အခန်း ၂၁၅၄
Vol. 151 Ch. 2154
အပိုင်း ( 2154 ) အကုန်လုံးကို ရှင်းပစ်ရန်။
ချင်ယွဲ့က လုမင်၏ ဘေးတွင် ကျိုးနွံစွာ ရပ်နေသော်လည်း သူမ၏မျက်နှာလေးမှာတော့ ပန်းနုရောင်သန်းနေလေသည်။
လူတိုင်းက အလွန်ပင် မနာလိုအားကျ ဖြစ်ခဲ့ရသည်။ ဤမျှရိုကျိုးမှုရှိသော သိုင်းဧကရာဇ် မိန်းမလှလေးကို ပိုင်ဆိုင်ထားခြင်းမှာ အမျိုးသားအားလုံး၏ ရိုးရှင်းသော အိပ်မက်တစ်ခုပင် ဖြစ်လိမ့်မည်။
သို့သော်လည်း လူတိုင်းက လုမင်၏ခွန်အားကို ချက်ချင်း တွေးလိုက်မိကြသည်။
လူအများစုက ယခုလေးတင် လုမင်တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ဖူးသည်။ အန္တိမသူတော်စင်များက လုမင်၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ဘဲ ချက်ချင်း အသတ်ခံလိုက်ရ၏။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စကာကောင်းလွန်းသည်။
လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် ချိုးဖြတ်သွားခဲ့ပြီ ဖြစ်မည်လော။
လူတိုင်း သက်ပြင်းချလိုက်မိကြသည်။ လုမင်သည် စန်းပြည်နယ်တွင် ရှိစဉ်ကတည်းက ကြောက်စရာကောင်းသော ပါရမီကို ပြသခဲ့ပြီး မျိုးဆက်တူများကို အနိုင်ယူခဲ့သည်။ နောက်ပိုင်းတွင်၊ သူတော်စင်တစ်ပါး ဖြစ်လာသောပထါ သူက အဆင့်ကျော်၍ပင် ရန်သူများကို သတ်ဖြတ်ခဲ့ပေသည်။
ယခုအခါ လုမင်က အန္တိမသူတော်စင်တစ်ပါး ဖြစ်လာပြီးနောက် အန္တိမသူတော်စင်များကို ခြင်ရိုက်သလို သတ်ဖြတ်နိုင်သင့်သည်။
လူအများက လုမင်ကို လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လုမင်၏ လက်ရှိခွန်အားက စန်းပြည်နယ်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
"ဆရာ၊ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဌာနချုပ်က ဘယ်မှာလဲ"
လုမင်က တိမ်နဂါးတောင်ကြားသခင်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများကို မမြင်တွေ့ရချေ။
တိမ်နဂါးတောင်ကြားသခင်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။ သူက ပြောလိုက်၏။
"မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဌာနချုပ်က တိမိသားစုမှာ ရှိတယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက လူအများစုကလည်း အဲဒီမှာပဲ ရှိနေကြတာ"
"တိမိသားစုလား"
လုမင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ လက်သွား၏။
"ဆရာ... စန်းပြည်နယ်က ဂိုဏ်းအားလုံးကလူတွေ ဒီမှာ ရှိနေကြတာလား"
လုမင်က ထပ်မံမေးမြန်းလိုက်သည်။
"မဟုတ်ဘူး... သူတို့ထဲက အများစုကတော့ ဒီမှာ စုဝေးနေကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မူလဂိုဏ်းတွေမှာ ကျန်နေခဲ့တဲ့လူတွေ ရှိသေးတယ်။ ဒါပေမဲ့လို့ အဲဒီဂိုဏ်းတွေမှာတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေ အများကြီး မရှိဘူးလေ။ ဒီတစ်ကြိမ်မှာ ဝိညာဉ်ကန့်သတ်ချက် ချိုးဖျက်ခံလိုက်ရပြီဆိုတော့ လူအများစုက အခွင့်အရေးကိုဆုပ်ကိုင်ပြီး ထွက်ပြေးကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ပင် အခြားဂိုဏ်းများတွင်လည်း လူအချို့ ကျန်ရှိနေဦးမည် ဖြစ်သည်။ သို့သော်လည်း အများအပြား ရှိမည်မဟုတ်ချေ။
"ဆရာ... အားလုံးပဲ...၊ ကျေးဇူးပြုပြီး သတင်းဖြန့်ဝေပေးပြီး လူတိုင်းကို ဒီမှာ လာရောက်စုဝေးဖို့ ပြောပေးလို့ ရမလား"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ... ငါ အခုပဲ သတင်းဖြန့်ပြီး လူတိုင်းကို ဒီမှာ လာစုခိုင်းလိုက်မယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ဒီတိုက်ပွဲမှာ အကျအဆုံး များပြားခဲ့တာဆိုတော့ သူတို့ အရေးယူဆောင်ရွက်တာတွေ လုပ်လာမှာ သေချာတယ်"
တိမ်နဂါးတောင်ကြားသခင်က ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် လူတိုင်းက သတင်းဖြန့်လိုက်ကြလေသည်။
လုမင် ပြုံးလိုက်သည်။ သူက သတင်းဖြန့်ပြီး လူတိုင်းကို စုဝေးစေခဲ့သည့် အကြောင်းရင်းမှာ ကာကွယ်ရေးအတွက် အင်အားစုဆောင်းလို၍ မဟုတ်ဘဲ တိုက်ခိုက်ရန်အတွက် ဖြစ်သည်။
သူက တိမိသားစုကို တိုက်ခိုက်လိုခြင်း ဖြစ်၏။ အကယ်၍ ဤသတင်း ပျံ့နှံ့သွားပါက တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းတို့ တုန်လှုပ်သွားကြမည်မှာ သေချာသည်။ ထိုအခါ၊ သူတို့က သူတို့၏ ကျွမ်းကျင်သူ အားလုံးကို စုစည်းကာ သူတို့ကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းရန် ကြိုးစားကြပေလိမ့်မည်။
၎င်းက သူတို့ကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ရန် လုမင်၏ အစီအစဉ်ပင် ဖြစ်သည်။
အကယ်၍ သူတို့ လူစုခွဲပြီး ပြန့်ကျဲသွားပါက တစ်နေရာပြီးတစ်နေရာ လိုက်လံရှင်းလင်းနေရမည် ဖြစ်ရာ ၎င်းက ဒုက္ခများလွန်းပေသည်။
အခြားသူများကမူ လုမင်၏ အတွေးများကို သဘာဝအတိုင်း မသိရှိကြချေ။ သူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် အင်အားစုဆောင်းနေခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ထားကြသည်။
သတင်းက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ စန်းပြည်နယ်၊ ယွင်ပြည်နယ်နှင့် တိပြည်နယ်တို့ သုံးခုစလုံး တုန်လှုပ်သွားခဲ့ရ၏။
စန်းပြည်နယ်၏ ပါရမီရှင်ဖြစ်သူ လုမင်က သိုင်းဧကရာဇ်တစ်ပါးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ ပြန်ရောက်လာသည်နှင့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓမ္မဘုရင်တစ်ပါးကို သတ်ဖြတ်ခဲ့၏။
သိုင်းဧကရာဇ်တစ်ပါး ကျဆုံးခြင်းက ပြည်နယ်သုံးခုလုံးရှိ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
စန်းပြည်နယ်တွင် မိစ္ဆာဝိညာဉ်ဂိုဏ်းထံ လက်နက်ချခဲ့ပြီးနောက် သူတို့၏ ထိန်းချုပ်မှုကို ခံထားရသူ အများစုမှာ... မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့ကြသည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။
နောက်ထပ် ဆယ်ရက်အတွင်းမှာပင် ကောင်းကင်နတ်ဆိုးဂိုဏ်း၌ လူများ ပိုမိုစုဝေးလာခဲ့ကြသည်။
ထိုစဉ်က စန်းပြည်နယ်တွင် အုပ်စိုးသူဂိုဏ်းကြီး ဆယ့်သုံးဂိုဏ်း၊ မရေမတွက်နိုင်သော ဂိုဏ်းငယ်များနှင့် ကျွမ်းကျင်သူ အများအပြား ရှိခဲ့သည်။ ခဏမျှအတွင်းမှာပင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ လူများဖြင့် ပြည့်နှက်သွားတော့သည်။
သဘာဝအရ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် သွေးနတ်ဆိုးမျှော်စင်ကဲ့သို့ မိစ္ဆာဝိညာဉ်ဂိုဏ်းထံ ကြာမြင့်စွာကတည်းက လက်နက်ချခဲ့သော ဂိုဏ်းများကိုမူ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
သို့သော်လည်း သူတို့က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ မည်သူ့ကိုမျှ မမြင်တွေ့ခဲ့ရချေ။
ဤဆယ်ရက်အတွင်း ပြည်နယ်သုံးခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ လေမိုးက ပြင်းထန်နေသည်ဟုပင် ဆိုနိုင်ပေသည်။ လူတိုင်းက အသက်ရှူကျပ်မတတ် ကြီးမားသော ဖိအားများကို ခံစားနေခဲ့ရသည်။
ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု မကြာခင် ဖြစ်ပွားတော့မည်ကို လူတိုင်း သိရှိထားကြ၏။
မိစ္ဆာဝိညာဉ်ဂိုဏ်းက ဤမျှကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသဖြင့် ဤအတိုင်း လွှတ်ထားမည် မဟုတ်ချေ။ သူတို့က လှုပ်ရှားလာကြမည်မှာ သေချာသည်။
ဤဆယ်ရက်အတွင်း၌ အပေါ်ယံမှာ တည်ငြိမ်နေပုံရသော်လည်း စင်စစ်မှာတော့ မုန်တိုင်းမလာမီ လေငြိမ်မှုမျိုးသာ ဖြစ်သည်။ ၎င်းက အလွန် ဖိအားများပေသည်။
တိမိသားစုက တိပြည်နယ်၏ အကောင်းဆုံး နေရာတွင် တည်ရှိသည်။ ဤနေရာရှိ မူလစွမ်းအင်က ကြွယ်ဝလွန်းပြီး ပါရမီရှင်များ အများအပြား ရှိကြ၏။
ဤဒေသတွင် နန်းတော်မြောက်မြားစွာ တည်ဆောက်ထားသည်။ နန်းတော်များက ဒဏ္ဍာရီလာ ကောင်းကင်နန်းတော်များကဲ့သို့ နေရာအနှံ့တွင် ရှိခဲ့ကြ၏။
ဤအချိန်ကာလအတွင်း နန်းတော်များမှာ ငြိမ်းချမ်းမနေခဲ့ချေ။ လူအများစုက အကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြသည်။ ၎င်းမှာ လုမင်က သိုင်းဧကရာဇ်တစ်ပါးနှင့်အတူ အရှိန်အဝါကြီးစွာဖြင့် ပြန်လည်ရောက်ရှိလာခြင်းပင်။
နန်းတော်တစ်ခုတွင် လူတချို့က တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ ၎င်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲတစ်စုတို့ ဖြစ်ကြပေသည်။
နှစ်များတစ်လျှောက်လုံးတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းထံ လုံးဝနီးပါး လက်နက်ချခဲ့သည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းအပေါ် သစ္စာရှိခဲ့ကြသဖြင့် အရင်းအမြစ်မြောက်မြားစွာကို ရရှိခဲ့ကြပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြပေသည်။
"ဂိုဏ်းချုပ်... အခု လုမင်က ပြင်ပနယ်မြေကနေ သိုင်းဧကရာဇ်တစ်ပါးနဲ့အတူ ပြန်လာပြီတဲ့၊ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးချင်နေတဲ့ပုံရတယ်။ အခု ကျုပ်တို့ရဲ့ ဝိညာဉ်ကန့်သတ်ချက်လည်း ပျက်စီးသွားပြီဆိုတော့ ကျုပ်တို့ အခွင့်အရေးကိုဆုပ်ကိုင်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကထွက်ပြီး ဒီနေရာကနေ ထွက်သွားသင့်သလား"
အကြီးအကဲတစ်ဦးက မေးလိုက်သည်။
"ဉာဏ်နည်းလိုက်တာ"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ကြိမ်းမောင်းလိုက်၏။
"လုမင်က သိုင်းဧကရာဇ်တစ်ပါးတည်းကိုပဲ ခေါ်လာတာလို့ ငါ ကြားတယ်။ သိုင်းဧကရာဇ်တစ်ပါးတည်းက ဘာအသုံးဝင်မှာလဲ။ ပြီးတော့ မင်းကို ငါ ပြောပြမယ်... မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ရေပြင်က အရမ်းနက်ရှိုင်းတယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းမှာ ဓမ္မဘုရင် တစ်ဦး၊နှစ်ဦးပဲ ရှိတယ်လို့ မင်း ထင်နေတာလား"
"မိစ္ဆာဝိညာဉ်ဂိုဏ်းမှာ လျှို့ဝှက်ထားတဲ့ အခြားသိုင်းဧကရာဇ်တွေ ရှိမနေနိုင်ဘူးလား"
ထိုစကားက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားခဲ့သည်။
"ဒါကြောင့် အဲဒီလုမင်က ကိုယ့်သေတွင်းကိုတူးနေတာ သက်သက်ပဲ။ အခု ငါတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကနေ မခွာသင့်ရုံတင်မကဘူး၊ မိစ္ဆာဝိညာဉ်ဂိုဏ်းအပေါ်မှာ ပိုပြီးတော့ သစ္စာရှိကြောင်း ပြရမယ်။ ဒီလိုနည်းနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ငါတို့ကို ပိုပြီးတော့ ကောင်းမွန်လာလိမ့်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ဉာဏ်ကြီးပါပေတယ်"
အကြီးအကဲများလည်း သူ့ကို စတင်မြှောက်ပင့်ကြတော့သည်။
အခြားသော နန်းတော်တစ်ခုတွင်... ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ ကောင်းကင်အဆိပ်ဂိုဏ်းချုပ်နှင့် အခြားသူများသည်လည်း တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဒီလုမင်... သူက တကယ်ပဲ ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အသုံးမဝင်ပါဘူး။ သူ့အတွက် သေခြင်းတရားကသာ စောင့်ကြိုနေလိမ့်မယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လှောင်ပြောင်လိုက်သည်။
ဤသို့ဖြင့် ပြည်နယ်သုံးခုရှိ လေထုမှာ ပိုမိုလေးနက်လာခဲ့ပေသည်။ ဤအချိန်တွင် ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့သည်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြသည်။ တိမ်နဂါးတောင်ကြားသခင်ကို မြင်တွေ့လိုက်ရသောအခါ သူတို့က အလွန်ပင် ဝမ်းသာသွားတော့သည်။
ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့က ယွင်ပြည်နယ်ရှိ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစု၏ ကျွမ်းကျင်သူများအားလုံးမှာ တိမိသားစု၏ ဌာနချုပ်တွင် စုဝေးနေကြပြီဖြစ်ကြောင်း သတင်းကို သယ်ဆောင်လာခဲ့ကြပေသည်။
"ကောင်းတယ်"
လုမင်က ပြုံးလိုက်သည်။ ထို့နောက် သူက လူတိုင်းကို စုဝေးစေကာ ဆွေးနွေးမှု စတင်လိုက်၏။
"အားလုံးပဲ... အခု မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုက လူတိုင်း တီမိသားစုမှာ စုဝေးနေကြပြီဆိုတော့... ကျုပ်က တိမိသားစုကို တိုက်ခိုက်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဘာ... တိမိသားစုကို တိုက်ခိုက်မလို့လား"
"ဒါက ကိုယ်လည်ပင်းကို ကြိုးကွင်းစွပ်တာနဲ့ မတူဘူးလား"
လူတိုင်းက ထိတ်လန့်သွားကြပြီး လုမင်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
"မင်အာ... မင်း တကယ်ပြောနေတာလား"
တိမ်နဂါးတောင်ကြားသခင်သည်လည်း မယုံကြည်နိုင်ပေ။
လုမင်က အမှန်တကယ်ပင် တိမိသားစုကို သွားရောက်တိုက်ခိုက်ချင်နေသည်။
ယခုအခါ တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကျွမ်းကျင်သူများက တစ်နေရာတည်းတွင် စုဝေးနေကြပြီ။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် မတူဘဲ ထိုနေရာတွင် သိုင်းဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ တစ်ပါးထက်မက ရှိနေမည်မှာ သေချာသည်။ အကယ်၍ သူတို့ သွားရောက်တိုက်ခိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးရာ ရောက်မနေပေဘူးလား။
"အမှန်ပဲ... ကျုပ်က သူတို့ကို မတိုက်ခိုက်ခင် သူတို့ လူစုသွားအောင် စောင့်နေတာ။ သူတို့ကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်နိုင်ရင် အကောင်းဆုံးပဲ"
လုမင်က ပြောလိုက်သည်။
လူတိုင်းက ဘာပြောရမည်မှန်းမသိတော့ပေ။
သူတို့အားလုံးကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းချင်တာလား။ ဒီလူလေးတွေနဲ့လား။