← Chapters

အခန်း ၂၁၅၂

Vol. 151 Ch. 2152

အခန်း ၂၁၅၂

Vol. 151 Ch. 2152

အပိုင်း ( 2152 ) ကန့်သတ်ချက်ကို ချိုးဖျက်ခြင်း။

ချင်ယွဲ့က သိုင်းဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိတ်လန့်ဖွယ် ဖိအားကြီးက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးတောင်များပေါ်သို့ ဖိနှိပ်ချလိုက်၏။

ချင်ယွဲ့ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့ ကြက်သေသေသွားကြသည်။ ထို့နောက်မှာတော့ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာကြတော့သည်။

သိုင်းဧကရာဇ်။

ချင်ယွဲ့က အမှန်တကယ်ပင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေခဲ့သည်။ လုမင်၏ ဘေးမှ လှပသော မိန်းမပျိုလေးက အမှန်တကယ်ပင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေခဲ့၏။

ဤမျှငယ်ရွယ်သော သိုင်းဧကရာဇ်တစ်ပါး...

သိုင်းဧကရာဇ်တစ်ပါးက ဘာကို ကိုယ်စားပြုသနည်း။ စန်းပြည်နယ်တွင် ၎င်းက အုပ်စိုးသူ၊ အမြင့်မြတ်ဆုံးသော ဖြစ်တည်မှု ဖြစ်သည်။

စန်းပြည်နယ်မှ လူများက သိုင်းဧကရာဇ်များ၏ တိကျသော အဆင့်အတန်း ခွဲခြားမှုကိုပင် အခြေခံအားဖြင့် မသိရှိကြချေ။ သူတို့၏ မျက်လုံးထဲတွင် သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ထိုသူက ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။

စင်စစ်တွင်၊ လူအများစုက သာမန် ဗလာနယ်ဧကရာဇ်များကိုပင် မဟာဧကရာဇ်များအဖြစ် ခေါ်ဝေါ်ကြပေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးမှာလည်း လုံးဝ ကမောက်ကမ ဖြစ်သွားခဲ့ရသည်။

"သိုင်းဧကရာဇ်... သိုင်းဧကရာဇ်တစ်ပါးပဲ"

"သိုင်းဧကရာဇ်တစ်ပါး ပေါ်လာပြီ"

တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးတောင်များထဲတွင် ပုံရိပ်များ လျှပ်စီးလက်သကဲ့သို့ ပေါ်လာကြ၏။ အချို့မှာလည်း ထိတ်လန့်တုန်လှုပ်နေကြတော့သည်။

အကြောင်းမှာ၊ ဤဧကရာဇ်က စိမ်းသက်သော သိုင်းဧကရာဇ်တစ်ပါးဖြစ်နေပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းမှ သိုင်းဧကရာဇ် မဟုတ်သောကြောင့်ပင်။

"ဝှစ်..."

နတ်ဆိုးတောင်တန်းများအနက် တစ်ခုမှ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံတွင် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုဖြင့် ပုံရိပ်တစ်ခု ပေါ်လာခဲ့စ။

သိုင်းဧကရာဇ်၏ အရှိန်အဝါ...

ထိုသူသည်လည်း သိုင်းဧကရာဇ်တစ်ပါး ဖြစ်သည်။

"သူက ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်... သူပဲ။ ဒီကောင်က တကယ်ပဲ မသေသေးဘူး"

လုမင်၏ မျက်ဝန်းများ လက်သွားခဲ့သည်။

ပေါ်လာသောသူမှာ အမှန်တကယ်ပင် ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင် ဖြစ်နေခဲ့သည်။

လုမင် ယွမ်တောင်သို့ ပထမဆုံး ရောက်ရှိလာစဉ်က စန်းဧကရာဇ်၏ လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ထိုလျှို့ဝှက်နယ်ပယ်ထဲတွင် သူက ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်နှင့် စန်းဧကရာဇ်တို့ကို မြင်တွေ့ခဲ့ရ၏။

သူတို့နှစ်ဦးက ထိုနေရာတွင် နှစ်ပေါင်း ခြောက်သောင်းကြာအောင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် စန်းဧကရာဇ်၏ ရုပ်အလောင်း ပေါ်လာခဲ့သော်လည်း ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်မှာ ပျောက်ကွယ်သွားခဲ့ပေသည်။ ထို့နောက် လုမင်သည် စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်နှင့် အမွေအနှစ်ကို ရရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဤသတင်းက လုမင်အား အကျပ်အတည်းတစ်ခုထဲသို့ ရောက်ရှိသွားလုနီးပါး ဖြစ်စေခဲ့ပေသည်။

ထိုစဉ်ကတည်းက လုမင်သည် ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင် မသေသေးဘဲ သူကသာ သတင်းကို ပေါက်ကြားအောင် လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့သည်။

ယခုမူ ၎င်းက အမှန်တရား ဖြစ်နေခဲ့ပြီ။

ထို့ပြင် ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်၏ ဒဏ်ရာများမှာလည်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။

"ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ပဲ"

လုမင်က အကဲခတ်လိုက်သည်။ ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်သာ ဖြစ်ကြောင်း တွေ့ရသောအခါ သူ စိတ်သက်သာရာရသွား၏။

သာမန် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ပါးက ချင်ယွဲ့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

"မင်း ဘယ်သူလဲ"

ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က လေးနက်စွာ မေးလိုက်သည်။

ချင်ယွဲ့က အလွန် ငယ်ရွယ်သော်လည်း သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ။ ၎င်းက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။

"နင့်ကို သတ်မဲ့လူ"

ချင်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။ သူက သူ့လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်ထံသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။

ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်သည်လည်း ချင်ယွဲ့နှင့် တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ သူတို့နှစ်ဦးက ကောင်းကင်ယံတွင် တိုက်ခိုက်နေကြရာ ဟင်းလင်းပြင်ကို တုန်ခါသွားစေခဲ့သည်။

"ညီလေး... မိန်းကလေးချင်ယွဲ့က မင်း ဖိတ်ခေါ်လာတဲ့ စစ်ကူလား"

လုံယွမ်ရှန်က မေးလိုက်သည်။

လုမင် ပြုံးရုံသာ ပြုံးနေပြီး ပြန်မဖြေခဲ့ချေ။ သူက ပြောလိုက်သည်။

"ဆရာတူအစ်ကိုတို့... ကျွန်တော့်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ခေါ်သွားပြီး ကန့်သတ်ချက် ချမှတ်ထားတဲ့လူကို ရှာပေးပါ"

"ကောင်းပြီ"

လုံယွန်းရှန်နှင့် ရန်ထျန်းကျုံးတို့က ခေါင်းညိတ်လိုက်ကြသည်။ အခြေအနေက အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေသောကြောင့် လုမင်ကို ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။

သူတို့သုံးဦးက ကောင်းကင်နတ်ဆိုးဂိုဏ်းထဲသို့ ပြေးဝင်သွားကြသည်။

လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့က ထိန်းချုပ်ခံထားရသူများဖြစ်သဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများက သူတို့ကို တားဆီးခြင်း မရှိချေ။ လုမင်လည်း သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ သူတို့နှစ်ဦးနောက်မှ လိုက်ပါသွားခဲ့သည်။

အခြားလူများက လုမင်ကိုလည်း သူတို့ထဲမှ တစ်ယောက်ဟု ထင်မှတ်ထားကြသဖြင့် သဘာဝကျကျပင် တားဆီးခြင်း မပြုခဲ့ကြချေ။

သူတို့က နတ်ဆိုးတောင်တန်းများကို ဖြတ်သန်းသွားလာရင်း ကန့်သတ်ချက် ချမှတ်ထားသူကို ရှာဖွေခဲ့ကြသည်။

ထို့ပြင် လူတိုင်းက ကောင်းကင်ယံမှ တိုက်ပွဲကိုသာ အာရုံစိုက်နေကြပြီး လုမင်နှင့် အခြားသူများကို အာရုံစိုက်နေသူ သိပ်မရှိချေ။

"တွေ့ပြီ"

ရုတ်တရက်၊ ရန်ထျန်းကျုံး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူတို့ရှေ့ရှိ နတ်ဆိုးတောင်တစ်ခုပေါ်တွင် လူတစ်စု ရပ်နေကြသည်။ သူတို့ထဲမှ တစ်ဦးမှာ ပိန်လှီသော အဘွားအိုတစ်ဦး ဖြစ်၏။

လုမင်က သူမကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ အကြောင်းမူ၊ သူသည် ဤအဘွားအိုက အခြားသူများအား ကန့်သတ်ချက် ချမှတ်နေသည်ကို သူ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။

သူတို့သုံးဦးက ထိုတောင်ဆီသို့ ပျံသန်းသွားခဲ့ကြသည်။

"မင်းတို့ ဘာလုပ်နေတာလဲ"

တစ်စုံတစ်ဦးက သူတို့သုံးယောက်ကို လှမ်းကြည့်လိုက်သည်။

"အရှင်... ကျွန်တော်တို့ သတင်းပို့စရာ ရှိလို့ပါ။ အဲဒ္သိုင်းဧကရာဇ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာပါ"

လုံယွမ်ရှန်က ဦးညွှတ်လိုက်သည်။

"အို... ဒီကို လာခဲ့ချေ"

ပိန်လှီသော အဘွားအိုက လုံယွမ်ရှန်တို့ သုံးဦးကို လှမ်းကြည့်လိုက်၏။

သူတို့သုံးဦးက နတ်ဆိုးတောင်ဆီသို့ ပျံသန်းသွားပြီး ပိန်လှီသော အဘွားအိုထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့ကြသည်။

လုမင်၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းလာသည်။ သူက ဤအဘွားအိုကို တစ်ခဏအတွင်း သတ်ပစ်ရမည်။ သို့မဟုတ်ပါက၊ လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့ အန္တရာယ် ကြုံတွေ့ရနိုင်သည်။ သူက အတွေးတစ်ခုတည်းဖြင့် ကန့်သတ်ချက်ကို ထိန်းချုပ်ကာ လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့၏ ဝိညာဉ်များကို ဖျက်ဆီးပစ်နိုင်ပေသည်။

"အဲဒီသိုင်းဧကရာဇ်က ဘယ်သူလဲဆိုတာ မင်းတို့ သိလား။ ဘာသတင်းရှိလဲ... ငါ့ကို အကုန်လုံး ပြောစမ်း"

ပိန်လှီသော အဘွားအိုက ပြောလိုက်သည်။

သူ့ဘေးတွင် အဘိုးအို အနည်းငယ် ရှိနေကြ၏။ သူတို့တစ်ဦးစီတွင် နက်ရှိုင်းသော ကျင့်ကြံမှု အခြေခံ ရှိနေကြသည်။ သူတို့အားလုံးက ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြပေသည်။

"အရှင်... ကျွန်တော်က တိုက်ဆိုင်စွာပဲ သတင်းတစ်ခု ရခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့..."

လုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အဘွားအိုထံသို့ ပိုမိုနီးကပ်စွာ တိုးသွားရင်း ပြန်လည်ဖြေကြားဟန် ဆောင်လိုက်သည်။

"အဲဒါ ဘာလဲ... ပြောစမ်း။ မဟုတ်သေးဘူး.. ခဏစောင့်ဦး၊ မင်း..."

ဤအခိုက်အတန့်တွင် အဘွားအိုက တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်သည်။ သူက လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် သူမ၏ ကန့်သတ်ချက်လှိုင်းကို မခံစားရချေ။ တစ်နည်းအားဖြင့်၊ လုမင်သည် သူမ၏ ကန့်သတ်ချက်ဖြင့် ထိန်းချုပ်ခံထားရသူ မဟုတ်ပါ။

တီမိသားစု၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တပည့်များမှလွဲ၍ အခြား အညံ့ခံခဲ့သော အင်အားစုများအားလုံးမှာ သူမ၏ ကန့်သတ်ချက်ဖြင့် ထိန်းချုပ်ခြင်း ခံထားရသည်။

အနှီကောင်လေးက မိစ္ဆာဝိညာဉ်ဂိုဏ်း သို့မဟုတ် တိမိသားစုမှ ဖြစ်နေပါသလော။

တစ်ခဏအတွင်းမှာပင် အတွေးပေါင်းမြောက်မြားစွာ အဘွားအို၏ စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

"ဝုန်း"

ဤအခိုက်အတန့်မှာပင် လုမင်က ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူက အဘွားအိုထံသို့ ပြေးဝင်သွား၏။

လုမင်အတွက်မူ မီတာ ဆယ်ဂဏန်းခန့် အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်နိုင်သည်။ ၎င်းက လူသားတစ်ဦး၏ တုံ့ပြန်မှုထက် အဆများစွာ ပိုမိုမြန်ဆန်နေခဲ့သည်။

အဘွားအိုက တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် လုမင်က သူမ၏ရှေ့သို့ ပြေးဝင်လာခဲ့ပြီး ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"ဖောင်း"

အဘွားအို၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။

သူက တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ။

ဤအခိုက်အတန့်တွင်မှ အခြားလူများမှာ နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ကြသည်။

"မင်း သေချင်နေတာပဲ"

"သတ်"

အဘွားအို၏ ဘေးမှ အခြားသော ဧကရာဇ်တစ်ပိုင်းများလည်း ဒေါသပေါက်ကွဲသွားပြီး လုမင်ထံသို့ ပြေးဝင်လာကြတော့သည်။

ထိုအဘွားအိုက အခြားသူများ၏ ဝိညာဉ်များထဲတွင် ကန့်သတ်ချက်များ ချမှတ်နိုင်စွမ်း ရှိသည်။ ၎င်းက ပါရမီ လိုအပ်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းရှိ လူတိုင်း ဤသို့ မလုပ်ဆောင်နိုင်ကြချေ။ ၎င်းက အလွန်အမင်း ရှားပါးသည်။

ယခုအခါ မိစ္ဆာဝိညာဉ်ဂိုဏ်းတစ်ခုလုံးတွင် ဤသို့ လုပ်ဆောင်နိုင်သူမှာ ထိုအဘွားအို တစ်ဦးတည်းသာ ရှိခဲ့ပေသည်။

ထိုအဘွားအိုတွင် တပည့်တစ်ဦးရှိသော်လည်း သူ၏ကျင့်ကြံမှုက အားနည်းလွန်းသဖြင့် များစွာ အသုံးမဝင်ချေ။

ထို့ကြောင့် ထိုအဘွားအို၏ သေဆုံးမှုက မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်တော့သည်။

"သေရမှာက မင်းတို့ကွ"

လုမင်က အေးစက်စွာ ပြောပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ထိတ်လန့်ဖွယ် လက်ဝါးစွမ်းအားကြီးက တောင်ပြိုကျသကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာ၏။ ထိုဧကရာဇ်တစ်ပိုင်းများ၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားခဲ့ပြီး ထိုနေရာတင် ချက်ချင်း သေဆုံးသွားကြတော့သည်။

"ဒါက..."

ဤအခိုက်အတန့်တွင် နောက်ဆုံးတွင်မှ လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့ တုံ့ပြန်နိုင်ခဲ့ကြပြီး ကြက်သေသေသွားခဲ့ကြသည်။

ထိုသူများက ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြ၏။ ဧကရာဇ်တစ်ပိုင်း အနည်းငယ်က လုမင်၏ရှေ့တွင် အနည်းငယ်မျှပင် မခုခံနိုင်ဘဲ လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

လုမင်က ယခုအခါ မည်မျှမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီနည်း။

"ဆရာတူအစ်ကို... အစ်ကိုတို့ရဲ့ ကန့်သတ်ချက်တွေ ပျက်စီးသွားပြီလား"

လုမင်က မေးလိုက်သည်။

"ပျက်စီးသွားပြီ။ အဘွားကြီးသေတာနဲ့ ကန့်သတ်ချက်တွေက အလိုအလျောက် ပျက်ဆီးသွားခဲ့ပြီ"

သူတို့နှစ်ဦးလည်း သတိပြုမိပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

"ကန့်သတ်ချက် ပျက်စီးသွားပြီ... ငါတို့ရဲ့ ကန့်သတ်ချက် ပျက်စီးသွားပြီဟေ့"

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

စန်းပြည်နယ်တွင် လက်နက်ချခဲ့သော ဂိုဏ်းအားလုံး၏ အနည်းဆုံး ထက်ဝက်ခန့်က မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် ဆေးလုံးများ သန့်စင်ပေးရန် ဤနေရာတွင် စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် လူတိုင်းက သူတို့၏ ကန့်သတ်ချက်များ ပျက်စီးသွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

"အားလုံးပဲ... အတူတူ သတ်ပြီး ထိုးဖောက်ထွက်ကြစို့"

ဤအခိုက်အတန့်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ဖြတ်သန်းသွားခဲ့ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တပည့်အနည်းငယ်ကို သတ်ဖြတ်လိုက်၏။

"ဆရာ"

လုမင်၏ မျက်ဝန်းများက တောက်ပသွားတော့သည်။

All Chapters