အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅) နိုးထလာခြင်း၊ လေဟာနယ်၏ စွမ်းအား
လီညီအစ်ကို သုံးယောက်သည် မတူညီသော နေရာများတွင် နေထိုင်ကြ၏။ လီချန်ဖူသည် အရှေ့ဆောင်တွင် နေထိုင်ပြီး လီချန်ကန်းသည် အနောက်ဆောင်တွင် နေထိုင်ကာ လီချန်ခိုင်သည် သူတို့၏ အဖေ လီလီနှင့်အတူ မြောက်ဆောင်တွင် နေထိုင်သည်။
ဤစံအိမ်ကို အထင်မသေးပါနှင့်။ စံအိမ်သည် အတော်လေး ကြီးမားပြီး လူရာပေါင်းများစွာကို လက်ခံနိုင်ပေသည်။ တုပထားသော တောင်များနှင့် ရေကန်များမှစ၍ ဥယျာဉ်များအထိ အရာအားလုံး ရှိ၏။
ကျင့်ကြံရန် နေရာများ၊ ကျင့်ကြံရန် လျှို့ဝှက်အခန်းများ ရှိပြီး သီးသန့် ရတနာခန်းမ တစ်ခုပင် ရှိသေးသည်။
ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများမှစ၍ မှော်ဆေးလုံးများနှင့် လက်နက်များအထိ အရာအားလုံး ပါဝင်ပေသည်။
လီချန်ဖူက အရှေ့ဆောင်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လေထုမှာ သိပ်မကောင်းကြောင်း သူ အာရုံခံမိလိုက်၏။ အစေခံမိန်းကလေးများနှင့် အစေခံ အများအပြား၏ မျက်နှာများမှာ အလွန်အမင်း ညှိုးနွမ်းနေကြပြီး အနည်းငယ်လေးမျှပင် အပြုံးမရှိကြပေ။
အစေခံမိန်းကလေးများ၏ မျက်လုံးများသည် လီချန်ဖူကို မြင်သည်နှင့် တစ်ပြိုင်နက် မျက်နှာများမှာ တောက်ပသွားခဲ့ပြီး သူတို့သည် အလျင်အမြန် ရှေ့သို့ တက်လာကာ အရိုအသေပေး၍ နှုတ်ဆက်လိုက်ကြသည်။
"သခင်ကို ဂါရဝပြုပါတယ်"
လီချန်ဖူ ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဤသည်ကို ကြားချိန်တွင် အစေခံမိန်းကလေးသည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"သခင်…သခင်လေးနဲ့ သခင်မကို သွားကြည့်သင့်တယ်"
အစေခံမိန်းကလေး၏ စကားများကို ကြားချိန်တွင် လီချန်ဖူ၏ နှလုံးသား အောက်ခြေသို့ ကျဆင်းသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တုန်ခါသွားခြင်းနှင့်အတူ သူ ပျောက်ကွယ်သွားခဲ့၏။
ခဏအကြာတွင် အရှေ့ဆောင်မှနေ၍ အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်၏ ဖိနှိပ်ထားသော အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့ပြီး အတွင်း၌ အဆုံးမရှိသော ဒေါသတရားများ ပုန်းကွယ်နေခဲ့သည်။
လီမိသားစု စံအိမ်ရှေ့တွင် ရပ်နေသော လီချန်ကန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး ဆက်တိုက် လှောင်ပြောင်လိုက်၏။
လီချန်ဖူသည် အမှန်တကယ် ဒေါသထွက်နေခဲ့သည်။ သူ၏ သား လီယွီဟယ်သည် သူ၏ တန်ထျန်း ချိုးဖျက်ခံလိုက်ရပြီး သူ့ကို ဒုက္ခိတ တစ်ယောက် ဖြစ်သွားစေခဲ့၏။
သူ၏ ဇနီး ကျန်းယန်ရှီးသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့်မှ အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့်သို့ ကျဆင်းသွားခဲ့သည်။
လီချန်ဖူတွင် ဇနီး တစ်ယောက်နှင့် သား တစ်ယောက်သာ ရှိ၏။ သူသည် တင်းကျပ်သော်လည်း သူ၏ သားအတွက် ကြီးမားသော မျှော်လင့်ချက်များ ရှိထားသည်။
သူ၏ သားသည် မူလက ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ယခု သူ၏ တန်ထျန်း အက်ကွဲကြွေမွသွားပြီ ဖြစ်သောကြောင့် သူ လက်မခံနိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် လီချန်ဖူသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး ရူးသွပ်နေခဲ့၏။ လမ်းတစ်လျှောက် သူ ကြုံတွေ့ခဲ့ရသော ဆက်တိုက် တိုက်ခိုက်မှုများနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် လုံးဝ ပေါက်ကွဲထွက်လာခဲ့သည်။
လီချန်ဖူ၏ မျက်လုံးများသည် အလိုအလျောက် သွေးနီရောင် ပြောင်းသွားခဲ့၏။
ဤအခိုက်အတန့်တွင် လီချန်ဖူသည် သူ၏ စိတ်ကို လက်လွှတ်လုနီးပါး ဖြစ်နေခဲ့သည်။
"ဖူအာ! ငါ့ဆီ လာခဲ့!"
ထိုစဉ် အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာပြီး လီချန်ဖူ၏ နားထဲသို့ ရောက်ရှိလာကာ လီချန်ဖူ၏ သွေးနီရောင် မျက်လုံးများထဲတွင် ရှင်းလင်းမှု အရိပ်အယောင်တစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့၏။
ဤသည်မှာ သူ၏ ဖခင်၏ အသံဖြစ်ကြောင်း လီချန်ဖူ သိသည်။
သူသည် သူ၏ ဖခင်၏ ဆန္ဒများကို မဆန့်ကျင်ခဲ့ဘဲ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖိနှိပ်ထားကာ သူ၏ ဖခင်၏ ကျင့်ကြံရန် နေရာသို့ သွားရောက်ခဲ့၏။
ဤအခိုက်အတန့်တွင် ကျိုးယွမ်သည် အရှေ့ဆောင်ရှိ ဧည့်ခန်းတစ်ခုတွင် အခြေချနေထိုင်နေပြီ ဖြစ်သည်။
အစေခံ နှစ်ယောက် ထွက်သွားသည့် အခိုက်အတန့်တွင် ကျိုးယွမ် မျက်လုံးများ ဖွင့်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကျိုယန်ရှီး၏ မူလဝိညာဉ် ထွက်ပေါ်လာခဲ့ပြီး ကျိုးယွမ်ကို အံ့အားသင့်မှုနှင့် သံသယများဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကျိုးယွမ်သည် အလွန် ကံမကောင်းကြောင်း ခံစားလိုက်ရ၏။ မိစ္ဆာကောင်းကင်ဂိုဏ်း နေရာပြောင်းရွှေ့ခြင်း ဝင်္ကပါမှ ထွက်ခွာလာပြီးနောက် သူသည် လေဟာနယ်ထဲတွင် တိုက်ခိုက်နေကြသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲ နှစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။
သူတို့သည် လေဟာနယ်ထဲတွင် ပြဿနာ ဖန်တီးခဲ့ကြပြီး သူ၏ နေရာပြောင်းရွှေ့ခြင်း ဝင်္ကပါကိုပင် အက်ကွဲကြွေမွသွားစေခဲ့၏။
ကျိုးယွမ်သည် သားရဲ နှစ်ကောင်ကြားရှိ တိုက်ပွဲ မုန်တိုင်းထဲတွင် ပိတ်မိသွားခဲ့ပြီး သွေးမြူများ အဖြစ်သို့ ကြိတ်ခြေခံရလုနီးပါး ဖြစ်ခဲ့သည်။
အရေးကြီးသော အခိုက်အတန့်တွင် စနစ်က ဝင်ရောက်စွက်ဖက်လာခဲ့ပြီး သားရဲ နှစ်ကောင်၏ ကြောက်မက်ဖွယ် စွမ်းအားများကို သိမ်းပိုက်ကာ သူတို့ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
သို့သော် ဤစွမ်းအားသည် ကျိုးယွမ် ခံနိုင်ရည်ရှိရန် ကြီးမားလွန်းလှပြီး စနစ်က လုံးဝ မျိုချပစ်လိုက်ရာ စနစ်ကို ယာယီ အိပ်မောကျသွားစေခဲ့သည်။
စနစ်က ကျိုးယွမ်ကို ပြောပြသည်မှာ နောက်တစ်ကြိမ် ပြန်လည် နိုးထလာချိန်တွင် စနစ် အဆင့်တက်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်းပင်။
ကံကောင်းထောက်မစွာဖြင့် ကျိုးယွမ်သည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပြီး စနစ် အိပ်မောကျသွားသည့် အခိုက်အတန့်တွင် စနစ် ဈေးဆိုင်မှ ရွှေ့လျားနိုင်သော နေရာပြောင်းရွှေ့ခြင်း ဝင်္ကပါ နှစ်ခုကို အလျင်အမြန် ဝယ်ယူနိုင်ခဲ့၏။
ဤသားရဲ နှစ်ကောင်စလုံးသည် လေဟာနယ်မှ မွေးဖွားလာသော အတွင်းကမ္ဘာကောင်းကင်အဆင့် သားရဲများ ဖြစ်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ဤစွမ်းအားသည် အလွန် ထူးခြားလှ၏။ လေဟာနယ်၏ စွမ်းအားနှင့် မတူဘဲ အေးစက်ပြီး ခြောက်ကပ်နေသော အသွင်အပြင်အောက်တွင် မြင်တွေ့၍မရနိုင်သော စွမ်းရည်တစ်ခု ရှိနေပုံပေါ်သည်။
ဤစွမ်းအားသည် ကျိုးယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။
ထို့နောက် ကျိုးယွမ်သည် သူ၏ စွမ်းအား အားလုံးကို အသုံးပြုခဲ့ပြီး သတိ လုံးဝ မလစ်မီ ကျိုးပျက်နေသော လေဟာနယ်ထဲမှ သီသီလေး လွတ်မြောက်လာနိုင်ခဲ့သည်။
ကျိုးယွမ်သည် လဝက်ခန့် သတိလစ်နေခဲ့ပြီး ကျိုယန်ရှီးက သူ့ကို အချိန်တစ်လျှောက်လုံး ပြုစုစောင့်ရှောက်ပေးခဲ့၏။
ကျိုယန်ရှီး လီမိသားစု၏ ခရီးသွားအဖွဲ့ကို ရှာမတွေ့မီအချိန်အထိ ကျိုးယွမ်သည် လမ်းဘေးတွင် ကျန်ရစ်နေခဲ့ပြီး သူ မျှော်လင့်ထားသည့်အတိုင်း လီမိသားစုက သူ့ကို ရထားလုံးပေါ်သို့ တင်ခေါ်သွားခဲ့သည်။
ကျိုယန်ရှီးသည် ကျိုးယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။
သူမက မူလတွင် ကျိုးယွမ် သေချာပေါက် သေဆုံးပြီဟု ထင်မှတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျိုယန်ရှီးပင်လျှင် သူ့ထံမှ ထွက်ပေါ်နေသော စွမ်းအားကို အလွယ်တကူ မထိတွေ့ရဲသောကြောင့်ပင်။
ထိုနေ့က ကျိုးယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သိပ်သည်းကျပ်ညပ်နေကာ အနည်းဆုံး ရာနှင့်ချီ၍ ရှိပေသည်။
သို့သော် ယခုအခါ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဒဏ်ရာ အရိပ်အယောင်လေး တစ်ခုမျှပင် မကျန်တော့ပေ။
"ဒီအချိန်အတွင်း ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ကျိုးယွမ်သည် ကျိုယန်ရှီးကို ကျေးဇူးတင်စကား ပြောရန် သူ၏ လက်ယှက်ကာ ဂါဝရပြုလိုက်သည်။ ဤသည်မှာ နှလုံးသားထဲမှ ကျေးဇူးတင်မှုကို ဖော်ပြခြင်း ဖြစ်၏။
သေချာပေါက် ကျိုယန်ရှီး မရှိလျှင်တောင် ကျိုးယွမ် ကြောက်ရွံ့နေမည် မဟုတ်ပေ။ သူသည် ရွှေရောင်နတ်နဂါး သို့မဟုတ် ခေါင်းသုံးလုံးဝိညာဉ်မြွေကို နှိုးလိုက်မည် ဖြစ်သည်။
ဤသည်က သူတို့၏ အဆင့်တက်ခြင်းကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သော်လည်း မိမိ၏ အသက်ကို ဆုံးရှုံးရခြင်းထက် ပိုကောင်းပေသည်။
ကျိုယန်ရှီး ခေါင်းယမ်းလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"မင်း ဒါတွေ အားလုံးကနေ အသက်ရှင် လွတ်မြောက်လာတာ တကယ်ကို မမျှော်လင့်ထားဘူး"
ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော ပြင်းထန်သည့် နာကျင်မှု လှိုင်းလုံးများကြောင့် မျက်မှောင်ကျုံ့သွားခဲ့၏။
သူသည် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးလိုက်ရာ အေးစက်သော စွမ်းအား တစ်ခုဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။
ဤစွမ်းအားသည် အလွန် ထူးခြားလှ၏။ ရုပ်ပိုင်းဆိုင်ရာ ပုံစံကို မြင်တွေ့၍ မရနိုင်ဘဲ ဝိညာဉ်ကသာ အာရုံခံနိုင်ပေသည်။
ထို့အပြင် ကျိုးယွမ်သည် ဤစွမ်းအားကို တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြောက အမှန်တကယ်ပင် ထိန်းချုပ်နေကြောင်း တွေ့ရှိသွားခဲ့၏။ ပေါင်းစပ်မှုက သူ၏ တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြောတွင် ထူးဆန်းသော အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ်စေနေသည်။
ကျိုးယွမ်က သူ၏ သွေးကြောများကို စစ်ဆေးလိုက်၏။ အထဲတွင် ဒဏ်ရာ အချို့ ရှိနေသေးသော်လည်း မည်သည့်အရာကမျှ အရမ်း ပြင်းထန်ခြင်း မရှိသောကြောင့် သူ သက်ပြင်းချနိုင်ခဲ့သည်။
"ပြန်သွားပြီး ကျင့်ကြံနေလိုက်ပါ…ခင်ဗျား ပြီးခဲ့တဲ့ ရက်အနည်းငယ်က အတော်လေး ပင်ပန်းခဲ့မှာပဲ"
ကျိုးယွမ်က ကျိုယန်ရှီးကို ပြောလိုက်၏။
ကျိုယန်ရှီး ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ အကယ်၍ ကျိုးယွမ် သေဆုံးသွားပါက သူမလည်း ဝိညာဉ်လွင့်စင်ကာ စိတ်များ ဖရိုဖရဲ ဖြစ်သွားမည်ကို သူမ သိထား၏။
ကျိုးယွမ်သည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ကျင့်စဉ်ကို လည်ပတ်ရန် ကြိုးစားလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှု လှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။
သို့သော် ကျိုးယွမ် အံကြိတ်ကာ သူ၏ ဝိညာဉ်စွမ်းအားများကို သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖြည်းညင်းစွာ လည်ပတ်ခွင့် ပြုလိုက်၏။
အမွှေးတိုင် တစ်တိုင်စာ အချိန် ကုန်ဆုံးပြီးနောက် ကျိုးယွမ်၏ ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လည်ပတ်သွားခဲ့ပြီး သူ၏ နဖူးမှာ ချွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ပုံမှန်အားဖြင့် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားမည့် ကိစ္စဖြစ်သော်လည်း ယခုအခါ အချိန် အတော်ကြာ ယူခဲ့ရ၏။
ထို့နောက် ကျိုးယွမ်သည် ဒုတိယအချီကို စတင်လိုက်ရာ အချိန် သိသိသာသာ လျော့နည်းသွားခဲ့ပြီး ပထမအချီ၏ ထက်ဝက်ခန့် သို့မဟုတ် အမွှေးတိုင် တစ်ဝက်စာ အချိန်သာ ယူခဲ့ရသည်။
နောက်ပိုင်း ကြိုးစားမှုများတွင် ယူရသော အချိန်မှာ လျော့နည်းလာခဲ့ရာ ကျိုးယွမ်ကို အနည်းငယ် ပို၍ စိတ်အေးသွားစေခဲ့၏။
ကျိုးယွမ်သည် သူ၏ ဝိညာဉ်စွမ်းအားများကို တက်ကြွစွာ လမ်းကြောင်းလွှဲပေးလိုက်သည်နှင့်အမျှ အေးစက်ပြီး မြင်တွေ့၍မရသော စွမ်းအားများသည် တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြောထဲသို့ လျင်မြန်စွာ ဝင်ရောက် ပေါင်းစပ်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဤအပြောင်းအလဲသည် ကောင်းမွန်သလား ဆိုးရွားသလား ဆိုတာကို ကျိုးယွမ် မသိသော်လည်း သူက တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြောကို စစ်ဆေးကြည့်လိုက်ရာ တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြောသည် မည်သည့် မသက်မသာဖြစ်မှုမျှ မပြသရုံသာမက ပို၍ပင် တက်ကြွလာကြောင်း တွေ့လိုက်ရသောကြောင့် သူ၏ စိတ်ကို သက်တောင့်သက်သာ ဖြစ်သွားစေခဲ့၏။
တစ်နာရီကျော် ကြာပြီးနောက် ကျိုးယွမ်သည် သူ၏ ဝိညာဉ်စွမ်းအားများ လည်ပတ်ခြင်းကို ရပ်တန့်လိုက်ပြီးနောက် ခုတင်ပေါ်မှ ဆင်းကာ မတ်တတ်ရပ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
ကျိုးယွမ် အနည်းငယ် ပြုံးလိုက်သည်။ စနစ်သည် အဆင့်မြှင့်တင်နေပြီး အသုံးပြု၍ မရနိုင်သော်လည်း သူ၏ လက်ထဲတွင် လှည့်ကွက် အများအပြား ရှိနေပြီး မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
လေဟာနယ်ထဲရှိ ဖြစ်ရပ်များသည် ရုတ်တရက် အလွန်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့ မဟုတ်ပါက အရာအားလုံးသည် ဤမျှ ကသောင်းကနင်း ဖြစ်သွားမည် မဟုတ်ပေ။
သူသည် လီမိသားစုထံမှ ထွက်ပေါ်နေသော ဒေါသများနှင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ယခုလေးတင် အာရုံခံမိလိုက်ပြီး တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်းကို သိလိုက်ရ၏။
တစ်ဖက်လူသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့အပေါ် အတော်လေး စာနာထောက်ထားခဲ့သည်။ ဖြစ်နိုင်ပါက ကျိုးယွမ်သည် လီချန်ဖူကို ကူညီပေးရန် ဆန္ဒရှိ၏။ ဤလူသည် အတော်လေး ကောင်းမွန်ပုံပေါ်သည်။