အခန်း ၉၀၇
Vol. 61 Ch. 907
အခန်း (၉၀၇) - ကပ်ဘေး နိမိတ်၊ ခေတ်ကာလတစ်ခု၏ သင်္ကေတ
ကောင်းယွမ်ယွမ်၊ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ် တာအိုဆရာမ ချင်းယွီတို့သည် ယခင်ကတည်းက အဆက်အသွယ် ရှိခဲ့ကြ၏။ အကြိမ်အနည်းငယ် ဆုံတွေ့ခဲ့ဖူးသော အသိမိတ်ဆွေများပင်။
သို့သော် ယခင်က တွေ့ဆုံမှုများအားလုံးမှာ ကုန်သွယ်ရေးအသင်း၏ စီးပွားရေး ကိစ္စရပ်များကြောင့်သာ ဖြစ်ပြီး အပြန်အလှန် အပြုံးကိုယ်စီဖြင့် ရင်းနှီးစွာ ဆက်ဆံခဲ့ကြခြင်းသာ။
သို့သော် ယခုတစ်ကြိမ်တွင်မူ...။ အရှေ့ဘက်ရှိ ကြောက်မက်ဖွယ် ကောင်းလှသော လှေပျံကြီးထဲမှ ကောင်းယွမ်ယွမ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရချိန်၌ ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ် တာအိုဆရာမ ချင်းယွီတို့ ရင်ထိတ်ပျာသွားတော့သည်။
သူတို့ နှစ်ဦးစလုံး အကြီးအကျယ် မှင်သက်သွားကြ၏။
‘ဘယ်လိုလုပ်ပြီး သူမ ဖြစ်နေရတာလဲ’
ချင်းရွှမ် အင်မော်တယ်ဂိုဏ်း ဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ် တာအိုဆရာမ ချင်းယွီတို့၏ မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုများကို ကြည့်ရင်း ကောင်းယွမ်ယွမ်၏ အိုမင်းနေပြီဖြစ်သော မျက်နှာထက်တွင် ရဲတင်းသော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာ၏။
ထိုခံစားချက်က သူမ တာအိုရုပ်သေးကို ပထမဆုံး စတင်တွေ့ရှိခဲ့စဉ်က အတိုင်းပင်။ ယွီ မိသားစု၊ မုန့် မိသားစု၊ မိစ္ဆာနဂါးနက် ကုန်သွယ်ရေးအသင်းတို့နှင့် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အငြင်းပွားမှုများ ဖြစ်ပွားချိန်၌ တာအိုရုပ်သေး၏ အထောက်အပံ့ကို ရရှိခဲ့စဉ်က အလားပင်။
ထိုအချိန်က သူမသည် ကောင်းနျန်အာ ကဲ့သို့ တက်ကြွလန်းဆန်းကာ လှပတင့်တယ်သော မိန်းမပျိုလေးတစ်ဦးသာ ဖြစ်ခဲ့သေး၏။
တာအိုရုပ်သေး၏ ကျောထောက်နောက်ခံဖြင့် အချိန်တိုအတွင်း ကောင်း မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကုန်းယွဲ့ အင်မော်တယ်မြို့တော်ကိုပင် ကြီးစိုးလွှမ်းမိုးခဲ့ပြီး ကုန်းယွဲ့ ကုန်သွယ်ရေးအသင်းကို တည်ထောင်နိုင်ခဲ့သည်။
ယနေ့အချိန်တွင် ထိုစဉ်က တက်ကြွလန်းဆန်းသော စိတ်ဓာတ်မျိုး ပြန်လည် နိုးကြားလာသည့်နှယ်။
ကောင်းယွမ်ယွမ်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
"ချင်းရွှမ် ဘိုးဘေးကြီး... တာအိုမိတ်ဆွေ ချင်းယွီ... ရှင်တို့ နေကောင်းကြရဲ့လား..."
ချင်းရွှမ် ဘိုးဘေးကြီး၏ မျက်နှာအမူအရာ တင်းမာသွား၏။ ရင်ထဲတွင် အကြောက်တရားနှင့် ဆိုးရွားသော နိမိတ်များ ပြည့်နှက်လာကာ သတိကြီးစွာဖြင့် စကားစလိုက်၏။
"တာအိုမိတ်ဆွေ ကောင်း... ခင်ဗျား..."
သူ၏ စကားလုံးများ တုံ့ဆိုင်းသွားပြီးနောက် ပိုမို ရိုသေလေးစားသော လေသံသို့ ချက်ချင်း ပြောင်းလဲအသုံးပြုလိုက်ရသည်။
"သခင်မ... ဒီကို ဘာကိစ္စများ ကြွလာပါသလဲ ခင်ဗျာ..."
ယခင်အချိန်များက ကောင်းယွမ်ယွမ်ကို တွေ့ဆုံတိုင်း ချင်းရွှမ် ဘိုးဘေးကြီးသည် မိမိကိုယ်မိမိ အမြဲတမ်း အထက်စီးမှ ဆက်ဆံခဲ့၏။ ချင်းရွှမ် ဘိုးဘေးကြီးကို လူကိုယ်တိုင် တွေ့ဆုံခွင့် ရခြင်းကပင် သူမအတွက် ကြီးမားသော ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သည်။
ယခုမူကား...။ အရှေ့ဘက်ရှိ အဆင့်ငါး လှေပျံကြီးထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိချိန်၌ ချင်းရွှမ် ဘိုးဘေးကြီး၏ ရင်ထဲတွင် တဆတ်ဆတ် တုန်ယင်နေတော့၏။
ကောင်းယွမ်ယွမ်သည် အမြုတေ ဖွဲ့စည်း အဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ပြီး ကျင့်ကြံခြင်း၊ အဆင့်အတန်း၊ ရာထူးအားလုံးတွင် သူ့ထက် နိမ့်ကျနေဆဲ ဖြစ်လင့်ကစား...။
သူသည် ကောင်းယွမ်ယွမ်ကို စကားပြောရာတွင် သတိထား၍ ရိုသေလေးစားသော အသုံးအနှုန်းကို ပြောင်းလဲအသုံးပြုခဲ့ရသည်။ နည်းနည်းလေးမျှပင် မရိုင်းရဲပေ။
ကောင်းယွမ်ယွမ်က သူမနောက်ရှိ တာအိုဆရာမ ချင်းယွီကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ခစ်ခနဲ ရယ်မောကာ အသိပေးလိုက်၏။
"ချင်းရွှမ် ဘိုးဘေးကြီး... တာအိုမိတ်ဆွေ ချင်းယွီ... ကျွန်မရဲ့ သခင်က ရှင်တို့ကို တွေ့ဆုံဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... ကျေးဇူးပြုပြီး ကြွခဲ့ကြပါ..."
ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့၏ မျက်နှာများ တစ်ဖန် ကွက်ခနဲ ပျက်သွားကြပြန်၏။ သူမ၏ သခင် ဟုတ်လား။
ကောလဟာလများအရ ဟွမ်လင်း ကျွန်း၏ နောက်ကွယ်တွင် လွန်စွာ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးက တစ်ချိန်က ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားကာ ဟွမ်လင်း ကျွန်းပတ်ဝန်းကျင်ရှိ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများကို အနိုင်ယူခဲ့ပြီး ဟွမ်လင်း ကျွန်းအတွက် အင်အားအခြေခံအုတ်မြစ်သစ်ကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုအချိန်မှစ၍ ထိုပုဂ္ဂိုလ်ကြီး လှုပ်ရှားသည်ဟူသော သတင်းများ ထပ်မံ မထွက်ပေါ်လာတော့။ နှစ်ကာလများ ကြာမြင့်လာသည်နှင့်အမျှ ဟွမ်လင်း ကျွန်း၏ နောက်ကွယ်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေကြောင်းကိုပင် လုံးဝ မေ့နေကြလေပြီ။
သို့သော် ယခုအခါတွင်မူ...သူတို့ရှေ့ရှိ အဆင့်ငါး လှေပျံကြီးကို ကြည့်ရင်း နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်
နေရတော့သည်။
ဟွမ်လင်း ကျွန်း၏ နောက်ကွယ်မှ ထိုပုဂ္ဂိုလ်ကြီးသည် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါး များ ဖြစ်နေမလား။
သူတို့ နှစ်ဦးစလုံး၏ နှလုံးသားများ တဒိတ်ဒိတ် တုန်ယင်သွားကြ၏။
အရှင်သခင်ကြီးများ၏ တည်ငြိမ်သော ဟန်ပန်များ ချက်ချင်း ပျောက်ကွယ်သွား၏။ ငြင်းဆန်ရန် စကားတစ်ခွန်းမျှပင် မဟရဲတော့ဘဲ စစ်သင်္ဘောထဲမှ အထိတ်တလန့် ထွက်လာကာ သတိကြီးစွာဖြင့် လှေပျံကြီးဆီသို့ လျှောက်သွားကြတော့သည်။
သူတို့သည် လှေပျံပေါ်သို့ ရောက်ရှိပြီး ကောင်းယွမ်ယွမ်၏ ရှေ့သို့ ရောက်လာ၏။
သူတို့၏ ယခုလို အခြေအနေကို ကြည့်ရင်း ကောင်းယွမ်ယွမ်က မည်သို့မျှ မလှောင်ခဲ့ပေ။
ခပ်ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး လမ်းပြရန် လှည့်ထွက်လိုက်၏။
"ဝင်ခဲ့ကြပါ... သခင်က စောင့်နေပါတယ်..."
ကောင်းယွမ်ယွမ်၏ နောက်မှနေ၍ လှေပျံကြီးအတွင်းသို့ လိုက်ပါသွားစဉ် ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့မှာ အမြင်အာရုံများ ဝေဝါးသွားပြီး မြင်ကွင်းများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ကြရ၏။ ထို့နောက် သူတို့၏ မျက်စိရှေ့တွင် အလွန် ခမ်းနားကြီးကျယ်လှသော အင်မော်တယ် နန်းတော်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
အတွင်းပိုင်း ဟင်းလင်းပြင် နေရာလွတ်ကြီးမှာ အပြင်မှ ကြည့်ရသလောက် သေးငယ်မနေခဲ့ပေ။
အင်မော်တယ် နန်းတော်ကြီး၏ အဆုံးတွင် ရွှေနှင့် ကျောက်စိမ်းများ တလက်လက် တောက်ပနေသော ပလ္လင်ကြီး တစ်ခု ရှိနေပြီး ထိုပလ္လင်ထက်တွင် အစိမ်းရောင် ဝတ်ရုံ ဆင်မြန်းထားသော ပုံရိပ်တစ်ခုက ထိုင်နေလေ၏။
ထိုပုံရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့မှာ လန့်ဖျပ်သွားကြသည်။ အကြောင်းမူကား ထိုပုဂ္ဂိုလ်သည် သူတို့ မျှော်လင့်ထားသည်ထက် များစွာ ငယ်ရွယ်နေသောကြောင့်ပင်။
သို့သော် သူတို့ရှေ့မှ ထိုပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည့်အခိုက်မှာတော့ ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့က အလျင်အမြန် ခေါင်းငုံ့ချလိုက်ကြပြီး နောက်ထပ် မော့မကြည့်ရဲတော့ချေ။
ကောင်းယွမ်ယွမ်၏ နောက်မှ နေ၍ အင်မော်တယ် နန်းတော်ကြီး အတွင်းသို့ ကြောက်ရွံ့တုန်လှုပ်စွာ ဝင်ရောက်လာကြ၏။
"သခင်... ချင်းရွှမ် ဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ် တာအိုဆရာမ ချင်းယွီတို့ကို ခေါ်လာခဲ့ပါပြီ..."
ကောင်းယွမ်ယွမ်က ညင်သာစွာ သတင်းပို့ပြီးနောက် ရိုသေလေးစားစွာဖြင့် ဘေးသို့ ဖယ်ရပ်စောင့်ဆိုင်းနေလိုက်၏။
ပလ္လင်ထက်တွင်မူ စုယွီက သူ၏ရှေ့ရှိ ချင်းရွှမ် ဘိုးဘေးကြီးနှင့် ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်တို့ကို အကဲခတ် ကြည့်ရှုလိုက်သည်။
ချင်းရွှမ် ဘိုးဘေးကြီးမှာ အသက်အရွယ် အတော်ကြီးရင့်နေပြီ။ အနည်းဆုံး အသက် ခုနစ်ရာ ရှစ်ရာခန့် ရှိနေမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးရန် သိပ်မလိုတော့ပေ။ ဆံပင်များ ဖြူဖွေးကာ မျက်လုံးများ တွန့်ကြေနေပြီး လောကဓံ၏ အတက်အကျများကို ခံစားဖူးသည့် အငွေ့အသက်များ ဖြာထွက်နေသော အိုမင်းမစွမ်း အဘိုးအိုကြီး တစ်ဦးနှင့် တူနေ၏။
ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ကမူ ပါးလွှာပေါ့ပါးသော မိုးပြာရောင် ဂါဝန် ဆင်မြန်းထားပြီး သူမ၏ သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်လေးကို ခပ်ရေးရေး မြင်တွေ့နေရကာ အလွန် ဆွဲဆောင်မှု ရှိလှ၏။
ထို့အပြင် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်သည့်အားလျော်စွာ သူမ၏ ဟန်ပန်မှာ ကောင်းနျန်အာ ထက်ပင် ပို၍ ထူးကဲမြင့်မြတ်နေသေး၏။
ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့က မသက်မသာ ဖြစ်မှုများ ပြည့်နှက်နေလျက် ရိုသေစွာ ဦးညွှတ်လိုက်ကြပြီး ဂါရဝပြုလိုက်ကြသည်။
"မျိုးဆက်သစ် ချင်းရွှမ်နဲ့ ချင်းယွီတို့က စီနီယာကြီးကို ရိုသေစွာ ဂါရဝပြုပါတယ် ခင်ဗျာ..."
"စီနီယာကြီးက ကျွန်တော်တို့ကို ဘာကိစ္စများကြောင့် ခေါ်ယူရသလဲ ဆိုတာ မသိရပါဘူး... အဲဒါကြောင့်..."
စုယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် အင်မော်တယ် အရှိန်အဝါ၏ စွမ်းအားများ လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမဆောင်ကြီး တစ်ခုလုံးနှင့် ယင်း၏ ဟင်းလင်းပြင် နေရာလွတ်ကြီးပါ အေးခဲခိုင်မာသွားတော့သည်။
ချင်းရွှမ် ဘိုးဘေးကြီးနှင့် တာအိုဆရာမ ချင်းယွီတို့မှာ ပြန်လည်ခုခံရန် လုံးဝ အခွင့်အရေး မရလိုက်ချေ။ ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် အင်မော်တယ် အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် သူတို့၏ ခြေထောက်များ ခွေယိုင်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲကျသွားကြတော့သည်။
"ဝုန်း..."
ထို အင်မော်တယ် အရှိန်အဝါက မိုးကြိုးများ ပေါက်ကွဲသွားသကဲ့သို့ သူတို့၏ သိစိတ်ပင်လယ်အတွင်းသို့ အဟုန်ပြင်းစွာ ကျဆင်းလာ၏။ သူတို့၏ အသိအာရုံများ လုံးဝ ဗလာကျင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးစေးများ စိုရွှဲလာကာ ပလ္လင်ပေါ်ရှိ စုယွီကိုသာ အသိလွတ်စွာ ငေးကြောင်
ကြည့်နေမိကြတော့သည်။
ထိုအခိုက်အတန့်တွင် စုယွီက တာအိုနယ်ပယ် အင်မော်တယ် အရှိန်အဝါ အချို့ကို ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်အေးဆေးစွာ အမိန့်ပေးလိုက်၏။
"မကြာခင်မှာ ဖူလင်း ပင်လယ်နယ်နိမိတ် ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်... ကမောက်ကမတွေ မကြာခဏ ဖြစ်ပေါ်လာပြီး အခြေအနေတွေ အားလုံး ဆိုးရွားလာလိမ့်မယ်..."
"အခုကစပြီး မင်းတို့ရဲ့ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းက ငါ့ကို အညံ့ခံပြီး ငါ့အမိန့်တွေကို လိုက်နာရမယ်..."
"မင်းတို့ ဘာများ ကန့်ကွက်စရာ ရှိသေးလဲ…”