← Chapters

အခန်း ၉၀၁

Vol. 61 Ch. 901

အခန်း ၉၀၁

Vol. 61 Ch. 901

အခန်း (၉၀၁) မိစ္ဆာအရှင်သခင်အား တရစပ် ထုရိုက်ခြင်းနှင့် ဖုန်းယွမ် အင်မော်တယ်ကျွန်း

စုယွီ၏ အာရုံခံနိုင်စွမ်း နယ်ပယ်မှာ အလွန်ကျယ်ဝန်းလှ၏။ အထူးသဖြင့် ရွှေရောင် ပုစဉ်းရင်ကွဲမျက်လုံး၏ အထောက်အပံ့ဖြင့် ဟွမ်လင်းကျွန်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ချဉ်းကပ်လာနေသော ထူးခြားသည့် အရှိန်အဝါနှစ်ခုကို အဝေးမှပင် သူ အကဲခတ်မိလိုက်တော့သည်။

သို့သော် ရှေ့ဆုံးမှ ပြေးလာနေသော လူသားမျိုးနွယ် ဝိညာဉ် ခွဲထွက် အဆင့် အစောပိုင်း အရှင်သခင်၏ အခြေအနေမှာ အလွန်တရာ ဆိုးရွားနေပုံပေါ်လေ၏။ အရှိန်အဝါ ကစဉ့်ကလျားဖြစ်နေပြီး အပြင်းအထန် ဒဏ်ရာများ ရရှိထားသည့်အလား ထင်မှတ်ရသည်။

သူ့နောက်မှ လိုက်ပါလာသော အဆင့် (၅) အလယ်အလတ်အဆင့် ပင်လယ်မျိုးနွယ်စုဝင်၏ အရှိန်အဝါမှာလည်း အနည်းငယ် ဒဏ်ရာရထားသည့်ပုံ ပေါ်သော်လည်း သူ၏ ခွန်အားအပေါ် အလုံးစုံ သက်ရောက်မှုမှာမူ ကြီးကြီးမားမား မရှိလှချေ။

လူသားအရှင်သခင်သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေသည့်တိုင် နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေသော အဆင့် (၅) မိစ္ဆာအရှင်သခင်နှင့် အကွာအဝေးကို ချဲ့ကားနိုင်ခြင်း အလျဉ်းမရှိပေ။

“ဝီ…”

စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားသွားသည်နှင့် လှေပျံ၏ တဝိုက် ဟင်းလင်းပြင် တွန့်ခေါက် လာ၏။ တဆက်တည်း၌ လှေပျံနှင့်အတူ ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားပြီး ၎င်း၏ ခြေရာများကို လုံးဝ ဖုံးကွယ်ပစ်လိုက်တော့၏။

မူလက စုယွီသည် ယခုလို ကိစ္စရပ်များတွင် မပက်သက်လိုပါ။

မည်သို့ပင် ဖြစ်စေကာမူ ထိုလူသားအရှင်သခင်မှာ မည်သူမည်ဝါ၊ မည်သည့် နောက်ခံဇာစ်မြစ်ရှိကြောင်းကို သူ လုံးဝ မသိရှိထားပေ။

သို့ရာတွင် ထိုသူ ဟွမ်လင်းကျွန်းအတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ သူ၏ ဒဏ်ရာများ ဖောက်လာဟန်တူကာ ခြေလှမ်းများ ယိမ်းယိုင်သွားသည်။

ထိုအခွင့်အရေးကို ဆုပ်ကိုင်လျက် မိစ္ဆာအရှင်သခင်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာပညာရပ်တစ်ခု စုစည်းဖြစ်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်ခုန်လွှားလာသော ခွန်းဖုန်ငှက်ကြီးအလား ဧရာမ သားရဲကြီးအား ဆင့်ခေါ်လိုက်ကာ လူသား ဝိညာဉ် ခွဲထွက် အဆင့် အရှင်သခင်ထံသို့ ပြင်းထန်စွာ ဝင်တိုက်သွားစေတော့၏။

"ဘုန်း..."

"အွတ်..."

မျက်စိတစ်မှိတ်အတွင်းမှာပင် လူသား ဝိညာဉ် ခွဲထွက် အဆင့် အရှင်သခင်မှာ ကြယ်တံခွန်တစ်ခုအလား ပြုတ်ကျသွား၏။ ဟွမ်လင်းကျွန်း၏ အစွန်အဖျားရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားကာ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေတော့သည်။

သွေးများ အဆက်မပြတ် ယိုစီးကျလာပြီး သူ၏ အရှိန်အဝါမှာ အနိမ့်ဆုံးအဆင့်အထိ အားနည်းသွား၏။ သတိလစ်မေ့မြောသွားဟန်တူပြီး လုံးဝ မလှုပ်ရှားတော့ပေ။

ဟင်းလင်းပြင်အတွင်း၌ ဤမြင်ကွင်းကို မြင်လိုက်ရသော စုယွီ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ကွေးသွား၏။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် နတ်ဘုရားအလင်းတန်းများ ပြိုးပြက်သွားကာ လူသား ဝိညာဉ် ခွဲထွက် အဆင့် အရှင်သခင်၏ ရုပ်ဆင်းသွင်ပြင်နှင့် ဝိညာဉ် စွမ်းအား အရှိန်အဝါကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်လေ၏။

အံ့သြစရာကောင်းသည်မှာ ဤဝိညာဉ် ခွဲထွက် အဆင့် အစောပိုင်း လူသားအရှင်သခင်သည် အတော်လေး ရုပ်အဆင်း လှပသော နတ်မိမယ်လေး

တစ်ပါး ဖြစ်နေခြင်းပင်တည်း။

ဤခန္ဓာကိုယ်မှာ ဝိညာဉ် ခွဲထွက် နတ်ဘုရားခန္ဓာကိုယ် မဟုတ်ဘဲ သူမ၏ ပင်ကိုယ်ရုပ်ခန္ဓာ အစစ် ဖြစ်နေသည်။

သူမ ကျင့်ကြံထားသော ဝိညာဉ် စွမ်းအားသည် မိစ္ဆာလမ်းစဉ်မှ လာဟန်မတူဘဲ လူသား ပင်လယ် နယ်မြေရှိ အင်မော်တယ်ဂိုဏ်းများ၏ အဖြူရောင်လမ်းစဉ် မျိုးဆက်မှ ဖြစ်နိုင်ခြေရှိ၏။

နောက်မှ လိုက်လံဖမ်းဆီးနေသော အဆင့် (၅) အလယ်အလတ်အဆင့် ပင်လယ်မျိုးနွယ်စု မိစ္ဆာအရှင်သခင်အား စုယွီ အကဲခတ်လိုက်၏။ မိစ္ဆာအရှင်သခင်၏ လူသားအသွင်မှာ ဆယ်ပေ မြင့်၏။ တောင်ကုန်းလို ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်နှင့် မည်းနက်သော အသားအရေကို ပိုင်ဆိုင်ထားသည်။

ပုစဉ်းရင်ကွဲကျင့်စဉ်၏ နတ်ဘုရားမျက်လုံး ပညာရပ်အောက်တွင် ပင်လယ်မျိုးနွယ်စု မိစ္ဆာအရှင်သခင်၏ ပင်ကိုယ် ရုပ်ခန္ဓာစစ်စစ်မှာ ထင်ရှားစွာ ပေါ်လွင်လာတော့သည်။ ရွှေအိုရောင် ဆူးတောင်များနှင့် ဦးခေါင်းကို ပိုင်ဆိုင်ထားသော ဧရာမ မည်းနက်လှသည့် ရွှေကျား ဝိညာဉ်ငါးမန်းကြီး တစ်ကောင်ပင်တည်း။ ရွှေကျား ဝိညာဉ်ငါးမန်းကြီး သည် ဖိနှိပ်လွှမ်းမိုးနိုင်စွမ်းရှိပြီး ကြမ်းကြုတ်ခက်ထန်လှ၏။

ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု။ သူတို့၏ ဂုဏ်သတင်းကို စုယွီ ကြားဖူးထားပြီး ဖြစ်၏။

သူ၏ တာအို ရုပ်သေးသည် ဟွမ်လင်းကျွန်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဖူလင်း ပင်လယ် နယ်မြေရှိ ပင်လယ်မျိုးနွယ်စုများအကြောင်း အခြေခံ နားလည်မှု ရှိထားပြီး ဖြစ်၏။

ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုသည် ဖူလင်း ပင်လယ် နယ်မြေရှိ ပင်လယ်မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်ပြီး စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှု အပိုင်းတွင် ရွှမ်လိပ်မျိုးနွယ်စု၏ နောက် ဒုတိယ နေရာတွင်သာ ရှိသည်။

ရွှမ်လိပ်မျိုးနွယ်စု၏ ပုံမှန် တည်ငြိမ်မှုမျိုးနှင့် မတူဘဲ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုသည် ဖူလင်း ပင်လယ် နယ်မြေတွင် ကြမ်းကြုတ်ရက်စက်ပြီး ရန်လိုလွန်းခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား၏။ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုမှာ မည်သူနှင့်မျှ မယှဉ်သာအောင် ဆိုးရွားလှ၏။

အကယ်၍ ရွှမ်လိပ်မျိုးနွယ်စုသာ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအပေါ် စစ်ဆင်ရေး ဆင်နွှဲမည်ဆိုပါက ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုသည် တာ့ချန်ကို တိုက်ခိုက်မည့် အဓိက အင်အားစုများထဲမှ တစ်ခု ဖြစ်လာမည်မှာ သေချာလှ၏။

ဟင်းလင်းပြင်အတွင်း၌ စုယွီက တဒဂ်မျှ စဉ်းစားခန်း ဝင်နေလိုက်၏။

ပင်လယ် နယ်မြေအတွင်းသို့ ခြေချလာပြီဖြစ်ရာ မည်သို့သော နတ်ဘုရား ကျွမ်းကျင်မှုများနှင့် စွမ်းအားများကို အသုံးပြုရမည်နည်း။

ချန်းကူ အင်မော်တယ်မြို့တော်နှင့် အပျက်အစီး တစ်ရာ ကျင့်ကြံခြင်းကမ္ဘာတွင် မြားပစ်ကျွမ်းကျင်သော မီးဖီးနစ် တာအိုဆရာ ရှိခဲ့သည်။

သို့ဆိုလျှင် ပင်လယ် နယ်မြေအတွက်ကော...

'ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်... ပုစဉ်းရင်ကွဲ ကျင့်စဉ်ရဲ့ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်တွေကို သုံးလို့ရတာပဲ...'

စုယွီက ဆုံးဖြတ်ချက်ချလိုက်၏။ ထိုအခိုက်အတန့်မှာပင် သူ၏ ပုံရိပ်မှာ ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားတော့သည်။

အပြင်ဘက်တွင် တောင်ကုန်းလို ကြီးမားထွားကျိုင်းသော အမျိုးသား၏ မျက်နှာပေါ်၌ ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ သူက အောက်ဘက် မြေကြီးပေါ်ရှိ နက်ရှိုင်းသော တွင်းကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေ၏။

သို့သော် နောက်တစ်စက္ကန့်မှာပင် ပင်လယ်မျိုးနွယ်စု အရှင်သခင်၏ မျက်နှာအမူအရာမှာ ရုတ်တရက် မှုန်ကုပ်သွားတော့သည်။

ထူးဆန်းပြီး နတ်ဘုရားဆန်သော ဝိညာဉ်စွမ်းအားတစ်ခုက ငရဲပြည်၏ ရေဝဲကြီးအလား ဆင်းသက်လာကာ သူ၏ နတ်ဘုရား အာရုံကို စုပ်ယူရန် ကြိုးစားလာလေ၏။

"ဝုန်း..."

"ပျောက်ကွယ်သွားစမ်း..."

ပင်လယ်မျိုးနွယ်စု အရှင်သခင်၏ နတ်ဘုရားဝိညာဉ်က သူ၏ ပင်ကိုယ် ရုပ်ခန္ဓာစစ်စစ်ကို ဖော်ထုတ်လိုက်၏။

ဧရာမ ရွှေကျား ဝိညာဉ်ငါးမန်းကြီး တစ်ကောင် ဒေါသတကြီး ဟိန်းဟောက်နေ၏။

၎င်း၏ ဝိညာဉ်စွမ်းအားများက နတ်ဘုရားပင်လယ်ကို လွှမ်းခြုံသွားကာ ရုတ်တရက် တိုက်ခိုက်လာသော ဝိညာဉ်စွမ်းအား ရေဝဲကြီးကို အကြမ်းပတမ်း ပြန်လည် ရိုက်ခတ်သွားတော့၏။

သို့သော် သူ ခုခံနေစဉ် အပြင်ဘက်ရှိ ပင်လယ်မျိုးနွယ်စု အရှင်သခင်၏ အနောက်ဘက်တွင် အစိမ်းရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ စုယွီပင်။

"ဝီ..."

ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်နှင့် ကန်းကျင်း ကောင်းကင်ဓားကျင့်စဉ်တို့ လည်ပတ်သွားသည်နှင့်အမျှ သူ့ခေါင်းထက်၌ ကြယ်တာရာမြေပုံ တစ်ခု ဖွဲ့တည်လာတော့၏။ မိုးချုန်းသံများဖြင့် ကောင်းကင်ယံကို တုန်လှုပ်သွားစေကာ လေပြင်းများ ဟစ်အော်ပြီး တိမ်တိုက်များ ဝဲကတော့ထသွား၏။ အဆုံးမဲ့ ကြယ်အလင်းများက တိုင်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုယွီအပေါ်သို့ ဆင်းသက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုယွီ၏ ရုပ်ခန္ဓာ ခွန်အားမှာ ဒီရေအလား တဟုန်ထိုး မြင့်တက်သွားတော့၏။

တစ်ချိန်တည်းမှာပင် စုယွီ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူ၏ လက်ထဲတွင် အနက်ရောင် တူကြီးတစ်လက် ပေါ်ထွက်လာကာ သူ့ကိုယ်သည် သွေးရောင် ချပ်ဝတ် လွှမ်းခြုံထားသလို နီရဲနေသည်။

ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ် အသက်ဝင်လာသည်နှင့်အမျှ ပြန်လည် သွန်းလုပ်ထားသော မှော်လက်နက်များ သူတို့၏ ပင်ကိုယ် ရုပ်ခန္ဓာစစ်စစ်များကို ဖော်ထုတ်ပြသလာကြသည်။

မှော်လက်နက်များ၏ စွမ်းအားက လေထုအတွင်းသို့ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်အား အဆက်မပြတ် အက်ကွဲသွားစေတော့၏။

အနက်ရောင် တူကြီး၏ ကြီးမားလှသော ဖိအားအောက်တွင် ဟင်းလင်းပြင်ကိုယ်တိုင်ပင် လိမ်ယှက်နေပြီး ပေါက်ကွဲလုမတတ် ဖြစ်နေပုံပေါ်သည်။

သွေးဝေလငါး လမင်းမြို နည်းစနစ်။

ထိုအခိုက်အတန့်တွင် စုယွီ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကဲ့သို့ နီရဲသော အမြုတေတစ်ခု ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ခန္ဓာ ခွန်အားကို ထုတ်လွှတ်လိုက်လေ၏။

သွေးဝေလငါး လမင်းမြို ကျင့်စဉ်၏ ပဉ္စမအလွှာသို့ ချက်ချင်း ရောက်ရှိသွားကာ စုယွီ၏ ရုပ်ခန္ဓာ ခွန်အားမှာ ငါးဆခန့် ထိုးတက်သွားတော့သည်။

"ဝရော..."

သူ၏ လက်ထဲရှိ အနက်ရောင် တူကြီးကို ဝှေ့ယမ်းလျက် သူ၏အရှေ့ရှိ တောင်ကုန်းလို ကြီးမားထွားကျိုင်းသော အမျိုးသား၏ နောက်ကျောကို ပြင်းထန်စွာ ထုရိုက်ချလိုက်တော့၏။

"ဖူး..."

ကြောက်မက်ဖွယ်ကောင်းသော အင်အားက တောင်ကုန်းလို ကြီးမားထွားကျိုင်းသော အမျိုးသား၏ နောက်ကျောကို ဆွဲဖြဲသွား၏။ အသားစများ ပေါက်ကွဲထွက်သွားပြီး သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။

တောင်ကုန်းလို ကြီးမားထွားကျိုင်းသော အမျိုးသားမှာ သူ၏ ဝိညာဉ်အပေါ် တိုက်ခိုက်ခံရမှုမှ ပြန်လည် မသက်သာနိုင်မီမှာပင် အောက်ဘက်ရှိ ဟွမ်လင်းကျွန်း၏ မြေကြီးထဲသို့ ကြယ်ကြွေသလို စိုက်ဝင်သွားလေတော့၏။

"ဝုန်း..."

နောက်တစ်စက္ကန့်မှာပင် မြေကြီးထဲရှိ နက်ရှိုင်းသော တွင်းကြီးထဲမှ မည်းနက်သော အလင်းတန်းတစ်ခု ပစ်ထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းက ပေငါးဆယ်၊ ခြောက်ဆယ်ခန့် အရှည်ရှိ ဧရာမ မည်းနက်သည့် ငါးမန်းကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဧရာမ ငါးမန်းနက်ကြီး၏ နောက်ကျောမှာ သွေးသံရဲရဲ ဖြစ်နေကာ အရေပြားများ ပေါက်ပြဲနေ၏။ စုယွီ၏ တူရိုက်ချက်ကြောင့် ၎င်း၏ ကျောရိုးပင် ကျိုးကြေလုမတတ် ဖြစ်သွားခဲ့လေပြီ။

All Chapters