အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း (၃၁၁) ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခြင်း
ယဲ့ချွေသည် ယဲ့ဝမ်၏ စကားများကို အလေးအနက် မထားခဲ့ပေ။
ထိုသူသည် နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်မျှသာ ဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်သည်သာ ဖြစ်၏။
(***ကျိုးယွမ်က လက်ရှိမှာ နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်ပါ။ အရင်အပိုင်းတွေမှာ English website က အမှားအယွင်းကြောင့် ဘာသာပြန်တာ အမှားများ ပါသွားပါတယ်။***)
ယဲ့ချွေက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။
"ဂျူနီယာညီလေး ဒီမိုင်ထောင်ချီ ခြေရာခံ နံ့သာအိုးကို သုံးပြီး တစ်ဖက်လူရဲ့ အနံ့ကို စုဆောင်းပြီးတော့ သူတို့ကို ခြေရာခံပေးစေချင်တာလား"
ယဲ့ဝမ် ခေါင်းညိတ်သည်ကို မြင်ချိန်တွင် ယဲ့ချွေက ဆက်ပြောလိုက်သည်။
"ဂျူနီယာညီလေး သတင်းအချက်အလက် စုဆောင်းဖို့က သိပ်မခက်ခဲပါဘူး…"
"ဒါပေမဲ့ တစ်ဖက်လူ ရှိနေခဲ့ဖူးတဲ့ နေရာမျိုး ဖြစ်ရမယ် ပြီးတော့ အချိန်က နှစ်ရက်ထက် ကျော်လွန်နေလို့ မရဘူး"
"တကယ်လို့ ဂျူနီယာညီလေးဆီမှာ တစ်ဖက်လူရဲ့ ပစ္စည်းတစ်ခုခု ရှိနေမယ်ဆိုရင် စီနီယာအစ်ကို့ဆီ ပေးလိုက်တာနဲ့ ချက်ချင်း ရှာဖွေနိုင်မှာပေါ့"
ယဲ့ချွေ၏ စကားများကို ကြားချိန်တွင် ယဲ့ဝမ်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
" စီနီယာအစ်ကို ဒီကြွက်စုတ်က ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လှုပ်လှုပ်ရှားရှား မရှိခဲ့ဘူး ဒါကြောင့် လောလောဆယ် သူ့ရဲ့ အနံ့ကို စုဆောင်းလို့ မရနိုင်သေးဘူးလေ"
"ဒါပေမဲ့ အခု စီနီယာအစ်ကို ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော့်ရဲ့ အစီအစဉ်ကို စတင်လို့ ရပြီပေါ့"
"နောက်ကျရင် ဟန်မိသားစုဝင် အားလုံးကို ပြန်လာခိုင်းလိုက်မယ် ပြီးရင် သူတို့ကို အတူတူ မနေခိုင်းတော့ဘူး"
"ဒီအခြေအနေကို မြင်တာနဲ့ ဒီကောင်က လှုပ်ရှားဖို့ မထိန်းနိုင်တော့ဘူးဆိုတာ ကျုပ် သေချာတယ်"
ယဲ့ချွေက ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဂျူနီယာညီလေး ယဲ့ဝမ် မြန်မြန် စီစဉ်လိုက်ပါ စီနီယာအစ်ကိုက ဒီမှာ အများဆုံး နှစ်ရက်ပဲ နေနိုင်မှာ"
ယဲ့ဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ စီနီယာအစ်ကို နှစ်ရက်ဆိုရင် လုံလောက်ပါတယ် ဒီတစ်ကြိမ် ဒီကောင် ဘယ်လို ထွက်ပြေးဖို့ ကြိုးစားမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ကျိုးယွမ်သည် ထိုအကြောင်းကို သဘာဝကျစွာပင် မသိခဲ့ပေ။ ယဲ့ချွေ ရောက်ရှိလာချိန်မှစ၍ သူသည် ပြီးခဲ့သည့် နှစ်ရက်တိုင်တိုင် လူသူကင်းမဲ့သော နေရာတစ်ခုတွင် မိမိကိုယ်ကို ပိတ်လှောင်ထားခဲ့၏။ သူသည် အဆင့် ၆ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင်များကို ပေါင်းစပ်နေခဲ့ခြင်း ဖြစ်သည်။
ဤကာလအတွင်း စွမ်းအင် သုံးစွဲမှုသည် အလွန် လျင်မြန်ခဲ့ပြီး အဆင့် ၆ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင်များ ကုန်ခမ်းသွားစေခဲ့သည်။
သို့သော်လည်း ကျိုးယွမ်တွင် အဆင့် ၅ မိုးကြိုးအဆောင်များ၊ အဆင့် ၅ မီးအဆောင်များနှင့် အဆင့် ၅ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင် အမြောက်အမြား ရှိနေသေး၏။
နှစ်ရက်တိုင်တိုင် ပေါင်းစပ်ပြီးနောက် ယခု ကျိုးယွမ်တွင် အဆင့် ၆ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင် သုံးဆယ့်တစ်ရွက် ရှိလာခဲ့ပြီ ဖြစ်သည်။
သူ၏ အရှေ့ရှိ မှော်အဆောင် အပုံလိုက်ကြီးကို ကြည့်ရင်း ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ ဤမှော်အဆောင်များဖြင့်ပင် ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့ကို အနိုင်ယူနိုင်စွမ်း ရှိသည်။
အဆင့် ၅ မှော်အဆောင်များနှင့် ပတ်သက်၍ ကျိုးယွမ်တွင် ရွက်ရေ တစ်ရာနီးပါး ရှိနေသေးသည်။ အကယ်၍ ထိုအရွက်များထဲမှ ဆယ်ရွက်ခန့်ကို အတူတကွ ပေါင်းစည်းပြီး အသုံးပြုလိုက်ပါက အဆင့် ၆ မှော်အဆောင်များထက် လျော့နည်းမည် မဟုတ်ပေ။
ဤအရာကို တွေးမိချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့၏။ သူသည် အရာအားလုံးကို ပြင်ဆင်ပြီးဖြစ်၍ လှုပ်ရှားရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဟန်မိသားစုနှင့် ကျန်းမိသားစုတို့ကို ရှင်းလင်းပြီးနောက်တွင် ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့၏ အလှည့် ဖြစ်သည်။
သူသည် ယခင်က ကောင်းကင်ဖြစ်စဉ်အဆင့်ကို တစ်ခါမှ မသတ်ဖူးခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ သူ၏ လက်စွမ်းပြရန်အတွက် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်၏။
တန်ယန်မြို့သည် ကသောင်းကနင်း ဖြစ်နေ၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ရပ်မြောက်မြားစွာ ဖြစ်ပွားခဲ့ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ ဉာဏ်ရည်ထက်မြက်သူ အများအပြားပင် ယခု တွေဝေငေးမောနေကြပြီ ဖြစ်သည်။
သို့သော် အားလုံးတွင် တန်ယန်မြို့ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေကြောင်း ထူးဆန်းသော ခံစားချက် ရှိနေကြ၏။
ဤအချိန်တွင် ဆူပူအုံကြွနေခဲ့ကြသော ဒုတိယတန်းစား မိသားစုများသည် အားလုံး တိတ်ဆိတ်သွားကြပြီး မည်သည့် ပြဿနာကိုမျှ ထပ်မံ မဖန်တီးရဲကြတော့ပေ။
တန်ယန်မြို့၏ လမ်းများပေါ်တွင် လမ်းလျှောက်နေစဉ် ကျိုးယွမ်သည် လမ်းများပေါ်၌ လူအများအပြား သိသိသာသာ နည်းပါးသွားကြောင်းကို ရှင်းလင်းစွာ ခံစားမိ၏။
ထိုစဉ် ကျိုးယွမ်၏ အကြည့်သည် မလှမ်းမကမ်းရှိ လူသုံးဦးထံသို့ ရောက်ရှိသွားပြီး သူ၏ သူငယ်အိမ်များ အလိုအလျောက် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ကျင်းဝူရှင်း၊ ရှီမန်ချုံ သူတို့ကရော ဒီမှာ ဘာလာလုပ်နေကြတာလဲ…"
သူသည် အလွန် အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်းပင် နားလည်သွားခဲ့၏။
မကြာသေးမီက တန်ယန်မြို့တွင် အပြောင်းအလဲများစွာ ရှိခဲ့ပြီး အပ်တစ်ထောင်နယ်မြေရှိ ထိပ်တန်း အင်အားစု သုံးခုကို တုန်လှုပ်စေခဲ့ခြင်း ဖြစ်ရမည်။
ကျိုးယွမ်သည် ဘိုးဘေး ကျင်းရှန်းချွမ်းကို မမှတ်မိသော်လည်း ဤလူတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပိုင်ဆိုင်ထားကြောင်း ခံစားသိရှိနေဆဲ ဖြစ်သည်။
"ကောင်းကင်ဖြစ်စဉ်အဆင့် ရိုးရိုးအဆင့်တောင် မဟုတ်ဘူး"
ကျိုးယွမ်က တစ်ချက် ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့၏။
ကျိုးယွမ်သည် ကျန်းမိသားစုနှင့် ပေတစ်ရာခန့် အကွာသို့ ရောက်ရှိချိန်တွင် သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းမိသားစုတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားမိသောကြောင့် ဖြစ်၏။
ပြဿနာမှာ ကျန်းမိသားစု၏ ကာကွယ်ရေးများ ပိုမို တင်းကျပ်လာခြင်း မဟုတ်ဘဲ ကာကွယ်ရေးများ အလွန်အမင်း လျော့ရဲလာခြင်း ဖြစ်သည်။
ကျိုးယွမ်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်၏။ တစ်ဖက်လူသည် အရာရာကို လွန်ကဲစွာ တွေးတောနေပြီး ထိုသို့သော ရိုးအီနေသည့် နည်းလမ်းဖြင့် သူ့ကို မြှူဆွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထို့နောက် ကျိုးယွမ်သည် ဟန်မိသားစုထံသို့ သွားရောက်ခဲ့ပြီး ဟန်မိသားစု၏ အခြေအနေမှာလည်း ကျန်းမိသားစုနှင့် များစွာ ကွာခြားမှု မရှိကြောင်း တွေ့ရှိခဲ့ရသည်။
ကျိုးယွမ်က ထွက်ခွာလာခဲ့၏။ သူသည် သူတို့နှင့် အတူတူ ပျော်ရွှင်စွာ ကစားရန် အချိန်အနည်းငယ် ယူရန် ဆုံးဖြတ်လိုက်သည်။
ဟွမ်တနှင့် အခြားသူများသည် အစပိုင်းတွင် တန်ယန်မြို့ရှိ ကြီးမြတ်သော မိသားစု ၆ ခုအား စုံစမ်းစစ်ဆေးရာတွင် သူတို့၏ မိသားစု စီးပွားရေးလုပ်ငန်းများပါ စုံစမ်းခဲ့၏။
ကျန်းမိသားစု၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းမှာ ကျန်းဆေးဆိုင် ဖြစ်ပြီး ဆိုင်ခန်းပေါင်း တစ်ဒါဇင်ကျော် ပါဝင်ကာ ဆေးဘက်ဝင် အပင်အမျိုးမျိုးကို ရောင်းချသည်။
ဆေးဘက်ဝင်အပင် အများစုမှာ သာမန်ဖြစ်သော်လည်း ထိုအထဲတွင် စိတ်ဝိညာဉ်ဆေးပင် အချို့လည်း ပါဝင်ပေသည်။
ဟန်မိသားစု၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းများမှာ စိတ်ဝိညာဉ်ဝိုင်၊ စိတ်ဝိညာဉ်ဆန်၊ ဝိညာဉ်သားရဲအသားနှင့် အခြားအရာများကို ရောင်းချပေးသော ဧရာမ စားသောက်ဆိုင်ကြီး နှစ်ခုဖြစ်ပြီး မယုံနိုင်လောက်အောင် အမြတ်အစွန်းများလှပေသည်။
ကျိုးယွမ်က ပြုံးစိစိ လုပ်လိုက်ပြီးနောက် ကြက်ကင် အနည်းငယ်ကို ဝယ်ယူခဲ့ကာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ငွေတစ်ရာ တန်ကြေးဖြင့် အထူး လဲလှယ်ခဲ့၏။
ကျိုးယွမ်သည် သူတောင်းစား သုံးဦးကို ရှာခဲ့ပြီး သူတို့ကို ကြက်ကင်များ ပေးကာ တစ်ဦးစီကို ငွေဆယ်ဂဏန်းခန့်စီ ပေးအပ်ခဲ့ပြီး နေရာသုံးခုသို့ သေတ္တာတစ်လုံးစီ ပို့ဆောင်ပေးရန် အကူအညီ တောင်းခဲ့သည်။
သူတောင်းစား သုံးဦးသည် သဘာဝကျစွာပင် ငြင်းဆန်နိုင်ခြင်း မရှိဘဲ အလျင်အမြန် လိုက်နာခဲ့ကြ၏။
ဤတစ်ကြိမ်တွင် သေတ္တာထဲ၌ အဆင့် ၆ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင် မပါဝင်သော်လည်း အဆင့် ၅ ကမ္ဘာမြေဝိညာဉ်အဆောင်နှင့် အဆင့် ၅ မီးဝိညာဉ်အဆောင်တို့ ပါဝင်နေသည်။
ကျိုးယွမ်သည် ပြီးပြည့်စုံသော အချိန်ကို ရွေးချယ်ခဲ့၏။ စားသောက်ဆိုင် သို့မဟုတ် ဆေးဆိုင်ထဲတွင် လူများစွာ မရှိပေ။
သတ်မှတ်ထားသော နေရာသို့ ရောက်ရှိပြီးနောက် သူတောင်းစား သုံးဦးသည် သေတ္တာကို စားသောက်ဆိုင် နှစ်ခုနှင့် ဆေးဆိုင်ထဲသို့ တိုက်ရိုက် ပစ်သွင်းလိုက်ကြသည်။
သူတို့ ပြီးစီးသွားချိန်တွင် သုံးဦးသား အသက်လုကာ ထွက်ပြေးကြတော့၏။ အကယ်၍ သူတို့သာ အဖမ်းခံရပါက ထပ်မံ အရိုက်ခံရမည် ဖြစ်သောကြောင့်ပင်။
စားသောက်ဆိုင်မှ စားပွဲထိုးတစ်ဦးသည် ဆဲဆို ကြိမ်းမောင်းရင်း ထွက်လာကာ ပစ်သွင်းလိုက်သော သေတ္တာကို လွှင့်ပစ်ရန် ရည်ရွယ်လိုက်သည်။
သို့သော် ရွှေရောင် အနားကွပ်ထားသော သေတ္တာ မည်မျှ လှပသေသပ်ကြောင်းကို မြင်ချိန်တွင် သူ၏ မျက်လုံးထဲ၌ လောဘရိပ်များ ဖြတ်ပြေးသွားပြီး ချက်ချင်း စိတ်ပြောင်းသွားခဲ့၏။
သူ၏ဗီဇအရပင် ထိုလူသည် သေတ္တာကို ဖွင့်လိုက်သည်။
ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ သေတ္တာ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အထဲရှိ မီးအဆောင်နှင့် ကမ္ဘာမြေဝိညာဉ်အဆောင်တို့ အသက်ဝင်သွားခဲ့၏။
ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များ ပတ်ပတ်လည်သို့ တိုက်ခတ်သွားချိန်တွင် စားသောက်ဆိုင် အထက်၌ ဧရာမ တောင်တန်းကြီးများ ပေါ်လာပြီးနောက် ပြုတ်ကျလာခဲ့သည်။
စားသောက်ဆိုင်သည် မည်သည့် သံသယမှ မရှိဘဲ ပြိုကျသွားခဲ့ပြီး နောက်ပိုင်းတွင် မီးတောက်များထဲ၌ နစ်မြုပ်သွားခဲ့၏။
ဟန်မိသားစုမှ ထိုလူသည် ပြာအဖြစ်သို့ မပြောင်းလဲမီ အော်ဟစ်ရန် အခွင့်အရေးပင် မရလိုက်ပေ။
ထိုအချိန်တွင် အခြားသော စားသောက်ဆိုင်နှင့် ဆေးဆိုင်တို့သည်လည်း တူညီသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရ၏။ လှပသေသပ်သော သေတ္တာများသည် လူတို့၏ လောဘကို နှိုးဆွပေးခဲ့ပြီး နောက်ဆုံး ရလဒ်မှာ ကြိုတင် ခန့်မှန်းနိုင်သည်ပင် ဖြစ်သည်။
ခဏတာမျှသာ ခြားပြီး ကျယ်လောင်သော ပေါက်ကွဲသံ သုံးခု ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပြီး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
မြောက်မြားစွာသော လူရိပ်များသည် လေထဲသို့ ထွက်ပေါ်လာကြပြီး ပြိုကျနေသော အပျက်အစီးများကို ကြည့်ကာ လူအများအပြားသည် ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများကို ထပ်မံ ပြသလာကြသည်။
ဟန်မိသားစုနှင့် ကျန်းမိသားစုတို့၏ အမြတ်အစွန်း အများဆုံး စီးပွားရေးလုပ်ငန်းများသည် ယခုအခါ အပျက်အစီးများ အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အနာဂတ်တွင် သူတို့၏ မိသားစု စီးပွားရေးလုပ်ငန်းများသည် ပို၍ပင် ကောင်းမွန်လာမည် မဟုတ်လော။
အသံများသည် အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာပြီး ဟန်မိသားစုဝင်များ၊ ကျန်းမိသားစုဝင်များနှင့် အခြားသော ပွဲကြည့်ပရိသတ် အများအပြားထံမှ ဖြစ်၏။
ကျိုးယွမ်သည် လူအုပ်ထဲတွင် ပေတစ်ရာ အကွာမှ ရပ်နေပြီး ဤအရာအားလုံးကို လျစ်လျူရှုကာ ကြည့်နေခဲ့သည်။
ထိုစဉ် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးသည် စားသောက်ဆိုင်တစ်ခု အထက်ရှိ လေထဲမှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ယခု ထိုအမျိုးသား၏ လက်ထဲတွင် ကြွေပုလင်း တစ်လုံးကို ကိုင်ဆောင်ထားသည်။
သူသည် ကြွေပုလင်း၏ အဝကို ဖွင့်လိုက်ပြီး စားသောက်ဆိုင် ရှိရာ အောက်ဘက်သို့ ချိန်ရွယ်လိုက်၏။
အထဲမှ ထူးဆန်းသော စုပ်ယူသည့် အင်အားတစ်ခု ထွက်ပေါ်လာပြီး ထူးခြားသော ချီအရှိန်အဝါများ အောက်ခြေမှ ထွက်ပေါ်လာကာ ကြွေပုလင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျိုးယွမ်က ဤမြင်ကွင်းကို မြင်ချိန်တွင် သူ၏ သူငယ်အိမ်များ ကျုံ့သွားခဲ့၏။ သူသည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားပြီး သူ၏ မျက်နှာသည် ချက်ချင်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အကယ်၍ မျက်နှာတစ်ရာကျင့်စဉ်တွင် ချို့ယွင်းချက် တစ်ခု ရှိနေမည်ဆိုလျှင် သူ၏ ကိုယ်ပိုင် အနံ့ကို မပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။
ကျိုးယွမ်အနေဖြင့် ဖုံးကွယ်ရန်အတွက် ရေမွှေး သို့မဟုတ် ဆေးဘက်ဝင်အပင်များကို အသုံးပြုနိုင်သော်လည်း သူ ထိုမျှလောက်အထိ ကြိုတင် မစဉ်းစားမိခဲ့ပေ။
ယဲ့ချွေ၏ လုပ်ရပ်များကို မြင်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ သတိထားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။