အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) မင်း ငါ့ကို တောင်းပန်စရာ မလိုပါဘူး
"ဟုတ်တာပေါ့... တခြားဆိုင်တွေက ခင်ဗျားတို့ဆိုင်လောက် ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ... နောက်ဆို ရင် ခင်ဗျားတို့ဆိုင်ကိုပဲ လာတော့မယ်..."
ဧည့်သည်များသည် အချင်းချင်း စကားစမြည်ပြောဆိုကာ သူမအား ချီးကျူးနေကြသဖြင့် ဒုတိယမရီး ဖြစ်သူ ကျောက်ရှောက်ထင်မှာ သူမ၏အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။
ကောင်းချွေ့ချွေ့၏ ဆိုင်လေးမှာ အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ ရောင်းမထွက်ဘဲ ကျန်ရစ်နေသော မုန့်များမှာ ထိုနေရာ၌ ပုံနေခဲ့လေသည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် မည်သူ ကမျှ ထိုမုန့်များကို အလိုမရှိကြတော့ချေ။
နောက်ဆုံးတွင်မူ သူမသည် မုန့်ဆိုင်အနီးသို့ပင် ထပ်မံသွားရောက်ရန် အလွန်ရှက်ရွံ့နေခဲ့ကာ အိမ်သို့သာ တိတ်တဆိတ် ပြန်သွားခဲ့ရပြီး အိမ်ထဲ၌သာ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့ရလေတော့သည်။
ပျော်ရွှင်ခြင်းမုန့်ဆိုင် မှ မွှေးပျံ့သော ရနံ့များမှာမူ လမ်းတစ်လျှောက်၌ တည်ငြိမ်စွာ ဆက်လက် လွင့်ပျံ နေခဲ့ပြီး ယခင်ကထက် ပို၍ ပြင်းထန်ကာ ပို၍ ယုံကြည်စိတ်ချရမှု ရှိနေခဲ့ပေသည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ဇနီးဖြစ်သူ ကျူးလွန်ခဲ့သည့် မိုက်မဲသော လုပ်ရပ်များကို လီဝေကျွင်း သိရှိသွားသောအခါ များသောအားဖြင့် ရိုးသားဖြောင့်မတ်ပြီး ကြမ်းတမ်းသောစကားကို ဆိုခဲလှသည့် ဤလူမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာကာ အကြီးအကျယ် ဒေါသ ပေါက်ကွဲသွားခဲ့လေတော့သည်။
သူ၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ပြီး ကောင်းချွေ့ချွေ့၏ နှာခေါင်းကို လက်ညှိုးထိုးကာ စတင်၍ အပြစ်တင် ဆူပူလေတော့သည်။
"မင်း ရူးနေတာလား... အစတုန်းက မင်းကို ဘယ်သူက ကူညီပေးခဲ့လဲ ဆိုတာ မေ့သွားပြီလား... သူတို့ရဲ့ စီးပွားရေးကိုတောင် မင်းက လုယူဖို့ ကြိုးစားရဲသေးတယ်ပေါ့... မင်းမှာရှိတဲ့ မဖြစ်စလောက် အရည် အချင်းလေးနဲ့ သူတို့ကို ယှဉ်နိုင်မယ်လို့ ဘာကများ ထင်သွားစေတာလဲ..."
ကောင်းချွေ့ချွေ့မှာ အကြောက်တရားနှင့် နောင်တတရားတို့ကို တစ်ပြိုင်နက်တည်း ခံစားနေခဲ့ရလေ သည်။ သူမသည် အပူပေးအုတ်ကုတင် ပေါ်တွင် ကွေးကွေးလေး ထိုင်နေပြီး ဆက်တိုက် ငိုကြွေးကာ ပြောလာခဲ့လေသည်။
"ကျွန်မက ငွေပိုရှာချင်ရုံလေးပါ... ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး..."
"ငွေရှာချင်လို့ ဟုတ်လား... မင်းက တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ... တစ်လမ်းလုံးက ငါတို့မိသားစုကို ရယ်နေကြပြီ..."
လီဝေကျွင်းမှာ တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်နေခဲ့သော်လည်း သူ၏ဇနီးဖြစ်သူမှာ ကိုယ်ဝန် ရှိနေသဖြင့် သူမအား ရိုက်နှက်ရန် သို့မဟုတ် ပြင်းပြင်းထန်ထန် ဆူပူရန် မဖြစ်နိုင်ခဲ့ပေ။ သူသည် သူ၏ ဒေါသများကို ပေါက်ကွဲရန် နေရာမရှိ ဖြစ်နေခဲ့လေ၏။
သူသည် ရင်ဘတ်ထဲတွင် မွန်းကျပ်မှုကို ခံစားလိုက်ရပြီး ရုတ်တရက် လှုပ်ရှားလိုက်ကာ စားပွဲပေါ်ရှိ ပန်းကန်များအားလုံးကို ကြမ်းပြင်ပေါ်သို့ ခါချပစ်လိုက်လေသည်။
"ခွမ်း..."
ကြွေပန်းကန်လုံးများနှင့် ပန်းကန်ပြားများမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ပြီး နားကွဲမတတ် ထွက် ပေါ်လာသော အသံကြောင့် ကောင်းချွေ့ချွေ့မှာ လန့်ဖြန့်သွားခဲ့လေ၏။ ကြမ်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲ နေသော ကွဲအက်နေသည့် အပိုင်းအစများမှာ မြင်တွေ့ရသူ၏ ရင်ကို တဒိတ်ဒိတ် ခုန်စေလောက်ပေ သည်။
ထိုညတွင် လီမိသားစု၏ ငြင်းခုံသံများ၊ ငိုကြွေးသံများနှင့် ပန်းကန်ခွဲသံများကို လမ်းကြားတစ်ခုလုံး၌ ရှင်းလင်းစွာ ကြားနေရလေတော့သည်။
ဘေးအိမ်တွင် နေထိုင်သော ထျန်ချင်းလင်း ဇနီးမောင်နှံသည်လည်း အရာအားလုံးကို သဘာဝကျစွာပင် ရှင်းလင်းစွာ ကြားနေခဲ့ရလေတော့သည်။
"ယောကျ်ား... ငါတို့ သွားပြီး ဖျောင်းဖျသင့်လား..."
ဒုတိယမရီးဖြစ်သူ ကျောက်ရှောက်ထင်မှာ ဆန်းဝါ၏ ဘောင်းဘီကို ဖာထေးနေစဉ် ဘေးအိမ်မှ ဆူညံ သံများကို ကြားလိုက်ရခြင်း ဖြစ်ပေသည်။ သူမက လုပ်လက်စကို ရပ်တန့်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလျက် ပြောလာခဲ့လေသည်။
"ဘာပဲဖြစ်ဖြစ် ကောင်းချွေ့ချွေ့က ကိုယ်ဝန်ရှိနေတာလေ... တကယ်လို့ သူ ကိုယ်ဝန်ပျက်ကျသွားရင် ဘယ်လိုလုပ်မလဲ..."
ထျန်ချင်းလင်းက ဘေးတွင် ထိုင်နေကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ထမလာခဲ့ချေ။
"ဘာသွားပြောရမှာလဲ... ဒါက သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ ပြဿနာပဲ... ဝေကျွင်းက သူ့ကို သေချာဆူပူပြီး သင်ခန်းစာ ပေးသင့်တာ..."
"အဲ့ဒါလည်း ဟုတ်တာပါပဲ... ဒါပေမယ့် ဆူညံသံတွေက အရမ်းကျယ်လွန်းနေတယ်..."
ကျောက်ရှောက်ထင်က အပ်နှင့် ချည်ကြိုးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်ပူပန်နေဆဲပင် ဖြစ်လေသည်။
"ကဲပါ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ဝင်ပြီး ပူပန်မနေပါနဲ့တော့... ကိုယ့်အိမ်ထောင်ရေး ကိုယ့်ကမ္ဘာလေး ကိုပဲ အာရုံစိုက်ပြီး စီမံခန့်ခွဲစမ်းပါ..."
ထျန်ချင်းလင်းက ပြောပြောဆိုဆိုဖြင့် သူမ၏ လက်ထဲမှ အပ်နှင့် ချည်ကြိုးကို လှမ်းယူလိုက်ကာ ပြော လိုက်လေသည်။
"အချိန်လည်း လင့်နေပြီ... ဆက်မချုပ်နဲ့တော့... မီးရောင်ကလည်း မှိန်နေတော့ မင်းရဲ့ မျက်လုံးတွေကို ထိခိုက်လိမ့်မယ်..."
"ပြီးတော့မှာပါ... ချုပ်စရာ နည်းနည်းပဲ ကျန်တော့တာ... ဒါလေးပြီးရင် အနားယူတော့မှာပါ..."
ဒုတိယမရီးဖြစ်သူ ကျောက်ရှောက်ထင်က ခင်ပွန်းဖြစ်သူ၏ လက်ကြီးကို ရှောင်ရှားရန် ကြိုးစားရင်း ဘေးသို့ အလျင်အမြန် ဆုတ်လိုက်လေသည်။
"မနက်ဖြန်မှ ချုပ်လည်း မနှောင်းပါဘူး..."
ထျန်ချင်းလင်းက သူမ၏ အဖြေကိုပင် မစောင့်တော့ဘဲ ဆန်းဝါ၏ ဘောင်းဘီကို ဆွဲယူကာ စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။
သူမ ထပ်မံ၍ ညည်းတွားခြင်း မပြုနိုင်မီမှာပင် သူက လှမ်းဆွဲကာ အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့လေ တော့သည်။
"မင်း ညနက်တဲ့အထိ ဆက်နေရင် မနက်ဖြန်ကျ ခေါင်းထပ်ကိုက်နေဦးမယ်... ငါပြောတာကို နားထောင် ပါ..."
ဒုတိယမရီး ကျောက်ရှောက်ထင်မှာ ခင်ပွန်းဖြစ်သူ၏ ဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့သော်လည်း သူမ၏ စိတ်ထဲတွင် ဘေးအိမ်မှ အိမ်နီးချင်းများဆီသို့သာ ရောက်ရှိနေခဲ့ရာ သူမ၏ ခြေလှမ်းများမှာ တဖြည်း ဖြည်း နှေးကွေးသွားခဲ့လေ၏။
သူမက ဘေးအခန်းဆီသို့ နောက်ကြောင်းပြန်လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ညင်သာစွာ သက်ပြင်း ချလိုက်လေတော့သည်။
မိသားစုတိုင်းတွင် ကိုယ်ပိုင် ပြဿနာအသီးသီး ရှိကြစမြဲဖြစ်ပြီး အခြားသူများ၏ ပြဿနာများကို ကူညီ ဖြေရှင်းပေးချင်လျှင်ပင် ထိုအရာများကို ထာဝရ စီမံခန့်ခွဲပေးနိုင်မည် မဟုတ်ချေ။
နောက်တစ်နေ့တွင် ဖြစ်လေသည်။
ရှင်းဟွာ တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ဝူထုံပင်များ၏ အရွက်များမှာ စိမ်းလန်းစိုပြည်စွာ ပေါက် ရောက်နေလျက်ရှိပြီး နေရောင်ခြည်ကို ကာကွယ်ပေးထားခဲ့လေသည်။
နွေရာသီ ကျောင်းပိတ်ရက် စတင်နေပြီဖြစ်သော်လည်း စက်မှု အင်ဂျင်နီယာဌာန ၏ သုတေသန ပရောဂျက်များမှာ မပြီးဆုံးသေးသဖြင့် ကျန်ရှိနေသော အလုပ်များကို ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ကျောင်းသားများကို အသုတ်လိုက် ကျောင်းဆောင်တွင် နေထိုင်ခွင့်ပြုရန် ကျောင်းက စီစဉ် ပေးထားခဲ့လေသည်။
ထိုနေ့ နေ့လယ်စာစားချိန် အားလပ်ချိန်တွင် ကျောင်းဝင်းမှာ များစွာ ပို၍ တိတ်ဆိတ်နေခဲ့ပေသည်။ ကျောင်းသားအများစုမှာ စားသောက်ဆိုင်သို့ သွားရောက်ခြင်း သို့မဟုတ် ၎င်းတို့၏ အဆောင်များသို့ ပြန်သွားကြသဖြင့် ကျောင်းဝင်းအတွင်း လမ်းလျှောက်နေသူ အနည်းငယ်မျှသာ ကျန်ရှိတော့လေ၏။
စာသင်ဆောင်၏ အနောက်ဘက်ရှိ သစ်ပင်များ စီတန်းပေါက်ရောက်နေသော လမ်းကလေးပေါ်တွင် ထူထဲသော ကျောင်းသုံးစာအုပ် နှစ်အုပ်ကို သယ်ဆောင်လာသည့် ကျိုးချန်ယဲ့ သည် ဓာတ်ခွဲခန်း အ ဆောက်အအုံထဲမှ ယခုလေးတင် ထွက်လာခဲ့လေသည်။
သူသည် အချက်အလက်အချို့ကို ရှာဖွေရန် စာကြည့်တိုက်သို့ သွားမည်ပြုစဉ် သူ၏ အနောက်ဘက်မှ အလျင်စလို အော်ခေါ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
"ချန်ယဲ့..."
သူက ခြေလှမ်းများကို ရပ်တန့်ကာ မော့ကြည့်လိုက်ရာ လီဝေကျွင်း သည် ဝူထုံပင်၏ အရိပ်အောက်မှ သွက်လက်စွာ လျှောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
"ဝေကျွင်း..."
ကျိုးချန်ယဲ့က ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
"မင်း ဘာလို့ မပြန်သေးတာလဲ... မင်းတို့အဖွဲ့ရဲ့ အပိုင်းက ပြီးသွားပြီလို့ ပရော်ဖက်ဆာကျန်း ဆီကနေ ခုလေးတင် ကြားလိုက်တယ်... အခုချိန် မင်း နားသင့်ပြီလေ..."
"ငါ ပစ္စည်းတစ်ခု သွားယူဖို့ အဆောင်ကို ပြန်မလို့ပါ... ခဏနေရင် ပြန်လာခဲ့မယ်..."
လီဝေကျွင်းက သူ၏ လက်များကို ပွတ်သပ်ကာ အတင်းပြုံးပြရင်း ပြောလိုက်လေ၏။
ဤရက်ပိုင်းများအတွင်း သူသည် အိမ်ကိစ္စများနှင့် ပတ်သက်၍ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သဖြင့် ထိုအကြောင်းကို ကျိုးချန်ယဲ့ နှင့် တိုင်ပင်ဆွေးနွေးရန် အချိန်အတော်ကြာကတည်းက ဆန္ဒရှိနေခဲ့ပေသည်။
သို့ရာတွင် ၎င်းတို့အဖွဲ့၏ ပရောဂျက်မှာ ပြီးစီးခါနီးဖြစ်နေပြီး ၎င်းတို့မှာ အလွန်တရာ အလုပ်များနေခဲ့သ ဖြင့် အနားယူရန် အချိန်တစ်ခဏမျှပင် မရရှိခဲ့ကြချေ။ ယနေ့မှသာလျှင် နောက်ဆုံးတွင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
ဤအရာကို တွေးမိလိုက်သောအခါ သူသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ခြေတစ်လှမ်းဝက်ခန့် ရှေ့သို့ တိုးလာကာ ကျိုးချန်ယဲ့ အား စူးစိုက်၍ ကြည့်လိုက်လေသည်။
သို့သော် သူသည် စကားတစ်ဝက်၌ပင် ရပ်တန့်သွားခဲ့ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကာ စတင်၍ ပြောလာခဲ့လေသည်။
"ချန်ယဲ့... ငါ့ဇနီးကလေ..."
သူ၏ မျက်နှာပေါ်တွင် နောင်တတရားများ အပြည့်အဝ ဖုံးလွှမ်းနေခဲ့ပြီး သူက အနည်းငယ်ပင် ဦးညွှတ် လိုက်ကာ သူ၏လေသံမှာ အလွန်တရာ လေးနက်လျက်ရှိနေခဲ့လေသည်။
"ငါ့ဇနီးကိုယ်စား မင်းနဲ့ ဒုတိယအစ်ကို ကို တောင်းပန်ပါတယ်... သူ့ကို သေချာ မထိန်းသိမ်းနိုင်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်..."
"သူ့ကို နောက်တစ်ခါ ထပ်ပြီး မိုက်ရူးရဲဆန်တဲ့ အပြုအမူမျိုး လုပ်ခွင့်မပြုတော့ဘူးလို့ ငါကတိပေးပါ တယ်... ပြီးတော့ ဒီလိုမျိုး ထပ်ပြီး လုံးဝ မဖြစ်လာစေရတော့ပါဘူး..."
သူ၏ နီမြန်းနေသော မျက်နှာနှင့် အရိုးဆစ်များပင် ဖြူရော်သွားသည်အထိ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသော သူ၏ လက်များကို ကြည့်ရင်း ကျိုးချန်ယဲ့ ၏ ရင်ထဲရှိ နာကြည်းမှုများ အားလုံး ပျောက်ကွယ် သွားခဲ့လေတော့သည်။
သူက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး သူ၏လက်ကို မြှောက်ကာ လီဝေကျွင်း ၏ လက်မောင်းကို ပုတ်လိုက်လေသည်။ သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း လေးနက်မှု အရိပ်အယောင်တစ်ခု ပါဝင် နေခဲ့လေ၏။
"မင်း ငါ့ကို တောင်းပန်စရာ မလိုပါဘူး..."
"ဝေကျွင်း... ငါတို့ တစ်ယောက်ကိုတစ်ယောက် သိလာခဲ့တာ အတော်လေး ကြာနေပြီပဲ မင်းရဲ့ စရိုက်ကို ငါမသိဘဲ နေပါ့မလား..."
ကျိုးချန်ယဲ့ ၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏စကားများမှာ နူးညံ့သော်လည်း ခိုင်မာနေခဲ့ပေသည်။
"မင်းက ပုံမှန်ဆို စာလေ့လာတဲ့အထဲမှာပဲ နစ်မြုပ်နေတတ်ပြီး အိမ်က အသေးအဖွဲ ကိစ္စတွေကို ဝင်ပါ ရတာ မကြိုက်ဘူးလေ... ပြီးတော့ မင်းရဲ့ ဇနီးကိုလည်း အရမ်းကိုချစ်တာပဲ..."
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ပို၍ ရှက်ရွံ့လာသော လီဝေကျွင်း ၏ မျက်နှာအမူအရာကို ကြည့်ကာ ဆက်လက်၍ ပြောလိုက်လေ၏။
"ဒါပေမယ့် လူတစ်ယောက်က အိမ်ထောင်ကျသွားပြီဆိုရင် တစ်ယောက်တည်း မဟုတ်တော့ဘူးလေ..."
"မင်းက ခင်ပွန်းဖြစ်သလို မိသားစုရဲ့ ဒေါက်တိုင်လည်း ဟုတ်တယ်... မင်းရဲ့ ဇနီးကို ချစ်တာ မှန်ပေမယ့် သူ လုပ်ချင်တာတွေကို အကုန်လုပ်ခွင့် ပေးထားလို့တော့ မရဘူးလေ..."
"သူက အပြင်မှာ ကောလာဟလတွေ ဖြန့်ပြီး အတင်းအဖျင်းတွေ ပြောနေတာက ငါတို့ မိသားစုတွေကြား က ဆက်ဆံရေးကို ထိခိုက်စေရုံသာမကဘူး… နောက်ဆုံးမှာ မျက်နှာပျက်ရမှာက မင်း လီဝေကျွင်း ပဲလေ..."
ဤစကားများက လီဝေကျွင်း အား တူဖြင့် ထုနှက်လိုက်သကဲ့သို့ ရိုက်ခတ်သွားခဲ့ရာ သူ၏ ပါးပြင်များမှာ ချက်ချင်းပင် ပူထူလာခဲ့ပြီး ခေါင်းကို ငုံ့ထားခဲ့ကာ သူ၏ နားရွက်များမှာလည်း နီရဲလာခဲ့လေတော့သည်။
ဘေးတွင် တွဲလောင်းကျနေသော သူ၏ လက်များမှာ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူ၏ လက်သည်းများပင် လက်ဖဝါးထဲသို့ စိုက်ဝင်လုမတတ် ဖြစ်နေခဲ့လေ၏။
အချိန်အတော်ကြာပြီးနောက် သူသည် လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး သူ၏ အသံမှာ တိုးညှင်းကာ နောင်တတရားများ ရောယှက်နေခဲ့လေသည်။
"ငါ နားလည်ပါပြီ... သူ့ကို ငါ သေချာ ပြောပြလိုက်ပါ့မယ်..."
ကျိုးချန်ယဲ့ က သူ၏ ပခုံးကို ပုတ်လိုက်ပြီး နောက်ထပ် ဘာမှ ထပ်မပြောတော့ချေ။
အချို့သော အမှန်တရားများကို ထုတ်မပြောဘဲ ထားခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။ ၎င်းတို့ကို အလွန်အမင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်ပေ။
ထို့နောက် ၎င်းတို့နှစ်ဦးသည် စကားအနည်းငယ် ဖလှယ်ပြီးနောက် လမ်းခွဲသွားခဲ့ကြကာ ၎င်းတို့၏ ဘဝ များမှာ ပုံမှန်အတိုင်းပင် ဆက်လက် လည်ပတ်နေခဲ့လေတော့သည်။
သီတင်းနှစ်ပတ်ခန့် ကြာပြီးနောက် ကျောင်း၏ ပရောဂျက်မှာ အလုံးစုံ ပြီးဆုံးသွားခဲ့လေသည်။
ကျောင်းဆောင်တွင် ကျန်ရှိနေခဲ့သော ကျောင်းသားများမှာ ပစ္စည်းများကို သိမ်းဆည်းကာ တစ်ယောက် ပြီးတစ်ယောက် အိမ်သို့ ပြန်သွားကြသဖြင့် ကျောင်းဝင်းမှာ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ရှိသင့် သော တိတ်ဆိတ်ငြိမ်သက်မှုဆီသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားခဲ့လေ၏။
ထိုနေ့ ကျောင်းဆင်းပြီးနောက် ကျိုးချန်ယဲ့ သည် ခြံဝင်းတံခါးဝသို့ ရောက်ရှိလာခဲ့ပြီး တံခါးကို တွန်းဖွင့် မည် ပြုစဉ်မှာပင် သူ၏ ညီမဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်။
"မရီး... ကြားပြီးပြီလား... ကောင်းချွေ့ချွေ့ ရဲ့ ယောက္ခမက သူတို့ရဲ့ ဇာတိမြေ ဟန်တန် ကနေ အဝေးကြီး လာခဲ့တယ်လို့ ကြားတယ်..."
ကျိုးချန်ယွီ က စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။