏။
အဝေးတွင်၊ စစ်သင်္ဘောများက ကောင်းကင်ယံ၌ ပျံသန်းလာခဲ့ကြသည်။
စစ်သင်္ဘောပေါ်တွင် စိုက်ထူထားသော အလံများမှာလည်း တလူလူ လွင့်ပျံနေခဲ့ကြ၏။
ယွင်ရှီက ၎င်းကို မြင်တွေ့ရသည့်အခါ မျက်မှောင်ကုတ်မိသွားသည်။
အလံပေါ်တွင် "ယွမ်"ဟူသော စာလုံးက တောက်ပစွာ လင်းလက်နေပေသည်။
ဒါက ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ စစ်သင်္ဘော ဖြစ်သည်။
စစ်သင်္ဘော၏ ကုန်းပတ်ပေါ်မှာလည်း ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပေသည်။
သူ့ထံမှ တော်ဝင်ဆန်သော အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ၊ ဧကရာဇ်ယွမ်၏ အလားအလာအရှိဆုံး ဆယ့်ရှစ်ယောက်မြောက် သားတော်ဖြစ်သော မင်းသားငယ်ယွမ်ပင်။
မင်းသားယွမ် ပေါ်လာသည်ကို မြင်တွေ့ရသည့်အခါ၊ ယွင်ရှီ၏ မျက်ဝန်းထဲတွင် လေးနက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤစမ်းသပ်မှုအတွင်း၌၊ မင်းသားငယ်ယွမ်၏ စွမ်းဆောင်ရည်မှာ အံ့မခန်းဖြစ်ပြီး လုံးဝ အပြစ်အနာအဆာ မရှိသလောက်ပင်။
သဘာဝကျစွာပင်၊ လူအများစုက ဤအရာမှာ ကျွင်းရှောင်ယောက် ရောက်ရှိမလာသေးခြင်းကြောင့် ဖြစ်သည်ဟု ယူဆထားကြသည်။
အကယ်၍ ကျွင်းရှောင်ယောက်သာ ရောက်ရှိလာခဲ့မည်ဆိုပါက၊ မည်သည့်လေ့ကျင့်မှုမျိုးမျှ ရှိလာတော့မည် မဟုတ်ပါချေ။
ဤအခိုက်အတန့်တွင်၊ မင်းသားငယ်ယွမ်က စူးယုအား စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။
ထို့နောက်၊ သူက စူးယုထံသို့ ပေါ့ပေါ့ပါးပါး လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်၏။
"ကျုပ် ဒီလူကို ကာကွယ်မယ်။ ဘယ်သူက သူ့ကို ထိရဲလဲ"
မင်းသားငယ်၏ စကားများက ရွှမ်ကျုံးဂိုဏ်းချုပ်၏ မျက်နှာကို ပိုမို အရုပ်ဆိုးသွားစေခဲ့သည်။
စူးယုကို မသတ်ဖြတ်ပါက မင်းသမီး ယွင်ရှီနှင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကို ပြစ်မှားမိမည်။
စူးယုကို သတ်ဖြတ်လျှင်လည်း ယွမ်မင်းသားငယ်နှင့် ယွမ်ကျူးနတ်ဘုရားမင်းဆက် နှစ်ခုစလုံးကို ပြစ်မှားမိမည် ဖြစ်သည်။
လင်ယွင်ဂြိုဟ်တစ်ခုလုံးမှာ ဤကဲ့သို့သော အင်မော်တယ်နတ်ဘုရားမင်းဆက်ကြီး နှစ်ခုကြားမှ အားပြိုင်မှုကို တောင့်ခံနိုင်စွမ်း လုံးဝ မရှိချေ။
ရွှမ်ကျုံးဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုမျှသာ ဖြစ်သည်။
ဤအခိုက်တွင်၊ ရွှမ်ကျုံးဂိုဏ်းချုပ်က နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤကဲ့သို့သော ဂြိုဟ်ဆိုးကို ခေါ်ဆောင်လာမိသည့်အတွက်လည်း သူ ရူးသွပ်နေခြင်းသာ ဖြစ်ရမည်ဟု တွေးနေမိတော့သည်။