← Chapters

အခန်း ၉၁၃

Vol. 61 Ch. 913

အခန်း ၉၁၃

Vol. 61 Ch. 913

အခန်း (၉၁၃) - ယွဲ့ အင်မော်တယ်မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း၊ အဆင့် ချိုးဖြတ်မည့် အကြိုနေ့

ပင်လယ်နယ်မြေကြီးက အဆုံးအစမဲ့ ကျယ်ပြောလှ၏။

ခွန်းလင် ဝိညာဉ် အသိုက်ကြီး ပေါ်ထွက်လာမှုနှင့်အတူ မဟာတာအို၏ ဖျက်ဆီးခြင်း အရှိန်အဝါများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားတော့သည်။

မိုင်ပေါင်း သောင်းချီ၍ ကွာဝေးနေသည့်တိုင်အောင် သက်ရှိအားလုံးက ထိုနေရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကြမ်းကြုတ်ရက်စက်မှုနှင့် မဟာတာအို၏ အတက်အကျ လှိုင်းဂယက်များကို ခံစားနေကြရပြီး လောကအား တုန်လှုပ်သွားစေ၏။

လူသားမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်တွင် ဧရာမ လှေပျံကြီးများနှင့် စစ်သင်္ဘောကြီးများ.. ခွန်းလင် ဝိညာဉ် အသိုက်ရှိရာ အရပ်ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားနေကြသည်။

တချို့သော သူများကလည်း ဧရာမ သားရဲကြီးများကို စီးနင်းလျက် ရောက်ရှိလာကြ၏။ ထိုသားရဲကြီးများ၏ ဟိန်းဟောက်သံများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး မြောက်မြားစွာသော လူသားမျိုးနွယ်စု ကျင့်ကြံသူများအား မျက်နှာများ ဖြူရော်သွားစေတော့သည်။

ပင်လယ်နယ်မြေ၏ အောက်ဘက်တွင် ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာမှုနှင့်အတူ အဆုံးအစမဲ့ မိုးကြိုးများ ကောင်းကင်ယံထက်၌ ပေါင်းဆုံသွားကြပြီး လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားကြ၏။ ပင်လယ်နယ်မြေကြီးက ပေရာချီမြင့်မားသော လှိုင်းလုံးကြီးများနှင့်အတူ လှိုင်းလေထန်နေပြီ ဖြစ်ကာ သမုဒ္ဒရာ၏ ဟိန်းဟောက်သံများနှင့် ဒေါသတကြီး ရိုက်ခတ်သံများ ထုတ်လွှတ်နေသည်။

ပင်လယ်နယ်မြေ၏ အောက်ခြေ၌ ကူးခတ် လှုပ်ရှားနေကြသော ဧရာမ ပင်လယ်သတ္တဝါကြီးများကို ဝေဝေဝါးဝါး မြင်တွေ့နိုင်တော့၏။

ခွန်းလင် ဝိညာဉ် အသိုက် တည်နေရာနှင့် မဝေးလှသော မိုင်ရှစ်ထောင်ခန့် အကွာအဝေးတွင် ကျွန်းငယ်လေး တစ်ခု ရှိ၏။

ပင်လယ်နယ်မြေရှိ ဖုန်းယွမ်အင်မော်တယ်ကျွန်းမှ ချင်းယွမ်အရှင်သခင်က အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများ၊ သူ၏ ဂိုဏ်းတူ ညီအစ်ကို မောင်နှမများနှင့် အခြားသူများကို လာရောက်ပူးပေါင်းရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ခွန်းလင် ဝိညာဉ် အသိုက်ရှိရာ အရပ်ဆီမှ ဖုံးကွယ်ထားသော ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ အရှိန်အဝါများကို အာရုံခံမိနေသည်။

ထို့အပြင် လူသားမျိုးနွယ်စု အတွင်း၌လည်း မိစ္ဆာလမ်းစဉ်နှင့် ဗုဒ္ဓလမ်းစဉ်တို့၏ အရှိန်အဝါ လှိုင်းဂယက်များက သူတို့၏ မျက်ခုံးများကို တဖြည်းဖြည်း တွန့်ချိုးသွားစေ၏။

အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် အသက်သုံးဆယ်အရွယ် လေးထောင့်စပ်စပ် မျက်နှာနှင့် အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်၏။

"ခွန်းလင် ဝိညာဉ် အသိုက်က တည်ငြိမ်သွားပြီး အပြည့်အဝ ပေါ်ထွက်လာဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရဦးမယ်ထင်တယ်... အဲဒီကျမှပဲ ငါတို့ ဖောက်ဝင်နိုင်လိမ့်မယ်..."

"အခု လူသားမျိုးနွယ်စု၊ ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုက အစွမ်းထက်တဲ့သူတွေ အကုန်ရောက်နေကြပြီဆိုတော့ တိုက်ပွဲကြီးတစ်ခုကတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူး..."

အောက်ချင်းယွမ်၏ ဘေးတွင် ရပ်နေသော အသက်အရွယ်တူ လူငယ်တစ်ဦးက အောက်ချင်းယွမ်ထံသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်၏။

"ညီမလေး... မင်းရဲ့ဒဏ်ရာက တကယ် သက်သာသွားပြီလား... အပြည့်အဝ မကျက်သေးဘူးဆိုရင် တိုက်ပွဲစတဲ့အခါ ငါ့နောက်မှာပဲ နေပါ... အထဲဝင်တဲ့အခါ အစ်ကို မင်းကို ကာကွယ်ပေးမယ်..."

အောက်ချင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်၏။

"ညီမအတွက် အစ်ကို ဒုက္ခခံစရာ မလိုပါဘူးရှင်... အချိန်တန်ရင် အစ်ကို့ကိုယ်အစ်ကိုပဲ ဂရုစိုက်ပြီး ခွန်းလင် ဝိညာဉ် အသိုက်ထဲမှာ အခွင့်အရေးတွေ ရှာပါ..."

လူငယ်၏ မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ရယ်မောကာ ပြန်လည် ပြောဆိုလိုက်၏။

"စိတ်မပူပါနဲ့... ခွန်းလင် ဝိညာဉ် အသိုက်ထဲကို ဖောက်ဝင်နိုင်တဲ့သူ သိပ်အများကြီး ရှိမှာမဟုတ်ပါဘူး..."

"ငါတို့ ဖုန်းယွမ်အင်မော်တယ်ကျွန်းက ပင်လယ်နယ်မြေမှာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းအဖြစ် သတ်မှတ်ခံထားရတာပဲ... ငါတို့ကို ယှဉ်နိုင်တဲ့ .. ငါတို့နဲ့ တန်းတူလို့ ပြောနိုင်တဲ့ အင်အားစုက သိပ်မရှိပါဘူး..."

"ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုက ကောင်တွေ ငါတို့ကို မတားနိုင်ပါဘူး..."

အောက်ချင်းယွမ်က မည်သည့်စကားမှ ဆက်မဆိုဘဲ နှုတ်ဆိတ်နေလိုက်တော့၏။

*

အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။

နောက်ထပ် နှစ်နှစ်နီးပါးခန့် ကုန်လွန်သွားပြန်၏။

ခွန်းလင် ဝိညာဉ် အသိုက်မှ ထွက်ပေါ်လာသော မဟာတာအို၏ အရှိန်အဝါက တော်တော်လေး တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ အတွင်းသို့ ဝင်ရောက်ကာ ကံကြမ္မာအခွင့်အရေးများ ရှာဖွေနိုင်ရန်အတွက် အပြည့်အဝ ပေါ်ထွက်လာဖို့ နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ အချိန်ယူရတော့မည်။

သို့သော် ဤအခိုက်အတန့်တွင် ရွှမ်လိပ်မျိုးနွယ်စုနှင့် အခြား ပင်လယ်မျိုးနွယ်စုဝင်များက ရှူးရှူးရှားရှား ဟိန်းဟောက်လိုက်ကြ၏။ ပင်လယ်ပြင်ထဲမှ အဟုန်ပြင်းစွာ ပျံထွက်လာကာ ကောင်းကင်ယံကို လွှမ်းမိုးသွားသည့် လှိုင်းလုံးကြီးများ ဖန်တီးလိုက်ကြတော့သည်။

"လူသားမျိုးနွယ်စု... မင်းတို့ တော်တော် လွန်လာပြီနော်..."

"ငါတို့ရဲ့ မိစ္ဆာအရှင်သခင်ကို တိတ်တဆိတ် သတ်ဖြတ်ဖို့ လုပ်ကြံသူတွေ လွှတ်ရဲတယ်ပေါ့လေ... ခွေးမသားတွေ ..မင်းတို့ အသက်နဲ့ ပြန်ပေးဆပ်ကြစမ်း..."

ရွှမ်လိပ်မျိုးနွယ်စုနှင့် အခြား ပင်လယ်မျိုးနွယ်စုဝင်များက ဦးဆောင်ကာ ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများ၏ အနီးဆုံး စခန်းချရာ နေရာဆီသို့ တရကြမ်း ပြေးဝင်သွားကြ၏။

ဤစကားကို ကြားသောအခါ ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူအားလုံး မျက်မှောင်ကြုတ်သွားကြပြီး ရင်တွင်း၌ ဒေါသများ ပေါက်ကွဲလာကြသည်။

'ဒီပင်လယ်မျိုးနွယ်စုတွေ ဘာရူးသွားကြတာလဲ...'

'တိုက်ချင်တာက တစ်ပိုင်း... ဘာလို့ ဒီလို အကြောင်းပြချက် ပေးနေရတာလဲ...'

"ဟွန့်... ရွှမ်လိပ်မျိုးနွယ်စု၊ ရွှေကျားဝိညာဉ်ငါးမန်းမျိုးနွယ်စုနဲ့ တခြား ပင်လယ်မျိုးနွယ်စုတွေ... ငါတို့ လူသားမျိုးနွယ်စု ကျင့်ကြံသူတွေက မင်းတို့ကို ကြောက်နေမယ်လို့ ထင်နေတာလား... ဒီပင်လယ်နယ်မြေက မင်းတို့ မောက်မာခွင့်ရှိတဲ့ နေရာ မဟုတ်ဘူးကွ..."

ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ တာအိုသခင်ကြီးတစ်ပါးက ဒေါသတကြီး ကြွေးကြော်လိုက်ပြီး လက်မြှောက်ကာ မြှောက်ကာ ပစ္စည်းတစ်ခုကို ပစ်လွှတ်လိုက၏။ ၎င်းက အင်မော်တယ်တောင်တန်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပေါ်ထွက်လာသော ပင်လယ်မျိုးနွယ်စုများကို ချက်ချင်း ဖိနှိပ်ပစ်လိုက်၏။

အခြား ကျင့်ကြံသူများကလည်း ဤအခိုက်အတန့်တွင် ကိုယ်ပိုင် မှော်ရတနာများနှင့် မှော်လက်နက်များအား ဆက်တိုက် ဆင့်ခေါ်လိုက်ကြသည်။

"သတ်ကြ..."

သူတို့၏ ကြွေးကြော်သံများက ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားတော့၏။

"ဝုန်း..."

ဤသို့ဖြင့် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲသွားတော့သည်။

...

ချင်းရွှမ်ကျွန်းစုဝယ်

မကြာသေးမီကပင် စုယွီသည် အဆင့်ငါး အလယ်အလတ်အဆင့် ရွှမ်လိပ်တစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့ပြီး နတ်ဘုရားဖြစ်တည်ခြင်းသိုင်းကျမ်းဖြင့် သန့်စင်ခဲ့ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကို ပိုမို ကြံ့ခိုင်လာစေခဲ့၏။

ထိုရွှမ်လိပ်က ဖူလင်းပင်လယ်နယ်မြေသို့ ရောက်ရှိလာပြီးနောက်ပိုင်း သူ အမဲလိုက်ခဲ့သည့် တစ်ဆယ့်လေးကောင်မြောက် မိစ္ဆာအရှင်သခင် ဖြစ်သည်။

ထိုအရာအားလုံးကို ပင်လယ်နယ်မြေရှိ ပင်လယ်မျိုးနွယ်စုများထံမှ အမဲလိုက်ခဲ့လေ၏။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုမှ အဆင့်ငါး မိစ္ဆာအရှင်သခင်များကိုပင် သူ သန့်စင်ခဲ့ပြီးဖြစ်ကာ နှစ်ကောင်တိတိ ရှိပြီ ဖြစ်၏။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု၏ မိစ္ဆာအရှင်သခင်ကို သန့်စင်ပြီးနောက် စုယွီက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ကျွမ်းကျင်မှု မျက်နှာပြင်အား စစ်ဆေးလိုက်၏။

[ကျင့်စဉ် - ဓာတ်ကြီးငါးပါးကျင့်စဉ် (မူလဝိညာဉ်အဆင့် အဆင့်ကိုး၊ ၉၃.၄၈% ကျွမ်းကျင်မှု)၊ နတ်ဘုရားဖြစ်တည်ခြင်းသိုင်းကျမ်း (အဆင့်လေး၊ ၉၂.၉၅% ကျွမ်းကျင်မှု)]

"ခြောက်မှတ်ကျော်လောက် လိုနေသေးတာပဲ..."

စုယွီက သူ့ကိုယ်သူ တိုးတိုးရေရွတ်လိုက်ပြီး သူ၏ ရင်တွင်း၌ မယုံနိုင်လောက်အောင် တည်ငြိမ်နေမှုကို ခံစားနေရ၏။

ဝိညာဉ်ခွဲထွက်အဆင့်သို့ ရောက်ရှိရန် နီးကပ်လာလေလေ၊ သူ၏ နှလုံးသားက ပိုမို တည်ငြိမ်လာလေလေပင်။

'ပင်လယ်နယ်မြေကနေ ထွက်ခွာပြီး အရိုင်းနယ်မြေ ယွဲ့ အင်မော်တယ်စံအိမ် အပျက်အစီး နယ်မြေဆီ သွားပြီး တံခါးပိတ်ကျင့်ကြံဖို့ အချိန်တန်ပြီပဲ...'

စုယွီက သူ့ကိုယ်သူ တိတ်တဆိတ် တွေးတောလိုက်၏။

ထို့နောက် သူက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့၏။

အပြင်ဘက်တွင်မူ...

တာအိုဆရာ ချင်းရွှမ်က လွန်ခဲ့သော တစ်လကျော်ခန့်ကတည်းက ဤနေရာသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီး ခွန်းလင် ဝိညာဉ် အသိုက်နှင့် ပတ်သက်သော သတင်းအချို့ကို ယူဆောင်လာခဲ့သည်။

ချင်းရွှမ်အင်မော်တယ်နန်းတော်ဝယ် ကောင်းနျန်အာနှင့် တာအိုဆရာမ ချင်းယွိီတို့က စုယွီကို ပြုစုစောင့်ရှောက်နေကြသည်။ တာအိုဆရာ ချင်းရွှမ်က ရိုသေလေးစားစွာဖြင့် အစီရင်ခံလိုက်၏။

"စီနီယာ... ခွန်း ဝိညာဉ်အသိုက် တည်နေရာကနေ သတင်းရထားပါတယ်ခင်ဗျာ..."

"ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုနဲ့ တခြား ပင်လယ်မျိုးနွယ်စုတွေ ရူးသွပ်သွားကြပြီး လူသားမျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ ပဋိပက္ခဖန်တီးပြီး တိုက်ပွဲကြီးတစ်ခု ဆင်နွှဲနေကြပါတယ်..."

"တိုက်ပွဲက အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေပြီး လူသားမျိုးနွယ်စု၊ ပင်လယ်မျိုးနွယ်စုတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေကပါ တိုက်ပွဲထဲကို ပိုပိုပြီး ပါဝင်လာနေကြပါတယ်ခင်ဗျာ..."

"ဒါပေမဲ့ ခွန်းလင် ဝိညာဉ် အသိုက်က ကျွန်တော်တို့ ဖောက်ဝင်လို့ ရတဲ့အထိ တည်ငြိမ်သွားဖို့ အနည်းဆုံး နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရဦးမယ်လို့ ဆိုပါတယ်..."

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုနှင့် အခြား ပင်လယ်မျိုးနွယ်စုများ၏ ပေါက်ကွဲထွက်လာမှုနှင့် လုပ်ရပ်များအပေါ် စုယွီက အံ့အားသင့်သွားခြင်း အလျဉ်းမရှိခဲ့။

မည်သို့ပင်ဆိုစေကာမူ ဤကာလအတွင်း သူသည် ပင်လယ်မျိုးနွယ်စု နယ်မြေများစွာသို့ သွားရောက်ခဲ့ပြီး အဆင့်ငါး မိစ္ဆာအရှင်သခင် တစ်ဆယ့်လေးပါးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီးပြီပင်။

ဤအရေအတွက်က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့၏ အနေအထားအရဆိုလျှင်ပင် သူတို့အဖွဲ့ဝင်များ၏ အနည်းဆုံး ငါးပုံတစ်ပုံ ၊ လေးပုံတစ်ပုံခန့်အထိ ရှိနေလေ၏။

ဤမျှ များပြားလှသော မိစ္ဆာအရှင်သခင်များ တစ်ပြိုင်နက်တည်း ကျဆုံးသွားခြင်းကို ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုနှင့် အခြား ပင်လယ်မျိုးနွယ်စုများက မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

All Chapters