အခန်း ၉၀၂
Vol. 61 Ch. 902
အခန်း (၉၀၂) မိစ္ဆာအရှင်သခင်အား တရစပ် ထုရိုက်ခြင်းနှင့် ဖုန်းယွမ် အင်မော်တယ်ကျွန်း (အပိုင်း-၂)
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်သည် တွင်းနက်ကြီးထဲမှ ရုန်းထွက်လာ၏။ သူ့အထက်တွင် ရှိနေသော လူသားမျိုးနွယ်ဝင် စုယွီ၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"ဂါး….လူသားမျိုးနွယ်... မင်း..ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့... သေချင်နေတာပဲ..."
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ဟိန်းဟောက်သံကြီးနှင့်အတူ ဟွမ်လင်းကျွန်း၏ မြေပြင်သည်ပင် ကွဲအက်သွားကာ မြောက်များစွာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့၏။
မြေပြင်ကြီး ပြောင်းပြန်လန်သွားသည့် အခိုက်အတန့်တွင် ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး စုယွီထံသို့ ပြင်းထန်စွာ ခုန်အုပ်သည်။
"ဝုန်း..."
ကောင်းကင်နှင့် မြေကြီးကြားတွင်...
အဆုံးမဲ့ မိစ္ဆာအရှိန်အဝါများ စုစည်းသွား၏။ မိစ္ဆာပညာရပ် ဖော်ဆောင်လိုက်သည်နှင့် ဧရာမ ခွန်းဖုန်သားရဲကြီး တစ်ကောင် ထပ်မံ ပေါ်ထွက်လာပြန်၏။
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်.. စုယွီထံသို့ ခုန်အုပ်သွားသည့် အခိုက်အတန့်တွင် ခွန်းဖုန်သားရဲကြီးသည်လည်း အရှေ့သို့ ခုန်ထွက်လာသည်။ ၎င်း၏ ဧရာမ ပါးစပ်ပေါက်ကြီးမှာ တွင်းနက်ကြီးတစ်ခုအလား စုယွီကို တစ်လုတ်တည်း မျိုချရန် ရည်ရွယ်နေ၏။
သို့သော် နောက်တစ်စက္ကန့်မှာပင် စုယွီ၏ ပုံရိပ်မှာ ခွန်းဖုန်သားရဲကြီး၏ ပါးစပ်ပေါက်ထဲမှ ပျောက်ကွယ်သွားတော့သည်။
သူ ပြန်လည်ပေါ်လာသည့် အချိန်တွင် ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ ခေါင်း ပေါ်သို့ ရောက်ရှိနေလေပြီ။
စုယွီက သူ၏ လက်ထဲရှိ အနက်ရောင် တူကြီးကို တစ်ဖန် ဝှေ့ယမ်းလိုက်၏။ သွေးဝေလငါး လမင်းမြို နတ်ဘုရားကျင့်စဉ်၏ စွမ်းအားအောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများ ငါးဆခန့် မြင့်တက်လာပြီး အောက်သို့ ပြင်းထန်စွာ ထုရိုက်ချလိုက်တော့သည်။
"ခွမ်း..."
စုယွီ၏ တူရိုက်ချက် အင်အားအောက်တွင် ထိုဟင်းလင်းပြင် အစိတ်အပိုင်းသည်ပင် ပေါက်ကွဲထွက်သွားတော့၏။
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ ပင်ကိုယ် ရုပ်ခန္ဓာစစ်စစ်မှာလည်း လေပေါ်မှနေ၍ စုယွီ၏ ထုရိုက်ခံလိုက်ရပြီး အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ဝူး…”
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင် မြေကြီးနှင့် ရိုက်မိသည့် အခိုက်အတန့်မှာပင် စုယွီက ဧရာမ တူကြီးကို သိမ်းဆည်းလိုက်ပြီး အနီးကပ် လိုက်ပါသွားကာ မိစ္ဆာအရှင်သခင်၏ အမြီးတောင်ကို ဆုပ်ကိုင်လိုက်တော့၏။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပေါက်ကွဲထွက်လာပြီးနောက် စုယွီသည် ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်အား အနီးအနားရှိ ကျန်းရာပေါင်းများစွာ မြင့်မားသော တောင်စွယ်တစ်ခုဆီသို့ ကိုင်ပေါက်ပစ်လိုက်၏။
"ဝရော"
မြေကြီးများ တုန်ခါသွားပြီး ဧရာမ အက်ကွဲကြောင်းများ ပွင့်ထွက်လာတော့၏။
မြောက်များစွာသော ကျောက်တုံးကြီးများနှင့် သစ်ပင်များမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်မှာ ရိုက်ခတ်မှုကြောင့် အလွန်အမင်း မူးဝေသွားခဲ့၏။ သို့သော် သူသည် အဆင့် (၅) အလယ်အလတ်အဆင့် မိစ္ဆာအရှင်သခင် တစ်ပါးဖြစ်ရာ သူ၏ ခွန်အားမှာ ရုပ်ခန္ဓာ သန့်စင်ခြင်း ပဉ္စမအလွှာသို့ ယခုလေးတင် ရောက်ရှိထားသော စုယွီထက် များစွာ သာလွန်နေသေးသည်။
"ဝုန်း..."
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး စုယွီ၏ ချုပ်နှောင်မှုမှ ရုန်းထွက်လိုက်၏။ ခေါင်းကို လှည့်ကာ မိစ္ဆာပညာရပ်တစ်ခုကို ဖော်ထုတ်လိုက်ရာ ၎င်း၏ ဆူးတောင်များမှာ စစ်လှံများအလား ပစ်ထွက်လာပြီး စုယွီအား အနောက်သို့ လွင့်ထွက်သွားစေတော့သည်။
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"လူသား... မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီ..."
“ဝီ…”
ထိုအခိုက်အတန့်မှာပင် မဟာတာအို၏ စွမ်းအားများ ဆင်းသက်လာတော့သည်။ ဟွမ်လင်းကျွန်း၏ ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသကဲ့သို့ ပင်လယ်နယ်မြေမှ ရေများမှာလည်း လှိုင်းတံပိုးများ ထန်လာ၏။ ရေလှိုင်းက ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာမျိုးနွယ်စုဆီသို့ ဦးတည် တိုက်ခတ်လာလေ၏။
အဆုံးမဲ့ ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားသော နယ်မြေတစ်ခုက ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားပညာရပ်တစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိနေသည်။
သို့သော် ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး စုယွီ၏ ပုံရိပ်မှာ တစ်ဖန် ပျောက်ကွယ်သွားပြန်၏။
နောက်တစ်စက္ကန့်မှာပင်
ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ နောက်ကျောကို စုယွီ၏ ခြေထောက်များက တစ်ဖန် နင်းခြေလိုက်ပြန်သည်။ ဧရာမ ခွန်အားများက နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်၏ စွမ်းအားများနှင့် ပေါင်းစပ်သွားကာ ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်း ဝင်ရောက်သွားတော့၏။
မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့် ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်မှာ စုယွီ၏ ခြေထောက်အောက်တွင် မြေကြီးထဲသို့ နောက်တစ်ဖန် ဖိနင်းခံလိုက်ရပြန်သည်။
ဖန်တီးနေသော နတ်ဘုရားပညာရပ်မှာလည်း စုယွီ၏ နှောင့်ယှက်မှုကြောင့် ပြတ်တောက်သွားလေပြီ။
"လူသား ကျင့်ကြံသူတစ်ယောက်ရှေ့မှာ ဒီလောက် မောက်မာနိုင်တဲ့ စွမ်းရည်မျိုး မင်းမှာ မရှိသေးဘူးထင်တယ်…"
စုယွီ၏ အေးစက်တည်ငြိမ်သော အသံက ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ နားထဲတွင် ထွက်ပေါ်လာ၏။
"ဒေါသထွက်နေတာလား... မင်းရဲ့ ဒေါသကို ငါ့ကို ပြစမ်းပါဦး..."
"ဝရော"
တစ်ဖန် စုယွီ၏ လက်များက ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ အမြီးတောင်ကို ဆုပ်ကိုင်လိုက်ပြန်ပြီး ဟွမ်လင်းကျွန်း၏ မျက်နှာပြင်ပေါ်သို့ လွှဲရိုက်ပစ်လိုက်တော့၏။
သို့သော် မကြာမီမှာပင် မိစ္ဆာအရှင်သခင်က တစ်ဖန် ရုန်းထွက်လာပြန်သည်။
ရုပ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်နှစ်ခု၊ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်နှင့် သွေးဝေလငါး လမင်းမြို ကျင့်စဉ်တို့၏ အစွမ်းဖြင့် စုယွီသည် အံ့မခန်း အမြန်နှုန်းကို အသုံးပြုကာ ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်အား ဖိနှိပ်ထားနိုင်ခဲ့သည်။ ထို မိစ္ဆာသားရဲကြီးအား ဟွမ်လင်းကျွန်း၏ မြေပြင်ပေါ်တွင် ဖိထားကာ ပြင်းထန်စွာ ထုရိုက်နေလေတော့၏။
အထက်ရှိ လှေပျံပေါ်တွင်
ကောင်းနျန်အာသည် အောက်ဘက် မြေပြင်ပေါ်ရှိ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနေရင်း အံ့အားသင့်ကာ ဆွံ့အလျက် ရှိနေလေပြီ။
ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု မိစ္ဆာအရှင်သခင်၏ အရှိန်အဝါက သူမကို အဝေးမှပင် ကျောချမ်းဖွယ် ကြောက်ရွံ့မှုကို ခံစားရစေသည်။
ကောင်းနျန်အာ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်နေမိတော့၏။
ဤပင်လယ်နယ်မြေ မိစ္ဆာသားရဲ၏ ခွန်အားသည် ဆန်းမူအင်မော်တယ်မြို့တော်မှ မည်သည့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများထက်မဆို သေချာပေါက် သာလွန်နေ၏။
ကောင်းနျန်အာ၏ နှလုံးသားထဲတွင် အသည်းအသန် တုန်လှုပ်နေမိ၏။
'ဒီသားရဲက မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးတွေထက်တောင် သာလွန်တဲ့ ပင်လယ်မျိုးနွယ်စု မိစ္ဆာအရှင်သခင် တစ်ပါးများ ဖြစ်နေမလား...'
သခင်က ဒီပင်လယ်မျိုးနွယ်စု မိစ္ဆာအရှင်သခင်ကို တကယ်ပဲ ဘောလုံး တစ်လုံးလို လွှဲရိုက်ပြီး ထုထောင်းနေတာလား...
အောက်ဘက်ရှိ ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်ကို လိုက်လံ ထုရိုက်နေသော အစိမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ကြည့်ရင်း သူမ ခဏမျှ မှင်တက်သွားမိသည်။
ထို ကြမ်းကြုတ်ရက်စက်သော ပုံစံသည် သူမအား ကျင့်ကြံခြင်း လမ်းစဉ်များကို သင်ကြားပေးခဲ့သော ယဉ်ကျေးသိမ်မွေ့သည့် လူငယ်လေးနှင့် လုံးဝကို မတူညီတော့ပေ။
‘အရမ်းကို... ကြမ်းတမ်းလွန်းတယ်... အရမ်းကို ရက်စက်လွန်းတယ်…’
သို့သော် ကောင်းနျန်အာ၏ အမြင်တွင်တော့ ၎င်းသည် အခြားသော ညှို့ယူဖမ်းစားနိုင်စွမ်း တစ်မျိုးပင် ဖြစ်နေတော့၏။
‘ဘုရားရေ၊ ဒီလို ကြမ်းတမ်းတဲ့ အမျိုးသားတစ်ယောက်…’
အခြားတစ်နေရာတွင်
အရင်က မြေကြီးထဲသို့ ပြုတ်ကျသွားခဲ့သော ဝိညာဉ် ခွဲထွက် အဆင့် အစောပိုင်း ကျင့်ကြံသူ မိန်းမပျိုလေးမှာ နိုးလာခဲ့လေပြီ။
သူမသည် စုယွီနှင့် ရွှေကျား ဝိညာဉ် ငါးမန်း မိစ္ဆာအရှင်သခင်တို့၏ တိုက်ပွဲကို ရှောင်တိမ်းခဲ့သည်။ ယခုအခါ အဝေးတွင် ရပ်နေကာ အစိမ်းရောင် ဝတ်ရုံနှင့် ငယ်ရွယ်ပုံရသော လူသားမျိုးနွယ် ကျင့်ကြံသူကို မျက်လုံးပြူးကာ အံ့အားသင့်စွာ စိုက်ကြည့်နေလေ၏။
လူငယ်လေးက ရွှေကျား ဝိညာဉ် ငါးမန်း မိစ္ဆာအရှင်သခင်ကို သူ၏ ရုပ်ခန္ဓာ ခွန်အားသက်သက်ဖြင့်သာ ဖိနှိပ်ပြီး ထုရိုက်နေသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ကြမ်းကြုတ်မှုကို သူမ ကြည့်ရှုနေမိသည်။
“ပင်လယ်နယ်မြေက ဒီလောက်တောင် ထူးခြားဆန်းပြားတဲ့ သဘာဝလွန် ပါရမီရှင်ကို ဘယ်အချိန်ကတည်းက မွေးထုတ်လိုက်ပါလိမ့်”
လေအေး တစ်ချက် ရှူသွင်းလိုက်ရင်း မိန်းမပျိုလေးမှာ တီးတိုးရေရွတ်လိုက်မိ၏။
‘ရုပ်ခန္ဓာ ခွန်အား သက်သက်နဲ့တင် ရွှေကျား ဝိညာဉ် ငါးမန်း မျိုးနွယ်စုက အဆင့် (၅) အလယ်အလတ်အဆင့် မိစ္ဆာအရှင်သခင် တစ်ပါးကို ထုထောင်းနိုင်တယ်ဆိုတာလား…’
ထို ခွန်အားက... တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
တိုက်ပွဲကြီးက နာရီဝက်ခန့် ကြာမြင့်ခဲ့၏။ ရွှေကျား ဝိညာဉ် ငါးမန်း မိစ္ဆာအရှင်သခင် အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် သူ ကောင်းကင်ယံသို့ ပျံတက်သွားသည်နှင့် တစ်ပြိုင်နက် လူငယ်လေးက လျှပ်စီးလက်သကဲ့သို့ ထုရိုက်ပြီး မြေကြီးထဲသို့ တစ်ဖန် ပြန်လည် ထုထည့်ခံရလေတော့၏။
နာရီဝက်အကြာတွင် ရွှေကျား ဝိညာဉ် ငါးမန်း မိစ္ဆာအရှင်သခင်၏ အရှိန်အဝါမှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။ နောက်ဆုံးတွင် ကောင်းနျန်အာနှင့် အခြားသူများ၏ စောင့်ကြည့်နေမှုအောက်တွင် လူငယ်လေးက မိစ္ဆာအရှင်သခင်၏ ဦးခေါင်းကို သူ၏ လက်ဖဝါးဖြင့်ပင် ရိုက်ခွဲပစ်လိုက်တော့၏။
စုယွီက မိစ္ဆာအရှင်သခင်၏ မူလဝိညာဉ်ကို အရှင်လတ်လတ် ဖမ်းဆီးပြီး ချုပ်နှောင်ထားလိုက်၏။
သို့သော် ဧရာမ သားရဲ ခန္ဓာကိုယ်ကိုတော့ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်၏ စွမ်းအားဖြင့် ချက်ချင်း သန့်စင်ခြင်း မပြုလုပ်ခဲ့ပေ...။ ယင်းအစား ယွင်ချန်လက်စွပ်ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်၏။
မည်သို့ပင် ဖြစ်စေကာမူ ထိုနေရာတွင် မည်သူမည်ဝါမှန်း မသိရသေးသော ဝိညာဉ် ခွဲထွက် အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။
စုယွီက ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်၊ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်နှင့် သွေးဝေလငါး လမင်းမြို ကျင့်စဉ်တို့၏ စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးများက သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားတော့၏။
သွေးဝေလငါး လမင်းမြို ကျင့်စဉ်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်း၏ တန်ပြန် ခွန်အားများက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သိသိသာသာ အားနည်းသွားစေသည့် ဘေးထွက်ဆိုးကျိုး ရှိသည်။
သို့သော် ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ လည်ပတ်မှုနှင့် ခန္ဓာကိုယ်အား ဓာတ်ကြီးငါးပါး ဝိညာဉ် စွမ်းအား၏ အာဟာရ ဖြည့်တင်းမှုတို့ဖြင့် အချိန်တိုအတွင်း ကျော်လွှားနိုင်၏။
စုယွီ.. တည်ငြိမ်စွာဖြင့် တိုက်ပွဲမြေပြင်နှင့် ဝေးကွာသော တောင်ကုန်းငယ်တစ်ခုထက်တွင် ရပ်နေသည့် အဖြူရောင် ဂါဝန်နှင့် မိန်းမပျိုလေးဆီသို့ အကြည့်ပို့လွှတ်လိုက်၏။
ထိုအခိုက်အတန့်မှာ မိန်းမပျိုလေးက အရင်ဆုံး စတင်၍ စကားဆိုလာခဲ့၏။
"ကူညီကယ်တင်ပေးခဲ့တဲ့အတွက် တာအိုမိတ်ဆွေ.. ကျေးဇူးပါ... ချင်းယွင်..တကယ်ပဲ ကျေးဇူးတင်မိပါတယ်..."
သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုယွီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လျက် ဆက်ပြောလာသည်။
"ကျွန်မရဲ့ မျိုးရိုးနာမည်က အောက် ပါ... နာမည်က ချင်းယွင်... ကျွန်မက ရှန်းယွမ် ပင်လယ်နယ်မြေထဲက လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်တဲ့ ဖုန်းယွမ် အင်မော်တယ်ကျွန်းက တပည့်တစ်ယောက်ပါ..."
"တာအိုမိတ်ဆွေရဲ့ ဂုဏ်သတင်းကြီးမားလှတဲ့ နာမည်ကို မမေးရသေးဘူးနော်..."
သူမ၏ စကားများကို ကြားလိုက်ရချိန်တွင် စုယွီ အနည်းငယ် အံ့အားသင့်သွားမိသည်။
‘ရှန်းယွမ် ပင်လယ်နယ်မြေ လား…’
သူ ဤပင်လယ်နယ်မြေအကြောင်းကို အရင်က ကြားဖူးသလို ရှိသည်..။
ရှန်းယွမ် ပင်လယ်နယ်မြေ။
ကုန်းတွင်းပိုင်းနှင့် အလွန်ဝေးကွာပြီး သမုဒ္ဒရာ၏ နက်ရှိုင်းသော အပိုင်းတွင် တည်ရှိလေ၏။ ဖူလင်း ပင်လယ်နယ်မြေကို ဖြတ်ကျော်သွားမှသာ ရောက်ရှိနိုင်မည့် နေရာတစ်ခု ဖြစ်သည်။
ဖုန်းယွမ် အင်မော်တယ်ကျွန်း ဆိုသည်ကိုတော့ သူ မသိပေ။
‘ဒါဆို ဒီမိနကလေးက ဖူလင်း ပင်လယ်နယ်မြေက ကျင့်ကြံသူ မဟုတ်ဘူးပေါ့…’
စုယွီက အခိုက်အတန့်မျှ စဉ်းစားခန်း ဝင်ပြီးနောက် ပြန်လည် ဖြေကြားလိုက်၏။
"နတ်မိမယ်က ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က လီ ပါ... နာမည်က ပါထျန်း... ကျွန်တော့်ကို တာအိုမိတ်ဆွေ ပါထျန်းလို့ ခေါ်လို့ ရပါတယ်..."
လီပါထျန်း... ။ တာ့ယန် အင်မော်တယ်မင်းဆက်တွင် တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးသော အရှင်သခင် တစ်ပါး၏ နာမည်ပင်။
ထိုနာမည်ကို သူ ခဏလောက် ငှားသုံးလိုက်မည်လေ။
(ပါထျန်း- တာ့ယန်မင်းဆက်ရဲ့ ပါထျန်း မြို့စားကြီး ဖြစ်ပါတယ်။)
မည်သို့ပင်ဖြစ်စေ ပင်လယ်နယ်မြေအထက်မှ လူများသည် တာ့ယန် အင်မော်တယ်မင်းဆက်မှ အရှင်သခင်ကို မသိနိုင်။
အောက်ချင်းယွင်၏ မျက်လုံးများထဲတွင် တာအိုမိတ်ဆွေ ပါထျန်း ဟူသော နာမည်ကြောင့် အံ့အားသင့်မှု တစ်ချက် ဖြတ်ပြေးသွားသည်။
ဒီနာမည်က...
စုယွီက ရွှေကျား ဝိညာဉ် ငါးမန်း မျိုးနွယ်စု၏ အဆင့် (၅) အလယ်အလတ်အဆင့် မိစ္ဆာအရှင်သခင်ကို မည်သို့မည်ပုံ လွှဲရိုက်ပစ်ခဲ့သည်ကို ပြန်လည် သတိရလိုက်မိပြီး အောက်ချင်းယွင်မှာ ခဏမျှ တိတ်ဆိတ်သွားသည်
ထိုနာမည်က လူငယ်နှင့် အတော်လေး လိုက်ဖက်ပါသည်။
လူငယ်လေးက တကယ်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး ကြီးစိုးသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။
ထိုအချိန်တွင် စုယွီသည် ဟွမ်လင်းကျွန်း၏ အလယ်ဗဟို ဒေသဆီသို့ အကြည့်ပို့လိုက်၏။
ရွှေကျား ဝိညာဉ် ငါးမန်း မိစ္ဆာအရှင်သခင်နှင့် တိုက်ပွဲက ကျွန်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ခြင်းကြောင့်လား။
မူလက ထိုနေရာတွင် ရှိနေခဲ့သော မိစ္ဆာမျိုးနွယ်ဝင်များနှင့် မိစ္ဆာသားရဲများအားလုံးမှာ ကမူးရှူးထိုး ထွက်ပြေးကုန်ကြလေပြီ။
ဟွမ်လင်းကျွန်း၏ ဗဟိုရှိ အဆင့်လေးလျှို့ဝှက်နယ်မြေနှင့် မြင့်မြတ်သော နယ်မြေကို ဝိုင်းရံထားခဲ့ကြသော ပင်လယ်မျိုးနွယ်စုနှင့် သမုဒ္ဒရာသားရဲများမှာ ယခုအခါ လူစုကွဲသွားကြပြီး ကျွန်းပေါ်မှ ထွက်ပြေးသွားကြလေပြီ။
တစ်ဝက်ရက်ခန့် ကြာပြီးနောက် ဟွမ်လင်းကျွန်းမှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
စုယွီသည် ကောင်းနျန်အာနှင့် ပြင်းထန်စွာ ဒဏ်ရာရထားသော အောက်ချင်းယွင်တို့ကို ခေါ်ဆောင်ကာ ကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်သွားလိုက်၏။
လဝက် ကြာပြီးနောက်၊ ဟွမ်လင်းကျွန်း၏ ဗဟိုဒေသတွင် ယခင်က တာအို ရုပ်သေး နေထိုင်ခဲ့ဖူးသော အဆင့်လေးလျှို့ဝှက်နယ်မြေဝယ်၊
စုယွီသည် ကျောက်စားပွဲ တစ်လုံးဘေးတွင် ထိုင်နေသည်။ ရေခဲနှင့် နှင်း လျှို့ဝှက်နယ်မြေမှ ဝိညာဉ်လက်ဖက်ရည် အချို့ကို ထုတ်ယူလိုက်၏။
ဝိညာဉ်ရေနွေးဖြင့် ဖျော်စပ်ပြီးနောက် တစ်ဖက်တွင် ထိုင်နေသော အောက်ချင်းယွင်နှင့် ဘေးရှိ ကောင်းနျန်အာ၊ ကောင်းယွမ်ယွမ်နှင့် တာအိုဆရာ ကျင်းဖုန်းတို့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။
ကောင်းယွမ်ယွမ်၏ ကျင့်ကြံခြင်းမှာ မူလဝိညာဉ် အဆင့်သို့ မချိုးဖြတ်နိုင်ခဲ့ဘဲ အမြုတေ ဖွဲ့စည်းခြင်း အဆင့် နဝမအလွှာတွင်သာ ရပ်တန့်နေခဲ့၏။
ထို့ကြောင့် သူမသည် ယခုအခါ အဘွားအို တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ အတော်လေး အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။
တာအိုဆရာ ကျင်းဖုန်းကတော့ အခွင့်အရေးအချို့ ရရှိခဲ့သည်။ ယခင် တာအို ရုပ်သေး ပေးအပ်ခဲ့သော ကျင့်စဉ်များနှင့် အရင်းအမြစ်များကို အားကိုး၍ မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါး အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။