အခန်း ၂၁၅၉
Vol. 151 Ch. 2159
အပိုင်း ( 2159 ) အလုံးစုံ ဖျက်ဆီးခြင်း။
သူတို့ ထွက်ပြေး၍မရနိုင်မှန်း သိလိုက်ရသောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အသက်ချမ်းသာပေးရန် စတင်တောင်းပန်တော့သည်။
"မင်းကို ချမ်းသာပေးရမယ်... ဟုတ်လား။ ရယ်စရာပဲ"
လုမင်က နှုတ်ခမ်းကိုမဲ့ပြီး ပြုံးလိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က သူ၏ ကိုယ်ကျိုးအတွက် ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ကို မိစ္ဆာတစ်ကောင်အား ဝါးမျိုသိမ်းပိုက်ခြင်း ခံရရန် ပြုလုပ်ခဲ့သည်။ ထို့နောက်တွင်လည်း သူသည် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများကို ဦးဆောင်ကာ လုမင်ကို စန်းပြည်နယ်မှ ထွက်ပြေးသွားရအောင် ဖိအားပေးခဲ့၏။
ယခုအချိန်မှ သူ့ကို အသက်ချမ်းသာပေးရန် မည်သို့တောင်းပန်ဝံ့သနည်း။
သေခြင်းဓားက ဖြတ်သန်းသွားခဲ့ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်တို့ သေဆုံးသွားကြတော့သည်။
"သတ်ကြ"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူ၏ သူတော်စင်စွမ်းအားက လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လှံများအဖြစ် ပေါင်းစပ်သွားခဲ့၏။ ထိုလှံရှည်များက လေထုကို ထိုးဖောက်ကာ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ ကျင့်ကြံသူများကို ချက်ချင်း အသက်နှုတ်ယူသွားတော့သည်။
ချင်ယွဲ့သည်လည်း လှုပ်ရှားလိုက်သည်။ ယခုအခါတွင် ရန်သူဘက်မှ သိုင်းဧကရာဇ်များအားလုံး အသတ်ခံလိုက်ရပြီ။ သိုင်းဧကရာဇ်အောက်ရှိ မည်သူကများ ချင်ယွဲ့ကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သူတို့အားလုံးက အသတ်ခံရန်သာ ရှိတော့သည်။
လုမင်က အနည်းငယ်မျှပင် မသက်ညှာခဲ့ပေ။
ဤဂိုဏ်းမှာ တိုင်းတပါးမျိုးနွယ်စုက ဖန်တီးခဲ့သော မိစ္ဆာဝိညာဉ်ဂိုဏ်း ဖြစ်သည်။ သူတို့က ယွမ်လုရှိ ကျွမ်းကျင်သူများနှင့် ပါရမီရှင်များကို သတ်ဖြတ်ရန် အထူးပြုထားကြသူများ ဖြစ်၏။ ထို့ကြောင့် ညှာတာမှုမရှိဘဲ သတ်ဖြတ်ခြင်းသာ ရှိရမည်။
တိမိသားစု၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားသောအင်အားစုများကမူ မိစ္ဆာဝိညာဉ်ဂိုဏ်းထံသို့ အညံ့ခံခဲ့ကြပြီး ဖြစ်သည်။ သူတို့သည်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ဘာမှမခြားနားချေ။
အော်ဟစ်ညည်းတွားသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
၎င်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်ပေသည်။
လုမင်သည် ဧကရာဇ်တစ်ပိုင်းများ၊ အန္တိမသူတော်စင်များနှင့် မဟာသူတော်စင်များကိုသာ သီးသန့်ရွေးချယ်၍ သတ်ဖြတ်ခဲ့သည်။ မည်သူမျှလည်း သူ၏ တိုက်ကွက်တစ်ကွက်ကိုပင် မတောင့်ခံနိုင်ကြချေ။ လုမင်၏ ပစ်မှတ်ထားခံရသည်နှင့် သေခြင်းတရားသာ သူတို့ကို စောင့်ကြိုနေခဲ့မည် ဖြစ်သည်။
မကြာမီမှာပင် ဧကရာဇ်တစ်ပိုင်းများအားလုံး လုမင်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရတော့သည်။
"ထွက်ပြေးကြဟေ့"
မကြာခင်မှာပင် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ ကျင့်ကြံသူများ စိတ်ဓာတ်ပြိုလဲသွားကြသည်။ သူတို့တွင် ခုခံလိုစိတ် အလျဉ်းမရှိတော့ဘဲ အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြတော့သည်။
"သတ်ကြ"
လုမင်က အော်ဟစ်ကာ တိုက်ခိုက်လိုက်သည်။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လှံအလင်းများက မိုင်ပေါင်းရာချီသော အချင်းဝက်အတွင်းသို့ ဖောက်ထွက်သွားခဲ့၏။ အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူ အများအပြား လေထဲတွင်တင် ပေါက်ကွဲသွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်သေးရုပ် ဆယ့်ရှစ်ရုပ်သည်လည်း လိုက်လံတိုက်ခိုက်ခဲ့၏။
ဤမြင်ကွင်းက မြေပြင်ပေါ်ရှိ ငရဲဘုံတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ ကျင့်ကြံသူများက မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ အစုလိုက်အပြုံလိုက် ပြုတ်ကျသေဆုံးခဲ့ကြသည်။
"တိုက်ခိုက်ကြ... မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို လွတ်မြောက်မသွားစေနဲ့"
တိမ်နဂါးတောင်ကြားသခင်က ဟိန်းဟောက်လိုက်သည်။ သူသည်လည်း စန်းပြည်နယ်၏ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး ထွက်ပြေးနေကြသော မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမျိုးနွယ်စုဝင်များကို လိုက်လံတိုက်ခိုက်တော့သည်။
လုမင်နှင့် ချင်ယွဲ့တို့က ရန်သူများ၏ ထိပ်သီး ကျွမ်းကျက်သူများ အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကျန်ရှိနေသောအရာများကိုမူ တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများထံသို့ လွှဲအပ်ထားခဲ့၍ ရပေသည်။
ခဏအကြာတွင် လုမင်က ဆက်လက်၍ မတိုက်ခိုက်တော့ချေ။ ထိုအစား သူက ရုပ်သေးရုပ်များကို တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများအား ကူညီရန် အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင်မူ တိမျိုးနွယ်စု၏ နက်ရှိုင်းရာအရပ်သို့ ဦးတည်သွားခဲ့ပေသည်။
ဤရုပ်သေးရုပ်များသည် အသိဉာဏ် အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း ၎င်းတို့တွင် အသိစိတ်အရိပ်အယောင် ရှိနေပြီ ဖြစ်သည်။ အမိန့်တစ်ခု ပေးလိုက်သည်နှင့် တစ်သဝေမတိမ်း လိုက်နာကြလိမ့်မည်။
နတ်ဘုရားရုပ်သေးဂိုဏ်း၏ ဤရုပ်သေးရုပ်များက ကစဉ့်ကလျားနန်းတော်ရှိ မြေပါတ်တစ်၊ ရွှေနံပါတ်တစ်တို့နှင့် သဘာဝအတိုင်း နှိုင်းယှဉ်၍ မရနိုင်ချေ။
မြေနံပါတ်တစ်၊ ရွှေနံပါတ်တစ်နှင့် အခြားသူများက စိတ်ဝိညာဉ် ရရှိထားပြီး ဖြစ်သည်။ သူတို့၏ အသိဉာဏ်မှာ သာမန်လူများနှင့် မခြားနားချေ။ အနည်းငယ် အဆင့်နိမ့်သော မြေနံပါတ်ခုနစ်ပင်လျှင် စိတ်ဝိညာဉ် ရှိနေပြီ ဖြစ်သည်။
၎င်းက တစ်ဦးတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် မူမတည်ဘဲ ရုပ်သေးပညာရပ် အဆင့်အတန်းအပေါ်တွင်သာ မူတည်ပေသည်။
လုမင်က တိမျိုးနွယ်စု၏ နက်ရှိုင်းရာအတွင်းပိုင်းသို့ ရောက်ရှိလာပြီးနောက်၊ သူ၏ စိတ်အာရုံ ဖြန့်ကြက်ကာ တိမျိုးနွယ်စု၏ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
သို့သော်၊ သူက ဘာမှ ရှာမတွေ့ခဲ့ချေ။
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းစွာပင်၊ တိမျိုးနွယ်စု၏ အကြီးအကဲဖြစ်သူ တိရှစ်ထျန်းက ဤနေရာတွင် မရှိချေ။
ရုတ်တရက်၊ လုမင် မျက်ခုံးပင့်လိုက်မိသည်။ သူက အောက်သို့ဆင်းသက်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။ မြေပြင်က ကွဲအက်သွားပြီး မြေအောက်လှိုဏ်ခေါင်းလမ်းတစ်ခု ပေါ်ထွက်လာတော့သည်။
လုမင်လည်း အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။
မြေအောက်လမ်းက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ လုမင်က လမ်းအတိုင်း ဆင်းသွားခဲ့ရာ နောက်ဆုံးတွင် မြေအောက်၏ နက်ရှိုင်းရာ၌ နောက်ထပ် ကမ္ဘာတစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရ၏။ ၎င်းက စစ်မှန်သော မြေအောက်ကမ္ဘာတစ်ခုကဲ့သို့ပင်။
အတွင်းပိုင်းတွင် တိမျိုးနွယ်စု၏ ရတနာများ ပုံထပ်နေခဲ့သည်။ လုမင်လည်း တုံ့ဆိုင်းမနေဘဲ ၎င်းတို့ကို သိမ်းဆည်းလိုက်တော့သည်။
ဤနေရာမှာ တိမျိုးနွယ်စုက သူတို့၏ ရတနာများကို ဝှက်ထားရာနေရာနှင့် တိရှစ်ထျန်း သီးသန့်ကျင့်ကြံရာ နေရာ ဖြစ်ရမည်။ အကြောင်းမူ၊ ဤနေရာတွင် အားနည်းသော ဧကရာဇ်၏ အရှိန်အဝါ ရှိနေသောကြောင့်ပင်။
သို့သော်လည်း တိရှစ်ထျန်း၏ ပုံရိပ်ကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရချေ။
လုမင်က ထိုနေရာပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုကာ သူယူဆောင်နိုင်သမျှ အရာအားလုံးကို ယူဆောင်သွားခဲ့သည်။
ထို့နောက်မှာတော့ သူသည် ထိုနေရာမှ ထွက်ခွာခဲ့လေသည်။
သူ အပြင်သို့ ရောက်ရှိလာသောအခါ လူအုပ်စုနှစ်ခုက တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြသည်ကို တွေ့လိုက်ရသည်။
လုမင် မျက်မှောင်ကြုတ်လိုက်၏။
လူအုပ်စုထဲမှ တစ်စုမှာ သဘာဝအတိုက်း တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများ ဖြစ်သည်။ အခြားတစ်စုမှာမူ လုမင်နှင့်အတူ လိုက်မလာခဲ့သော အုပ်စုပင်။ ခေါင်းဆောင်မှာ နှာခေါင်းကောက်ကောက် အဖိုးကြီး ဖြစ်သည်။
"အဘိုးကြီးဝမ်... မင်းက တကယ့်ကို အရှက်ရှိတာပဲ။ အရင်တုန်းက ငါ မင်းကို တိမျိုးနွယ်စုဆီ လိုက်ခဲ့ဖို့ ပြောတုန်းကတော့ မင်းက သေမှာကြောက်လို့ မလာရဲခဲ့ဘူး။ အခု တိမျိုးနွယ်စုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်း အခြေပြုတ်သွားတော့မှ မင်းက အခွင့်ကောင်းယူပြီး ရင်းမြစ်တွေနဲ့ ရတနာတွေကို လုဖို့ ရောက်လာတယ်ပေါ့။ မင်းမှာ အရှက်တရားဆိုတာ မရှိဘူးလား"
တိမ်နဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။
"ယွင်လောရှ... မင်းရဲ့ လောဘကလည်း ကြီးလွန်းလှချေလား။ အရာအားလုံးကို မင်းတစ်ယောက်တည်း သိမ်းပိုက်ချင်တာလား။ ပြီးတော့ ဒီနှစ်တွေအားလုံးမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမျိုးနွယ်စုက စန်းပြည်နယ်ထဲကနေ ဘယ်လောက်တောင် ရင်းမြစ်တွေကို ခြစ်ထုတ်သွားခဲ့သလဲ။ ငါတို့က အဲဒါတွေကို ပြန်ယူသင့်တယ်လေ"
နှာခေါင်းကောက် အဖိုးကြီးက မထီမဲ့မြင်ဟန်ဖြင့် ဆင်ခြေပေးလိုက်၏။
"ပြီးတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ကျွမ်းကျင်သူတွေရဲ့ သိုလှောင်လက်စွပ်တွေက ဘယ်မှာလဲ။ အဲဒါတွေကို လွှဲပေးလိုက်စမ်း။ အရာအားလုံးကို မင်းတစ်ယောက်တည်း ယူနိုင်မယ်လို့ မထင်နဲ့"
"အဲဒါတွေက ငါ့ဆီမှာရှိတယ်။ မင်းက ငါ့ဆီကနေ ယူချင်တာလား"
ဤအခိုက်အတန့်တွင် လုမင်က အေးစက်စွာ ပြောဆိုရင်းလျှောက်လာခဲ့သည်။
"မင်အာ"
တိမ်နဂါးတောင်ကြားသခင်က ဝမ်းသာသွား၏။
လုမင်က လေထဲမှတစ်ဆင့် လှမ်းလျှောက်လာခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ အေးစက်သောအလင်းများက လက်နေတော့သည်။
ထိုစကားများကို ကြားလိုက်ရုံနှင့် ဘာဖြစ်နေသည်ကို သူ ချက်ချင်း နားလည်လိုက်သည်။
နှာခေါင်းကောက်ကောက် အဖိုးကြီးနှင့် အခြားသူများက သေမှာကြောက်သောကြောင့် မတိုက်ခိုက်ဝံ့ခဲ့ပေ။ နောက်ကွယ်မှသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမျိုးနွယ်စုတို့ ပျက်စီးသွားသည်ကို မြင်သောအခါမှ သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ရင်းမြစ်များကို လုယူချင်နေကြခြင်း ဖြစ်ပေသည်။
ဤကမ္ဘာပေါ်တွင် အလကားရသောမနက်စာ အဘယ်မှာရှိနိုင်ပါမည်နည်း။
နှာခေါင်းကောက်ကောက် အဖိုးကြီးနှင့် အခြားသူများက လုမင်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားကြသည်။
သူတို့၏ အမြန်နှုန်းက လုမင်ထက် များစွာ နှေးကွေးပေသည်။
စင်စစ်တွင်၊ သူတို့က မကြာသေးခင်ကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကို လုံးဝ မမြင်ခဲ့ရသလို၊ လုမင်က သိုင်းဧကရာဇ်များကို သတ်ဖြတ်ခဲ့သည့် စွမ်းဆောင်မှုကြီးကိုလည်း မမြင်တွေ့ခဲ့ရချေ။
သို့သော်လည်း သူတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ရှိနေစဉ်ကပင်၊ လုမင်၏ စွမ်းအားက သူတို့ကို သတိထားမိစေခဲ့သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ် အနည်းငယ်က လေထဲတွင် ပေါ်လာခဲ့သည်။
"ဒါတွေက တိမျိုးနွယ်စုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက အသန်မာဆုံးလူတွေရဲ့ သိုလှောင်လက်စွပ်တွေပဲ။ မင်းတို့ လိုချင်ရင် လာယူကြ"
လုမင်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
နှာခေါင်းကောက်ကောက် အဖိုးကြီးနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် လေးနက်သွားခဲ့၏။ ချက်ချင်းကြီး ရှေ့သို့ မတိုးဝံ့ကြသော်လည်း သူတို့၏ မျက်ဝန်းများထဲရှိ လောဘစိတ်မှာမူ လွန်စွာ ပြင်းထန်နေတော့သည်။
"လုမင်... မင်းက အဲဒါတွေကို တကယ်ပဲ ငါတို့နဲ့ ခွဲဝေပေးမှာလား"
နှာခေါင်းကောက်ကောက် အဖိုးကြီးက သွေးတိုးစမ်းသည့်အနေဖြင့် မေးလိုက်သည်။
"မင်းက ဘယ်လိုထင်လို့လဲ"
လုမင်က နှာခေါင်းကောက်ကောက်နှင့် အဖိုးကြီးကို မဲ့ပြုံးပြုံးလျက် ကြည့်လိုက်၏။
နှာခေါင်းကောက်ကောက်နှင့် အဖိုးကြီးလည်း လုမင်က သူ့ကို လှောင်ပြောင်နေမှန်း သိသွားခဲ့သည်။ သူ့မျက်နှာက မည်းမှောင်သွားတော့သည်။
"လုမင်... တိမျိုးနွယ်စုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းမှာ ရတနာတွေ အများကြီး ရှိတာပဲ။ မင်းက အဲဒါတွေအားလုံးကို မင်းတစ်ယောက်တည်း သိမ်းထားချင်တာလား။ ငါတို့လည်း စန်းပြည်နယ်က လူတွေပဲလေ၊ ဒါကြောင့် ငါတို့လည်း ဝေစုရသင့်တယ်"
"ဒီရတနာတွေကို ယူဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"
လုမင်က ခပ်အေးအေး ပြောလိုက်သည်။
"ပြီးတော့ ငါ မင်းတို့ကို တိုက်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမဲ့ မင်းတို့က သေမှာကြောက်လို့ မလာခဲ့ကြဘူးလေ။ မင်းတို့က ပြည်နယ်သုံးခုကနေ ထွက်ခွာပြီး တခြားပြည်နယ်တွေကို သွားချင်တယ်လို့တောင် ပြောခဲ့သေးတယ် မဟုတ်လား။ အခု... လစ်လိုက်ကြတော့"
"လုမင်... မင်းက ငါတို့ကို မောင်းထုတ်ချင်သေးတာလား။ သိပ်ပြီးမလွန်လာနဲ့နော်... ပြည်နယ်သုံးခုက မင်းပိုင်တာ မဟုတ်ဘူး"
နှာခေါင်းကောက်ကောက်နှင့် အဖိုးကြီးက ဒေါသတကြီး ပြောလိုက်သည်။
ယခုအခါတွင် တိမျိုးနွယ်စုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းတို့ ပျက်စီးသွားပြီ ဖြစ်ရာ တိပြည်နယ်၊ ယွင်ပြည်နယ်နှင့် စန်းပြည်နယ်တို့က ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ စန်းပြည်နယ်ဆိုလျှင် အင်အားစု အနည်းငယ်သာ ကျန်ရှိတော့သည်။
နောက်တစ်ဆင့်က သူတို့ ဝေစုခွဲကြရမည့် အလှည့် ဖြစ်သည်။ သူတို့က မည်ကဲ့သို့ လက်ဗလာဖြင့် ထွက်ခွာသွားနိုင်ပါမည်နည်း။
"လုမင်... သိပ်မလွန်လာနဲ့။ ငါတို့ကလည်း စန်းပြည်နယ်က လူတွေပဲ။ မင်းမှာ ငါတို့ကို ထွက်သွားခိုင်းဖို့ အခွင့်အရေး မရှိဘူး။ မင်းမှာ စွမ်းအားနည်းနည်းရှိရုံနဲ့ မင်းကြိုက်သလို လုပ်လို့ရမယ်လို့ မထင်နဲ့။ မင်းမှာ တကယ်စွမ်းရည်ရှိရင် ငါတို့အားလုံးကို သတ်လိုက်"
နှာခေါင်းကောက်ကောက်နှင့် အဖိုးကြီးက အော်ဟစ်လိုက်သည်။
"ဟုတ်တယ်... ငါ သေရင်တောင် မထွက်သွားဘူးကွ"
နောက်ထပ် လူတစ်စုကလည်း လိုက်လံအော်ဟစ်ကြ၏။
"ဝှစ်..."
အလင်းတန်းတစ်ခု လက်သွားခဲ့ပြီး သွေးများနှင့် အသားစများ နေရာအနှံ့သို့ လွင့်စင်သွားခဲ့ရသည်။
နှာခေါင်းကောက်ကောက်နှင့် အဖိုးကြီး၏ မျက်လုံးများက မယုံကြည်နိုင်သလို ပြူးကျယ်သွားခဲ့ကြ၏။
သူ၏ နဖူးအလယ်တည့်တည့်မှာတော့ သွေးများစီးကျနေသည့် တိုးလျှိုပေါက် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။