အခန်း (၄၁၁-၄၁၂)
Vol. 42 Ch. 411-412
အခန်း (၄၁၁) လျှပ်စစ်ကားများဖြင့် ကျင့်ကြံခြင်းကမ္ဘာတွင် ပတ်မောင်းခြင်း
ထို့နောက် ပါးဖောင်းဖောင်းနှင့် မိန်းကလေးတစ်ယောက် ထွက်လာသည်။ "ကျွန်မနာမည်က ဝမ်ခယ်အိုက်ပါ။ ချစ်စရာကောင်းတဲ့ ခယ်အိုက်ပေါ့..."
လီရုံက ပြုံးလျက် "မင်းက တကယ်ကို ချစ်စရာလေးပဲဆိုတာ ငါပြောနိုင်ပါတယ်" ဟု ပြန်ပြောလိုက်လေသည်။
"ရှဲ့ယွီ၊ တရုတ်"
"ကွမ်ယွီလုံ၊ တရုတ် "
"လောင်ဖေးဖေး၊ တရုတ်..."
အနောက်တိုင်းသား ရုပ်ရည်နှင့် နောက်ဆုံးခရီးသည်က မတ်တတ်ရပ်လာချိန်၌ သူက လေယူလေသိမ်းဝဲဝဲဖြင့် တရုတ်လို မိတ်ဆက်လာ၏။ "ကျွန်တော့်နာမည်က ဒေါင်းဆန်ပါ။ ပြင်သစ်ကပါ"
စုပိုင်လောက လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် "ဝိုး... ငါတို့ တရုတ်တွေချည်းပဲ တစ်စီးလုံးကို ငှားလိုက်သလို ဖြစ်နေတာပဲ..."
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။ ဖန်ဖန်က အဓိပ္ပါယ်ပါပါဖြင့် "ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလမ်းစဉ်အပေါ်ထားတဲ့ ငါတို့ရဲ့ စိတ်အားထက်သန်မှုကိုတော့ ကမ္ဘာပေါ်က ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ..." ဟု ဆိုသည်။
ယန်ချုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး "ဒါက ငါတို့ရဲ့ ယဉ်ကျေးမှုမျိုးရိုးဗီဇထဲမှာကို ပါပြီးသားပဲ...."
ပြတင်းပေါက်အပြင်ဘက်တွင် ကြယ်တာရာများနှင့် ဂလက်ဆီမြစ်ကြောင်းကြီးက စီးဆင်းနေပြီး ကားအတွင်း၌မူ သက်တောင့်သက်သာရှိကာ ကြည်နူးဖွယ်ကောင်းသည့် လေထုက ဖုံးလွှမ်းနေချေသည်။
ထို့နောက် အချိန်ခရီးသွားဘတ်စ်ကားကြီးက ဖြည်းညှင်းစွာ ဆင်းသက်လာပြီးနောက် စိမ်းလန်းစိုပြည်နေသည့် ရှေးဟောင်းသစ်တောကြီးတစ်ခုအတွင်း၌ ငြိမ်သက်စွာ ရပ်တန့်သွားသည်။
မိုးတိမ်များဆီသို့ ထိုးတက်နေသည့် ရှေးဟောင်းသစ်ပင်ကြီးများက လူအများအပြား ဖက်မှသာ မိနိုင်မည့် အရွယ်အစားရှိပြီး ၎င်းတို့၏ ရှုပ်ထွေးကောက်ကွေ့နေသော သစ်မြစ်ကြီးများက မြေပြင်ပေါ်တွင် ဧရာမစပါးအုံးမြွေကြီးများ ရစ်ခွေနေသည့်အလား ဖြစ်နေခဲ့သည်။
မိုးရွာပြီးစအချိန်ဖြစ်ရာ နေရောင်ခြည်က သစ်ကိုင်းနှင့် သစ်ရွက်အလွှာများကို ဖြတ်သန်းဖြာကျနေပြီး ဆွေးမြေ့နေသော သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသည့် တောအုပ်မြေပြင်ပေါ်တွင် ကျားကွက်အရိပ်များ ထင်ဟပ်နေပေသည်။
လေထုထဲတွင် မြေကြီးနှင့် မြက်ပင်တို့၏ လတ်ဆတ်သော ရနံ့များ ပြည့်နှက်နေပြီး အဝေးမှ ငှက်ကလေးများ၏ တေးဆိုသံများကိုလည်း ရံဖန်ရံခါ ကြားနေရ၏။
"အားလုံးပဲ... ရောက်ပါပြီ..." ကျန်းယဲ့က အရင်ဆုံး မတ်တတ်ရပ်လိုက်ပြီး ခရီးသည်များကို ကားပေါ်မှဆင်းရန် လက်ဟန်ပြလိုက်လေသည်။
လူတိုင်းက ဟင်းလင်းပြင်ခရီးသွားစနစ်မှ ထုတ်လုပ်ပေးထားသည့် တိမ်တိုက်လွင့်နှင်းဝဲဟု အမည်ရသော ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ထားကြပြီးဖြစ်သည်။
အမျိုးသားများက လည်ပင်းကြက်ခြေခတ်ပုံစံနှင့် လက်ကျယ်ပါဝင်သော လရောင်ဆင်းရှိ ဝတ်ရုံဖြူများကို ဝတ်ဆင်ထားကြပြီး ၎င်းတို့၏ ဝတ်ရုံများက လေပြေအဝှေ့တွင် လွင့်မျောနေ၏။
အမျိုးသမီးများကမူ ငွေရောင်ပန်းအဆင်များ မှိန်ဖျော့ဖျော့ ပါဝင်သည့် အပြာနုရောင် ရူချွင် (ရိုးရာဝတ်စုံ) များကို ဝတ်ဆင်ထားကြရာ နေရောင်အောက်တွင် တောက်ပနေလေသည်။
သူတို့၏ နတ်ဘုရားများသဖွယ် ကျက်သရေရှိလှသော ဝတ်စားဆင်ယင်မှုကြောင့် အဖွဲ့တစ်ခုလုံးမှာ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံသို့ တက်ရောက်ရန် ပြင်ဆင်နေသည့် ကျင့်ကြံသူများအုပ်စုနှင့် တူနေခဲ့ကြသည်။
နောက်ဆုံးလူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် အချိန်ခရီးသွားဘတ်စ်ကားကြီးက ကောင်းကင်ယံထဲသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။
"ဒီက လေထုက သိပ်လတ်ဆတ်တာပဲ..." ဝမ်ချန်ရှင်းက လေကို ဝဝရှူသွင်းလိုက်ပြီး မနေနိုင်ဘဲ ရေရွတ်လိုက်၏။
ဝမ်ချင်ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလျက် "မနှစ်က ငါသွားခဲ့တဲ့ ကြယ်ငါးပွင့်အဆင့် သစ်တောအောက်ဆီဂျင်ဘားထက်တောင် ပိုကောင်းနေသေးတယ်..."
စုပိုင်လောက ကျန်းယဲ့အနားသို့ ကပ်သွားကာ စပ်စုသည့်လေသံဖြင့် "ဒါရိုက်တာကျန်း... အခု ငါတို့ ဘယ်ကိုသွားကြမှာလဲ" ဟု မေးလိုက်သည်။
ကျန်းယဲ့က ဟင်းလင်းပြင်ခရီးသွားစနစ်၏ မြေပုံကို ဖွင့်လိုက်ရာ ပတ်ဝန်းကျင် မြေပြင်အနေအထားများက ဖန်သားပြင်ပေါ်တွင် ပေါ်လာ၏။ "အရှေ့ဘက် ၁၈ ကီလိုမီတာအကွာမှာ မြို့တစ်မြို့ရှိတယ်။ အဲ့ဒီကို အရင်သွားပြီး တည်းကြရအောင်..."
"ဆယ်ကီလိုမီတာကျော်..." ချောင်ကျန်းရှင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ "အဲ့ဒါဆို ဘယ်လောက်တောင် ကြာမှာလဲ..."
အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သည့် ဖန်ဖန်ပင်လျှင် မခံစားနိုင်တော့ဘဲ မျက်နှာရှုံ့မဲ့သွားကာ "ဒါရိုက်တာကျန်း... ကျွန်မက ပုံမှန်ဆို အများဆုံး သုံးကီလိုမီတာလောက်ပဲ လမ်းလျှောက်တာနော်..."
အခြားသူများကလည်း ညည်းတွားလိုက်ကြပြီး ထိုအကွာအဝေးမှာ သူတို့ခံနိုင်ရည်ထက် ကျော်လွန်နေကြောင်း ပြောဆိုလိုက်ကြသည်။
ကျောက်ဒယ်ကျူးတစ်ယောက်သာလျှင် တက်ကြွစွာဖြင့် "ငါက ပုံမှန်ဆို လယ်ထဲမှာ အလုပ်လုပ်နေကျဆိုတော့ ဒီလောက်အကွာအဝေး လမ်းလျှောက်ဖို့က ပြဿနာမရှိပါဘူးကွ" ဟု ပြောလာ၏။
ရွှီရှင်းပေါ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး "အရင်ခရီးသွားအဖွဲ့တွေ ပြောဖူးတာ မှတ်မိသေးတယ်။ ဒါရိုက်တာကျန်းဆီမှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ငှားတာတို့... ဝယ်တာတို့ လုပ်လို့ရတယ်ဆို"
"ရပါတယ်..." ကျန်းယဲ့က စနစ်စတိုးဆိုင်ကို ဖွင့်လိုက်ရာ ယာဉ်အမျိုးအစားစုံလင်စွာ ဖန်သားပြင်ပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။
လီရုံ၏ မျက်ဝန်းများ အရောင်လက်သွား၏။ "ငါတို့ လျှပ်စစ်စက်ဘီးတွေ ဝယ်လို့ရတယ်။ ဆယ်ကီလိုမီတာကျော်လောက်ကို လျှပ်စစ်စက်ဘီးနဲ့ဆို ခဏလေးပဲ မောင်းရမှာ..."
ကျန်းယဲ့က ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စု လျှပ်စစ်စက်ဘီးကိုယ်စီစီးကာ ကျင့်စဉ်ကမ္ဘာအတွင်း သွားလာနေမည့် မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်မိရာ သူ၏နှုတ်ခမ်းများ အလိုအလျောက် တွန့်ချိုးသွားရသည်။
ထိုမြင်ကွင်းက တကယ်ကို ကြည့်လို့ကောင်းနေမည် မဟုတ်ပါလော။
"ငါကတော့ ဒါလေး အကြံပြုချင်တယ်..." ကျန်းခယ်က သူ၏ရွှေရောင်ကိုင်းမျက်မှန်ကို ပင့်တင်လိုက်ရင်း ရွေးချယ်စရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ "အပန်းဖြေလျှပ်စစ်ကားလေ... တစ်စီးကို လူ (၁၅) ယောက်လောက် စီးလို့ရတယ်ဆိုတော့ လျှပ်စစ်ကားအသေး ရှစ်စီးဝယ်တာထက် အများကြီး ပိုတွက်ခြေကိုက်တယ်..."
အနည်းငယ် ဆွေးနွေးတိုင်ပင်ပြီးနောက် အားလုံးက (၁၅) ယောက်စီး နှစ်စီးနှင့် (၁၀) ယောက်စီး တစ်စီးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြ၏။
နောက်ခဏ၌ အသစ်စက်စက် အပန်းဖြေကားသုံးစီး ပေါ်လာသောအခါ လူအုပ်ကြီးက သြဘာပေးလိုက်ကြပြီး ပြိုင်တူပြေးတက်ကြသည်။ သူတို့က ဤထူးခြားဆန်းကြယ်သော ကျင့်ကြံခြင်းကမ္ဘာ၏ အပန်းဖြေခရီးစဉ်ကို ခံစားကြည့်ရန် မစောင့်နိုင်အောင် ဖြစ်နေကြ၏။
အဖွဲ့က ထူထပ်သော သစ်တောကြီးထဲမှ ထွက်လာခဲ့ကြရာ ရုတ်တရက်ဆိုသလို သူတို့ရှေ့မှောက်၌ မြင်ကွင်းက ရှငိးလင်းသွားလေသည်။
ကျယ်ဝန်းလှသော ခရီးသွားလမ်းမကြီးတစ်ခုက အကွေ့အကောက်များနှင့် ရှေ့သို့ သွယ်တန်းနေခဲ့သည်။ သိပ်သည်းစွာ ဖိညှပ်ထားသော မြေသားလမ်းမှာ ချောမွေ့နေပြီး အပန်းဖြေကားသုံးစီး ယှဉ်မောင်း၍ ရနိုင်သည်အထိ ကျယ်ဝန်းလှ၏။
လူ (၃၆) ယောက်က ရန်ပုံငွေများကို အမြန်စုပေါင်းလိုက်ကြပြီး အသစ်စက်စက် အပန်းဖြေလျှပ်စစ်ကား သုံးစီးက လမ်းမကြီးဘေးတွင် အသင့်ပေါ်လာတော့သည်။
ရွေးချယ်ခံရသည့် ဝါရင့်ယာဉ်မောင်းသုံးဦးမှာ ကွမ်ယွီလုံ၊ ရွှီရှင်းပေါ် နှင့် ရှဲ့ယွီတို့ပင်။
သူတို့သုံးယောက်က ကားမောင်းနှင်သည့် စနစ်များကို အမြန်လေ့လာလိုက်ရာ မကြာမီမှာပင် ကျွမ်းကျင်သွားကြ၏။
ဘာပဲဖြစ်ဖြစ် ဤအပန်းဖြေကားများမှာ မောင်းနှင်ရလွယ်ကူပြီး သာမန်ကားများနှင့် များစွာကွာခြားမှု မရှိချေ။
"မြဲမြဲကိုင်ထားကြ... သွားကြစို့ဟေ့..." ကွမ်ယွီလုံက ပြုံးလျက် အော်ပြောလိုက်ပြီး ကားကို စတင်မောင်းနှင်လိုက်လေသည်။
အခြားသူများလည်း ကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြကာ ဓာတ်ပုံရိုက်ရန် သူတို့၏ ဖုန်းများကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်ကြသည်။
ဤသည်က အစစ်အမှန် ကျင့်ကြံခြင်းကမ္ဘာကြီးပင်။
ကောင်းကင်ပြာကြီးက ကြည်လင်နေပြီး အဝေးဆီမှ တောင်တန်းကြီးများက စိမ်းလန်းစိုပြည်နေသည်။ လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အဆုံးအစမရှိသော ရှေးဟောင်းသစ်တောကြီးများ ရှိနေပြီး မြက်ပင်၊ သစ်ပင်နှင့် တောရိုင်းပန်းလေးများ၏ ရနံ့များက လေထုထဲတွင် သင်းပျံ့နေ၏။
ရှုခင်းများက တကယ်ကို ထူးခြားဆန်းကြယ်လှချေသည်။
စိမ်းလန်းစိုပြည်နေသည့် ရှေးဟောင်းသစ်တောကြီး၏ အလယ်ဗဟိုတွင်တော့ ခေတ်မီနည်းပညာမြင့် ယာဉ်သုံးစီးက မြေဝါရောင်လမ်းမကြီးတစ်လျှောက် တည်ငြိမ်စွာ ခုတ်မောင်းသွားလာနေခဲ့ကြသည်။
ကားပေါ်ရှိ ခရီးသည်များမှာ လရောင်ဆင်းနှင့် အပြာနုရောင် ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားကြရာ သူတို့၏ လက်အိတ်များက လေထဲတွင် နတ်သမီးများအလား လွင့်မျောနေချေသည်။ ၎င်းက သူတို့စီးနင်းနေသည့် ခေတ်မီနည်းပညာမြင့် အပန်းဖြေကားနှင့်ဆိုလျှင် အချိန်နှင့် ဟင်းလင်းပြင် ကွဲလွဲနေသကဲ့သို့ ပြင်းထန်သော ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။
"ဟိုဘက်ကို ကြည့်လိုက်ကြဦး..." ယန်ချုံးက ရှေ့ဘက်ညာဘက်သို့ လက်ညှိုးထိုးပြကာ ရုတ်တရက် အော်ပြောလိုက်၏။
လူအုပ်ကြီးက အသံလာရာဘက်သို့ ကြည့်လိုက်ကြသောအခါ အဝေးရှိ တောင်ခါးပန်းတွင် ပွင့်လန်းနေသည့် ဧရာမပန်းခင်းကြီးတစ်ခုကို တွေ့လိုက်ကြရသည်။ ပန်းပွင့်တစ်ခုစီမှာ ကျောက်ကြိတ်ဆုံတစ်ခုစာခန့် ကြီးမားပြီး ပွင့်ဖတ်များမှာ အပြာနှင့် ခရမ်းရောင် ရောယှက်နေကာ နေရောင်အောက်တွင် ပုလဲများကဲ့သို့ တောက်ပနေကြသည်။
ပန်းခင်းကြီးတစ်ခုလုံးက တောင်ကုန်းတစ်ဝက်ခန့်ကို ဖုံးလွှမ်းထားရာ အသက်ရှုမှားလောက်အောင် လှပသည့် မြင်ကွင်းပင်။
"ဘုရားရေ... အကြီးကြီးတွေပဲ..."
"အဲ့ဒါက Avatar ကားထဲက ဝိညာဉ်သစ်ပင်နဲ့ တူလိုက်တာ..."
"မြန်မြန်... မြန်မြန် ဗီဒီယိုရိုက်ထားလိုက်..."
ကားအတွင်း၌ အံ့သြတုန်လှုပ်သံများ ဆူညံသွားပြီး လူတိုင်း၏ ဖုန်းကင်မရာများက ထူးခြားဆန်းကြယ်လှသော ပန်းခင်းကြီးဆီသို့ ချိန်ရွယ်လိုက်ကြသည်။
ဝမ်ခယ်အိုက်ဆိုလျှင် မတ်တတ်ရပ်ကာ လက်ရန်းကို ကိုင်ထားရင်း ပို၍ ရှင်းလင်းစွာ ရိုက်ကူးနိုင်ရန် ခြေဖျားထောက်၍ပင် ကြိုးစားနေချေသည်။
စုပိုင်လောက ဗီဒီယိုရိုက်ကူးနေရင်း "ဒါကိုသာ ငါဝီချက်Moments မှာ တင်လိုက်ရင်တော့ မနာလိုဖြစ်မယ့်သူတွေ အများကြီးပဲ တွေ့ရတော့မှာဟေ့..."
အမြဲတမ်း တည်ငြိမ်နေတတ်သည့် ဖန်ဖန်ပင်လျှင် အနီးကပ်ပုံအချို့ကို မနေနိုင်ဘဲ ထပ်ရိုက်လိုက်မိပြီး သူမ၏မျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သော အပြုံးတစ်ခု ပေါ်လွင်နေချေသည်။
အပန်းဖြေကားသုံးစီးက ရယ်မောသံများ၊ ရွှင်လန်းတက်ကြွသော စကားပြောသံများဖြင့် သူတို့၏ ခရီးကို ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က လမ်းတစ်လျှောက်ရှိ ထူးဆန်းသော ပန်းများနှင့် အပင်များကို ဖုန်းများဖြင့် ဓာတ်ပုံရိုက်နေကြစဉ် ရုတ်တရက် သူတို့၏ ခေါင်းပေါ်သို့ ဧရာမအရိပ်မည်းကြီးတစ်ခု ကျရောက်လာလေသည်။
ရောင်စုံပန်းချီများ၊ ပန်းပုများ ထွင်းထုထားသည့် သစ်သားပျံသန်းရေးလှေကြီးတစ်ခုက ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဖြတ်သန်းသွားခဲ့သည်။ ၎င်း၏ လှေကိုယ်ထည်တွင် ရှုပ်ထွေးလှသော အစီအရင် သင်္ကေတများ ထွင်းထုထားပြီး နေရောင်အောက်တွင် မှိန်ဖျော့ဖျော့ တောက်ပနေ၏။
ပျံသန်းရေးလှေကြီး၏ ကုန်းပတ်ပေါ်တွင် လရောင်ဆင်းဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူအချို့က လက်ရန်းမှတစ်ဆင့် အဝေးသို့ လှမ်းကြည့်နေကြသည်။
"ဂိုဏ်းတူအစ်ကိုကြီး... ဟိုမှာကြည့်ပါဦး..." လူငယ်ကျင့်ကြံသူတစ်ယောက်က အောက်ဘက်သို့ ရုတ်တရက် လက်ညှိုးထိုးပြလိုက်၏။ "အဲ့ဒါက ဘာမှော်လက်နက်လဲ... တော်တော်လေး ထူးဆန်းတဲ့ပုံစံပဲ..."
တည်ငြိမ်အေးဆေးသည့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးက အသံလာရာဘက်သို့ ကြည့်လိုက်ရာ လမ်းမကြီးတစ်လျှောက် ချောမွေ့စွာ မောင်းနှင်နေသည့် ငွေရောင်သန်းနေသော သံသေတ္တာသုံးလုံးကို မြင်လိုက်ရသည်။ ယာဉ်များကို မောင်းနှင်နေသည့် ဝိညာဉ်ကျောက်တုံးများ၏ အရိပ်အယောင်မျှ မရှိသကဲ့သို့ အစီအရင် သင်္ကေတများ၏ စွမ်းအင်လှိုင်းများလည်း မရှိချေ။
ဤဆူညံသံကြောင့် ပျံသန်းရေးလှေပေါ်ရှိ အခြားတပည့်များ၏ အာရုံကိုပါ ဆွဲဆောင်သွားပြီး လက်ရန်းအနီးသို့ စုရုံးရောက်ရှိလာကြသည်။
"သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်လိုက်စမ်း... အပြာနုရောင်နဲ့ တွဲဖက်ထားတဲ့ လရောင်ဆင်းဝတ်စုံတွေ... ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းက တပည့်တွေရဲ့ ဝတ်စုံတွေနဲ့ တူတယ်...." အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က အောက်ဘက်ရှိ အဖွဲ့၏ ဝတ်စားဆင်ယင်မှုကို အကဲခတ်ကာ ပြောလိုက်၏။
အနည်းငယ် အသက်ပိုကြီးပုံရသည့် နောက်ထပ် ကျင့်ကြံသူတစ်ယောက်က မျက်လုံးကိုမှေးကာ ဝတ်စုံများကို သေချာစစ်ဆေးကြည့်လိုက်ပြန်သည်။ "အဝတ်အစားအသားက အရမ်းကောင်းပြီး ပန်းထိုးလက်ရာကလည်း သေသပ်လှပတယ်... ဂိုဏ်းကြီးတစ်ခုခုရဲ့ လက်ရာနဲ့ တကယ်ကို တူတာပဲ..."
ထိုသို့နှင့် လူတိုင်း၏ အာရုံက အပန်းဖြေကားသုံးစီးထံသို့ အလျင်အမြန် ရောက်ရှိသွားလေသည်။
အခန်း ၄၁၁ပြီး၏။
အခန်း (၄၁၂) ရှင်းလင်းပြတ်သားသော အဆင့်အတန်း ခွဲခြားမှု
"ဒီမှော်လက်နက်က တကယ်ကို ထူးဆန်းတာပဲ။ အရမ်းလည်းနှေးသလို လူဆယ်ယောက်ကျော်လောက်ပဲ တင်နိုင်တယ်..." ကလေးဆန်ဆန် မျက်နှာပိုင်ရှင် ကျင့်ကြံသူက ခေါင်းကို ကုတ်လျက် "ဘာလို့ ပျံသန်းရေးဓား ဒါမှမဟုတ် ပျံသန်းနိုင်တဲ့ မှော်လက်နက်တွေကို မသုံးကြတာလဲ..."
"ပိုပြီး ထူးဆန်းတာက ဒီမှော်လက်နက်မှာ ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှု အနည်းငယ်လေးတောင် မရှိနေတာပဲ..." သူတို့ကို စတင်တွေ့ရှိခဲ့သည့် လူငယ်ကျင့်ကြံသူက နားမလည်နိုင်သည့် အမူအရာဖြင့် "ပြီးတော့ ကားပေါ်ကလူတွေ... သူတို့အကုန်လုံးက သာမန်လူတွေနဲ့ တူနေတယ်မလား..."
ကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများက အောက်ဘက်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေခဲ့ရသည်။ တန်ဖိုးကြီးဝတ်ရုံများကို ဝတ်ဆင်ထားသော လူတစ်စုက တောက်ပနေသော ကျောက်စိမ်းပြားတစ်မျိုးကို ကိုင်ဆောင်ထားကာ လမ်းဘေးရှိ ပန်းများ၊ သစ်ပင်များကို ချိန်ရွယ်နေကြပြီး ရံဖန်ရံခါတွင် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသေး၏။
"သူတို့ ဘာလုပ်နေကြတာလဲ.." အမျိုးသမီးကျင့်ကြံသူက မနေနိုင်ဘဲ မေးလိုက်၏။ "ဘာလို့ ဒီသာမန် ပန်းတွေ၊ သစ်ပင်လေးတွေကို ကြည့်ပြီး ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ..."
"လေ့ကျင့်ရေးဆင်းနေတာများလား..." ကလေးမျက်နှာနှင့် ကျင့်ကြံသူက ခန့်မှန်းလိုက်သည်။ "ဒါပေမဲ့ လေ့ကျင့်ရေးဆင်းတာကို ဘာလို့ ဒီလောက်ကြီးမားလေးလံတဲ့ မှော်လက်နက်ကြီးကို စီးဖို့ လိုနေရတာလဲ...."
ပျံသန်းရေးလှေပေါ်ရှိ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
ဤလူစုမှာ တန်ဖိုးကြီးဝတ်စုံများ ဝတ်ဆင်ထားသော်လည်း ကျင့်ကြံခြင်းစွမ်းအင် မရှိကြချေ။ ထို့အပြင် သူတို့က ဝိညာဉ်စွမ်းအင်မရှိသော ထူးဆန်းသည့် မှော်လက်နက်များကို စီးနင်းထားပြီး သူတို့၏ အပြုအမူများကလည်း အလွန်ထူးဆန်းနေပြန်သည်။ ကျင့်ကြံခြင်းကမ္ဘာတွင် ဤကဲ့သို့သော ပေါင်းစပ်မှုမျိုးက တကယ်ကို နားလည်ရခက်လှ၏။
ပျံသန်းရေးလှေပေါ်ရှိ လူငယ်တပည့်အချို့က အောက်သို့ဆင်းကာ သွားရောက်လေ့လာရန် စိတ်အားထက်သန်နေကြစဉ် အခြားသူများထက် သိသိသာသာ ပိုမိုအားကောင်းသည့် အရှိန်အဝါရှိကာ တည်ငြိမ်သောအမူအရာနှင့် အပြာရောင်ဝတ်ရုံရှင် ကျင့်ကြံသူတစ်ယောက်က သူတို့ကို တားဆီးရန် လက်ကာပြလိုက်သည်။
"ခဏနေဦး..." သူ၏ စူးရှသော အကြည့်များက အောက်ဘက်ရှိ အပန်းဖြေကားသုံးစီးထံသို့ ကျရောက်သွားခဲ့သည်။ "တိမ်တိုက်လွင့်ပိုးသားကို ဝတ်ဆင်နိုင်တဲ့သူတွေက သာမန်လူတွေဖြစ်မယ်လို့ မင်းတို့ တကယ်ပဲ ထင်နေကြတာလား..."
ထိုစကားကို ကြားသောအခါ အားလုံးက မှင်တက်သွားကြရသည်။
တိမ်တိုက်လွင့် ပိုးသားက ကျင့်ကြံခြင်းကမ္ဘာ၌ ဝတ်ရုံများချုပ်လုပ်ရာတွင် ကျော်ကြားသော ပစ္စည်းတစ်ခုဖြစ်ပြီး တစ်လက်မကိုပင် တန်ဖိုးကြီးမားလှရာ သာမန်ကျင့်ကြံသူများဆိုလျှင် ဝတ်ဆင်နိုင်ရန် အိပ်မက်ပင် မမက်ဝံ့ကြချေ။
ဂိုဏ်းတူအစ်ကိုကြီးက အသံဩဩဖြင့် ဆက်ပြောလေသည်။ "သူတို့ရဲ့ စွမ်းအင်တွေက နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးလို ဖုံးကွယ်ထားကြတယ်။ ပြီးတော့ အဲဒီမှော်လက်နက်ကလည်း မူလရိုးရှင်းတဲ့ ပုံစံကို ပြန်လည်ရောက်ရှိနေတာမျိုးပဲ။ ဒါက ရှင်းနေတာပဲ... လျှို့ဝှက်ဂိုဏ်းတစ်ခုခုက တပည့်တွေ ခရီးထွက်လာကြတာဖြစ်ရမယ်။ သူတို့ကို သွားပြီး အနှောင့်အယှက်ပေးမိရင် မလိုအပ်တဲ့ ပြဿနာတွေပဲ တက်လာလိမ့်မယ်..."
ထိုသို့ပြောလိုက်သည်နှင့် ပျံသန်းရေးလှေပေါ်တွင် လုံးဝတိတ်ဆိတ်သွားတော့သည်။
စိတ်လှုပ်ရှားစွာဖြင့် အောက်ဆင်းရန် ပြင်နေကြသည့် တပည့်အချို့လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်လိုက်ကြပြီး ရိုသေလေးစားစွာဖြင့် နောက်သို့ ဆုတ်လိုက်ကြ၏။ ထို့နောက် ပျံသန်းရေးလှေကြီးက ဖြည်းညှင်းစွာ အမြင့်သို့တက်ကာ အရှိန်တင်လိုက်ပြီး တိမ်တိုက်များအတွင်းသို့ ပျောက်ကွယ်သွားလေသည်။
တကယ်တမ်းတွင် ကျန်းယဲ့သည် ပျံသန်းရေးလှေကြီး ပေါ်လာသည့်အချိန်ကတည်းက စနစ်မှတစ်ဆင့် သူတို့၏ တည်ရှိမှုကို အာရုံခံမိပြီး ဖြစ်၏။ သို့သော်လည်း စနစ်၏ ထည့်သွင်းထားသော ကာကွယ်ရေးယန္တရားကြောင့် မည်သည့်အန္တရာယ်မှ ကျရောက်လာမည်ကို သူ စိုးရိမ်မနေခဲ့ချေ။
"အားလုံးပဲ... ကောင်းကင်ကို ကြည့်လိုက်ကြဦး..." ဝမ်ချန်ရှင်းက အထက်သို့ လက်ညှိုးထိုးပြကာ ရုတ်တရက် အော်ပြောလိုက်သည်။
လူတိုင်းက ပြိုင်တူ မော့ကြည့်လိုက်ကြရာ သူတို့၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားသော သေသပ်လှပစွာ အလှဆင်ထားသည့် ပျံသန်းရေးလှေကြီးကို ကွက်တိမြင်လိုက်ကြရသည်။ သစ်သားလှေကိုယ်ထည်က နေရောင်အောက်တွင် နွေးထွေးစွာ တောက်ပနေပြီး လှေအမြီးပိုင်းတွင်မူ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ကျန်ရစ်နေချေသည်။
"အာ... ပျံသန်းရေးလှေကြီးပဲ... အစစ်ကြီးဟ... ပျံသန်းရေးလှေ အစစ်ကြီး..." စုပိုင်လောမှာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် သူ၏ထိုင်ခုံမှ ခုန်ထလိုက်ရာ ကားအမိုးနှင့်ပင် ခေါင်းဆောင့်မိမတတ် ဖြစ်သွားရသည်။
ဝမ်ခယ်အိုက်က သူမ၏ ရင်ဘတ်ပေါ်သို့ လက်လေးတင်လိုက်ရင်း မျက်လုံးများ အရောင်လက်ကာ "ဒါက ကျင့်ကြံခြင်းကမ္ဘာက သယ်ယူပို့ဆောင်ရေး ယာဉ်တွေလား... အိပ်မက်ဆန်လိုက်တာ..."
"ငါလည်း ကျင့်ကြံချင်လာပြီ... အခုချက်ချင်းကို ကျင့်ကြံချင်နေပြီ..." ဝူယာချန်မှာ သူမရှေ့ရှိ ထိုင်ခုံနောက်မှီကို တင်းကြပ်စွာ ကိုင်ထားရင်း စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်များပင် ရဲတက်နေခဲ့သည်။
အမြဲတမ်း တည်ငြိမ်နေတတ်သည့် ဖန်ဖန်ပင်လျှင် မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ အဝေးသို့ ပျောက်ကွယ်သွားသည့် ပျံသန်းရေးလှေကြီးကို ငေးကြည့်နေမိလေသည်။ "ဒါက ရုပ်ရှင်တွေထဲက အထူးဖန်တီးမှုတွေထက် အများကြီး ပိုပြီး လက်တွေ့ဆန်တာပဲ..."
အပန်းဖြေကားသုံးစီးပေါ်တွင် တိတ်ဆိတ်နေသော သစ်တောကြီးအတွင်း ပဲ့တင်ထပ်သွားသည်အထိ အောင်ပွဲခံ သြဘာသံများနှင့် အံ့သြတုန်လှုပ်သံများ ဆူညံသွားရသည်။
ပျံသန်းရေးလှေကြီးကို ဤသို့ လျှပ်တစ်ပြက် မြင်တွေ့လိုက်ရခြင်းက သူတို့အား စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်သော ကျင့်ကြံခြင်းကမ္ဘာအတွင်းသို့ အမှန်တကယ် ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရစေသည်။
ဆယ်မိနစ်ခန့်အကြာတွင် အပန်းဖြေကားသုံးစီးက ဘေးလမ်းငယ်လေးမှတစ်ဆင့် ပိုမိုကျယ်ဝန်းသော လမ်းမကြီးတစ်ခုပေါ်သို့ ကွေ့ဝင်လိုက်သည်။
ခုနက ဖြတ်သန်းလာခဲ့သည့် သစ်တောလမ်းနှင့် နှိုင်းယှဉ်လျှင် မြင်းလှည်းရှစ်စီးခန့် ယှဉ်မောင်း၍ရနိုင်သည့် ဤကျောက်ပြာလမ်းမကြီးက တကယ့်ကို အဓိကလမ်းမကြီးတစ်ခု ဖြစ်လေသည်။
"ဘုရားရေ... ဒီလမ်းက တကယ်ကျယ်တာပဲ..." စုပိုင်လောက အံ့သြတကြီး ရေရွတ်လိုက်၏။
သို့သော်လည်း ပို၍ မျက်စိကျိန်းစရာကောင်းသည်မှာ လမ်းပေါ်ရှိ ဖြတ်သန်းသွားလာနေသော လူများနှင့် ယာဉ်မျိုးစုံပင်။
ကုန်သည်ယာဉ်တန်းတစ်ခုက ဖြည်းညှင်းစွာ ရှေ့သို့ ရွေ့လျားနေပြီး လှည်းများကို ဆွဲနေသည့် မြင်းများ၏ ခေါင်းပေါ်တွင် တောက်ပနေသော ဦးချိုတစ်ခုစီ ပါရှိကာ ချိုဖျားများမှ အဖြူရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေကြသည်။
အခြားတစ်ဖက်တွင်မူ စာမရီကဲ့သို့ ဧရာမသားရဲကြီးများက ကုန်ပစ္စည်းများကို သယ်ဆောင်လာကြပြီး သူတို့၏ နှာခေါင်းများမှ အဖြူရောင် အခိုးအငွေ့များ မှုတ်ထုတ်နေကြ၏။
အဖွဲ့နှစ်ဖွဲ့က အထူးသဖြင့် အာရုံစိုက်စရာအကောင်းဆုံး ဖြစ်နေချေသည်။
တစ်ဖွဲ့မှာ အနက်ရောင်ဝတ်စုံကျပ်များ ဝတ်ဆင်ထားသည့် အစောင့်အဖွဲ့ဖြစ်ပြီး သူတို့တစ်ယောက်စီတိုင်း၏ မျက်လုံးများက စူးရှကာ ခါးတွင် ဓားကိုယ်စီ ချိတ်ဆွဲထားကြသည်။ သူတို့ စောင့်ကြပ်လာသည့် ကုန်ပစ္စည်းများကို အစီအရင်စာရွက်များဖြင့် ချိတ်ပိတ်ထားရာ သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိသာလှပေသည်။
အခြားတစ်ဖွဲ့ကမူ များစွာပို၍ ခမ်းနားထည်ဝါလှ၏။ ကြံ့ကဲ့သို့ သားရဲများကို စီးနင်းထားသည့် အစောင့်များက ရွှေရောင်လွှမ်းနေသော ခမ်းနားလှသည့် မြင်းလှည်းကြီးတစ်ခုကို ဝိုင်းရံထားကြပြီး မြင်းလှည်း၏ ကန့်လန့်ကာပေါ်တွင် ရှုပ်ထွေးလှသော မိသားစုအမှတ်တံဆိပ်များကို ထိုးနှံထားချေသည်။
သာမန်လူများက ထိုအဖွဲ့နှစ်ဖွဲ့ကို မြင်သည့်အခါ လမ်းဘေးသို့ အမြန်ဖယ်ပေးလိုက်ကြပြီး ခေါင်းငုံ့ထားကာ တည့်တည့်ပင် မကြည့်ဝံ့ကြချေ။ သားရဲများနှင့် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ဧရာမသားရဲကြီးများ ဖြတ်သွားသည့်အခါ၌ပင် လမ်းသွားလမ်းလာများမှာ အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် အသက်ကိုအောင့်ကာ တိတ်ဆိတ်စွာ နေကြရသည်။
အပန်းဖြေကားသုံးစီး လမ်းမကြီးပေါ်သို့ မောင်းနှင်လာသောအခါ လမ်းဘေးတွင် လမ်းလျှောက်နေသူများကလည်း ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
လမ်းဘေးတွင် ကလေးငယ်တစ်ယောက်နှင့်အတူ လမ်းလျှောက်နေသည့် တောင်သူမိန်းမတစ်ယောက်မှာ ကားပေါ်ရှိ တိမ်တိုက်လွင့်ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားသူများကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး ကလေးငယ်ကို သူမနောက်သို့ အမြန်ဆွဲယူကာ ခေါင်းကို အောက်ဆုံးအထိ ငုံ့ထားလိုက်လေသည်။
အပန်းဖြေကားသုံးစီးက ထိုအဖွဲ့နှစ်ဖွဲ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသောအခါ ကုန်သည်ယာဉ်တန်း အစောင့်များနှင့် မှူးမတ်အခြွေအရံများက ဤထူးဆန်းသော ပုံစံရှိသည့် လျှပ်စစ်အပန်းဖြေကားများကို အစပိုင်းတွင် သတိထား၍ အကဲခတ်လိုက်ကြသည်။
သို့သော် သူတို့၏ အကြည့်များက ကားပေါ်ရှိ ခရီးသည်များ၏ ဝတ်စားဆင်ယင်မှုများအပေါ်သို့ ရောက်ရှိသွားသည့်အခါ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြရတော့သည်။
နောက်ခဏ၌ မည်သူ၏ အမိန့်ပေးမှုမှ မလိုဘဲ အဖွဲ့နှစ်ဖွဲ့လုံးက လမ်း၏ဘေးတစ်ဖက်တစ်ချက်စီသို့ အလိုအလျောက် ခွဲထွက်သွားကြပြီး အပန်းဖြေကားသုံးစီး အကျယ်ဝန်းဆုံးအပိုင်းမှ ဖြတ်သန်းသွားနိုင်ရန် လမ်းဖယ်ပေးလိုက်ကြ၏။
သေချာစွာ လေ့ကျင့်သင်ကြားထားသည့် သားရဲမြင်းများက ဂဏာမငြိမ်စွာဖြင့် ခွာများကို ဆောင့်နေကြသော်လည်း စီးနင်းသူများက မြဲမြံစွာ ထိန်းချုပ်ထားလေသည်။
အနုစိတ်ထွင်းထုကာ ရွှေချထားသည့် ခမ်းနားသော မြင်းလှည်းကြီးအတွင်း၌မူ အနက်ရောင်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးက မျက်စိမှိတ်ကာ အနားယူနေခဲ့သည်။
သူ၏ မျက်ခုံးများက သန်လျက်များသဖွယ် ဖြစ်ပြီး နှာတံက စင်းကာ မြင့်မားနေသည်။ အနည်းငယ် တင်းဟပ်ထားသည့် သူ၏ နှုတ်ခမ်းပါးများက အာဏာရှိသူတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ သူ၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲကြိုးလေးက ဝိညာဉ်အလင်းရောင် မှိန်ဖျော့ဖျော့ တောက်ပနေချေသည်။
မြင်းလှည်း ရုတ်တရက် ကွေ့သွားသည်ကို သတိထားမိလိုက်သောအခါ သူက မျက်မှောင်ကြုတ်လျက် ကန့်လန့်ကာကို မတင်လိုက်သည်။ ထိုအချိန်၌ ငွေရောင်သန်းနေသော အပန်းဖြေကားတစ်စီးက သူ၏ ပြတင်းပေါက်ရှေ့မှ ချောမွေ့စွာ ဖြတ်သန်းသွားချေသည်။
အမျိုးသား၏ နက်ရှိုင်းသော ဖီးနစ်မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ အကြည့်များက ကားပေါ်ရှိ ခရီးသည်များ၏ အဝတ်အစားများပေါ်သို့ စူးစိုက်ကျရောက်သွားရသည်။
"တိမ်တိုက်လွင့် နှင်းဝဲဝတ်စုံတွေ..." သူက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့သြမှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။
သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ ဤမျှ တန်ဖိုးကြီးမားသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူများထံမှ မည်သည့်ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမျှ မရှိဘဲ သာမန်သေမျိုးများကဲ့သို့ ဖြစ်နေခြင်းပင်။ သို့သော် ဤမျှ တန်ဖိုးကြီးမားသော အဝတ်အစားများကို ဝတ်ဆင်နိုင်သူက မည်သို့လုပ်၍ သာမန်လူ ဖြစ်နိုင်မည်နည်း။
အမျိုးသားက ချက်ချင်းပင် အကြည့်ကို လွှဲလိုက်ပြီး မြင်းလှည်းကန့်လန့်ကာကို ပြန်ချလိုက်ကာ သူ၏ လက်ချောင်းများဖြင့် ကျောက်စိမ်းဆွဲကြိုးလေးကို သတိမထားမိဘဲ ပွတ်သပ်နေမိသည်။
ဒီလူတွေက ဘယ်လျှို့ဝှက်ဂိုဏ်းကများ လာကြတာပါလိမ့်။ ဒီလောက် ခေါင်ဖျားတဲ့ ဝမ်ရုန်ခရိုင်မှာ သူတို့ ဘာလို့ ပေါ်လာရတာလဲ.....
သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ချာချာလည်နေသော်လည်း ထိုပုံမှန်မဟုတ်သော သာမန်လူများကို ပြစ်မှားမိမည်စိုးသဖြင့် သူ ထပ်၍ မကြည့်ဝံ့တော့ချေ။
အပန်းဖြေကားပေါ်ရှိ လူတိုင်းက ဤအထူးအခွင့်အရေး ပေးခံရမှုကို သဘာဝကျကျပင် ခံစားမိလိုက်ကြရသည်။
"သူတို့က ငါတို့ကို အရမ်းကြောက်နေကြသလိုပဲနော်.." ဝမ်ခယ်အိုက်က သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
ကျန်းခယ်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း "ဒီဝတ်စုံက ဒီကမ္ဘာမှာ တော်တော်လေး လွှမ်းမိုးမှု ရှိပုံရတယ်...."
ဖန်ဖန်က လမ်းဘေးတွင် ခေါင်းငုံ့ကာ လမ်းဖယ်ပေးနေကြသော လမ်းသွားလမ်းလာများကို တွေးတောနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ "ဒါက အင်အားကြီးမားတဲ့သူတွေကို ဆက်ဆံတဲ့ ပုံစံမျိုးပဲလား..."
လူတိုင်းက လမ်းဖယ်ပေးနေကြသဖြင့် ကားသုံးစီးမှာ အတားအဆီးမရှိ ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ လူအများ၏ အထက်တွင် ရပ်တည်နေရသည့် ဤခံစားချက်က လူတိုင်းကို ကျင့်ကြံခြင်းကမ္ဘာ၏ ရှင်းလင်းပြတ်သားသော အဆင့်အတန်းခွဲခြားမှုကို အမှန်တကယ် နားလည်သဘောပေါက်သွားစေတော့သည်။