အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂) ပွင့်အန်ပေါက်ကွဲလော့
ကျိုးယွမ်သည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့ပြီး သူ မကြာသေးမီက ပြုလုပ်ခဲ့သည့်အရာကို ပြန်လည်အမှတ်ရချိန်တွင် သူ၏ နှုတ်ခမ်းထက်၌ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
တစ်ဖက်လူတွင် ထိုအရာ ရှိနေလျှင်လည်း မည်သို့ ဖြစ်မည်နည်း။ သူသည် အခြားသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။
ထိုစဉ် ကျိုးယွမ်သည် မလှမ်းမကမ်းရှိ လူရိပ်နှစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့ပြီး တစ်ဦးမှာ ယဲ့ဝမ် ဖြစ်ကာ အခြားတစ်ဦးမှာ ပန်းတစ်ရာနတ်သမီး ဖြစ်၏။
သူတို့အားလုံး ထွက်လာကြပြီ ဖြစ်သောကြောင့် ဟန်မိသားစုနှင့် ကျန်းမိသားစုတို့သည် ယခုအခါ အကာအကွယ်မဲ့ ဖြစ်နေပြီဆိုသည့် အချက်တစ်ချက်ကို ဆိုလိုနေပေသည်။
သူတို့၏ အားနည်းနေသည့်အချိန်ကို အခွင့်ကောင်းယူပြီး သတ်ဖြတ်ပစ်ရမည် ဖြစ်၏။
ကျိုးယွမ်၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူသည် တိတ်ဆိတ်စွာ နောက်ဆုတ်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း လူအုပ်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးယွမ် ထွက်ခွာသွားချိန်တွင် ယဲ့ချွေသည် စားသောက်ဆိုင်ထဲတွင်ရှိသည့် အနံ့ အားလုံးကို စုဆောင်းပြီးဖြစ်ကာ ဆေးဆိုင် နှစ်ဆိုင်ထံသို့ ထွက်ခွာသွားခဲ့၏။
ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့သည် ရှေ့သို့ တက်လာကာ မေးလိုက်သည်။
"စီနီယာအစ်ကို တစ်ခုခု ရှာတွေ့ခဲ့လား"
ယဲ့ချွေက အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
" မလောပါနဲ့ နေရာသုံးခုလုံးဆီက အနံ့တွေကို စုဆောင်းပြီးတဲ့အထိ စောင့်ကြတာပေါ့"
"တူညီတဲ့ အနံ့ သုံးခုကို ပေါင်းစပ်လိုက်တာနဲ့ အတည်ပြုလို့ ရပြီလေ"
ယဲ့ချွေ၏ အဖြေကို ကြားချိန်တွင် ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့ သက်ပြင်းချနိုင်ခဲ့ကြ၏။
ထို့နောက် သူတို့သုံးဦးသည် နောက်တစ်နေရာသို့ ထွက်ခွာသွားခဲ့ကြပြီး ဟန်မိသားစုနှင့် ကျန်းမိသားစုရှိ အကာအကွယ်မဲ့နေမှုကို သတိမထားမိခဲ့ကြပေ။
မလှမ်းမကမ်း လူအုပ်ထဲတွင် ဘိုးဘေး ကျင်းရှန်းချွမ်း၊ ရှီမန်ချုံနှင့် ကျင်းဝူရှင်းတို့ ရပ်နေကြပြီး ဘိုးဘေး ကျင်းရှန်းချွမ်းသည် အရာအားလုံးကို အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။
ဤလူများသည် တာဖုန်းကုန်သွယ်ရေးအဖွဲ့၊ နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်းနှင့် လင်ရှောင်ခန်းမတို့ကို အလေးအနက် မထားကြသည်မှာ သေချာလှ၏။
ပုံမှန်အားဖြင့် အင်အားစုအသစ်တစ်ခု ရောက်ရှိလာချိန်တွင် ဒေသခံ အင်အားကြီးသူများထံသို့ ရှေးဦးစွာ မလွဲမသွေ လာရောက် ဂါရဝပြုကြရမည် ဖြစ်ပြီး ဤသည်မှာလည်း လိုက်နာရမည့် ကျင့်ဝတ်တစ်ခုပင် ဖြစ်သည်။
သို့သော်လည်း ဤလူများသည် အပ်တစ်ထောင်နယ်မြေတွင် မည်သည့် ကြိုတင် အသိပေးမှုမျှ မရှိဘဲ ပြဿနာ ဖန်တီးခဲ့ကြရာ အဓိက အင်အားစုကြီး သုံးခုကို ရန်စလိုက်ခြင်းပင် ဖြစ်၏။
ဘိုးဘေး ကျင်းရှန်းချွမ်းသည် အလွန် ဒေါသထွက်နေခဲ့သည်။ အကယ်၍ ကျိုးယွမ်သည် တန်ယန်မြို့တွင် ပြဿနာမရှာခဲ့လျှင်တောင် သူသည် ကြီးမြတ်သော မိသားစု ၆ ခုကိုပါ ဖျက်ဆီးပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
အပ်တစ်ထောင်နယ်မြေသည် ကျယ်ဝန်းနိုင်သော်လည်း သစ္စာဖောက်များကို သည်းခံခွင့်လွှတ်ပေးနိုင်စွမ်း မရှိပေ။
“ဘုန်း!”
ထိုစဉ် အဝေးမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တန်ယန်မြို့တစ်ခုလုံး တုန်ခါသွားခဲ့၏။
ရေတွက်၍မရနိုင်သော လူများသည် လေထဲသို့ ပျံသန်းသွားကြပြီး မလှမ်းမကမ်းရှိ အဆောက်အအုံများ မြေပြင်နှင့်တစ်သားတည်း ဖြစ်နေသည့် နေရာတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
ကြောက်မက်ဖွယ် မီးတောက်များသည် မိုးကြိုးများနှင့်အတူ ထိုနေရာတွင် သောင်းကျန်းနေခဲ့၏။
လူရိပ်များသည် စူးရှစွာ အော်ဟစ်လိုက်ကြပြီး အပျက်အစီးများထဲမှ ပျံတက်လာကာ ချက်ချင်းပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"အဲဒါ တန်ယန်မြို့က ကျန်းမိသားစုပဲ"
တစ်စုံတစ်ဦးသည် ထိုနေရာကို ချက်ချင်း မှတ်မိသွားပြီး အော်ဟစ်လိုက်၏။
ဤသည်ကို ကြားချိန်တွင် သူတို့၏ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အံ့အားသင့်သွားသည့် အမူအရာများကို ပြသလာကြပြီးနောက် မည်သို့ ဖြစ်ပျက်နေကြောင်း ကြည့်ရှုရန် ကျန်းမိသားစုထံသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
ယဲ့ဝမ်၊ ယဲ့ချွေနှင့် ပန်းတစ်ရာနတ်သမီးတို့သည် မျက်နှာများမှာ အလွန်အမင်း တင်းမာနေကြပြီး ကျန်းမိသားစုထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြ၏။
သူတို့ ရောက်ရှိချိန်တွင် ကျန်းမိသားစု အိမ်တော်သည် အသက်ရှင်လျက် ငရဲဘုံ အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်ကာ လူတစ်ရာတွင် တစ်ယောက်ပင် အသက်မရှင်နိုင်ခဲ့ပေ။
ကျန်းမိသားစု၏ အဆောက်အအုံများထဲမှ မည်သည့်အရာမျှ ပကတိအတိုင်း မရှိတော့ဘဲ အားလုံး အပျက်အစီးများ အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ကျန်းမိသားစု ဘိုးဘေးပင်လျှင် အသက်မရှင်နိုင်ခဲ့ဘဲ လေထုထဲ၌ ပျောက်ကွယ်သွားခဲ့၏။
ယဲ့ဝမ်သည် လက်သီးကို ဆုပ်ထားခဲ့ပြီး သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ထိတွေ့နိုင်လောက်အောင်ပင် ဖြစ်နေသည်။ ဤသည်မှာ ယဲ့မိသားစုနှင့် သူ့ကို ဗြောင်ကျကျ ရန်စလိုက်ခြင်း ဖြစ်ပြီး လှောင်ပြောင်ခြင်းပင် ဖြစ်၏။
သူတို့မှာ ကောင်းကင်ဖြစ်စဉ်အဆင့် ဆိုလျှင်လည်း မည်သို့ ဖြစ်မည်နည်း။ ထိုသူသည် မိမိ သတ်လိုသူကို သတ်ဖြတ်နိုင်ပြီး ထိုသူကို တားဆီးရန် မည်သည့် နည်းလမ်းမျှ မရှိပေ။
"ဒုက္ခပဲ ဟန်မိသားစု!"
ပန်းတစ်ရာနတ်သမီးသည် ဟန်မိသားစုကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် အော်ဟစ်လိုက်၏။
ဤသည်ကို ကြားချိန်တွင် ယဲ့ဝမ်နှင့် ယဲ့ချွေတို့၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး သူတို့သုံးဦးစလုံး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ကြသည်။
အသက်ရှူချိန် နှစ်ကြိမ်ထက် မနည်းသော အချိန်အတွင်း သူတို့သုံးဦးသည် ဟန်မိသားစုထံသို့ ရောက်ရှိလာခဲ့ကြ၏။ ဟန်မိသားစု ဘေးကင်းလုံခြုံနေသည်ကို မြင်ချိန်တွင် သူတို့သုံးဦးစလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။
"မင်းတို့ကို စောင့်နေတာ ကြာလှပြီ... ကောင်းကင်ကို ချိတ်ပိတ်တားမြစ်ခြင်း ကျင့်စဉ်! လေဟာနယ်ချိတ်ပိတ်ခြင်း! ချိတ်ပိတ်လိုက်စမ်း!"
ထိုစဉ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဟန်မိသားစု စံအိမ် အထက် ကောင်းကင်တွင် ရွှေရောင် အလင်းတန်း ဒိုင်းကာတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
အလင်းတန်း ဒိုင်းကာသည် လျင်မြန်စွာ ကျဆင်းလာခဲ့ပြီး ယဲ့ဝမ်၊ ယဲ့ချွေ၊ ပန်းတစ်ရာနတ်သမီးနှင့် ဟန်မိသားစုဝင် အားလုံးကို လွှမ်းခြုံသွားခဲ့သည်။
ကျိုးယွမ်သည် အောက်ဘက်သို့ အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့် ၆ မှော်အဆောင် နှစ်ဆယ့်ငါးရွက်သည် သူ၏ လက်ထဲမှ ပျံထွက်သွားပြီး ကာကွယ်ရေး အလင်းတန်း ဒိုင်းကာကို တိုက်ရိုက် ဖြတ်သန်းကာ အထဲသို့ ဝင်ရောက်သွားခဲ့၏။
ဤသည်မှာ ကျိုးယွမ်က အကြာကြီး စီစဉ်ထားခဲ့သည့် အရာတစ်ခု ဖြစ်သည်။ သူသည် ထိုသူများကို အဆင့် ၆ မှော်အဆောင် နှစ်ဆယ့်ငါးရွက်၏ ပွဲတော်တစ်ခုကို ခံစားစေချင်ခဲ့ခြင်း ဖြစ်သည်။
တစ်ခုချင်းစီသည် ကောင်းကင်တံခါးအဆင့် အထွတ်အထိပ်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပြီး ယခု မှော်အဆောင် နှစ်ဆယ့်ငါးရွက်ဖြင့် စွမ်းအားများ ပေါင်းစပ်သွားချိန်တွင် ကျိုးယွမ်ကိုယ်တိုင်ပင် ကျောချမ်းသွားရလိမ့်မည်။
အထူးသဖြင့် ယခုအခါ သူတို့သည် လေဟာနယ်ချိတ်ပိတ်ခြင်း၏ ပိတ်ဆို့မှုအောက်တွင် ရှိနေပြီး ချိတ်ပိတ်ထားသော သေတ္တာတစ်လုံးထဲတွင် ရှိနေသည်နှင့် အတူတူပင် ဖြစ်ရာ စွမ်းအားကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစေသည်။
ယဲ့ဝမ်၊ ပန်းတစ်ရာနတ်သမီးနှင့် ယဲ့ချွေတို့၏ မျက်နှာအရောင်များမှာ တစ်ချိန်တည်းမှာပင် ပြောင်းလဲသွားခဲ့ကြ၏။ သူတို့သုံးဦးသည် ကာကွယ်ရေး အလင်းတန်း ဒိုင်းကာဆီသို့ လက်သီးတစ်ချက်စီ ပစ်သွင်းလိုက်ကြသည်။
"ပေါက်ကွဲစမ်း!"
ကျိုးယွမ်၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး သူသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
“ဘုန်း!”
တန်ယန်မြို့ကြီးမှာ တုန်ခါသွားခဲ့ပြီး လူအများအပြား၏ နေအိမ်များတွင် ဗီရိုများပေါ်၌ တင်ထားသော ပစ္စည်းများ အောက်သို့ ပြုတ်ကျသွားခဲ့သည်။
လမ်းမပေါ်တွင် လူအများအပြားသည် မြေပြင် တုန်ခါနေသည်ကို ခံစားလိုက်ရပြီး အချို့မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြ၏။
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကြောင့် လူအများအပြားက အော်ဟစ်လိုက်ကြကာ သူတို့၏ လက်များဖြင့် နားများကို ပိတ်ထားခဲ့ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် နာကျင်မှုများကို ပြသလာကြသည်။
ဟန်မိသားစု စံအိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားသည့် အခိုက်အတန့်၌ ဟန်မိသားစု ဘိုးဘေး အပါအဝင် ဟန်မိသားစုဝင် အားလုံးသည် ချက်ချင်းပင် မြေမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကြောက်မက်ဖွယ် မိုးကြိုးများ ကျရောက်ရာ နေရာတိုင်းတွင် အရာအားလုံး မီးသွေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မီးတောက်များ ပျံ့နှံ့သွားသည့် နေရာများတွင် ကျောက်တုံးများပင် ချက်ချင်း အရည်ပျော်ကျသွားခဲ့၏။
ရွှေရောင် ဓားချီများသည် ကြက်ခြေခတ် ဖြတ်သန်းသွားခဲ့ပြီး ဟန်မိသားစု ခြံဝင်းအတွင်း ကြောက်မက်ဖွယ်ကောင်းသော ချောက်ကမ်းပါးနက်ကြီးများကို ထွင်းထု ဖန်တီးလိုက်သည်။
ဧရာမ သစ်ပင်ကြီးများသည် ကောင်းကင်ယံတစ်လျှောက် ဖြန့်ကျက်သွားခဲ့ပြီး ထင်ယောင်ထင်မှား တောင်တန်း အရိပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဤနေရာကို သတ်ဖြတ်ခြင်း နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
ဟန်မိသားစု စံအိမ်ကြီး ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာတွင် မီတာရာပေါင်းများစွာ နက်ရှိုင်းသော တွင်းကြီးတစ်ခု အစားထိုး နေရာယူလာခဲ့သည်။
နက်ရှိုင်းသော တွင်းကြီးထဲတွင် ဧရာမ ဓမ္မရုပ်သွင် သုံးခု ထွက်ပေါ်လာခဲ့ပြီး တစ်ခုစီသည် ရေတွက်မရနိုင်သော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေခဲ့၏။
ပန်းတစ်ရာနတ်သမီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူတို့ သုံးဦးထဲတွင် သူမသည် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်၏။ သူမ၏ ဓမ္မရုပ်သွင်သည် အက်ကွဲကြွေမွသွားခဲ့ပြီးနောက် သူမသည် မိုးကြိုးနှင့် မီးတောက်များထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။
သူမ ယခုလေးတင် ထုတ်ယူလိုက်သော ဒိုင်းကာများ ပြာအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ပန်းတစ်ရာနတ်သမီး၏ နှုတ်ခမ်းများမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ပန်းတစ်ရာနတ်သမီး၏ စူးရှသော အော်ဟစ်သံများ အလယ်တွင် သူမ၏ လက်မောင်းများနှင့် ခြေထောက်များသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ယဲ့ဝမ်! ကျွန်မကို ကယ်ပါဦး!"
ပန်းတစ်ရာနတ်သမီးသည် တကယ်ကို ကြောက်လန့်နေခဲ့၏။ နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့် တစ်ယောက်က ကောင်းကင်ဖြစ်စဉ်အဆင့် တစ်ယောက်ကို ဤအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
အကယ်၍ တစ်စုံတစ်ယောက်က သူမကို အတိတ်တွင် ဤသို့ ပြောခဲ့လျှင် သူမသည် လှောင်ပြောင်ရယ်မောကာ စိတ်ကူးယဉ်အိမ်မက်တစ်ခုအဖြစ် ထင်မှတ်ခဲ့မည် ဖြစ်သည်။
သို့သော် ယခု သူမ ကိုယ်တိုင် တွေ့ကြုံခံစားနေရချိန်တွင် သေမင်း၏ လွှမ်းမိုးခံရမှု ခံစားချက်က ကြောက်မက်ဖွယ်ကောင်းလှ၏။
ဤအခိုက်အတန့်တွင် ပန်းတစ်ရာနတ်သမီးသည် နောင်တရနေခဲ့သည်။ သူမသည် အဘယ်ကြောင့် ဤမကောင်းဆိုးဝါးကို သွားရောက် ရန်စခဲ့ရသနည်း။
တစ်စုံတစ်ဦးကို ရန်စခြင်းမှာ တစ်ပိုင်း ဖြစ်သော်လည်း အစကတည်းက အဘယ်ကြောင့် ပြတ်ပြတ်သားသား မတိုက်ခိုက်ဘဲ ခြိမ်းခြောက်မှုကို လုံးဝ မဖယ်ရှားခဲ့ရသနည်း။
သို့သော် ဘဝတွင် နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်ပေ။ ဤအခိုက်အတန့်တွင် ပန်းတစ်ရာနတ်သမီးသည် အကြောက်တရားဖြင့် လုံးဝ လွှမ်းမိုးခံလိုက်ရပြီ ဖြစ်၏။
ယဲ့ဝမ်သည်လည်း အကျပ်ရိုက်နေသော အခြေအနေတွင် ရှိနေခဲ့သည်။ သူ၏ ဓမ္မရုပ်သွင်သည် သိပ်သည်းသော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သော်လည်း ပန်းတစ်ရာနတ်သမီး၏ အကူအညီတောင်းသံများကို သူ လျစ်လျူမရှုနိုင်ခဲ့ပေ။
ယဲ့ဝမ်သည် ယိမ်းယိုင်သွားခဲ့ပြီး သူ၏ ဧရာမ ဓမ္မရုပ်သွင်သည် ပန်းတစ်ရာနတ်သမီးကို ကာကွယ်ပေးလိုက်ကာ မိုးကြိုးနှင့် မီးတောက်များ၏ တစ်ဖက်ခြမ်းမှ သူမကို ကွယ်ကာပေးထားခဲ့၏။ ကျန်ရှိနေသည့် အရာများနှင့် ပတ်သက်၍မူ ရင်ဆိုင်ဖြေရှင်းရန် သူ၌ နည်းလမ်း မရှိတော့ပေ။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပန်းတစ်ရာနတ်သမီးထံသို့ ရောက်ရှိသွားသည့် အခိုက်အတန့်၌ပင် ယဲ့ဝမ်၏ ဓမ္မရုပ်သွင်သည် ပေါက်ကွဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးသည် ပန်းတစ်ရာနတ်သမီးအား ပေဒါဇင်ပေါင်းများစွာ အကွာသို့ လွင့်စင်သွားစေခဲ့ပြီး သူမ၏ နှုတ်ခမ်းများမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ပန်းတစ်ရာနတ်သမီးသည် သူမ၏ ပါးစပ်ကို ဖွင့်လိုက်ရာ ပန်းပွင့်ဖတ် အချို့ ပျံထွက်လာခဲ့ပြီး ချက်ချင်း ကြီးမားလာကာ သူမကို လွှမ်းခြုံသွားခဲ့သည်။