အခန်း ၉၀၄
Vol. 61 Ch. 904
အခန်း (၉၀၄) - အင်မော်တယ်ကို တိုက်ခိုက်ခြင်း၊ ခွန်းလင်အသိုက် (အပိုင်း-၂)
အောက်ချင်းယွင်သည် သူ့ကို ကြည့်ကာ ဖိတ်ခေါ်လိုက်၏။
"တာအိုမိတ်ဆွေ ပါထျန်း... တာအိုမိတ်ဆွေ ပါထျန်းက သိပ်ကို အစွမ်းထက်ပြီး ပါရမီလည်း ထူးချွန်တယ်။ ရှင့်ရဲ့ အင်မော်တယ်ကံကြမ္မာက သာမန်လူတွေ မရောက်နိုင်တဲ့ အဆင့်မှာ ရှိနေတာပဲ..."
"ကျွန်မနဲ့အတူ ခွန်းလင်သိုက်ကို ဝင်ပြီး အင်မော်တယ်လမ်းစဉ်ရဲ့ အခွင့်အရေးတွေကို အတူတူ ရှာဖွေကြရင် မကောင်းဘူးလား..."
ဤစကားများကို ပြောဆိုနေစဉ် အောက်ချင်းယွင်၏ မျက်ဝန်းလေးများမှာ မျှော်လင့်ချက် ရောင်စဉ်များ တောက်ပနေသည်။
"ခွန်းလင်သိုက် ပေါ်ထွက်လာတာက အင်အားစု အသီးသီးကို လှုပ်ခတ်သွားစေမှာ သေချာတယ်။ အဲဒီအချိန်ကျရင် လူသားမျိုးနွယ်က ပါရမီရှင်တွေ ထွက်ပေါ်လာရုံတင်မကဘူး... မိစ္ဆာမျိုးနွယ်စုနဲ့ ပင်လယ်မျိုးနွယ်စုက ပါရမီရှင်တွေလည်း သေချာပေါက် ပေါ်ထွက်လာမှာပါ..."
"ဒါက ကျွန်မတို့အတွက် ကျင့်ကြံခြင်းအတွေ့အကြုံ ရယူဖို့နဲ့ လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်းအသီးသီး၊ မိစ္ဆာမျိုးနွယ်စုနဲ့ ပင်လယ်မျိုးနွယ်စုက ပါရမီရှင်တွေရဲ့ အရည်အချင်းတွေကို မျက်မြင်ကိုယ်တွေ့ ကြုံရမယ့် ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ..."
စုယွီက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"တာအိုမိတ်ဆွေ အောက် ..
မင်း မသိလို့ပါ... ကျွန်တော် အရင်က အစွမ်းထက်ခဲ့တာက လျှို့ဝှက်ထားတဲ့ ခွန်အားတစ်ခု ပေါ်ထွက်လာလို့ပါ..."
"ဒါပေမယ့် အဲဒီ လျှို့ဝှက်ခွန်အားကို သုံးလိုက်ရင် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရပြီး အချိန်အကြာကြီး အားနည်းသွားတတ်တယ်..."
"ရေတိုအတွင်းမှာတော့ ခွန်းလင်သိုက်က အခွင့်အရေး လုယူပွဲမှာ ကျွန်တော် မပါဝင်နိုင်ပါဘူး..."
အောက်ချင်းယွင် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
"တာအိုမိတ်ဆွေ ပါထျန်း... ရှင်က ခွန်းလင်သိုက်ရဲ့ အင်မော်တယ်လမ်းစဉ် အခွင့်အရေးတွေမှာ မပါဝင်ချင်ဘူးလား..."
ထိုအခါ စုယွီက ကမန်းကတန်း ဆင်ခြေပေးလိုက်၏။
"မပါဝင်ချင်လို့ မဟုတ်ပါဘူး... စိတ်က ရှိပေမဲ့ လူက မတတ်နိုင်လို့ပါ..."
"ပြန်လည် နာလန်ထူလာဖို့ နှစ်အတော်ကြာ အနားယူရလိမ့်မယ်။ အဲဒီအချိန်ကျလို့ အခွင့်အရေးရရင်တော့ သေချာပေါက် ပါဝင်မှာပါ..."
အောက်ချင်းယွင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသော်လည်း သူမ၏ ဖိတ်ခေါ်စကားများကို ပြန်မျိုချလိုက်ပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ချင်ပါသေးတယ်..."
ထို့နောက် သူတို့သည် ခွန်းလင်သိုက် အကြောင်းကို ဆက်လက် မဆွေးနွေးကြတော့ဘဲ စုယွီက ဖူလင်း ပင်လယ်နယ်မြေနှင့် ရှန်းယွမ် ပင်လယ်နယ်မြေတို့၏ အင်အားစု အခြေအနေများကို စတင် မေးမြန်းလေတော့၏။
ကုန်းတွင်းပိုင်းမှ လာသော ကျင့်ကြံသူ တစ်ယောက်အနေဖြင့် စုယွီသည် ပင်လယ်နယ်မြေများ၏ အခြေအနေများကို ဖူလင်း ပင်လယ်နယ်မြေအတွင်းရှိ လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်စုတို့၏ အင်အားစုများအကြောင်းပင် သိရှိထားသော အောက်ချင်းယွင်လောက် မနှံ့စပ်ပါ။
ဖူလင်း ပင်လယ်နယ်မြေ၏ လူသားမျိုးနွယ်တွင် ကျွန်းကြီး လေးကျွန်း ရှိ၏။ ၎င်းတို့အနက် တစ်ခုမှာ ယခင်က စုယွီနှင့် ပြဿနာ အနည်းငယ် ရှိခဲ့ဖူးသော ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ ရွှမ်ထျန်း အင်မော်တယ်ကျွန်း ဖြစ်သည်။
ကျန်ရှိသော ကျွန်းသုံးကျွန်းတွင်...
သားရဲယဉ်ပါးခြင်းကို အထူးပြုသော ဇီလင် အင်မော်တယ်ကျွန်း၊
ဆေးလုံးဖော်စပ်ခြင်းကို အထူးပြုသော ချန်မင် အင်မော်တယ်ကျွန်း၊
ရုပ်ခန္ဓာ သန့်စင်ခြင်းနှင့် သတ်ဖြတ်ခြင်း လမ်းစဉ်ကို အထူးပြုသော ရှန်းရှင်း အင်မော်တယ်ကျွန်းတို့ ပါဝင်သည်။
ပင်လယ်မျိုးနွယ်စုဘက်တွင်တော့ ရွှမ်လိပ် မျိုးနွယ်စုက ဦးဆောင်သည်။ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု အပါအဝင် မဟာ ပင်လယ်မျိုးနွယ်စု ငါးခုက အရန်အင်အားစုများအဖြစ် ပါဝင်၏။ ဝိညာဉ်စွမ်းအား အများဆုံး စုစည်းနေသည့် ဖူလင်း ပင်လယ်နယ်မြေ၏ နက်ရှိုင်းသော အပိုင်းရှိ ကျင့်ကြံခြင်း အရင်းအမြစ် အကြွယ်ဝဆုံး နယ်မြေများကို ပိုင်ဆိုင်ထားကြသည်။
ခွန်းလင်သိုက်သည် ရွှမ်လိပ် မျိုးနွယ်စု၏ နယ်မြေနှင့် ရှန်းယွမ် ပင်လယ်နယ်မြေ နယ်စပ်ကြားတွင် ပေါ်ထွက်လာလေ၏။
ကျယ်ပြန့်သော ဆွေးနွေးမှုအပြီးတွင်
အောက်ချင်းယွင် ထွက်ခွာသွားပြီး သူမ၏ ကိုယ်ပိုင် ဂူစံအိမ်ဆီသို့ ပြန်လည်ကာ ဒဏ်ရာများကို ကုသနေလေ၏။
ကောင်းယွမ်ယွမ်က နှုတ်ခမ်းကို ကိုက်ကာ စုယွီအား သတိထား၍ ကြည့်လိုက်ပြီး ခပ်တိုးတိုး မေးလိုက်၏။
"သခင်... ကျွန်မတို့ ခွန်းလင်သိုက်က အခွင့်အရေးတွေကို တကယ်ပဲ သွားမရှာဖွေတော့ဘူးလား..."
စုယွီက သူမကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုအပ်တယ်။ မဟုတ်ရင် ဘယ်လောက်ပဲ ကြီးမားတဲ့ အင်မော်တယ် ကံကြမ္မာ ရှိနေပါစေ အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး..."
"အသက်ဆုံးရှုံးသွားရင် အင်မော်တယ် လမ်းစဉ်က အခွင့်အရေးဆိုတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ..."
သူ ခဏရပ်လိုက်ပြီးနောက်...
သက်တမ်း သိပ်မကျန်တော့သော ကောင်းယွမ်ယွမ်ကို အခိုက်အတန့်မျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ပြောလိုက်၏။
"ငါ လောလောဆယ် မသွားသေးဘူး... ဒါပေမယ့် မင်းအနေနဲ့ စွန့်စားချင်တယ် ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် သွားလို့ ရပါတယ်..."
ထို့နောက် စုယွီ ထွက်ခွာသွားပြီး သူ၏ ကိုယ်ပိုင် ဂူစံအိမ်သို့ ပြန်သွားသည်။
သူ အချိန်အကြာကြီး စဉ်းစားခန်း ဝင်နေမိပြီး ဟွမ်လင်းကျွန်းသည် ရွှမ်လိပ် မျိုးနွယ်စု နယ်မြေနှင့် အလွန်ဝေးကွာသော်လည်း ရှေ့ဆက်၍ မလုံခြုံတော့ဟု အာရုံရနေမိသည်။
သူ အမြန်ဆုံး ထွက်ခွာရမည်။
‘ပထမဆုံး ဆန်းမူမြို့တော်ကို ပြန်ပြီး အဲဒီမှာ နေမယ်။ အနည်းဆုံးတော့ အဲဒါက ကုန်းတွင်းပိုင်းဖြစ်ပြီး ပိုလုံခြုံတယ်’
"ခွန်းလင်သိုက်... အဲဒီလို နေရာမျိုးမှာ ဘယ်လို အခွင့်အရေးတွေ ရှိနေမလဲ မသိဘူး..."
စုယွီ အနည်းငယ် အားကျမိသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိပါသေးသည်။
သူ၏ လက်ရှိ တာအိုအခြေခံအုတ်မြစ်၊ ကျင့်ကြံခြင်းနှင့် သက်တမ်းတို့အရ ခွန်းလင်သိုက်ထဲသို့ စွန့်စားဝင်ရောက်ရန် မတန်ပေ။
သူ တည်ငြိမ်စွာ ကျင့်ကြံနေသရွေ့ သူ၏ ကျင့်ကြံခြင်းက အင်မော်တယ်လမ်းစဉ်၏ အဆုံးမဲ့ သက်တမ်းကို နောက်ဆုံးတွင် ရောက်ရှိသွားမည်သာ။
မိမိကို တားဆီးမည့် အဟန့်အတားများ ရှိလာမည် မဟုတ်။
သို့ဖြစ်၍...အင်မော်တယ်လမ်းစဉ်ပေါ်က အခွင့်အရေးတွေကို လုယူယှဉ်ပြိုင်စရာ အကြောင်းမရှိပါလေ။
‘အင်မော်တယ်လမ်းစဉ်ရဲ့ အခွင့်အရေးအကြောင်း ပြောရမယ်ဆိုရင် ငါ့မှာ ရှေးဟောင်း ယွဲ့အင်မော်တယ်စံအိမ် ရှိပြီးသားပဲ မလား’
ယွဲ့ အင်မော်တယ်မြို့တော်အတွင်းရှိ အခွင့်အရေးများနှင့် သူ၏ ဒန်တျန် အတွင်းရှိ အထပ်ကိုးထပ် တာအိုမျှော်စင် တို့ကြောင့် ခွန်းလင်သိုက်၏ အခွင့်အရေးများအတွက် ယှဉ်ပြိုင်မည်ဆိုလျှင်တောင် ဒါက ပြီးပြည့်စုံမှုကို ပိုမို ပြီးပြည့်စုံစေရုံသာ ဖြစ်ပါလိမ့်မည်။
‘ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး...
ခွန်းလင်သိုက်ထဲက အခွင့်အရေးတွေကို သွားရှာချင်တဲ့ ကောင်းယွမ်ယွမ်နဲ့ တခြားသူတွေအတွက်တော့...
ကောင်းယွမ်ယွမ်မှ မဟုတ်ပါဘူး... တာအိုဆရာ ကျင်းဖုန်း သွားချင်တယ်ဆိုရင်တောင် ငါ မတားမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကောင်းနျန်အာဆိုတဲ့ ကောင်မလေးကတော့ နောက်မှာ ကျန်ခဲ့ရမယ်။ အမြုတေ ဖွဲ့စည်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်က လောဘတကြီး သွားမယ်ဆိုရင် ခွန်းလင်သိုက်ကို မမြင်ရခင်မှာပဲ သေသွားနိုင်တယ်။
ရှေးဟောင်း အင်မော်တယ်တစ်ပါးကို ခုခံနိုင်စွမ်းရှိတဲ့ ပင်လယ်မျိုးနွယ်စု သိုင်းပညာရှင်တစ်ပါးရဲ့ ဌာနေကို အမြုတေ ဖွဲ့စည်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး သွားချောင်းမြောင်းနိုင်မှာလဲ…’
ခေါင်းကို ခပ်လေးလေး ခါရမ်းလိုက်ရင်း စုယွီက လက်ဝှေ့ယမ်းလိုက်ရာ ယခင်က ချုပ်နှောင်ထားခဲ့သော ရွှေကျား ဝိညာဉ်ငါးမန်း မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တို့ ထွက်ပေါ်လာသည်။
သူ၏ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်က လည်ပတ်လာပြီး နတ်ဘုရား ဖြစ်တည်ခြင်း စွမ်းအားများက မိစ္ဆာမျိုးနွယ်ဝင် ရွှေကျား ဝိညာဉ်ငါးမန်း၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စီးဆင်းသွားကာ မူလစွမ်းအား အဖြစ်သို့ သန့်စင်ပေးလိုက်လေ၏။
သို့သော် သူ၏ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ် စွမ်းအားမှာ စတုတ္ထအဆင့်တွင်သာ ရှိနေသေးရာ အဆင့် (၅) မိစ္ဆာအရှင်သခင် တစ်ပါး၏ ခန္ဓာကိုယ်ကို မူလစွမ်းအား အဖြစ် ပြောင်းလဲခြင်းမှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။
“ဝေါ…”
စုယွီက ဓာတ်ကြီးငါးပါး ဝိညာဉ် စွမ်းအားကို အသုံးပြု၍ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ရန် ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်မြေကို အသုံးပြုလိုက်၏။ ထိုအခါမှသာ မိစ္ဆာအရှင်သခင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဖြည်းညင်းစွာ ပျော်ဝင်ပျောက်ကွယ်သွားတော့၏။
မူလစွမ်းအား ကြိုးမျှင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး သန့်စင်ခံလိုက်ရသည်။
အချိန်များ..ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။
ပထမဆုံး ခန္ဓာကိုယ်၊ ထို့နောက် မိစ္ဆာအရှင်သခင်၏ မူလဝိညာဉ်များကို စုယွီက ဆက်တိုက် သန့်စင်၏။
တစ်လကျော် ကြာပြီးနောက်...
နေရာအနှံ့ ပဲ့တင်ထပ်သွားသော မချိမဆန့် စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု၏ မိစ္ဆာအရှင်သခင်မှာ အပြီးတိုင် ကျဆုံးသွားခဲ့လေပြီ။
သူ၏ နောက်ဆုံး မူလဝိညာဉ် အပိုင်းအစလေးမှာ စုယွီ၏ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်ဖြင့် သန့်စင်ခံလိုက်ရသည်။
"ဟူး..."
စုယွီက သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓာတ်ကြီးငါးပါး ဝိညာဉ် စွမ်းအားများမှာ ဖြည်းညင်းစွာ ငြိမ်သက်သွားကာ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ သူ မျက်လုံးဖွင့်လိုက်ရာ မျက်လုံးအစွန်အဖျားတွင် တောက်ပသော နတ်ဘုရားအလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။
စုယွီ၏ မျက်လုံးများက ဓားတစ်လက်နှယ် ထက်မြက်နေပြီး သူ့ရှေ့ရှိ ဟင်းလင်းပြင်အား တွန့်လိမ်စေသည်။
လွန်ခဲ့သော တစ်လကနှင့် နှိုင်းယှဉ်လျှင် ထိုမိစ္ဆာအရှင်သခင်ကို တံခါးပိတ်၍ သန့်စင်ပြီးနောက် စုယွီ၏ အရှိန်အဝါမှာ ပိုမို နက်နဲလာခဲ့လေပြီ။
သူ၏ အင်မော်တယ်အရှိန်အဝါကို ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်ထားသော်လည်း စုယွီ၏ ပတ်ပတ်လည်တွင် သဘာဝအလျောက် ပေါ်ထွက်လာသော ဩဇာလွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။
သူက ကျွမ်းကျင်မှု မျက်နှာပြင်အား ကြည့်လိုက်၏။
[ကျင့်စဉ် : ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ်အဆင့် နဝမအလွှာ၊ ကျွမ်းကျင်မှု ၈.၁၈%)]
ကျွမ်းကျင်မှု အပြောင်းအလဲကို ကြည့်ရင်း စုယွီ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းရောင် တစ်ချက် လက်သွား၏။ အဆင့် (၅) အလယ်အလတ်အဆင့် ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု၏ မိစ္ဆာအရှင်သခင်ကို နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်ဖြင့် ကျင့်ကြံခြင်း ဇာစ်မြစ်အဖြစ် သန့်စင်ပြီးနောက် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ ၅% ကျော် တိုးလာခဲ့သည်။
အကယ်၍ သူသာ ဖူလင်း ပင်လယ်နယ်မြေတွင် ပင်လယ်သားရဲများနှင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို ဆက်လက် အမဲလိုက်နေပါက သူ၏ ကျင့်ကြံခြင်းသည် မူလဝိညာဉ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ဆယ်နှစ်ပင် ကြာမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်
ဖူလင်း ပင်လယ်နယ်မြေ၏ တစ်နေရာ၊ ရေအောက် အင်မော်တယ် မြို့တော်တစ်ခုအတွင်း၌
လူသားမျိုးနွယ်၏ ဝိညာဉ်ကျောက်စာတိုင်နှင့် ဆင်တူသော ရုပ်တုတစ်ခု ပျက်စီးပြိုကျသွားသည်။ မျိုးနွယ်စုအတွင်းရှိ တစ်ခုတည်းသော အဆင့် (၅) ဝိညာဉ်ရုပ်တု ကိုးခုအနက်မှ တစ်ခု အက်ကွဲသွားသည်ကို မြင်လိုက်ရသောအခါ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု၏ အကြီးအကဲမှာ အံ့အားသင့်သွားခဲ့သည်။
မကြာမီမှာပင် မိစ္ဆာအရှင်သခင် တစ်ပါး ကျဆုံးသွားသည့် သတင်းသည် ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု၏ ခေါင်းဆောင်နှင့် ဘိုးဘေးတို့၏ နားဆီသို့ ရောက်ရှိသွားသည်။
ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုကြီး ဒေါသတကြီး ပေါက်ကွဲသွားတော့၏။
"ကျင်းကျွယ်က အင်မော်တယ်ချောက်ကမ်းပါး ပင်လယ်နယ်မြေမှာ လူသားမျိုးနွယ်ရဲ့ ဂုဏ်ယူစရာ ပါရမီရှင်ကို လိုက်ဖမ်းနေတာ မဟုတ်ဘူးလား... ဒါဆို ကျင်းကျွယ်က ဖုန်းယွမ် အင်မော်တယ်ကျွန်းက လူတွေ လက်ချက်နဲ့ သေဆုံးသွားတာလား..."
"ဒါ သေချာပေါက် အဲဒီ လူသားမျိုးနွယ် အမျိုးသမီးပဲ ဖြစ်ရမယ်.. ဘိုးဘေး၊ ခေါင်းဆောင်... ကျွန်တော်တို့ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုက ဒီရန်ငြိုးအတွက် လက်စားမချေဘဲ မနေနိုင်ဘူး.."
"ကျွန်တော်တို့ ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုဝင် တစ်ယောက်ကို သတ်ပြီးမှ ပင်လယ်နယ်မြေထဲမှာ ဆက်အသက်ရှင်နေတဲ့သူဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး.."
ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု အကြီးအကဲများနှင့် အဆင့် (၅) မိစ္ဆာအရှင်သခင် တစ်စုက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါများက အလွန် ကြမ်းကြုတ်ရက်စက်လှသဖြင့် ပင်လယ်နယ်မြေ တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးအား တိမ်မည်းများ ဖုံးလွှမ်းသွားသည်။
သို့သော် ဤ အဆင့် (၄) နှင့် အဆင့် (၅) အကြီးအကဲများ၊ မိစ္ဆာအရှင်သခင်များ၏ ဒေါသကို ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု ခေါင်းဆောင်နှင့် ဘိုးဘေးတို့က ဖိနှိပ်လိုက်၏။
ခွန်းလင်သိုက် ပေါ်ထွက်လာခြင်းနှင့် ၎င်းအတွင်းရှိ ကြီးမားလှသော ကံကြမ္မာများကို မည်သို့ သိမ်းပိုက်ရမည် ဆိုသည်က လက်ရှိတွင် ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုအတွက် အရေးကြီးဆုံး ကိစ္စဖြစ်သည်။
မိစ္ဆာအရှင်သခင် တစ်ပါး ကျဆုံးသွားခြင်းက ခေါင်းဆောင်နှင့် ဘိုးဘေးတို့ကို ဒေါသထွက်စေသော်လည်း သူတို့သည် အသိစိတ် လွတ်သွားခြင်း မရှိပေ။
"ဒီကိစ္စကို လောလောဆယ် မှတ်ထားလိုက်မယ်။ ဖုန်းယွမ် အင်မော်တယ်ကျွန်းက လူတွေလည်း ခွန်းလင်သိုက်ကို သွားကြမှာပဲ။ အဲဒီအချိန်ကျရင် သူတို့နဲ့ အဲဒီမှာ ရှင်းကြတာပေါ့..." ဟု ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စု ဘိုးဘေးက
အသံ ခပ်အုပ်အုပ်ဖြင့် ပြောလိုက်၏။
မကြာမီမှာပင် ရွှေကျား ဝိညာဉ်ငါးမန်း မျိုးနွယ်စုက သူတို့၏ နယ်မြေကို စောင့်ရှောက်ရန် အဆင့် (၅) မိစ္ဆာအရှင်သခင် တစ်ပါးကိုသာ ချန်ရစ်ခဲ့ပြီး အဆင့် (၄) နှင့် အဆင့် (၅) ရွှေကျား ဝိညာဉ်ငါးမန်း အားလုံးနီးပါး ထွက်ခွာသွားကြသည်။
သူတို့သည် ရွှမ်လိပ် မျိုးနွယ်စု အပြင် အခြားသော ပင်လယ်မျိုးနွယ်စုများနှင့် ပူးပေါင်းကာ ခွန်းလင်သိုက်ဆီသို့ ဦးတည်သွားကြလေ၏။
*
ဟွမ်လင်းကျွန်းဝယ် အောက်ချင်းယွင်သည် နှစ်လကြာ ဒဏ်ရာများကို ကုသခဲ့ပြီးနောက် စုယွီအား အနာဂတ်တွင် ဖုန်းယွမ် အင်မော်တယ်ကျွန်း၌ တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့၏။ ဆက်သွယ်ရေးအတွက် သူမ၏ အမှတ်အသား တံဆိပ်ပြား တစ်ခုကို စုယွီထံ ချန်ထားရစ်ခဲ့ပြီး ကမန်းကတန်း ထွက်ခွာသွားတော့သည်။
စုယွီက ဟွမ်လင်းကျွန်း အပြင်ဘက်ရှိ လူစုကွဲသွားသော ပင်လယ်မျိုးနွယ်စုများနှင့် ပင်လယ်သားရဲများအပြင် တဖြည်းဖြည်း ငြိမ်သက်သွားသော ပင်လယ်နယ်မြေကို မျှော်ကြည့်လိုက်၏။
စဉ်းစားပြီးနောက် သူသည် ဟွမ်လင်းကျွန်းပေါ်တွင် ဆက်လက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေ၏။
“ခွန်းလင်သိုက် ပေါ်ထွက်လာတာက ငါ့အတွက် နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်ကို ကျင့်ကြံဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သင့်တယ်…
ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ဖို့ အချိန်နဲ့ ခွန်အား ရှိတော့မှာ မဟုတ်ဘူး…”
စုယွီက သူ့ကိုယ်သူ တိုက်တွန်းလိုက်၏။