← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃) သေးငယ်တဲ့ နေရာလေးတဲ့လား..

​အပန်းဖြေကားသုံးစီး မြို့အနီးသို့ ချဉ်းကပ်လာသည်နှင့် ကြီးမားခမ်းနားလှသော မြို့ရိုးကြီးတစ်ခုက အားလုံး၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

​ပေနှစ်ဆယ်ကျော် မြင့်မားသော ထိုမြို့ရိုးကြီးကို မီးခိုးပြာရောင်အုတ်ချပ်ကြီးများဖြင့် တည်ဆောက်ထားပြီး မြို့ရိုးထိပ်တွင် အလံများ တလူလူ လွင့်ထူထားကာ ကင်းလှည့်နေသည့် စစ်သည်များ၏ အရိပ်အယောင်ကိုလည်း မြို့ရိုးအစွန်းများမှတစ်ဆင့် ခပ်ရေးရေး မြင်နေရပေသည်။

​ပြဒါးရောင်တံခါးကြီးမှာ ဆယ်ကျန်းခန့် မြင့်မားပြီး ပန်းကန်လုံးအရွယ်အစားရှိ ကြေးနီသံမှိုကြီးများကို တံခါးရွက်များတွင် ရိုက်နှက်ထားချေသည်။ တံခါးအထက်တွင်မူ သစ်မည်းဖြင့်ပြုလုပ်ထားသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပြီး ဝမ်ရုန်ခရိုင်ဟူသည့် စာလုံးသုံးလုံးကို အားပါပါ ရေးသားထားလေသည်။

​"ဝမ်ရုန်ခရိုင်..." ရှဲ့ယွီက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "ဒီလောက် ခမ်းနားတဲ့ မြို့ရိုးကြီးနဲ့ကို ဒါက ခရိုင်မြို့လေးပဲတဲ့လား..."

​ထိုစကားကို ကြားသောအခါ လူတိုင်းက မော့ကြည့်လိုက်ကြပြီး ဤခရိုင်မြို့၏ ကြီးမားလှသော အရွယ်အစားကြောင့် အားလုံး အံ့သြမှင်တက်သွားကြရသည်။

​ဝမ်ချန်ရှင်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "ဒါသာ ငါတို့ ရှေးခေတ်အချိန်ကဆိုရင် အနည်းဆုံး ပြည်နယ်အဆင့်ရှိတဲ့ မြို့ကြီးတစ်မြို့ အရွယ်အစားလောက်ကို ရှိနေတာ...."

​လောင်ဖေးဖေးက ကျန်းယဲ့ကို သိချင်စိတ်ဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ဒီ ရွှမ်ဝူတိုက်ကြီးက ဘယ်လောက်တောင် ကြီးမားတာလဲ..."

​အားလုံး၏ အကြည့်များက ကျန်းယဲ့ထံသို့ ရောက်ရှိသွားလေသည်။

​သူက ဟင်းလင်းပြင်ခရီးသွားစနစ်ရှိ အချက်အလက်များကို ပြန်လည်မှတ်မိသွားကာ အလေးအနက် ပြန်ဖြေလိုက်၏။ "ကမ္ဘာမြေထက် အများကြီး အများကြီးကို ပိုကြီးတယ်။ တိကျတဲ့ အဆပေါင်းကို တွက်ဖို့ဆိုရင် ငါ ကွန်ပျူတာတောင် သုံးရလိမ့်မယ်..."

​ဘာမှ လုပ်နိုင်စွမ်းမရှိချေ။ အကိုကျန်းက သင်္ချာမှာ အလွန်ညံ့ဖျင်းသည် မဟုတ်ပါလော........

​"ရပ်... ရပ်..." ကွမ်ယွီလုံက လက်ကာပြလိုက်ပြီး ငါတို့ အကုန်နားလည်ပါတယ်ဟူသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။ "ငါတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ အဲဒီလို ကိန်းဂဏန်း အချက်အလက်တွေ အကြောင်းကို မပြောကြတာ ပိုကောင်းမယ်...."

​ကျန်းယဲ့ကလည်း စကားစကို အမြန်ပြောင်းလိုက်၏။ "တခြားတစ်နည်းနဲ့ ပြောရရင် ငါတို့ကမ္ဘာက လေယာဉ်တွေနဲ့ဆိုရင်တောင် ဆယ်စုနှစ်ချီပြီး ပျံသန်းတာတောင် ဆုံးနိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ပျံသန်းရေး မှော်လက်နက်တွေနဲ့ဆိုရင်တော့ တိုက်ကြီးရဲ့ တစ်ဖက်စွန်းကနေ နောက်တစ်ဖက်စွန်းကို ပျံသန်းဖို့ ဘယ်လောက်တောင် အချိန်ယူရမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."

​စကားပြောနေကြစဉ်မှာပင် ကားသုံးစီးက မြို့တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​မူလက မြို့တွင်းသို့ဝင်ရန် တန်းစီနေကြသည့် ခရီးသွားများက သူတို့ကို လမ်းဖယ်ပေးလိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အံ့သြကြောက်ရွံ့မှုများ ပြည့်နှက်နေချေသည်။

​ကားက မြို့တံခါးအောက်တွင် တိုက်ရိုက်ရပ်တန့်သွားပြီး ကျန်းယဲ့က အစောင့်များထံသို့ ခေါင်းပြူကာ မေးလိုက်၏။ "မြို့ထဲဝင်ဖို့ ဘယ်လောက် ပေးရမလဲ..."

​သူ စကားပြောလို့ပင် မဆုံးသေးခင် သားရေချပ်ဝတ်ဆင်ထားသော စစ်သည်က ကမန်းကတန်း ခေါင်းငုံ့ကာ ပြောလေသည်။ "သခင်ကြီး... သခင်ကြီးက အရမ်းကို ယဉ်ကျေးလွန်းပါတယ်။ သခင်ကြီးတို့လို ပုဂ္ဂိုလ်မျိုးတွေ ဝမ်ရုန်ခရိုင်ကို ကြွလာတာက ဒီခရိုင်က လူတွေအတွက် ကောင်းချီးမင်္ဂလာတစ်ခုပါပဲ။ သခင်ကြီးတို့ဆီကနေ အခကြေးငွေ တောင်းခံဖို့ ဘယ်ဝံ့ပါ့မလဲ....."

​ပြောရင်းဖြင့် သူ၏ လက်အောက်ငယ်သားများကို မြို့တံခါးကို အမြန်ဖွင့်ပေးရန် လက်ဟန်ပြလိုက်၏။

​နောက်ခဏ၌ ပြဒါးရောင်တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်သွားပြီးနောက် မြို့တွင်းရှိ စည်ကားနေသော လမ်းမကြီးကို တွေ့လိုက်ကြရသည်။

​အရာရှိနှင့် စစ်သည်များမှာ ကားသုံးစီး မြို့ထဲသို့ ဝင်ရောက်သွားသည်အထိ ခေါင်းပင်မမော့ဝံ့ဘဲ ရိုသေလေးစားစွာ ရပ်နေခဲ့ကြသည်။

​အပန်းဖြေလျှပ်စစ်ကားသုံးစီးက မြို့တွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာကြပြီး ချောမွေ့သော ကျောက်ပြာလမ်းမကြီးပေါ်တွင် လိမ့်နေသည့် ဘီးများမှ တိုးညှင်းသော အသံလေး ထွက်ပေါ်နေချေသည်။

​ပင်မလမ်းမကြီးမှာ လူတွေ စိတ်ကူးယဉ်ထားသည်ထက်ပင် ပိုမိုကျယ်ဝန်းပြီး လျှပ်စစ်ကား ခုနစ်စီး ရှစ်စီးခန့် ယှဉ်မောင်း၍ ရနိုင်လောက်အောင် ကျယ်ဝန်းလှသည်။ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် အမိုးစွန်းများ ထောင်တက်နေသည့် ဆိုင်တန်းများ အစီအရီရှိနေပြီး စည်ကားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေခဲ့သည်။

​အံ့သြစရာ အကောင်းဆုံးမှာ ဤနေရာရှိ ဗိသုကာလက်ရာများပင်။

​ဆယ်ထပ်ကျော် မြင့်မားသော သစ်သားအဆောက်အအုံကြီးများမှာ မြေပြင်မှ ထိုးထွက်နေပြီး အနုစိတ်ထွင်းထုထားသော တိုင်များနှင့် ရောင်စုံပန်းချီများ ရေးဆွဲထားသည့် မျက်နှာကြက်များ ပါဝင်ကာ အမိုးစွန်းများမှ သေသပ်လှပသော ကြေးခေါင်းလောင်းလေးများ ချိတ်ဆွဲထားကြသည်။

အနိမ့်ဆုံး အိမ်များပင်လျှင် အုတ်ပြာများဖြင့် ဆောက်လုပ်ထားကြပြီး တရုတ်ပြည် ရှေးခေတ်မှ ချမ်းသာကြွယ်ဝသူများ၏ စံအိမ်များထက်ပင် မလျော့နည်းချေ။

​မြို့တစ်ခုလုံးက ခမ်းနားထည်ဝါမှုကို ထုတ်လွှတ်နေပြီး လူအများ ရင်းနှီးကျွမ်းဝင်ထားသည့် ရှေးခေတ် ခရိုင်မြို့လေးများနှင့် လုံးဝကွာခြားနေခဲ့သည်။

​"ဘုရားရေ..." ယန်ချုံးက တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒီက အိမ်တစ်လုံးစီတိုင်းက ရှေးခေတ်တရုတ်ပြည်က မြေရှင်တွေရဲ့ အိမ်တွေထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်ဟ... "

​ဝူယာချန်ကလည်း အဆက်မပြတ် ခေါင်းညိတ်ပြလျက် "ခမ်းနားတာထက်ကို ပိုတယ်။ စိတ်ကူးနဲ့တောင် မှန်းလို့မရနိုင်အောင်ပဲ...." ဟု ထောက်ခံလိုက်သည်။

​ဝမ်ချင်က သူတို့ကို မျက်စပစ်ပြလိုက်ပြီး အသံကို နှိမ့်ကာ "တိုးတိုးလုပ်ကြပါ... ငါတို့က အခု..."

​သူမ စကားကို အဆုံးမသတ်လိုက်သော်လည်း လူတိုင်းက နားလည်သွားကြသည်။

​သူတို့က အင်မော်တယ်သခင်များဖြစ်ရာ ပေါက်တတ်ကရ မပြောသင့်ချေ။

​သို့သော် သူတို့၏ အံ့သြမှုကို အသံထွက်၍ မဖော်ပြနိုင်သော်လည်း ဤအံ့မခန်း မြင်ကွင်းကို အခြားနည်းလမ်းများဖြင့် မှတ်တမ်းတင်ရန်ကား မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။

​ချောင်ကျန်းရှင်းက သူ့ဖုန်းကို တိတ်တဆိတ် မြှောက်ကာ လမ်းမရှုခင်းကို ဓာတ်ပုံများစွာ ရိုက်ကူးလိုက်၏။ လီရုံဆိုလျှင် ဗီဒီယိုရိုက်ကူးသည့် စနစ်ကိုပင် ဖွင့်လိုက်ပြီး ကင်မရာကို လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ လှပသော အဆောက်အအုံများဆီသို့ ဖြည်းညှင်းစွာ လှည့်လည်ရိုက်ကူးနေချေသည်။

​စုပိုင်လောက သူ့လက်စွပ်ကို တည်ငြိမ်စွာ ပြင်နေသယောင် ဟန်ဆောင်ရင်း အဝေးရှိ ဆယ်ထပ် စားသောက်ဆိုင်ကြီးကို ဖုန်းဖြင့် ခိုးရိုက်လိုက်ပြီး "ဒါကိုသာ ဝီချက်Moments မှာ တင်လိုက်ရင်တော့ မနာလိုဖြစ်မယ့်သူတွေ အများကြီးပဲ.." ဟု တိုးတိုးလေး ရေရွတ်လိုက်လေသည်။

​အမြဲတမ်း တည်ငြိမ်နေတတ်သည့် ကျန်းခယ်ပင်လျှင် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး ဝိညာဉ်အပင်များ ရောင်းချနေသည့် လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို ပေါ့ပေါ့ပါးပါးလေး ဓာတ်ပုံရိုက်လိုက်၏။

​မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသည့် ထိုဆေးဖက်ဝင်အပင်များမှာ ကင်မရာမှန်ဘီလူးထဲတွင် အလွန်လှပနေပြီး ဤကမ္ဘာလောကနှင့်ပင် မသက်ဆိုင်သကဲ့သို့ ထင်ရပေသည်။

​အပန်းဖြေကားသုံးစီးက ပင်မလမ်းမကြီးတစ်လျှောက် ဖြည်းညှင်းစွာ ရွေ့လျားသွားနေခဲ့သည်။ အပြင်ပန်းတွင်မူ ကားပေါ်ရှိလူများမှာ ဂုဏ်သိက္ခာရှိစွာ နေထိုင်နေကြသော်လည်း တကယ်တမ်းတွင်မူ ဓာတ်ပုံများ၊ ဗီဒီယိုများကို အရူးအမူး ရိုက်ကူးနေကြလေသည်။

​ထို့နောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့က ဝမ်ရုန်ခရိုင်ရှိ အခမ်းနားဆုံးဖြစ်သော တိမ်လွင့်တည်းခိုခန်းတွင် တည်းခိုရန် ဝင်ရောက်လာကြသည်။ တည်းခိုခန်းပိုင်ရှင်ကိုယ်တိုင်က အရိုအသေပေးကာ အပေါ်ဆုံးထပ်ရှိ သပ်ရပ်လှပသော ဥယျာဉ်ဆီသို့ လမ်းပြခေါ်ဆောင်သွားရန် ပြင်လိုက်လေသည်။

​သို့သော် အနုစိတ်ထွင်းထုထားသော သစ်သားလှေကားသို့ ရောက်ရှိချိန်တွင် တည်းခိုခန်း၏ ပင်မတံခါးဝ အပြင်ဘက်၌ ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​နောက်ခဏ၌ ငွေရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အစောင့်ရှစ်ယောက်က တန်းစီဝင်ရောက်လာပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်လိုက်ကြ၏။ ထို့နောက် လရောင်ဆင်း ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသည့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးက ဖြည်းညှင်းစွာ ဝင်ရောက်လာလေသည်။

​အမျိုးသားမှာ အသက်နှစ်ဆယ်ကျော်အရွယ်ခန့်သာ ရှိသေးပြီး သူ၏ မျက်နှာက ကျောက်စိမ်းကို ထွင်းထုထားသကဲ့သို့ သေသပ်လှပနေခဲ့သည်။ သန်လျက်များသဖွယ် မျက်ခုံးများက နားထင်ဆီသို့ စောင်းမော့နေပြီး ဖီးနစ်မျက်ဝန်းတစ်စုံက အေးစက်ကြည်လင်သော အလင်းရောင်များ တောက်ပနေ၏။

​သူ၏ ဆံပင်အနက်ရောင်များကို ကျောက်စိမ်းဖြူသရဖူလေးဖြင့် စည်းနှောင်ထားပြီး ဝိညာဉ်ကျောက်တုံးများ စီခြယ်ထားသည့် ဓားရှည်တစ်လက်ကို ခါးတွင် ချိတ်ဆွဲထားသည်။ သူ၏ လှုပ်ရှားမှုတိုင်းက မြင့်မြတ်ပြီး ကျက်သရေရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေချေသည်။

​သူ ပေါ်လာသည်နှင့် ဧည့်ခန်းမအတွင်းရှိ စားသောက်နေသူများမှာ ခေါင်းငုံ့သွားကြပြီး အသက်ပင် မရှူဝံ့ကြတော့ပေ။

​ဆူညံနေသော တည်းခိုခန်းမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး တည်းခိုခန်းပိုင်ရှင်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာရတော့သည်။

​"အရမ်းချောတာပဲ..." ဝမ်ချင်က သူမစိတ်ထဲတွင် မနေနိုင်ဘဲ ရေရွတ်လိုက်မိပြီး လီရုံဆိုလျှင်လည်း သူ့ထံမှ အကြည့်ကို မလွှဲနိုင်အောင် ဖြစ်နေရသည်။

​အမျိုးသား ခရီးသည်များပင်လျှင် ဤခမ်းနားထည်ဝါသော မြင်ကွင်းကြောင့် အလိုအလျောက် မှင်တက်သွားကြရသည်။ စုပိုင်လောဆိုလျှင် ထိုကဲ့သို့ အရှိန်အဝါမျိုး ရှိချင်စိတ်ဖြင့် သူ၏ ဝတ်ရုံကိုပင် တိတ်တဆိတ် ပြင်လိုက်မိလေသည်။

​သခင်လေး၏ အကြည့်များက လူအုပ်ကြီးကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ကျန်းယဲ့ထံသို့ ကျရောက်လာခဲ့သည်။

​သူက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြီးပြည့်စုံသော ယဉ်ကျေးသည့် အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာ၏။

​ကျန်းယဲ့ကလည်း တည်ငြိမ်စွာပင် ခေါင်းညိတ်၍ အသိအမှတ်ပြု ပြန်နှုတ်ဆက်လိုက်လေသည်။

​သူတို့နှစ်ဦးမှာ စကားမပြောကြသော်လည်း အကြည့်ချင်း ခဏတာ ဖလှယ်ပြီးနောက် လမ်းခွဲသွားကြသည်။

​တည်းခိုခန်းပိုင်ရှင်က သက်ပြင်းချလိုက်ပြီး ကျန်းယဲ့နှင့် အခြားသူများကို အပေါ်ထပ်သို့ အမြန်ခေါ်ဆောင်သွားလိုက်သည်။ အစောင့်များ ဝန်းရံထားသော သခင်လေးကမူ အခြားတစ်ဖက်ရှိ အထူးဧည့်သည်တော်များ ခြံဝင်းဆီသို့ လှည့်ဝင်သွားလေသည်။

​ဆိုင်ရှင် လမ်းပြခေါ်ဆောင်သွားစဉ်တွင် ကျန်းယဲ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။ "ဆိုင်ရှင်... ဝမ်ရုန်ခရိုင်မှာ အသက်ဆက်ဆေးလုံး ဒါမှမဟုတ် အဲဒီလိုမျိုး ဆေးလုံးတွေကို ဘယ်မှာ ဝယ်လို့ရမလဲ"

​ထိုစကားကို ကြားသောအခါ ဆိုင်ရှင်မှာ အနည်းငယ် မှင်တက်သွားပြီးနောက် တောင်းပန်သည့် အပြုံးဖြင့် ပြန်ပြောလေသည်။ "သခင်ကြီးက အရမ်းနောက်တတ်တာပဲ... အသက်ဆက်ဆေးလုံးလို တန်ဖိုးကြီးမားတဲ့ ဆေးလုံးမျိုးက ကျွန်တော်တို့ရဲ့ ခရိုင်မြို့လေးမှာ ဘယ်ရှာလို့ရပါ့မလဲ။ အဲဒါမျိုး ရှာချင်ရင်တော့ ပြည်နယ်အဆင့်ရှိတဲ့ မြို့ကြီးကို သွားမှ ရပါလိမ့်မယ်"

​ကျန်းယဲ့က တစ်ဖက်လူ နားလည်မှုလွဲသွားကြောင်း သိလိုက်သဖြင့် ထပ်မံ၍ ရှင်းပြလိုက်၏။ "ကျွန်တော် ဆိုလိုတာက သာမန်လူတွေအတွက် သင့်တော်တဲ့ အသက်ဆက်ဆေးလုံးမျိုးကို ပြောတာပါ..."

​"သာမန်လူတွေ သုံးတဲ့ အသက်ဆက်ဆေးလုံးတောင်မှ ဧရာမကျောက်တုံးမြို့မှာပဲ ဝယ်လို့ရတာပါ။ ကျွန်တော်တို့ရဲ့ ဝမ်ရုန်ခရိုင်က သေးလွန်းပါတယ်..." ဆိုင်ရှင်က ရိုသေစွာ ပြန်ဖြေလေသည်။

​အနောက်မှ လိုက်ပါလာသော ရှဲ့ယွီက မနေနိုင်ဘဲ ကြားဖြတ်မေးလိုက်ပြန်သည်။ "ဒီကနေ ဧရာမကျောက်တုံးမြို့ကို သွားဖို့ အဝေးကြီးလား.."

​"မဝေးပါဘူး... မဝေးပါဘူး" ဆိုင်ရှင်က လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြလိုက်၏။ "အကွာအဝေး ဖြတ်ကျော်ရေး အစီအရင်ကို သုံးမယ်ဆိုရင် အသက်အနည်းငယ် ရှူရုံအချိန်လေးနဲ့ ရောက်နိုင်ပါတယ်"

​လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာစဉ်မှာပင် တည်းခိုခန်းပိုင်ရှင်က ဆက်ပြောလိုက်သည်။ "ပျံသန်းရေးလှေနဲ့ သွားမယ်ဆိုရင်တော့ သုံးလေးရက်လောက်ပဲ ကြာပါလိမ့်မယ်..."

​"သုံးလေးရက်..." စုပိုင်လောက မနေနိုင်ဘဲ ညည်းတွားလိုက်၏။ "အဲဒါကို မဝေးဘူးလို့ ခေါ်တာလား..."

​ဆိုင်ရှင်က သတိထား၍ ပြန်ပြောလေသည်။ "သုံးလေးရက် ခရီးဆိုတာ တကယ်တော့ အဲဒီလောက် မဝေးပါဘူးဗျာ..."

​ကျန်းယဲ့နှင့် သူ၏အဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောက်ချက်တစ်ခုတည်းကိုသာ ချလိုက်ကြသည်။

​ဤကျင့်စဉ်ကမ္ဘာရှိ အကွာအဝေး အယူအဆမှာ ခေတ်သစ်ကမ္ဘာနှင့် များစွာ ကွာခြားနေချေသည်။

​ကျန်းယဲ့က ဆက်၍ မေးလိုက်သည်။ "အကွာအဝေး ဖြတ်ကျော်ရေး အစီအရင်က ဘယ်မှာလဲ။ တစ်ခါသုံးရင် ဘယ်လောက် ပေးရလဲ..."

အခန်း ၄၁၃ပြီး၏။

အခန်း (၄၁၄) ချုံခိုတိုက်ခိုက်ခံရခြင်း

​ဆိုင်ရှင်က အလျင်အမြန် ပြန်ဖြေသည်။ "မြို့ရဲ့ အရှေ့ဘက်မှာ မြို့စားအိမ်တော်က စီမံခန့်ခွဲတဲ့ အများပြည်သူသုံး အကွာအဝေး ဖြတ်ကျော်ရေး အစီအရင်တစ်ခု ရှိပါတယ်။ လူတစ်ယောက်ကို တစ်ကြိမ်သုံးရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးရပါတယ်။ လူ (၁၀) ယောက်နဲ့ အထက် အဖွဲ့လိုက်ဆိုရင်တော့ လျှော့ဈေးရှိပြီး တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈) တုံးပဲ ကျသင့်မှာပါ။ ဒါပေမဲ့..."

​သူက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြော၏။ "အကွာအဝေး ဖြတ်ကျော်ရေး အစီအရင်က တစ်နေ့ကို သုံးကြိမ်ပဲ ဖွင့်တာပါ။ မနက်ဖြန် မနက် ချန်အချိန် (နံနက် ၇ နာရီမှ ၉ နာရီ) ရောက်မှပဲ ပြန်ဖွင့်ပါတော့မယ်...."

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး..." ကျန်းခယ်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်၏။ "ဒါက သိပ်တော့ မသက်သာလှဘူးပဲ..."

​ဆိုင်ရှင်က ပြုံးလျက် ပြန်ပြောလေသည်။ "အင်မော်တယ်သခင်ကြီးတို့မှာ ငွေကြေးအဆင်မပြေဘူးဆိုရင် ပျံသန်းရေးလှေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ပိုပြီး နှေးပေမဲ့ လူတစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံးပဲ ပေးရမှာပါ..."

​အဖွဲ့သားအားလုံးက တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြပြီး ကျင့်စဉ်ကမ္ဘာ၏ ကုန်ဈေးနှုန်းအဆင့်အတန်းကို ယခုမှသာ အမှန်တကယ် နားလည်သွားကြရတော့သည်။

​ဤကမ္ဘာတွင် အခြေခံအကျဆုံး သယ်ယူပို့ဆောင်ရေး စနစ်ပင်လျှင် သာမန်လူများ လက်လှမ်းမမီနိုင်သည့် အရာဖြစ်နေချေသည်။

.......

​ညဉ့်နက်သန်းခေါင်အချိန်တွင် အားကောင်းလှသော ဖိအားတစ်ခုက တိမ်လွင့်တည်းခိုခန်း တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံလာပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို အိပ်မက်ထဲမှ လန့်နိုးသွားစေသည်။

​"ဘာတွေဖြစ်နေတာလဲ" စုပိုင်လောက အခန်းထဲမှ အရင်ဆုံး ပြေးထွက်လာပြီး အခြားသူများကလည်း စင်္ကြံလမ်းပေါ်သို့ အသီးသီး ထွက်လာကြသည်။

​ရုတ်တရက် နောက်ဖေးခြံဝင်းဘက်မှ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ထိုနေရာမှာ ခန့်ညားထည်ဝါသော သခင်လေး တည်းခိုသည့် ခြံဝင်းပင်။

​မြင့်မားသော အမိုးစွန်းအောက်တွင် ရပ်နေကြသော အဖွဲ့သားများမှာ အောက်ဘက်ရှိ တိုက်ပွဲကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်နေကြရသည်။ အနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူ အယောက်နှစ်ဆယ်ကျော်က သခင်လေးနှင့် သူ၏အခြွေအရံများကို ဝိုင်းရံထားကြပြီး မှော်လက်နက်မျိုးစုံက လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်နေကာ မျက်စိကျိန်းမတတ် အလင်းရောင်များ ပေါက်ကွဲထွက်နေခဲ့သည်။

သခင်လေး၏ ငွေရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်များက ရဲရင့်စွာ ပြန်လည်တိုက်ခိုက်နေကြသော်လည်း သိသိသာသာပင် အရေးနိမ့်နေပြီး အများအပြားမှာ သွေးအိုင်ထဲတွင် လဲကျနေကြပြီ ဖြစ်၏။

​"ဒီလူတွေက ဘယ်သူတွေလဲ...." ဝမ်ခယ်အိုက်က ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူရော်လျက် မေးလိုက်၏။

​လူတိုင်းက တိုက်ပွဲကို ကြည့်နေကြစဉ် ဘေးဘက်ခြံဝင်းမှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ အတွင်းခံဝတ်စုံဖြင့် ကုန်သည်တစ်ဦးက အပြင်ဘက်တွင် ဘာဖြစ်နေသလဲဟု သိချင်သဖြင့် ပြတင်းပေါက်ကို ဖွင့်လိုက်ချိန်တွင် ပျံသန်းလာသော ဓားတစ်လက်က သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားရသည်။

​အခြားအခန်းတစ်ခုတွင် ကျင့်ကြံသူပုံစံ ဝတ်ဆင်ထားသည့် ဧည့်သည်တစ်ဦးက ဓားပျံဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း နှစ်ဖက်တိုက်ပွဲမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များကြောင့် ရိုက်ခတ်ခံလိုက်ရကာ သွေးများအန်ပြီး လေထဲမှ ပြုတ်ကျသွားချေသည်။

​"နတ်ဘုရားတွေ တိုက်ပွဲဖြစ်ရင် သေမျိုးတွေပဲ ဒုက္ခရောက်ရတာပဲ..." ဝမ်ချန်ရှင်းက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။ "ဒီကျင့်ကြံသူတွေက သူတို့တိုက်ပွဲဖြစ်ရင် တခြားသူတွေရဲ့ အသက်ကို လုံးဝ ဂရုမစိုက်ကြဘူး...."

​ကျန်းယဲ့က အောက်ဘက်ရှိ အဖြစ်ဆိုးများကို ကြီးလေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

​တိုက်ပွဲဖြစ်နေသည့် နှစ်ဖက်စလုံးမှာ သိသိသာသာပင် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအင် တစ်ချက်ပေါက်ကွဲရုံဖြင့်ပင် သာမန်လူတစ်ယောက်ကို သေစေနိုင်စွမ်း ရှိပေသည်။

​တည်းခိုခန်းရှိ အခြားဧည့်သည်များထံမှ ငိုကြွေးသံများ၊ အကူအညီတောင်းသံများက အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ဤရုတ်တရက် တိုက်ပွဲအတွင်းသို့ မည်သူကမျှ ဝင်ရောက်မစွက်ဖက်ဝံ့ကြချေ။

​ညအမှောင်ထုက မင်ရည်ကဲ့သို့ မည်းနက်နေပြီး ပြင်းထန်လှသော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။

​ခန့်ညားလှသော သခင်လေး၏ လရောင်ဆင်း ပိုးသားဝတ်ရုံတွင် သွေးကွက်များ စွန်းထင်းနေပြီး သူ၏ ဘယ်ဘက်ပခုံးမှ အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခုမှ သွေးများ ယိုစီးကျနေခဲ့သည်။

​သူက တိုက်ခိုက်ရင်း နောက်ဆုတ်လာရာမှ အမိုးစွန်းအောက်ရှိ ကျန်းယဲ့နှင့် သူ၏အဖွဲ့ထံသို့ အကြည့်များ ရုတ်တရက် ရောက်ရှိသွားလေသည်။

​"တာအိုမိတ်ဆွေတို့... ကျေးဇူးပြုပြီး ကူညီပေးကြပါဦး..." သူက အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ကြိုးကြာငှက်တစ်ကောင်လို လျင်မြန်စွာဖြင့် ကျန်းယဲ့တို့ရှိရာဘက်သို့ ပျံသန်းလာလေသည်။ "ဒီကိစ္စပြီးရင် ဆုလာဘ်ကြီးကြီးမားမား ပေးပါ့မယ်...."

​လုပ်ကြံသူများက သူ ပြေးသွားသည့်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထူးဆန်းသည့် ညအိပ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသား၊ အမျိုးသမီး တစ်စုကို စင်္ကြံအောက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ သူတို့ထံမှ မည်သည့် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမျှ မရှိဘဲ သာမန်သေမျိုးများကဲ့သို့ ဖြစ်နေချေသည်။

​"ဟန်လုပ်နေတာပဲ..." အနက်ရောင်ဝတ် လုပ်ကြံသူများ၏ ခေါင်းဆောင်က လှောင်ပြုံးပြုံးလိုက်၏။ သခင်လေးက ရည်ရွယ်ချက်ရှိရှိဖြင့် အထင်အမြင်လွဲမှားအောင် လုပ်နေသည်ဟု သူက ယူဆလိုက်၏။

​ထို့နောက် သူ၏ ဓားရှည်ကို တစ်ချက်ခါရမ်းလိုက်ရာ အေးစက်လှသော ဓားအလင်းတန်းတစ်ခုက သခင်လေး၏ ကျောပြင်တည့်တည့်သို့ ပစ်မှတ်ထားကာ ထွက်ပေါ်လာချေသည်။

​ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ စင်္ကြံတိုင်များ ကျိုးပဲ့သွားပြီး အုတ်ကြွပ်ပြားများလည်း လွင့်စင်ကုန်သည်။

​ထက်မြက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူတို့ထံသို့ ဒြပ်ရှိအရာတစ်ခုကဲ့သို့ ရိုက်ခတ်လာရာ ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​ဓားသွားက စင်္ကြံအမိုးစွန်းသို့ ထိခါနီးအချိန်လေးမှာပင်...

​"ဝီ..."

​မျက်စိဖြင့် မမြင်နိုင်သော အတားအဆီးတစ်ခုက လေထဲတွင် ရုတ်တရက်ပေါ်ထွက်လာပြီး ဓားအလင်းတန်းက ထိုအတားအဆီးနှင့် ဝင်တိုက်မိသည်နှင့် တစ်ပြိုင်နက် ပို၍ လျင်မြန်သော အရှိန်ဖြင့် လုပ်ကြံသူထံသို့ ပြန်လည် ပဲ့ထွက်သွားတော့သည်။

​လုပ်ကြံသူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ ဓားဖြင့် ကမန်းကတန်း ကာကွယ်လိုက်ရ၏။

​ချွင်...ဟူသော ကျယ်လောင်သည့် အသံနှင့်အတူ သူကိုယ်တိုင် ထုတ်လွှတ်ခဲ့သည့် ဓားစွမ်းအင်ကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး သူ၏ လက်မှာလည်း ပြဲဟသွားရသည်။

​"ဘာတွေဖြစ်နေတာလဲ..." အခြားလုပ်ကြံသူများမှာ အလွန်အံ့သြတုန်လှုပ်သွားကြ၏။

​"သူတို့က တကယ်ပဲ ချုံခိုတိုက်ဖို့ လူချထားတာကိုး..." နောက်ထပ် လုပ်ကြံသူတစ်ယောက်က အော်ဟစ်လိုက်ပြီး သူ၏ လက်သင်္ကေတများ ပြောင်းလဲသွားကာ အဆိပ်လူး ဓားမြှောင်ကိုးလက်က အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်လာခဲ့ပြန်သည်။

​တစ်ချိန်တည်းမှာပင် အခြားလုပ်ကြံသူများကလည်း သူတို့၏ တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။

​ခဏတာအတွင်းမှာပင် ကောင်းကင်ယံထက်တွင် ဝိညာဉ်အလင်းတန်းများ ဖြတ်သန်းသွားလေသည်။

​လောင်ကျွမ်းနေသော မီးလုံးများ၊ ရေခဲဆူးချွန်မိုးများ၊ ရစ်ပတ်နေသော နွယ်ပင်များ၊ မြေပြင်ကို ခွဲခြမ်းသွားသည့် မြေဆူးချွန်များ...

​မျက်စိကျိန်းမတတ် တောက်ပနေသော သတ်ကွက်ပေါင်းများစွာက မိုးရွာချသည့်အလား ကျဆင်းလာပြီး အမိုးစွန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

​သခင်လေးမှာ အံ့သြနေသည့် အမူအရာဖြင့် ဤလူများက ဘာကြောင့် ယခုအချိန်အထိ သူတို့ကိုယ်သူတို့ ကာကွယ်ရန် တစ်ချက်လေးမျှ မလှုပ်ရှားကြသေးသနည်း ဟု နားမလည်နိုင်အောင် ဖြစ်နေရသည်။

​ကျန်းခယ်နှင့် အခြားသူများမှာ ပြင်းထန်လှသော သတ်ကွက်များကို ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေကြသည်။

​ကွမ်ယွီလုံက ရယ်မောလိုက်ပြီး "ဒါက ဒဏ္ဍာရီထဲက အပြစ်ကင်းတဲ့ ဘေးလူတွေ ဒုက္ခရောက်ရတဲ့ အခြေအနေမျိုးပဲ ဟားဟားဟား..."

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝင်ရောက်လာသည့် သတ်ကွက်များအားလုံးမှာ လူတိုင်းနှင့် သုံးပေခန့်အကွာရှိ မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားကြသည်။

​"ဘုန်း..."

​ထို့နောက်တွင်တော့ ပို၍ တုန်လှုပ်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာချေသည်။

​တိုက်ခိုက်မှုများ အားလုံးက မူလကထက် နှစ်ဆပိုများသော စွမ်းအားများဖြင့် ပြန်လည် ပဲ့ထွက်သွားကြခြင်းပင်။

​မီးလုံးများက နောက်ပြန်လည်ထွက်သွားကြသည်။ ရေခဲဆူးချွန်များက နောက်ပြန် လွင့်စင်သွား၏။ နွယ်ပင်များက နောက်ပြန်လိမ်ယှက်သွားပြီး မြေဆူးချွန်များက နောက်ပြန် ထိုးထွက်သွားကြလေသည်။

​"မကောင်းတော့ဘူး..." လုပ်ကြံသူခေါင်းဆောင်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားပြီး ကြေးဝါဒိုင်းလွှားတစ်ခုကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။

​သို့သော်လည်း အချိန်နှောင်းသွားပြီဖြစ်ရာ ပြန်လည်ရိုက်ခတ်လာသည့် တိုက်ခိုက်မှုများက သူတို့ထံသို့ ရောက်ရှိလာပြီ ဖြစ်၏။

​နောက်ဖေးခြံဝင်းအတွင်း၌ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အချိန်မီ မရှောင်တိမ်းနိုင်သော လုပ်ကြံသူအချို့မှာ သူတို့၏ ကိုယ်ပိုင်သတ်ကွက်များကြောင့်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ အချို့မှာ မီးလုံးများကြောင့် လောင်ကျွမ်းသွားကြပြီး အချို့မှာ ရေခဲဆူးချွန်များ စူးဝင်ခံလိုက်ရကာ အချို့မှာမူ မြေဆူးချွန်များဖြင့် မြေပြင်တွင် ရိုက်နှက်ခံလိုက်ရလေသည်။

​သခင်လေးမှာ ယုံကြည်နိုင်ဖွယ် မရှိသော ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်စွာ ရပ်နေမိ၏။

​အမိုးစွန်းအောက်တွင် မလှုပ်မယှက် ရပ်နေကြသော ဤလူများက မည်သူတွေများ ဖြစ်နေသနည်း။

​အသက်ရှင်ကျန်ရစ်သည့် လုပ်ကြံသူများက အမိုးစွန်းအောက်တွင် မလှုပ်မယှက် ရပ်နေကြသော သာမန်လူတစ်စုကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

​ယခုလေးတင် ဖြစ်ပေါ်ခဲ့သည့် ယုံကြည်နိုင်ဖွယ် မရှိသော ပြန်လည်ရိုက်ခတ်မှုက မမှန်းဆနိုင်လောက်အောင် အားကောင်းသည့် ကာကွယ်ရေးဆိုင်ရာ နတ်ဘုရားစွမ်းရည် တစ်ခုခု ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

​သူတို့၏ အစွမ်းကုန် ထုတ်သုံးထားသော သတ်ကွက်များကို ပြန်လည်ပဲ့ထွက်စေရုံသာမက စွမ်းအားကိုပါ နှစ်ဆတိုးစေနိုင်သည့် စွမ်းရည်မျိုးကို မည်သည့် သာမန်ကျင့်ကြံသူကမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။

​"ဆုတ်ခွာမယ်..." လုပ်ကြံသူခေါင်းဆောင်က ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး သူ၏ အသံမှာ ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။

​သူက တာဝန်ပြီးမြောက်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်လှည့်ကာ အနက်ရောင် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားချေသည်။

​အခြားလုပ်ကြံသူများကလည်း သူတို့၏ အမြန်ဆုံး ထွက်ပြေးနည်းများကို အသုံးပြုကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲ ထွက်ပြေးသွားကြသည်။ အချို့က ဓားများဖြင့် လေထဲသို့ ပျံသန်းသွားကြပြီး အချို့က မြေပြင်အောက်သို့ ဝင်ရောက်သွားကြကာ အချို့ကမူ တန်ဖိုးကြီးမားသော အစီအရင်စာရွက်များကို ချေမွကာ ချက်ချင်း ကိုယ်ယောင်ဖျောက်သွားကြသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ယခုလေးတင်ကမှ အလွန်အမင်း ရန်လိုနေခဲ့ကြသော အနက်ရောင်ဝတ် လူစုမှာ ကြက်များ၊ငှက်များကဲ့သို့ ထွက်ပြေးသွားကြပြီး ခြံဝင်းအတွင်း၌ ဖရိုဖရဲ အပျက်အစီးများနှင့် သူတို့အဖော်များ၏ အလောင်းများကိုသာ ချန်ရစ်ထားခဲ့သည်။

​သူတို့က မိုင်ပေါင်းများစွာ အကွာအဝေးထိ ထွက်ပြေးသွားကြပြီး နောက်မှ မည်သူမျှ လိုက်မလာတော့မှသာ အရှိန်ကို အနည်းငယ် လျှော့ချဝံ့ကြလေသည်။

​"ခေါင်းဆောင်... အဲဒီလူတွေက..." လုပ်ကြံသူတစ်ယောက်က အကြောက်တရား မပြေသေးဘဲ နောက်သို့ လှည့်ကြည့်ရင်း ပြောလိုက်၏။

​"ပါးစပ်ပိတ်ထားစမ်း..." ခေါင်းဆောင်က တင်းကြပ်စွာ ဟန့်တားလိုက်ပြီး သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူရော်နေချေသည်။ "ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်သူမှ ထပ်မဟရဘူး...."

​ထူးဆန်းပြီး ပြန်လည်ရိုက်ခတ်လာသည့် တိုက်ခိုက်မှုကို ပြန်တွေးမိတိုင်း သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားနေရဆဲပင်။

​ထိုလူစုမှာ အစမှအဆုံးတိုင်အောင် တစ်ချက်လေးမျှပင် မလှုပ်ရှားခဲ့ဘဲ သူတို့၏ ကာကွယ်ရေးအရှိန်အဝါ တစ်ခုတည်းဖြင့်ပင် သူတို့ကို အထိနာသွားစေခဲ့သည်။

​ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်မှာ ဂိုဏ်းကြီးတစ်ခုမှ အကြီးအကဲများပင်လျှင် ရောက်ရှိရန် ခက်ခဲလှပေလိမ့်မည်။

​"သခင့်ဆီကို အခုချက်ချင်း သတင်းပို့ရမယ်။ ပစ်မှတ်ကို အနိုင်းမဲ့ကျင့်ကြံသူတစ်ယောက်က ကာကွယ်ပေးထားတယ်လို့..." ခေါင်းဆောင်က အံကိုကြိတ်ကာ ပြောလိုက်သည်။ "ဒီကိစ္စကို သေချာ ပြန်စဉ်းစားဖို့ လိုတယ်..."

​လုပ်ကြံသူများမှာ ထပ်မံ၍ မနေဝံ့ကြတော့ဘဲ သူတို့၏ အမြန်ဆုံးထွက်ပြေးနည်းများကို အသုံးပြုကာ ညအမှောင်ထုထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ခြေတစ်လှမ်း နောက်ကျသွားပါက ထိုကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်၏ လက်ချက်ဖြင့် သေဆုံးရမည်ကို စိုးရိမ်နေကြသောကြောင့်ပင်။

​တည်းခိုခန်း၏ နောက်ဖေးခြံဝင်းအတွင်း၌ အခိုးအငွေ့များနှင့် ဖုန်မှုန့်များက မပြယ်သေးဘဲ သွေးနံ့များက ညလေထုထဲတွင် ပျံ့လွင့်နေ၏။

​သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော ခန့်ညားလှသည့် သခင်လေးက သူ၏ သွေးစွန်းနေသော ဝတ်ရုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့ထံသို့ တည်ငြိမ်စွာ လျှောက်လာကာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်လေသည်။

​"ကျွန်တော့်နာမည်က ဖူကျီလီပါ... အခုလို ကူညီပေးတဲ့အတွက် တာအိုမိတ်ဆွေတို့ကို ကျေးဇူးတင်ပါတယ်" သူ၏ အသံမှာ ကြည်လင်နေပြီး သူ၏ ကိုယ်ဟန်အမူအရာက အလွန် နှိမ့်ချထားချေသည်။

All Chapters