အခန်း ၂၁၅၅
Vol. 151 Ch. 2155
အပိုင်း ( 2155 ) တိမိသားစုကို တိုက်ခိုက်ပြီ။
လူအများက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။
လုမင်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် အင်အားစုအသီးသီးမှ လူများကို စုစည်းနေခြင်း ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစု၏ ကျွမ်းကျင်သူများ စုဝေးလာသည်ကို စောင့်ဆိုင်းပြီးမှ တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ရန် ကြံရွယ်နေခြင်း ဖြစ်နေပြီ။
ဤအကြံအစည်မျိုးက ရူးသွပ်လွန်းလှသည်။
"မင်အာ... မင်း တခြား သိုင်းဧကရာဇ်တွေလိုမျိုး အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ထားတာ ရှိသေးလား"
တိမ်နဂါးတောင်ကြားသခင်က မေးလိုက်သည်။
"မရှိပါဘူး... ကျွန်တော်တို့တင်ပဲ"
လုမင်က ပြောလိုက်၏။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လူအများက အနည်းငယ် ဆွံ့အသွားကြရပေသည်။
"မိတ်ဆွေလေး လုမင်... မင်းကို အထင်သေးလို့ ပြောတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းမှာ အနည်းဆုံး အစောင့်အရှောက် ဓမ္မဘုရင် နှစ်ပါး ရှိတယ်။ ဒါ့အပြင် တိမိသားစုရဲ့ အကြီးအကဲ တီရှစ်ထျန်းကလည်း ကြောက်စရာကောင်းတဲ့ သိုင်းဧကရာဇ်တစ်ပါးပဲ။ တကယ်လို့ ကျုပ်တို့ အဲဒီကို သွားမယ်ဆိုရင် ကျောက်တုံးကို ကြက်ဥနဲ့ ထုသလိုမျိုး ဖြစ်နေမှာ သံသယဖြစ်စရာ မလိုဘူး"
"ဒါက အမှန်ပဲ။ ကျုပ်တို့ရဲ့ လက်ရှိအစီအစဉ်က အတူတူစုဝေးပြီး ပြည်နယ်သုံးခုကနေ ဖောက်ထွက်ပြီး တခြားပြည်နယ်တွေကို သွားဖို့ပဲ ဖြစ်သင့်တယ်"
အဘိုးအိုတချို့က ပြောဆိုလိုက်ကြသည်။ သူတို့က ဂိုဏ်းအချို့၏ မဟာအကြီးအကဲသူများ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံမှုက အန္တိမသူတော်စင်အဆင့်တွင် ရှိကြပေသည်။
"ကျွန်တော်က ဒါကို လုပ်ဖို့ စိတ်ကူးထားမှတော့ သဘာဝအတိုင်းပဲ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်ရဲ့အသက်နဲ့ လောင်းကြေးထပ်ပြီး ဘာလို့ နောက်ပြောင်ရမှာလဲ။ ဒါ့အပြင် ကျွန်တော့်ရဲ့ ဆရာနဲ့ ဆရာတူအစ်ကိုတွေ အားလုံးလည်း အတူတူ ရှိနေကြမှာပါ"
လုမင်က ပြောလိုက်သည်။
လူတိုင်းက အံ့ဩသွား၏။ ၎င်းကလည်း မမှားပေ။
လုမင်က ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူက တစ်ဖက်လူပို မယှဉ်နိုင်မှန်း သိလျက်နှင့် အဘယ်ကြောင့် ဤမျှအထိ သတိလက်လွတ် ဖြစ်ပြီး မိမိကိုယ်ကို သေတွင်းထဲသို့ ပို့ပါမည်နည်း။
လုမင်တွင် မည်သည့်ဝှက်ဖဲများ ရှိနေသေးသနည်း။
"ကောင်းပြီ၊ မင်အာ... ငါ မင်းနဲ့အတူ တိမိသားစုဆီ လိုက်ခဲ့မယ်"
တိမ်နဂါးတောင်ကြားသခင်က ပထမဆုံး ပြောလိုက်သည်။
"ကျွန်တော်လည်း လိုက်မယ်"
လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့ကလည်း ပြောဆိုကြသည်။
"ငါလည်း လိုက်မယ်"
ထို့နောက် နတ်ဆိုးရဲတိုက်မှ ကျားကြီးကလည်း လှမ်းပြောလိုက်၏။
ထို့နောက်တွင် လူအများအပြားက တိမိသားစုထံသို့ လုမင်နှင့်အတူ လိုက်ပါရန် သဘောတူညီခဲ့ကြသည်။
သို့သော်လည်း အချို့လူများမှာမူ မတုန်မလှုပ်ဖြင့် ဘာမျှမပြောကြပေ။
"မင်းတို့ကရော ဘယ်လိုလဲ။ တကယ်လို့ မလိုက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"
လုမင်က စကားမပြောဘဲ နေသူများကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ကျုပ်တို့... ကျုပ်တို့ကတော့ တိမ်ပင်လယ်တောင်တန်းကို ဖြတ်ကျော်ပြီး တခြားပြည်နယ်တွေကို သွားဖို့ စိတ်ကူးတာပဲ"
ချိတ်ကောက်ကဲ့သို့ နှာခေါင်းရှိသော အဘိုးအိုတစ်ဦးက ပြောလိုက်သည်။
ထိုချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုမှာ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦး ဖြစ်သည်။ သူသည်လည်း အန္တိမသူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
"အိုး... ဒါလည်း ကောင်းတာပါပဲ။ ဒါပေမဲ့... မင်းတို့ မလိုက်ဘဲနဲ့ တိမိသားစုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းတို့ ငါ့လက်ထဲမှာ ပျက်စီးသွားခဲ့မယ်ဆိုရင်... ဒီပြည်နယ်သုံးခုမှာ မင်းတို့အတွက်နေရာ ရှိလာမှာ မဟုတ်ဘူး"
လုမင်က အေးစက်စွာ ပြောလိုက်သည်။
ချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုအပါအဝင် အခြားသူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
လုမင်၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းသည်။ အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုတို့ ပျက်စီးသွားခဲ့ပါက ဤတိုက်ပွဲတွင် ပါဝင်ခြင်းမရှိသူများသည် ပြည်နယ်သုံးခုတွင် ဆက်လက်နေထိုင်ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။
လိုက်ပါရန် အလိုမရှိသူများက မျက်နှာပျက်သွားခဲ့ကြသည်။
"ကဲ... ကျုပ်တို့ ဆုံးဖြတ်ချက်ချပြီးသူတွေ သွားကြစို့"
လုမင်က ကောင်းကင်ယံသို့ လှမ်းတက်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ရုပ်သေးရုပ် သုံးရုပ် ပေါ်လာခဲ့၏။
၎င်းတို့ထဲမှ တစ်ရုပ်မှာ လုမင် မကြာခဏ အသုံးပြုလေ့ရှိသော လင်းယုန်ရုပ်သေးရုပ် ဖြစ်သည်။ ကျန်ရှိသော နှစ်ရုပ်က လုမင် နတ်ဘုရားရုပ်သေးဂိုဏ်းတွင် ဝယ်ယူခဲ့သော ငှက်အမျိုးအစား ရုပ်သေးရုပ်များ ဖြစ်ကြပေသည်။ သူတို့၏ အရှိန်မှာ လင်းယုန်ရုပ်သေးရုပ်ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိချေ။
ထိုရုပ်သေးရုပ် သုံးရုပ်က လျင်မြန်စွာပင် အရွယ်အစား ကြီးမားလာခဲ့သည်။ ၎င်းတို့၏ အတောင်ပံများကို ဖြန့်လိုက်သောအခါ အနည်းဆုံး မီတာတစ်ထောင်ခန့် ရှည်လျား၏။ သူတို့က ကောင်းကင်ယံကိုပင် လွှမ်းမိုးခဲ့ကြသည်။
"ဆရာ... အားလုံးပဲ... အပေါ်ကို တက်လာခဲ့ကြပါ"
လုမင်က အော်ဟစ်လိုက်သည်။
တိမိသားစုထံသို့ လုမင်နှင့်အတူ လိုက်ပါရန် ဆန္ဒရှိသူများအားလုံး ကောင်းကင်ယံသို့ ပျံတက်ကာ ရုပ်သေးရုပ်များပေါ်သို့ ဆင်းသက်လိုက်ကြ၏။
ရုပ်သေးရုပ်များထံမှ အလင်းမျက်နှာပြင်တစ်ခု ဖြာထွက်လာပြီး လူတိုင်းကို လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် လုမင်၏ အတွေးတစ်ခုနှင့်အတူ ရုပ်သေးရုပ် သုံးရုပ်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး မည်သည့် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
"မြန်လှချေလား"
ကျန်နေခဲ့သူများမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"အစ်ကိုဝမ်... ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
တစ်စုံတစ်ဦးက ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုကို မေးမြန်းလိုက်သည်။
"ဟမ့်... အဲဒီလုမင်က မာနထောင်လွှားလွန်းတယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုရဲ့ အင်အား စိတ်ကူးယဉ်လို့ မရနိုင်တာ အသိသာကြီးပဲ။ သူတို့ သွားမယ်ဆိုရင် သေဖို့ပဲ ရှိတယ်"
ချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုက လှောင်ပြောင်လိုက်သည်။
"ဒါပေမဲ့ ကျုပ်ထင်တာတော့ လုမင်က ယုံကြည်မှုတွေ အပြည့်ရှိနေသလိုပဲ။ သူမှာ ဝှက်ဖဲ ရှိနေနိုင်တယ်။ သူက အတုမရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ... သူ့မှာ ဝှက်ဖဲတစ်ခုခု တကယ်ရှိနေနိုင်တယ်"
အခြားသူတစ်ဦးကလည်း ပြောလိုက်၏။
ချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုက ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးတောရင်း သူ၏ မျက်ဝန်းများ လက်သွားခဲ့သည်။
"ကျုပ်တို့ ဒီလို လုပ်ရင်ကော ဘယ်လိုလဲ။ ကျုပ်တို့က တိမိသားစုဆီကို သွားပြီးတော့ အမှောင်ထဲမှာ ပုန်းအောင်းရင်း စောင့်ကြည့်ကြမယ်။ တကယ်လို့ လုမင် အရေးနိမ့်ပြီး အသတ်ခံရမယ်ဆိုရင် ကျုပ်တို့ တိပြည်နယ်ကနေ တိမ်ပင်လယ်တောင်တန်းဆီ ထွက်ပြေးပြီး တခြားနေရာတွေကို သွားကြတာပေါ့။ တကယ်လို့ လုမင်က တီမိသားစုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းကို အနိုင်ရသွားမယ်ဆိုရင်တော့ ကျုပ်တို့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး တိုက်ခိုက်ပြီးတော့ အကျိုးအမြတ်အချို့ကို ရယူကြမယ်"
ချိတ်ကောက်နှာခေါင်းနှင့် အဘိုးအိုက ပြောလိုက်သည်။
"အစ်ကိုဝမ်က ပညာရှိလှပါတယ်"
"အကြီးအကဲဝမ်က ပညာရှိလှပါတယ်"
အခြားသူများက ချီးမွမ်းလိုက်ကြသည်။ ချက်ချင်းပင်၊ သူတို့သည်လည်း လှုပ်ရှားလိုက်ကြပြီး တိမိသားစုရှိရာသို့ ဦးတည်သွားကြတော့သည်။
လုမင်က အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ရုပ်သေးရုပ် သုံးရုပ်ကို ထိန်းချုပ်မောင်းနှင်ခဲ့သည်။ သူတို့က တိပြည်နယ်သို့ ဝင်ရောက်ရန်အတွက် အချိန်အများကြီး မကြာလိုက်ချေ။
"ဘယ်လောက်တောင် မြန်တဲ့ အရှိန်လဲ"
အခြားသူများ အံ့ဩသွားကြရသည်။
သူတို့က စန်းပြည်နယ်ကို ဖြတ်ကျော်ပြီး တိပြည်နယ်သို့ ဝင်ရောက်ရန် အချိန်အများကြီး မယူခဲ့ရချေ။ ဤအရှိန်က ကြောက်စရာ ကောင်းလွန်းသည်။ သာမန် ကောင်းကင်ခွင်းလွန်းပျံယာဉ်များက ၎င်းကို လုံးဝ နှိုင်းယှဉ်နိုင်စွမ်း မရှိချေ။
လူအများက လုမင်ကို လှမ်းကြည့်လိုက်ကြသည်။ စန်းပြည်နယ်၏ ဤထိပ်တန်း ပါရမီရှင်က ဤနှစ်များအတွင်း အမှန်တကယ်ပင် ထူးထူးခြားခြား တိုးတက်လာခဲ့ခြင်း ဖြစ်ရမည်။
တိမ်နဂါးတောင်ကြားသခင်ကမူ သူ၏ မုတ်ဆိတ်များကို သပ်ရင်း ပြုံးလိုက်သည်။
သူက ဤတပည့်ဖြစ်သူအပေါ် အလွန် ကျေနပ်နေမိတော့သည်။
မကြာမီ၊ သူတို့၏ ရှေ့မှောက်တွင် တောင်များ ပေါ်လာခဲ့သည်။ တောင်ထိပ်များပေါ်တွင် တည်ဆောက်ထားသော နန်းတော်မြောက်မြားစွာ ရှိနေခဲ့၏။
သူတို့က တိမိသားစုထံသို့ ရောက်ရှိလာခဲ့ပြီ။
"တိမိသားစု"
လုမင်၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်သွားခဲ့သည်။
"ဒေါင်... ဒေါင်..."
တိမိသားစုကလည်း လုမင်နှင့် အခြားသူများ ရောက်ရှိလာခြင်းကို သဘာဝအတိုင်း သတိပြုမိလိုက်ကြ၏။ အချက်ပေး ခေါင်းလောင်းသံများက နားကွဲမတတ် ကျယ်လောင်စွာ မြည်ဟည်းလာတော့သည်။ ထို့နောက် နန်းတော်အားလုံးထဲမှ ပုံရိပ်များက လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာခဲ့ကြသည်။
"ဒါ လုမင်ပဲ"
အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများ အံ့ဩသွားကြ၏။
လုမင်က အစပြုကာ လာရောက်တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ကြချေ။ မူလက သူတို့သည် နောက်ထပ် နှစ်ရက်အတွင်း စစ်အင်အားတစ်ခု စေလွှတ်ကာ လုမင်ကို အမြစ်ပြတ်ချေမှုန်းရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
လုမင်က ဦးဆောင်ကာ လာရောက်တိုက်ခိုက်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
တိမိသားစု၏ရှေ့နားမှ တောင်ပေါ်တွင် ပုံရိပ်မြောက်မြားစွာ ပေါ်လာခဲ့သည်။
သူတို့အားလုံးမှာ တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ ရုပ်သေးရုပ်များကို သိမ်းဆည်းလိုက်သည်။ သူက လေထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။
သူက လူအုပ်ကြီးထဲတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့ခ အခြားသူများကို မြင်လိုက်ရသည်။
"သခင်လေး... ကျွန်မ အရင်ဆုံး လှုပ်ရှားလိုက်ပါ့မယ်"
ချင်ယွဲ့က လုမင်ကို ပြောလိုက်သည်။
"အင်း... ဂရုစိုက်ပါ"
လုမင်က ခေါင်းညိတ်လိုက်၏။
ချင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ယံသို့ လှမ်းတက်ကာ တိမိသားစုရှိရာသို့ ဦးတည်သွားခဲ့သည်။ သူမ၏ သိုင်းဧကရာဇ် ကျင့်ကြံမှု အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။
ကျယ်ပြောလှသော သိုင်းဧကရာဇ်၏ အရှိန်အဝါက လှိုင်းတံပိုးများကဲ့သို့ တိမိသားစုအပေါ် ဖိနှိပ်ကျရောက်သွားတော့သည်။
ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားများက လူအများကို မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
"ဝုန်း... ဝုန်း..."
ဤအခိုက်အတန့်တွင် တိမိသားစု၏ နန်းတော်အတွင်းမှ ထိတ်လန့်ဖွယ် အရှိန်အဝါ နှစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ အလင်းတန်းနှစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ချင်ယွဲ့၏ အရှိန်အဝါကို ဆန့်ကျင်ချေဖျက်လိုက်ကြ၏။
နောက်အခိုက်တွင်၊ ပုံရိပ်နှစ်ခုက လေထဲမှာ ပေါ်လာကြတော့သည်။
သူတို့က အဘိုးအို နှစ်ဦး ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ခြောက်သွေ့နေသော အလောင်းကောင် နှစ်ခုကဲ့သို့ ပိန်လှီလွန်းပြီး သူတို့၏ ခန္ဓာကိုယ်များကို ဝတ်ရုံနက်များဖြင့် လွှမ်းခြုံထားပေသည်။
"ဝိညာဉ်ဝါးမျိုခြင်း ဘုရင်"
လုမင် ရေရွတ်လိုက်သည်။
လုမင်က သူတို့ထဲမှ တစ်ဦးကို မြင်တွေ့ခဲ့ဖူးပေသည်။ ၎င်းမှာ စန်းပြည်နယ်၏ ကြီးမားသော တားမြစ်နယ်မြေ ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်လေပြင်းလွင်ပြင်တွင် ပိတ်လှောင်ခံထားခဲ့ရသော ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင် ဖြစ်သည်။
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင် လွတ်မြောက်သွားစဉ်က လုမင်သည်ပင် ထိုက်ကျိ အစီရင်ဓာတ်ပြားကို ရရှိခဲ့သေးသည်။
သို့သော်လည်း အခြားတစ်ဦးကိုမူ လုမင် တစ်ခါမျှ မမြင်ဖူးချေ။ ထိုသူမှာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အခြားသော အစောင့်အရှောက် ဓမ္မဘုရင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။
"တကယ်ကို ငယ်ရွယ်နုပျိုတဲ့ သိုင်းဧကရာဇ်လေးပါလား။ မင်းရဲ့ သွေးစွမ်းအင်က အရမ်း သန်မာရမယ်။ မင်းကို ငါ ဝါးမျိုပါရစေ။ ဒါက ငါ့ရဲ့ ကျင့်ကြံမှုကို ချိုးဖျက်ဝင်ရောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်။ ဟားဟားဟားဟား...."
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က ခြောက်ခြားဖွယ်ရာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ချင်ယွဲ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
ချင်ယွဲ့ကလည်း သူမ၏ လက်ဝါးဖြင့် ဆီးကြိုရိုက်ချလိုက်သည်။ ယင်နှင့်ယန် နိယာမက သူမ၏ လက်ဝါးနှင့်အတူ အသက်ဝင်လာပြီး ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ထံသို့ ပေါက်ကွဲထွက်သွား၏။
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နောက်သို့ ပြန်ဆုတ်သွားရတော့သည်။