← Chapters

အခန်း ၉၀၅

Vol. 61 Ch. 905

အခန်း ၉၀၅

Vol. 61 Ch. 905

အခန်း (၉၀၅) ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိခြင်း

ပင်လယ်မျိုးနွယ်စုမှ အစွမ်းထက် စွမ်းအားရှင်များ အားလုံး ခွန်းလင်သိုက် ဝန်းကျင်သို့ ထွက်ခွာသွားကြပုံရ၏။ ဖူလင်း ပင်လယ်နယ်မြေရှိ အခြားနေရာများနှင့် ပင်လယ်မျိုးနွယ်စု အသီးသီး၏ အသိုက်အမြုံများမှာပင် ဟာလာဟင်းလင်း ဖြစ်နေလောက်ချေပြီ။

ခွန်းလင်သိုက်အနီးရှိ ပင်လယ်နယ်မြေထဲသို့ ခြေမချသရွေ့ အခြားနေရာများ၌ နတ်ဘုရား ဖြစ်တည်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ရန် ကြီးကြီးမားမား ပြဿနာ ရှိမည်မထင်ပေ။

စုယွီက အောက်ချင်းယွင် ပေးအပ်ခဲ့သော ဆက်သွယ်ရေး တံဆိပ်ပြားကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ယွင်ချန် လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ ရှန်းယွမ် ပင်လယ်နယ်မြေအတွင်းရှိ လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုသည် အလွန် ကြီးမားသည်ဟု ဆိုကြသော်လည်း ပင်လယ်၏ နက်ရှိုင်းသော အပိုင်းတွင် တည်ရှိနေခြင်းသာ ဖြစ်သည်။

အကယ်၍ သွားရောက် လေ့လာခွင့်ရမည်ဆိုပါက ဤတံဆိပ်ပြားသည် အတော်လေး အသုံးဝင်လာနိုင်၏။

အောက်ချင်းယွင် ထွက်ခွာသွားပြီးနောက် စုယွီသည် ယွင်ချန် လက်စွပ်ထဲမှ မြောက်များစွာသော အခင်းအကျင်း အခြေခံအုတ်မြစ်များကို ထုတ်ယူလိုက်ကာ ဟွမ်လင်းကျွန်းပေါ်ရှိ တောင်တံခါး အခင်းအကျင်းကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတော့သည်။ ပင်လယ်နယ်မြေ အလယ်ရှိ ဤစံအိမ်ကို အသစ်တစ်ဖန် တည်ဆောက်လိုက်၏။

သူသည် နေရာ ရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်သော ပစ္စည်းများမှစ၍ ယွင်ချန် လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်၏။

'ဟင်း... ဟင်းလင်းပြင် ကျောက်တုံးတွေ နည်းနည်း လိုနေသေးတာပဲ...'

စုယွီက အတွေးများကို ရုပ်သိမ်းလိုက်၏။ ယွင်ချန် လက်စွပ်ထဲရှိ နေရာလွတ်မှာ အလွန် ကြီးမားကျယ်ပြန့်လှပြီး အခင်းအကျင်းအတွက် လိုအပ်သော ပစ္စည်း အမြောက်အမြား အပါအဝင် အခြားသော ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေလေပြီ။

မည်သို့ပင် ဖြစ်စေကာမူ သူသည် အပျက်အစီး တစ်ရာ ကျင့်ကြံခြင်း ကမ္ဘာရှိ ယန္တရား တစ်ထောင် ဂိုဏ်း၏ ရတနာတိုက်ကို ပြောင်သလင်းခါအောင် ရှင်းလင်းခဲ့ဖူးသည် မဟုတ်ပါလော။

ထို့အပြင် ကြယ်ခူးမျှော်စင်နှင့် လညွှန် နန်းတော် ဟူသော အခင်းအကျင်းတာအို အင်အားစုကြီး နှစ်ခု၏ အမွေအနှစ်များလည်း ပါဝင်နေသေးသည်။

နေရာ ရွှေ့ပြောင်း အခင်းအကျင်းအတွက် ပစ္စည်းများကို သီးသန့် စုဆောင်းထားခြင်း မရှိသော်လည်း ယခု ပြန်လည် စစ်ဆေးကြည့်သောအခါ နယ်မြေဖြတ်ကျော် နေရာ ရွှေ့ပြောင်း အခင်းအကျင်း နောက်တစ်ခု တည်ဆောက်ရန်အတွက်ပင် လိုအပ်သော ဟင်းလင်းပြင် ကျောက်တုံး ငါးပုံတစ်ပုံခန့်သာ လိုအပ်တော့ကြောင်း တွေ့ရှိရသည်။

အခြားသော လိုအပ်သည့် ပစ္စည်းများ အားလုံး အပြည့်အစုံ ရှိနေလေပြီ။

ထို့ကြောင့် တစ်ခဏမျှ စဉ်းစားပြီးနောက် စုယွီ၏ အာရုံသည် အနီးအနားရှိ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းဆီသို့ ရောက်ရှိသွားတော့၏။

မူလက ဤ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသည် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းမှ မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါးနှင့် ပူးပေါင်းကာ တာ့ယွဲ့ နယ်မြေအပေါ် အကွက်ဆင်ရန် ကြံရွယ်ခဲ့ဖူးသည်။

သူ၏ လက်ရှိ စွမ်းအားဖြင့်ဆိုလျှင် သာမည ချင်းရွှမ် အင်မော်တယ်ဂိုဏ်းလောက်က အခက်အခဲ မဟုတ်တော့သလို သူ၏ မျက်လုံးထဲ၌ပင် အဖတ်လုပ်စရာ မလိုတော့ပေ။

သို့သော် ယခု သူ သတိရလာပြီဖြစ်ရာ အတိတ်က စာရင်းဟောင်းများကို ရှင်းလင်းရန် နောက်ကျသေးသည်တော့ မဟုတ်ပေ။

'ချင်းရွှမ် အင်မော်တယ်ဂိုဏ်း...'

စုယွီ၏ မျက်လုံးများ ပိုမို နက်ရှိုင်းသွား၏။ ထိုနေရာတွင် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ ရွှမ်ထျန်း အင်မော်တယ်ကျွန်းသို့ သွားရောက်နိုင်သော အသေးစား နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခု ရှိနေသည်။

သူသည် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို တိတ်တဆိတ် ထိန်းချုပ်လိုက်ပြီး ၎င်းမှတစ်ဆင့် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းသို့ လူတစ်ယောက် စေလွှတ်ကာ ခွန်းလင်သိုက်နှင့် ဖူလင်း ပင်လယ်နယ်မြေ တစ်ခုလုံး၏ အခြေအနေများကို စုံစမ်းထောက်လှမ်းနိုင်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် တစ်စုံတစ်ရာ အပြောင်းအလဲများ ရှိလာပါက ဖူလင်း ပင်လယ်နယ်မြေအတွင်းရှိ ဤမုန်တိုင်း ဗဟိုချက်မှ အချိန်မီ ထွက်ခွာနိုင်ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသို့ ပြန်လည် ရောက်ရှိနိုင်ပေမည်။

လအနည်းငယ် ကြာပြီးနောက်

ဟွမ်လင်းကျွန်း၏ အလယ်ဗဟို ဒေသတွင် စုယွီ ပြန်လည် ဖွဲ့စည်းထားသော တောင်တံခါး အခင်းအကျင်းအောက်တွင် အဆင့် (၄) လျှို့ဝှက်နယ်မြေ တစ်ခု အသွင်သဏ္ဌာန်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီပင်။

အနည်းဆုံးတော့ အပေါ်ယံတွင် ထိုသို့ မြင်ရသည်။

ဤ အဆင့် (၄) လျှို့ဝှက်နယ်မြေ၏ အခင်းအကျင်းသည် အဆင့် (၄) အခင်းအကျင်း တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပုံ ပေါ်သော်လည်း တကယ်တမ်းတွင်မူ စွမ်းရည်သုံးပါးနှင့် အဆင့် (၅) မဟာအခင်းအကျင်းတို့ကို ပေါင်းစပ်ထားသော စနစ်တစ်ခု ပါဝင်နေလေပြီ။

ဝိညာဉ် ခွဲထွက် အဆင့် အစောပိုင်း အရှင်သခင် တစ်ပါးပင်လျှင် ဤ လျှို့ဝှက်နယ်မြေ၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် ခက်ခဲပေလိမ့်မည်။

ဤ လျှို့ဝှက်နယ်မြေ၏ အခင်းအကျင်းအပြင် စုယွီသည် ဟွမ်လင်းကျွန်း အစွန်အဖျားရှိ ဆိပ်ကမ်း အချို့တွင် အဆင့် (၅) အဆင့်နိမ့် အခင်းအကျင်း အစုအဝေး တစ်ခုကိုလည်း ချထားခဲ့၏။ ၎င်းသည် ကာကွယ်ရေးနှင့် ဖိနှိပ်ရေး နှစ်မျိုးစလုံးအတွက် အသုံးဝင်သလို သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခုလည်း ဖြစ်၏။

၎င်းသည် အင်အားစု အများစုနှင့် မမျှော်လင့်ထားသော အဖြစ်အပျက်များကို ရင်ဆိုင်ဖြေရှင်းရန် လုံလောက်သည်။

ဟွမ်လင်းကျွန်း၏ လျှို့ဝှက်နယ်မြေသို့ ပြန်ရောက်သောအခါ စုယွီသည် တာအိုဆရာ ကျင်းဖုန်း၊ ကောင်းယွမ်ယွမ်နှင့် ကောင်းနျန်အာတို့ကို ခေါ်ယူလိုက်ပြီး မေးမြန်းလိုက်၏။

"မင်းတို့ ရွေးချယ်ထားတဲ့ လူတွေ အဆင်သင့် ဖြစ်ပြီလား..."

ကောင်းယွမ်ယွမ်က ပြန်လည် ဖြေကြားသည်။

"သခင်... စုစုပေါင်း လူတစ်ရာ ရွေးချယ်ထားပါတယ်... ပါရမီရှင် လူငယ် ငါးဆယ်နဲ့ အခြေတည်အဆင့် အထက် ကျင့်ကြံခြင်း စွမ်းအားရှိတဲ့ လူ ငါးဆယ်ပါ... အားလုံးက ကုန်းယွဲ့ ကုန်သွယ်ရေးအသင်းအပေါ် သစ္စာရှိတဲ့ သူတွေချည်းပါပဲ..."

စုယွီက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး ပြောလိုက်၏။

"မင်းတို့ သူတို့ကို ထိန်းချုပ်နိုင်ပြီး ယုံကြည်ရသရွေ့တော့ ကိစ္စမရှိပါဘူး..."

စုယွီသည် တာအိုဆရာ ကျင်းဖုန်းဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

"မင်းက ဟွမ်လင်းကျွန်းကို ဆက်ပြီး စောင့်ရှောက်နေခဲ့... ဒီ အခင်းအကျင်း တံဆိပ်ပြားတွေက မင်းအတွက်ပဲ..."

စကားအဆုံး၌ သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြား ငါးခုက တာအိုဆရာ ကျင်းဖုန်းထံသို့ ပျံသန်းသွားသည်။

၎င်းတို့မှာ မကြာသေးမီက သူ ချထားခဲ့သော အဆင့် (၅) အခင်းအကျင်းများအတွက် ထိန်းချုပ်ရေး တံဆိပ်ပြားများပင်။ တစ်ခုစီတွင် အခင်းအကျင်းများကို ထိန်းချုပ်ရန် မန္တန်များလည်း ပါဝင်၏။

မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါးဖြစ်သော တာအိုဆရာ ကျင်းဖုန်း နောက်ချန်နေရစ်ခဲ့ခြင်းဖြင့် ဟွမ်လင်းကျွန်းသည် ဘေးကင်းလုံခြုံနေမည်သာ ဖြစ်သည်။

ထို့နောက် စုယွီက ကောင်းယွမ်ယွမ်နှင့် ကောင်းနျန်အာတို့ကို ကြည့်ကာ ပြောလိုက်၏။

"အဲဒီ လူတွေကို ခေါ်ပြီး ချင်းရွှမ် အင်မော်တယ်ဂိုဏ်းဆီ ငါ့နောက်က လိုက်ခဲ့ကြပါ..."

'ချင်းရွှမ် အင်မော်တယ်ဂိုဏ်း' ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ကောင်းယွမ်ယွမ်၏ မျက်နှာမှာ ဝင်းပသွားတော့၏။

တာအို ရုပ်သေး ရှိနေစဉ်ကတည်းက သူမသည် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်ပြီး အစားထိုးရန် အကြိမ်ကြိမ် ကြံစည်ခဲ့ဖူးသည်။

ထိုသို့ ပြုလုပ်မှသာ ကုန်းယွဲ့ ကုန်သွယ်ရေးအသင်းသည် ဖူလင်း ပင်လယ်နယ်မြေတွင် ခြေကုပ်ယူနိုင်မည်သာ။

'အခုတော့ သခင်ကြီးက ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို တကယ်ပဲ အရေးယူတော့မှာလား...'

ကောင်းယွမ်ယွမ် ရွေးချယ်ထားသော ကုန်းယွဲ့ ကုန်သွယ်ရေးအသင်းမှ ကျင့်ကြံသူများကို သူ၏ မှော်လက်နက် နန်းတော်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် စုယွီသည် ကောင်းယွမ်ယွမ်၊ ကောင်းနျန်အာတို့နှင့်အတူ လှေပျံပေါ်သို့ တက်ကာ ချင်းရွှမ် အင်မော်တယ်ဂိုဏ်း ကျွန်းစုများ ရှိရာသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

...

ချင်းရွှမ် ကျွန်းစုများ။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း။

ဖူလင်း ပင်လယ်နယ်မြေ တစ်ခုလုံးတွင် ချင်းရွှမ် ကျွန်းစုများကို အသေးစား ကျွန်းဒေသ တစ်ခုအဖြစ်သာ သတ်မှတ်နိုင်ပြီး အင်အားအကြီးဆုံး ဖြစ်သော ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသည်ပင် မူလဝိညာဉ် အရှင်သခင်ကြီး အင်အားစု တစ်ခုမျှသာ ဖြစ်သည်။

အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ မူလဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ရာ မှတ်သားလောက်စရာ မရှိပေ။

မည်သို့ပင် ဖြစ်စေကာမူ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသည် ပင်လယ်နယ်မြေအတွင်း လုံးဝ အရာမဝင်သည်တော့ မဟုတ်ပေ။ အကြောင်းကတော့ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသည် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းသို့ ဆက်သွယ်နိုင်သော နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ထားသောကြောင့်ပင်။

ကုန်သွယ်ရေး အင်အားစု အများအပြားနှင့် တသီးပုဂ္ဂလ ကျင့်ကြံသူများသည် ရွှမ်ထျန်း အင်မော်တယ်ကျွန်းသို့ အသွားအလာ ပြုလုပ်ရန် ဤ နေရာ ရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုလေ့ ရှိကြသည်။

သို့သော် ဤအချိန်တွင် ချင်းရွှမ် ကျွန်းစုများပေါ်ရှိ ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၌ အသစ်ခန့်အပ်ခံရသော ဂိုဏ်းချုပ်နှင့် ဘိုးဘေး၊ အကြီးအကဲများ စုရုံးနေ၏။ တစ်စုံတစ်ခုအား ဆွေးနွေးတိုင်ပင်လျက် ရှိကြသည်။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ အသစ်ခန့်အပ်ခံရသော ဂိုဏ်းချုပ်သည် တာအိုအမည် ချင်းယွီ ဟု ခေါ်သည်။ တာအို ရုပ်သေး လက်ချက်ဖြင့် ကျဆုံးသွားခဲ့သော ယခင် ဂိုဏ်းချုပ်၏ တပည့် တစ်ဦး ဖြစ်သည်။ သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်သွင်ပြင် ရှိကာ သူမ၏ ဆွဲဆောင်မှု အဆင့်မှာ ဆယ်ပုံတွင် ရှစ်ပုံ ကိုးပုံခန့် ရှိလေသည်။

သူမ၏ ပါရမီနှင့် အခွင့်အရေးများကြောင့် မကြာသေးမီကပင် မူလဝိညာဉ် အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး အရှင်သခင်ကြီး အသစ်တစ်ပါး ဖြစ်လာခဲ့သည်။

သူမ၏ အသက်မှာ နှစ်လေးရာ နီးပါး ရှိနေပြီ ဖြစ်၏။

အကယ်၍ သူမသည် အမြုတေ ဖွဲ့စည်းအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နေသေးပါက ထိုအသက်အရွယ်သည် အတော်လေး ကြီးရင့်နေပြီဟု သတ်မှတ်ရပေမည်။

သို့သော် ယခုအခါ သူမသည် မူလဝိညာဉ် အရှင်သခင်ကြီး အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ထိုအသက်အရွယ်သည် အသက် နှစ်ဆယ်၊ သုံးဆယ် အရွယ် လူငယ် အမျိုးသမီး တစ်ဦးနှင့် အတူတူပင် ဖြစ်လေတော့သည်။

All Chapters