အခန်း ၂၁၅၇
Vol. 151 Ch. 2157
အပိုင်း ( 2157 ) ပိုက်ကွန်မှ လွတ်မြောက်ခဲ့သော ငါးတစ်ကောင်။
"သတ်ကြ"
"သတ်"
တိမျိုးနွယ်စုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများက အော်ဟစ်ပြီး တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုမျိုးစုံက နတ်ဘုရားအလင်းတန်းများကဲ့သို့ လုမင်ထံ တဟုန်ထိုး ပြေးဝင်သွားခဲ့၏ယ
သို့သော်လည်း လုမင်က သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ တိုက်ခိုက်မှုများအားလုံး ပျက်စီးသွားတော့သည်။ လုမင်က ၎င်းတို့ကို ဖြတ်ကျော်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ လှမ်းလျှောက်သွားခဲ့သည်။
အစောပိုင်းက လုမင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများကို တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်သော်လည်း ထိုသို့ မလုပ်ဆောင်ခဲ့ချေ။ သူက သူတို့ကို စိတ်ပျက်အားငယ်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုမှန်း သိရှိစေချင်သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စုစုပေါင်း ရုပ်သေးရုပ် ဆယ့်ရှစ်ရုပ် ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိကြ၏။
ထိုရုပ်သေးရုပ် ဆယ့်ရှစ်ရုပ်က ဓားမော့များကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးထွက်သွားကြတော့သည်။
"ဝုန်း... အား..."
ချက်ချင်းပင် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမျိုးနွယ်စုဝင် မြောက်မြားစွာ အသတ်ခံလိုက်ရပြီး သူတို့၏ အလောင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမျိုးနွယ်စုတို့လည်း ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်သေးရုပ် ဆယ့်ရှစ်ရုပ်ဆိုသည်မှာ ကြောက်စရာကောင်းလွန်းပေသည်။
ထိုဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်သေးရုပ် ဆယ့်ရှစ်ရုပ်က သေခြင်းတရားကို မကြောက်ရွံ့ဘဲ ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြသည်။ အခြားတစ်ဖက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိနေလျှင်ပင် သူတို့ကို မတားဆီးနိုင်ကြချေ။ ဧကရာဇ်တစ်ပိုင်းနယ်ပယ်အောက်ရှိ လူများမှာမူ စဉ်ဆက်မပြတ် အသတ်ခံနေကြရသည်။
"ကောင်းတယ်ဟေ့"
နောက်ကွယ်တွင် လုံယွမ်ရှန်နှင့် အခြားသူများက အလွန်အမင်း ဝမ်းသာသွားကြလေသည်။
သူတို့က ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိကြောင်း သိထားသဖြင့် ဝင်ရောက်မတိုက်ခိုက်ခဲ့ကြချေ။ အကယ်၍ သူတို့ ဝင်ရောက်တိုက်ခိုက်လျှင်ပင် လုမင်ကို အာရုံများစေရုံသာ ဖြစ်စေနိုင်ကြောင်း သိကြသည်။
"ဒီရုပ်သေးရုပ်တွေကို တားဆီးကြ"
"သူတို့ကို တားဆီးဖို့ အတူတူ ပူးပေါင်းတိုက်ခိုက်ကြစို့"
တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ဧကရာဇ်တစ်ပိုင်းများအားလုံးက အတူတကွ လှုပ်ရှားလိုက်ကြ၏။ ထို့နောက် အန္တိမသူတော်စင်အချို့၏ ကူညီမှုဖြင့် နောက်ဆုံးတွင် ထိုရုပ်သေးရုပ်များကို တားဆီးနိုင်ခဲ့ကြသည်။
လုမင်က သူတို့ကို ဂရုမစိုက်တော့ဘဲ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများထံသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားခဲ့သည်။
"တိုက်ခိုက်ကြ... ဒီခွေးကောင်လေးကို သတ်ကြ"
"သူ့ကို သတ်ပစ်ကြစမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်တို့က အော်ဟစ်လိုက်ကြသည်။ သူတို့ကို အခြားသူများက ထောက်ပံ့ပေးထားရခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူတို့သည် လေထဲတွင်ပင် ပျံသန်းနိုင်တော့မည် မဟုတ်ချေ။
ချက်ချင်းပင် တစ်စုံတစ်ဦးက လုမင်ထံသို့ ပြေးဝင်လာခဲ့သည်။ သို့သော်လည်း လုမင်က လက်ညှိုးညွှန်ပြလိုက်ရာ လက်ချောင်းစွမ်းအားတစ်ခုက ထိုလူများ၏ နဖူးကို ဖောက်ထွက်သွား၏။
အသက်မဲ့ အလောင်းများက မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျသွားတော့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အခြားသူများလည်း သူတို့ကို တွဲခေါ်လျက် အလောတကြီး ဆုတ်ခွာသွားကြ၏။
လုမင်က တစ်လှမ်းချင်း လှမ်းရင်း နောက်မှ လိုက်သွားခဲ့သည်။ သူ၏ မျက်ဝန်းများမှာမူ အေးစက်နေပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များက ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများထံသို့ လွှမ်းမိုးထား၏။ သူက သူတို့ကို စိတ်ပျက်အားငယ်စေချင်သည်။
သူက ပို၍ နီးကပ်လာလေလေ၊ တစ်ဖက်လူမျာစ၏ မျက်နှာအမူအရာမှာ ပိုမို ပျက်ယွင်းလာလေပင်။
"ဒီနေ့... မင်းတို့အားလုံး သေရမယ်"
လုမင်က အေးစက်စွာ ပြောလိုက်သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင်၊ တိမျိုးနွယ်စု၏ နက်ရှိုင်းရာအရပ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ အနက်ရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားပြီး အကန့်အသန်မဲ့ အရှိန်အဝါက အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားခဲ့၏။
ဧကရာဇ်၏ အရှိန်အဝါ...
နောက်ထပ် သိုင်းဧကရာဇ်တစ်ပါး ပေါ်လာခဲ့ပြီ ဖြစ်သည်။
"သတ်"
ခက်ထန်သော ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်အခိုက်တွင်၊ ပုံရိပ်တစ်ခုက လုမင်နှင့် အခြားသူများ၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုက လုမင်ကို လွှမ်းခြုံသွားတော့သည်။
"မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်"
လုမင် အံ့ဩသွားခဲ့သည်။
ပေါ်လာသော သိုင်းဧကရာဇ်က တိမျိုးနွယ်စု၏ အကြီးအကဲ တိရှစ်ထျန်း မဟုတ်ပေ။ မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသည်။
ဤမျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်က ငါးမီတာခန့် အမြင့်ရှိသည်။ သူ့တစ်ကိုယ်လုံးက ကတ္တရာစေးကဲ့သို့ နက်မှောင်သော အလင်းတစ်ခုဖြင့် ဖုံးလွှမ်းထား၏။
သာမန်လူများက သူ၏ မူလရုပ်သွင် အပြည့်အစုံကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ သို့ေသာ်လည်း လုမင်၏ အမြင်အာရုံက အလွန်မြင့်မားသဖြင့် ထိုအလင်းကို ဖြတ်ကျော်ကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို မြင်တွေ့နိုင်ခဲ့သည်။
လုမင်က ဤနေရာတွင် မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင် သိုင်းဧကရာဇ်တစ်ပါးကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယင်းက သူ့ကို အံ့အားသင့်စေသည်။
'မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိုင်းတပါးမျိုးနွယ်စုက အမှန်တကယ် ဖန်တီးခဲ့တာပဲ။ ဒီမျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်က လမ်းကြောင်းကနေ ဖြတ်ကျော်လာခဲ့တဲ့လူတွေရဲ့ အကြွင်းအကျန် ဖြစ်ပုံရတယ်'
လုမင်က တွေးတောလိုက်ပြီး နားလည်သွားခဲ့သည်။
ဟင်းလင်းပြင်လမ်းကြောင်းမှတစ်ဆင့် ဖြတ်ကျော်လာခဲ့ကြသော မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင် အားလုံးနီးပါး အသတ်ခံခဲ့ရပြီး ဖြစ်သည်။
အထူးသဖြင့် မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိကြသည့် အစစ်အမှန်ဧကရာဇ်များနှင့် ဗလာနယ်ဧကရာဇ်များအားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။
၎င်းက မဟာဧကရာဇ်များမှာ ဤတိုင်းတပါးမျိုးနွယ်စုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိဟုတော့ အာမခံချက် မရှိချေ။
ဤမျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဤနေရာသို့ ရောက်ရှိလာကာ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဤနေရာက အလွန် ဝေးလံခေါင်သီသဖြင့် သဘာဝကျကျပင် မည်သူမျှ သူ့နောက်သို့ လိုက်လံမဖမ်းဆီးခဲ့ကြချေ။
'ဒီနေရာမှာ ပိုပြီး သန်မာတဲ့ မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်တွေ ရှိနေသေးလား မသိဘူး'
လုမင်၏ မျက်ဝန်းများက လေးနက်သွားခဲ့သည်။
သို့သော်လည်း ယုတ္တိဗေဒအရ၊ မဟာဧကရာဇ်များသည် အဆင့်မြင့် ဗလာနယ်ဧကရာဇ်များနှင့် အစစ်အမှန်ဧကရာဇ်များကို ပစ်မှတ်ထားကာ သူတို့အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ ထွက်ပြေးလွတ်မြောက်လာသူများတွင် အဆင့်မြင့် မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်များ မပါဝင်သင့်ချေ။
"မကောင်းတော့ဘူး... ဒါ သိုင်းဧကရာဇ်တစ်ပါးပဲ"
တိမ်နဂါးတောင်ကြားသခင်၊ လုံယွမ်ရှန်၊ ရန်ထျန်းကျုံးနှင့် အခြားသူများ စိုးရိမ်သွားကြသည်။
လုမင်က သန်မာသည်ဆိုသော်လည်း သိုင်းဧကရာဇ်တစ်ပါးကို ရင်ဆိုင်နိုင်ပါ့မလား။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများမှာမူ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။
"လုမင်... ငရဲကို သွားတော့။ ဟားဟားဟား..."
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ရူးသွပ်စွာ ရယ်မောလိုက်သည်။
လုမင်က မည်မျှပင် သန်မာနေစေကာမူ... သိုင်းဧကရာဇ်တစ်ပါးထက် ပိုပြီး သန်မာနိုင်ပါ့မလား။
သူ့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်သေးရုပ်အချို့ ရှိနေလျှင်ပင် ဘာဖြစ်သေးသနည်း။ သိုင်းဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရသည့်အခါ သူ သေရဦးမည် ဖြစ်သည်။
"သတ်"
မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်က အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ကြီးမားသော ပုဆိန်ကြီးတစ်လက် ပေါ်လာခဲ့၏။ သူက ဧရာမ ပုဆိန်ကြီးဖြင့် လုမင်ထံသို့ လွှဲခုတ်လိုက်တော့သည်။
လုမင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့သည်။ သူက ရှောင်တိမ်းချင်စိတ် လုံးဝ မရှိချေ။
ထိုမျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်နှင့်သာ ညီမျှကြောင်း သူသိထားခဲ့ပြီး ဖြစ်သည်။
ဧရာမပုဆိန်ကြီးက သူ့ကို ထိမှန်ခါနီးမှသာ၊ လုမင်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
"ဝုန်း"
လုမင်၏ လက်ဝါးက မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်၏ ပုဆိန်ကြီးကို ထိမှန်သွားခဲ့သည်။ ဧရာမ ပုဆိန်ကြီးက တုန်ခါသွားပြီး နောက်သို့ လွင့်ထွက်သွားခဲ့၏။ တစ်ဖက်မှာတော့ လုမင်မှာ လုံးဝ လှုပ်ခတ်ခြင်းမျိုး မရှိခဲ့ချေ။
ဘာ။
လူတိုင်း အံ့ဩမှင်သက်သွားကြသည်။
လုမင်က သိုင်းဧကရာဇ်တစ်ပါး၏ ပုဆိန်ခုတ်ချက်ကို လက်ဝါးတစ်ချက်ဖြင့် လွင့်ထွက်သွားစေခဲ့သည်။ ထို့ထက်၊ ၎င်းကို လက်ဗလာသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများလည်း မယုံကြည်နိုင်ဘဲ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများလည်း ကြက်သေသေသွားကြသည်။
မူလက သူတို့၏စိတ်ထဲတွင် ခန့်မှန်းချက်မျိုးစုံ ရှိခဲ့ကြသည်။ အချို့က လုမင်တွင် အရန်အစီအစဉ်တစ်ခု ရှိနိုင်ပြီး အခြားသော ကျွမ်းကျင်သူများကို ဖိတ်ခေါ်ထားခြင်း သို့မဟုတ် လျှို့ဝှက်ရတနာအချို့ ရှိနေခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားခဲ့ကြ၏။ သို့သော်လည်း လုမင်က ကိုယ်ပိုင်အင်အားဖြင့် သိုင်းဧကရာဇ်တစ်ပါးကို တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မခန့်မှန်းမိခဲ့ချေ။
လုမင်က အလွန် ငယ်ရွယ်သည်။ သူက ဤအသက်အရွယ်ဖြင့် သိုင်းဧကရာဇ်တစ်ပါးကို မည်သို့ တိုက်ခိုက်နိုင်ပါသနည်း။
၎င်းက လက်တွေ့မကျချေ။
သို့သော်လည်း နောက်ထပ် ဖြစ်ပျက်လာသောအရာက သူတို့ကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေခဲ့သည်။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်ရဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ ငါးသားပေါက်လေးကို ဒီနေ့ပဲ အပြတ်ရှင်းရမယ်"
လုမင်က ကြိမ်းမောင်းလိုက်သည်။ သူက ကောင်းကင်ယံသို့ ပျံတက်ပြီး မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်ထံသို့ ပြေးဝင်သွား၏။
မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်လည်း သူ့အစွမ်းကုန် ထုတ်လွှတ်ရင်း အော်ဟစ်လိုက်သည်။ သူ၏ တတိယ မျက်လုံးထံမှ ဖျက်ဆီးခြင်းအလင်းတစ်ခု ထွက်ပေါ်လာပြီး လုမင်ထံသို့ ပစ်လွှတ်လိုက်၏။ သို့သော်လည်း လုမင်၏ လက်ဝါးချက်ကြောင့် သူကိုယ်တိုင်သာ လွင့်ထွက်သွားရတော့သည်။
"ဝုန်း..."
လုမင်၏ လက်ဝါးရိုက်ချက်က မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်၏ အကာအကွယ်များကို ဖောက်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
တစ်ဖက်လူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ တိုက်ရိုက် ပေါက်ကွဲသွားခဲ့ကာ အရိုးအသားပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။
မြင်ကွင်းတစ်ခုလုံးတွင် အသက်ပြင်းပြင်း ရှူရှိုက်သံများကို ကြားလိုက်ရသည်။
လူတိုင်း၏ မျက်လုံးများက မျက်ဝန်းအိမ်မှ ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားခဲ့ကြ၏။ သူတို့က မယုံကြည်နိုင်ကြဘဲ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေကြတော့သည်။
သိုင်းဧကရာဇ်တစ်ပါးက လုမင်၏ လက်ဗလာဖြင့် မှုန့်မှုန့်ညက်ညက်ကြေအောင် ရိုက်သတ်ခြင်း ခံလိုက်ရသည်။
၎င်းက ဒဏ္ဍာရီပုံပြင်တစ်ခုလိုမျိုး လုံးဝ လက်တွေ့မကျချေ။
"မဖြစ်နိုင်ဘူး... ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ရူးသွပ်သွားသလို စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
လုမင်က အဘယ်ကြောင့် ဤမျှသန်မာနေရသနည်း။ သူက သိုင်းဧကရာဇ်တစ်ပါးကိုပင် တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်သည်။ ဒါက သူမ၏ အိပ်မက်ထဲမှာပင် မမက်ဖူးသော အရာပင်။
တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများလည်း ကြက်သေသေသွားခဲ့ကြသည်။ သို့သော်လည်း သူတို့ သတိပြန်ဝင်လာသောအခါ အားလုံး အလွန်အမင်း ဝမ်းသာသွားကြတော့သည်။
"မင်အာက တကယ်ပဲ သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီလား"
တိမ်နဂါးတောင်ကြားသခင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူအများက ထိတ်လန့်သွားခဲ့ကြ၏။
ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သိုင်းဧကရာဇ်တစ်ပါးဆိုသည်မှာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသည်။
သူတို့သည် ချင်ယွဲ့က အဘယ်ကြောင့် လုမင်နောက်သို့ လိုက်ပါလာခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြပြီ။
"ကောင်းလိုက်တာ... တကယ့်ကို ကောင်းတယ်။ အခုအကြိမ်မှာတော့ ငါတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်ပြီ"
အချို့လူများမှာလည်း ဝမ်းသာအားရဖြစ်ပြီး စိတ်လှုပ်ရှားနေကြတော့သည်။
ထိုအချိန်တွင်၊ လုမင်က တိမိသားစု၏ နက်ရှိုင်းရာအရပ်သို့ လှမ်းကြည့်လိုက်သည်။