← Chapters

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း (၉၁၅) ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း၊ အဆင့်ချိုးဖြတ်မည့် အကြိုနေ့ (အပိုင်း-၃)

ပြင်းထန်လှသော တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ထိုသူသည် ဝိညာဉ်ငါးမန်း မျိုးနွယ်စု နယ်မြေအတွင်းမှ အသည်းအသန် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

သူ၏လက်ထဲတွင် သိုလှောင်လက်စွပ် တစ်ကွင်း ရှိနေခဲ့သော်လည်း ၎င်းကို ဝိညာဉ်ငါးမန်း မျိုးနွယ်စုက အမိအရ လုယူသိမ်းပိုက်နိုင်ခဲ့သည်။ ထိုသိုလှောင်လက်စွပ် အတွင်းမှနေ၍ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ အမှတ်အသားတံဆိပ်ပြား တစ်ခုကို ဝိညာဉ်ငါးမန်း မျိုးနွယ်စုက ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။

ပင်လယ်နယ်မြေကြီးက အချိန်နှင့်အမျှ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေ၏။

သို့သော် ဤအရာများကို စုယွီ လုံးဝ ဂရုမစိုက်ခဲ့ချေ။

နေရာရွှေ့ပြောင်း အခင်းအကျင်းကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီးနောက် စုယွီသည် ကောင်းနျန်အာကို အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်တွင် ထားရစ်သည်။ သူကမူ မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ တိတ်တဆိတ် ပြန်လည် ထွက်ခွာလာခဲ့သည်။ ထို့နောက် မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် အပျက်အစီးနယ်မြေဆီသို့ ချက်ချင်း ရွှေ့ပြောင်းသွားခဲ့တော့၏။

စုယွီသည် မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း၏ မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော် (တိလင် အင်မော်တယ်မြို့တော်) တွင်လည်း လုံးဝ အချိန်ဖြုန်းမနေခဲ့ဘဲ အပျက်အစီးနယ်မြေသို့ ရောက်ရောက်ချင်းမှာပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

စုယွီ မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်တွင် ပေါ်လာပြီး နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် အပျက်အစီးနယ်မြေသို့ ထွက်ခွာသွားသည်ဆိုသော သတင်းက စံအိမ်သခင် ဖန်ရှောင်ထံသို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့၏။

စုယွီ အပျက်အစီးနယ်မြေဆီသို့ သွားရောက်ကာ အရိပ်အယောင်မျှ မကျန်အောင် ပျောက်ကွယ်

သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ဖန်ရှောင်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးထက်တွင် လေးနက်စွာ တွေးတောနေသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

"ဦးလေးငယ်က ပင်လယ်နယ်မြေထဲက ခွန်းလင် ဝိညာဉ် အသိုက်ရဲ့ ကံကြမ္မာအခွင့်အရေး လုယူပွဲမှာ တကယ်ကြီး မပါဝင်ခဲ့ဘူးပဲ..."

"ဒီလို ကံကြမ္မာအခွင့်အရေးမျိုးတွေကို သူက စိတ်မဝင်စားတာလား..."

စုယွီ၏ အတွေးများကို နားမလည်နိုင်စွာဖြင့် ဖန်ရှောင်က သူမ၏ ခေါင်းလေးကို ညင်သာစွာ ခါယမ်းလိုက်၏။ သူမက စုယွီအား ခွန်းလင် ဝိညာဉ် အသိုက်ဆီသို့ သွားချင်ခြင်း ရှိမရှိ ဆက်သွယ်မေးမြန်းရန် စဉ်းစားနေခဲ့လေ၏။

သို့သော် သူမက သူ့အား နောက်တစ်ကြိမ် ရှာမတွေ့နိုင်ခဲ့ပြန်ချေ။

ယခု သူမ၏ ဦးလေးငယ်က တစ်ခဏမျှ ပေါ်လာခဲ့ပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားခဲ့ပြန်ပြီ။

'တကယ့်ကို ဒေါသထွက်ဖို့ကောင်းတဲ့ ဦးလေးငယ်ပဲ...'

ဖန်ရှောင် .. စိတ်ပျက်လက်ပျက်ဖြင့် ညည်းလိုက်မိတော့သည်။

အခြားတစ်နေရာတွင်

စုယွီသည် ယွဲ့အင်မော်တယ်စံအိမ်တော် အင်မော်တယ်မြို့တော်၏ အပျက်အစီး နယ်မြေ ရှိရာသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့၏။ ရှေးဟောင်း အင်မော်တယ်နန်းတော် အတွင်းသို့ သူ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် မြင့်မားသော စင်မြင့်ကြီး၏ အရှေ့တွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သော ရွှေရောင် ရုပ်သေး နှစ်ရုပ်က ၎င်းတို့၏ မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လာခဲ့ကြသည်။

ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက စုယွီအား စူးစိုက်ကြည့်လိုက်ကြပြီး သူ၏ ကျင့်ကြံခြင်း အရှိန်အဝါမှ ပြောင်းလဲမှုများကို သတိပြုမိသွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့ဩသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မေးခွန်းထုတ်လိုက်၏။

"မင်းရဲ့ ကျင့်ကြံခြင်းက ဒီလောက်တောင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာလား..."

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်ကလည်း တကျွတ်ကျွတ် စုပ်သပ်လိုက်ပြီး စုယွီအား အကဲခတ်ကာ အံ့ဩတကြီး ပြောဆိုလာ၏။

"မင်းက ဝိညာဉ်ခွဲထွက်အဆင့်ကို ရောက်ဖို့တောင် နီးစပ်နေပြီပဲ မဟုတ်လား..."

စုယွီက ခေါင်းဆောင် နှစ်ဦး၏ အနီးသို့ ချဉ်းကပ်သွားပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်၏။

"စီနီယာကြီး နှစ်ပါးကို နှုတ်ဆက်ပါတယ် ခင်ဗျာ..."

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျက်ခုံးများ ပင့်သွားပြီး မေးလိုက်၏။

"မင်းက ဝိညာဉ်ခွဲထွက်အဆင့်ကို အဆင့်ချိုးဖြတ်ဖို့ ဒီနေရာကို လာခဲ့တာလား..."

စုယွီက ခါးကို ပြန်မတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ် ခင်ဗျာ... အပြင်လောကနဲ့ ယှဉ်လိုက်ရင် စီနီယာကြီး နှစ်ပါးနဲ့ ဒီအင်မော်တယ်မြို့တော်ကြီးရဲ့ အကာအကွယ်အောက်မှာ အဆင့်တက်ရတာက ပိုပြီးတော့ လုံခြုံစိတ်ချရတာ သေချာပါတယ်..."

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မေးလိုက်၏။

"မင်း နတ်ဘုရား ခန္ဓာအတွက် လိုအပ်တဲ့ စိတ်ဝိညာဉ် ရတနာပစ္စည်းတွေကိုရော အဆင်သင့် ပြင်ဆင်ပြီးပြီလား... ဒါက ပေါ့ပေါ့ဆဆ သဘောထားလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး... နတ်ဘုရား ခန္ဓာတစ်ခု ဖြစ်တည်လာဖို့ဆိုတာက အင်မော်တယ် လမ်းစဉ်ရဲ့ အဓိက အခြေခံအုတ်မြစ်ကြီး တစ်ခုပဲ..."

"ဒီ နတ်ဘုရား ခန္ဓာရဲ့ စိတ်ဝိညာဉ် ရတနာပစ္စည်းက အုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာရှိတဲ့ အဆင့်မြင့် တာအို အခြေခံအုတ်မြစ်၊ အမြုတေဖွဲ့စည်း အဆင့်မှာ ရှိတဲ့ ရွှေရောင် အမြုတေ၊ ဒါမှမဟုတ် မူလဝိညာဉ်အဆင့်မှာ ရှိတဲ့ တာအိုနယ်မြေတွေလောက်ကို အရေးပါတာကွ..."

စုယွီက တစ်ခဏမျှ တွေသွားပြီးနောက် ရှင်းပြလိုက်၏။

"ကျွန်တော်က အရမ်း ထူးခြားဆန်းကြယ်တဲ့ သစ်သားတာအို ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားပါတယ် ခင်ဗျာ... အရင်တုန်းက ကျွန်တော့်ရဲ့ လက်ထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ် ရတနာပစ္စည်း တစ်ခုကြောင့် အင်မော်တယ်မြို့တော်ထဲက အကြီးအကဲ ဝူထုံရဲ့ ရုပ်အလောင်းနဲ့ ချိတ်ဆက်မှု တစ်ခုတောင် ရခဲ့ဖူးပါတယ်..."

"အဲဒီအရာက အကြီးအကဲ ဝူထုံရဲ့ ရုပ်အလောင်းကိုတောင် နောက်တစ်ကြိမ် ပြန်လည် အသက်ဝင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့တာပါ..."

ထို့နောက် သူက ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးကို ကြည့်ကာ ရိုသေလေးစားစွာဖြင့် တောင်းဆိုလိုက်၏။

"ဖြစ်နိုင်မယ်ဆိုရင်..."

သူ၏ စကားမဆုံးမီမှာပင် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က အလွန်တရာ အံ့အားသင့်သွားပြီး ဖြတ်ပြောလိုက်တော့သည်။

"မင်းက ဝူထုံကြီးရဲ့ ရုပ်အလောင်းကို နတ်ဘုရား ခန္ဓာအတွက် စိတ်ဝိညာဉ် ရတနာပစ္စည်းအဖြစ် အသုံးပြုဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်..."

သူက စကားပင် ဆက်မပြောနိုင်တော့ဘဲ ခေါင်းကို ခါယမ်းလိုက်၏။

"ဝူထုံကြီး သက်ရှိထင်ရှား ရှိနေစဉ်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက ဘယ်လောက်တောင် မြင့်မားသလဲဆိုတာကို မင်း သိရဲ့လား..."

"ဝူထုံကြီးရဲ့ ရုပ်အလောင်းပေါ်က ဆံပင်တစ်မျှင်ကိုတောင် မင်း ရွှေ့နိုင်မယ်လို့ ထင်နေတာလား..."

"မင်းကို ထားလိုက်ဦး... ငါကိုယ်တိုင်တောင် ဝူထုံကြီးရဲ့ ရုပ်အလောင်းပေါ်မှာ အသေးအမွှား အမာရွတ်လေး တစ်ခုတောင် ကျန်ရစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."

စုယွီက လေးနက်စွာဖြင့် ထပ်မံ ဦးညွှတ်လိုက်ပြီး ကြွေးကြော်လိုက်၏။

"ကျွန်တော် စုယွီက အကြီးအကဲ ဝူထုံရဲ့ ဆန္ဒကို ဆက်ခံပြီး ယွဲ့အင်မော်တယ်စံအိမ်ရဲ့ တာအိုမျိုးဆက်ကို ဆက်လက် သယ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်... ပြီးတော့ ယွဲ့အင်မော်တယ်စံအိမ်ရဲ့ မျိုးဆက်ကို တစ်သက်တာလုံး အစောင့်အရှောက်ပေးပြီး ကာကွယ်သွားမှာပါ ခင်ဗျာ..."

တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သူက ပထမ ခေါင်းဆောင်နှင့် ဒုတိယ ခေါင်းဆောင်တို့အား ကြည့်ကာ လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။

"စီနီယာကြီးတို့... ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်..."

ပထမ ခေါင်းဆောင်က မျက်မှောင်ကြုတ်သွားသည်။ စုယွီ၏ အစီအစဉ်ကို သူက ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မရှိပေ။

အကယ်၍သာ စုယွီသာ ဝူထုံကြီး၏ ချန်ရစ်ခဲ့သော ရုပ်အလောင်းကို နတ်ဘုရား ခန္ဓာအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်ခဲ့မည် ဆိုလျှင် ၎င်းက ယွဲ့အင်မော်တယ်စံအိမ်နှင့် သူတို့အတွက် လုံးဝ ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်လာမည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် ထိုအရာက သူတို့၏ ယွဲ့အင်မော်တယ်စံအိမ် အတွင်းမှနေ၍ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်မည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်းကို အမှန်တကယ် ကိုယ်စားပြု

နေသောကြောင့် ဖြစ်၏။

ဝူထုံကြီး၏ ရုပ်အလောင်းက နတ်ဘုရား ခန္ဓာတစ်ခုအဖြစ် ပြန်လည် အသက်ဝင်လာခဲ့ပြီးနောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသတ္တိများကို ပိုင်ဆိုင်လာမည်ဆိုသည်ကို သူ မှန်းဆ၍ပင် မရနိုင်တော့ချေ။

သူ စိုးရိမ်နေသည်မှာ စုယွီ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်အတန်း၊ ဝိညာဉ်စွမ်းအားနှင့် အခြေခံအုတ်မြစ်တို့ဖြင့် ၎င်းကို သူ၏ ဝိညာဉ်ခွဲထွက်အဆင့် နတ်ဘုရား ခန္ဓာအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုရန် ကြိုးစားခြင်းက အလွန်တရာ ရောင့်တက်လွန်းရာ ကျမနေဘူးလား။

ထိုလုပ်ရပ်က နောက်ဆုံးတွင် သူ့ကိုယ်သူ ဖျက်ဆီးပစ်လိုက်သည့် အခြေအနေသို့ ရောက်သွားမည်ကိုပင် စိုးရိမ်နေမိလေ၏။

ထိုအချိန်မှာပင် စုယွီ၏ လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီးနောက် စုယွီက မျိုးစေ့ တစ်စေ့ကို ဆင့်ခေါ်လိုက်လေတော့သည်။

All Chapters