အခန်း ၉၁၁
Vol. 61 Ch. 911
အခန်း (၉၁၁) - အင်မော်တယ်တာအို၏ ကံကြမ္မာအခွင့်အရေးများ၊ လရောင် နတ်ဘုရား သိုင်းကျမ်း
"ဝှီး..."
သူ၏လက်ထဲရှိ မီးဖီးနစ်ကောင်းကင်လေးအတွင်းသို့ ဓာတ်ကြီးငါးပါး စွမ်းအားများနှင့် ဓာတ်ကြီးငါးပါးတာအိုနယ်မြေ၏ စွမ်းအားအပြည့်အဝ စီးဝင်သွား၏။ မျက်စိကျိန်းမတတ် တောက်ပလှသော မီးဖီးနစ်ငှက်ကြီး ဖွဲ့တည်လာ၏။ ဖီးနစ် မီးတောက်မီးလျှံများက ကောင်းကင်ယံအား လောင်ကျွမ်းသွားစေတော့သည်။
ဤ ငရဲမီးတောက်ကြီးအောက်တွင် ဟင်းလင်းပြင်ကိုယ်တိုင်ပင် ပြာကျကွဲအက်သွားတော့မည့်အလား ထင်မှတ်ရ၏။
"ရွှီး..."
ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စုမှ အဆင့်ငါး အထွတ်အထိပ် မိစ္ဆာအရှင်သခင်၏ စိတ်အာရုံထဲတွင် စူးရှကျယ်လောင်သည့် အော်မြည်သံ ပဲ့တင်ထပ်သွား၏။
မီးဖီးနစ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါကြောင့် ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု မိစ္ဆာအရှင်သခင်၏ သွေးမျိုးဆက်ပင်လျှင် တဆတ်ဆတ် တုန်ယင်သွားရ၏။ ၎င်းမှာ သူတို့၏ သွေးမျိုးဆက်က ဖိနှိပ်ခံလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့တုန်လှုပ်မှုပင် ဖြစ်သည်။
အချိန်နယ်မြေက လောကတစ်ခုလုံးကို လွှမ်းခြုံထားလိုက်ရာ အဆင့်ငါး အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကိုပင် သက်ရောက်သွားစေပြီး ၎င်း၏ တုံ့ပြန်မှုအရှိန်ကို နှေးကွေးထိုင်းမှိုင်းသွားစေတော့၏။
မီးဖီးနစ်ကောင်းကင်လေး၏ ကြောက်မက်ဖွယ်စွမ်းအားကို ၎င်း အာရုံခံမိချိန်၌ အထက်ကောင်းကင်ယံမှ မြားတစ်စင်း ပစ်လွှတ်လိုက်လေပြီ။
မျက်စိကျိန်းမတတ် တောက်ပလှသော မီးတောက်အလင်းတန်းကြီး ပန်းထွက်လာကာ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး အထက်မှနေ၍ အဟုန်ပြင်းစွာ ပစ်ခွင်းလာတော့သည်။
"ဝုန်း..."
မြားတံက အဆင့်ငါး အထွတ်အထိပ် မိစ္ဆာအရှင်သခင်၏ ဦးခေါင်းကို တည့်မတ်စွာ ဖောက်ထွင်း
ပေါက်ကွဲသွားစေ၏။ ၎င်း၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ကျန်ရစ်ခဲ့သည်။
၎င်း၏ မူလဝိညာဉ်ကိုပါ ထိုးဖောက်သွား၏။ မူလဝိညာဉ်၏ ထက်ဝက်နီးပါးကို ပြာကျလောင်ကျွမ်းသွားစေတော့သည်။
ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ မိစ္ဆာအရှင်သခင်မှာ အကြောက်တရားများ ပြည့်နှက်သွားငည်။ ကျန်ရှိနေသော မူလဝိညာဉ်ဖြင့် ခန္ဓာကိုယ်ထဲမှ အလျင်အမြန် ထွက်ပြေးကာ လေဟာနယ်ထဲသို့ လွတ်မြောက်ရန် ကြိုးပမ်းတော့၏။
"ပြေးမယ်... ပြေးမယ်... ပြေးမှပဲ..."
သို့သော် နောက်တစ်ခဏ၌ ဝိညာဉ်စွမ်းအားတစ်ခုက ဆင်းသက်လာပြီး ၎င်းကို လွှမ်းခြုံကာ လုံးဝအပြည့်အဝ ဖိနှိပ်ချုပ်နှောင်လိုက်၏။
ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု မိစ္ဆာအရှင်သခင်သည် ၎င်း၏ နတ်ဘုရားဝိညာဉ်မှာ ခေတ္တမျှ တွေဝေသွားသည်ဟုသာ ခံစားလိုက်ရပြီး ကောင်းကင်တာအို၏ သံသရာဘေးဒုက္ခ စက်ဝန်းထဲသို့ ကျဆင်းသွားကာ အသိစိတ်အားလုံး ပျောက်ကွယ်သွားတော့သည်။
ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ စိတ်ဝိညာဉ် တိုက်ကွက် - သံသရာဘေးဒုက္ခ...
"ဝှီး..."
အထက်ကောင်းကင်ယံထက်တွင်... စုယွီ၏ မျက်နှာက အနည်းငယ် ဖြူရော်နေ၏။ သူသည် အချိန်တိုအတွင်း ချီစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများကို အမြောက်အမြား အသုံးပြုထားရသည်။ ဟင်းလင်းပြင်ကြေးအိုးငယ်နှင့် မီးဖီးနစ်ကောင်းကင်လေး ဟူသော အဆင့်မြင့် မှော်လက်နက်နှစ်ခုကို တစ်ပြိုင်နက် အသက်သွင်းလိုက်ရသဖြင့် ဖိအားများနေ၏။
မည်သို့ပင် ဖြစ်စေကာမူကာမူ သူက ဓာတ်ကြီးငါးပါးလုံးကို တစ်ပြိုင်နက်တည်း ပူးတွဲကျင့်ကြံထားသဖြင့် သူ၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းခိုင်မာလှသည်။
သို့သော်လည်း အဆင့်မြင့်မှော်လက်နက်များဆိုသည်က ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီးများ အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်းသာ။
ယခု စုယွီက မူလဝိညာဉ်အဆင့် နဝမအလွှာ၌သာ ရှိနေသေးသည်။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် သင့်လျော်သော မှော်ရတနာမှာ အဆင့်နိမ့် မှော်လက်နက်တစ်ခုသာ ဖြစ်၏။
ဟင်းလင်းပြင်ကြေးအိုးငယ်နှင့် မီးဖီးနစ်ကောင်းကင်လေးတို့ကို ပြန်လည်သိမ်းဆည်းပြီးနောက် စုယွီက လက်တစ်ချက် ဝှေ့ယမ်းကာ ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ အဆင့်ငါး အထွတ်အထိပ် မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်ကို သိမ်းယူလိုက်သည်။ ကျန်ရှိနေသော မိစ္ဆာအရှင်သခင်၏ မူလဝိညာဉ်ကိုလည်း ချိတ်ပိတ်ကာ သယ်ဆောင်သွားတော့၏။
မိစ္ဆာအရှင်သခင်၏ ဂူစံအိမ်ကို ရှာဖွေပြီးနောက် အလွန်အစွမ်းထက်သော အရှိန်အဝါများ ရှိသည့် မှော်ရတနာ နှစ်ခုကို သူ ရှာတွေ့သွားသည်။
တစ်ခုက အလယ်အလတ်အဆင့် အဆင့်မြင့် မှော်လက်နက်ဖြစ်သည့် ဝံပုလွေစွယ် တင်းပုတ်တစ်ခုနှင့် ဆင်တူ၏။
အခြားတစ်ခုမှာ မျှော်စင်ပုံစံ မှော်ရတနာ တစ်ခု ဖြစ်ပြီး ၎င်းအတွင်း၌ ပိတ်လှောင်ထားသော နေရာလွတ် တစ်ခု ပါရှိ၏။ ၎င်းက လူသားမျိုးနွယ်စု ကျင့်ကြံသူအချို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် အကျဉ်းထောင်နှင့် ဆင်တူသော ဖိနှိပ်ရေးရတနာတစ်ခု ဖြစ်ပုံရသည်။
အတွင်းရှိ ကျင့်ကြံသူများ၏ အရှိန်အဝါများကို အာရုံခံမိလိုက်သောအခါ စုယွီ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွား၏။
ထိုလေးယောက်စလုံးမှာ အစွမ်းထက်သော ကျင့်ကြံခြင်း အရှိန်အဝါများ ရှိကြသည်ပင်။ အားအနည်းဆုံးသူပင်လျှင် မူလဝိညာဉ်အဆင့် နဝမအလွှာ၊ နှစ်ယောက်မှာ ဝိညာဉ်ခွဲထွက်အဆင့် ကနဦးအလွှာနှင့် ကျန်တစ်ယောက်မှာ အလယ်အလတ်အလွှာ၌ ရှိနေကြ၏။
သူက ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် အတွင်းရှိ ထိုလေးယောက်ကို အနှောင့်အယှက် မပေးရန် ဆုံးဖြတ်လိုက်သည်။
'ဒီရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု မိစ္ဆာအရှင်သခင်ရဲ့ မူလဝိညာဉ်ကို ပြန်ပြီး အရင်သန့်စင်မယ်... ပြီးမှ သူ့ရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးပြီး သူတို့ရဲ့ နောက်ခံအတိအကျကို ဖော်ထုတ်ရမယ်...'
စုယွီက သူ့ဦးနှောက်အား အလုပ်ပေးလိုက်၏။
ဤမိစ္ဆာအရှင်သခင်၏ စွမ်းအားနှင့်ဆိုလျှင် ထိုလေးယောက်ကို သတ်ဖြတ်ရန်မှာ ခက်ခဲမည်မဟုတ်ပေ။
သို့သော် ၎င်းက အသေအလဲ တိုက်ခိုက်ခဲ့ခြင်း မရှိချေ။
ထိုသို့သတ်ဖြတ်မည့်အစား ၎င်းတို့ကို ဤအလယ်အလတ်အဆင့် မှော်ရတနာထဲတွင် ချုပ်နှောင်ထားခဲ့ခြင်းမှာ အနည်းငယ် ထူးဆန်းနေ၏။
ဤမိစ္ဆာအရှင်သခင် ပိုင်ဆိုင်ထားသော ရတနာများထဲတွင် အလယ်အလတ်အဆင့် မှော်ရတနာနှစ်ခုအပြင် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးနှင့် ကျင့်ကြံခြင်းအရင်းအမြစ် မြောက်မြားစွာလည်း ပါဝင်နေ၏။
သို့သော်လည်း စုယွီ၏ အမြင်တွင်မူ အဖိုးတန်ဆုံးအရာများမှာ ဤမိစ္ဆာအရှင်သခင်များ၏ မိစ္ဆာအမြုတေများသာ ဖြစ်သည်။
ဤမိစ္ဆာအမြုတေများနှင့်ဆိုလျှင် သူသည် အနာဂတ်တွင် အခြားလိုအပ်သော ပစ္စည်းများကို ထပ်မံစုဆောင်းရုံဖြင့် အဆင့်ငါး အဆင့်မြင့် တာအိုရုပ်သေးတစ်ရုပ် သွန်းလုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို အပြည့်အစုံ ရရှိနိုင်တော့မည်။
"ဝှီး..."
ဤမိစ္ဆာအရှင်သခင်ကို အမဲလိုက် သတ်ဖြတ်ပြီးနောက် စုယွီ၏ ပတ်ဝန်းကျင်တွင် လှိုင်းထလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူစံအိမ်ထဲမှ ပျောက်ကွယ်သွားတော့၏။
ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ ရတနာတိုက်အတွင်းသို့ စုယွီက တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။ တာအိုနယ်မြေနှင့် ဟင်းလင်းပြင်ကြေးအိုးငယ်တို့ကို အသုံးပြု၍ သူ့ကိုယ်သူ ဖုံးကွယ်ထားရာ မျိုးနွယ်စုတစ်ခုလုံး၏ အခင်းအကျင်းများနှင့် အချက်ပေးစနစ်များအားလုံးက သူ၏ ဝင်ရောက်လာမှုကို လုံးဝ မသိရှိလိုက်ကြချေ။
သို့သော် ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ ရတနာတိုက်ကို အကဲခတ်ကြည့်
လိုက်သောအခါ စုယွီ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ကွေးသွားတော့၏။
ဤနေရာတွင် တောင်လိုပုံနေသော သာမန်အရင်းအမြစ်များ အမှန်တကယ် များပြားစွာရှိနေသော်လည်း ၎င်းတို့အားလုံးကို အခင်းအကျင်း အမျိုးမျိုးဖြင့် ချိတ်ပိတ် ဖုံးလွှမ်းထား၏။ အထူးသဖြင့် အရေးကြီးသော အရင်းအမြစ်များနှင့် ရတနာများကို အဆင့်ငါး အခင်းအကျင်းများနှင့် တားမြစ်ချက်များဖြင့် အသေအချာ ကာကွယ်ထားလေသည်။
သူ၏ တာအိုနယ်မြေ စွမ်းရည်များဖြင့် သီအိုရီအရ ဤရတနာများကို အဝေးမှ လှမ်းယူနိုင်သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် ကြီးမားလှသော ချီစွမ်းအားများနှင့် စိတ်အာရုံစူးစိုက်မှုတို့ များစွာ လိုအပ်ပေလိမ့်မည်။
ထို့အပြင် အချိန်လည်း အတော်အတန် ယူရပေမည်။
'ဒီရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စုက တကယ်ကို အကုန်အကျခံထားတာပဲ...'
စုယွီ မိမိဘာသာ တီးတိုးရေရွတ်လိုက်၏။
သူ၏မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ စုစည်းလာကာ ရွှေပုစဉ်းရင်ကွဲ မျက်လုံး ပညာရပ်ကို အသုံးပြုလျက် ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ ရတနာတိုက် တစ်ခုလုံးကို စေ့စေ့စပ်စပ် စူးစမ်းရှာဖွေလိုက်၏။
ထိုစဉ် ရုတ်တရက် ရတနာတိုက်၏ အနက်ရှိုင်းဆုံးနေရာ၌ အစွမ်းထက်သော အခင်းအကျင်းတစ်ခုဖြင့် ကာကွယ်ထားသည့် လျှို့ဝှက်နေရာလွတ်တစ်ခုကို သူ တွေ့ရှိလိုက်ရ၏။ ထိုနေရာတွင် လူ့ ဦးခေါင်းအရွယ်အစားခန့်ရှိသော ငွေဖြူရောင် စာရွက်အပိုင်းအစအား ဝှက်ထားသည်။
ထိုလျှို့ဝှက်နေရာလွတ်အတွင်း၌ ငွေဖြူရောင် စာရွက်အပိုင်းအစလေးက ခပ်ဖျော့ဖျော့ အင်မော်တယ် အလင်းရောင် ထုတ်လွှတ်နေ၏။
ကောင်းကင်ယံထက်မှ လမင်းကြီးက ရေကဲ့သို့ ညင်သာနူးညံ့သော ငွေဖြူရောင် လရောင်များကို ဖြာကျနေသည့်နှယ်။
ပေါ့ပါးနူးညံ့ပြီး မိစ္ဆာချီအငွေ့အသက် အနည်းငယ်မျှပင် မပါရှိချေ။
သို့သော် စုယွီ၏ ရွှေပုစဉ်းရင်ကွဲ မျက်လုံးအောက်တွင် သူ၏ ဝိညာဉ်အာရုံဖြင့် အတွင်းသို့ ထိုးဖောက်စူးစမ်းလိုက်သောအခါ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်သည့် အေးစက်မှုကြီး တစ်ခုကို အာရုံခံမိလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် စုယွီ၏ မျက်လုံးများထဲရှိ အမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။
ဒီစာရွက်အပိုင်းအစက ဘာကြီးလဲ။ ၎င်း၏ အေးစက်သော အရှိန်အဝါက သူ၏ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်ပြီး သူ့ကိုပင် မသက်မသာ ဖြစ်သွားစေသည်အထိပင်။
စုယွီ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိ။
သူ၏ ပုံရိပ်က လျှို့ဝှက်နေရာလွတ်ရှေ့တွင် ရိပ်ခနဲ ပေါ်လာပြီး လက်တစ်ဖက် ဆန့်တန်းလိုက်၏။ လှိုင်းထနေသော ရေကန်တစ်ခုအတွင်းသို့ နှိုက်ယူလိုက်သကဲ့သို့ ဟင်းလင်းပြင်အား ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သူ လက်ကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် ထိုစာရွက်အပိုင်းအစလေးမှာ သူ၏ ယွင်ချန်လက်စွပ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သို့သော် ထိုအခိုက်အတန့်မှာပင် ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု၏ ရတနာတိုက် အခင်းအကျင်းက ရုတ်တရက် အသက်ဝင်လာပြီး ဟင်းလင်းပြင်တစ်လျှောက် တွန့်လိမ်လာတော့သည်။ မြောက်များစွာသော အခင်းအကျင်းများက ကောင်းကင်နှင့် မြေကြီးကို ချိတ်ပိတ်သွားပြီး အခင်းအကျင်းများ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေ၏။
ထိုအခါ ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စု တစ်ခုလုံး သတိထားမိသွားကြသည်။
စောင့်ကြပ်နေကြသော အဆင့်ငါး မိစ္ဆာအရှင်သခင်ကြီးများ တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာကာ ရတနာတိုက်ရှိရာသို့ အပြေးအလွှား ချဉ်းကပ်လာကြတော့သည်။