← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း ( ၄၁၅) ဝိညာဉ်စမ်းသပ်ရေးခန်းမ

​စုပိုင်လောက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ဒါက ငါတို့လုပ်တာ မဟုတ်ဘူး... ဒါရိုက်တာကျန်း လုပ်တာ..."

​ဖူကျီလီက ကျန်းယဲ့ဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ..."

​ကျန်းယဲ့က သူ့လက်ကို ပေါ့ပေါ့ပါးပါးပင် ဝေ့ယမ်းလိုက်ရင်း "ကိစ္စမရှိပါဘူး..."

​"ကျွန်တော် ပြောထားတဲ့ ဆုလာဘ်ကို ကတိပေးခဲ့တာမို့ ကတိဖျက်ဖို့ မဝံ့ရဲပါဘူး..." ထို့နောက် ဖူကျီလီက သူ့ဝတ်ရုံလက်အင်္ကျီထဲမှ ပိုးထည်သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ..."

​ဝိညာဉ်ကျောက်တုံး တစ်သောင်း.....

​ရွှီရှင်းပေါ်နှင့် သူ၏အပေါင်းအပါများက လေအေးများ ရှုရှိုက်မိလိုက်ကြ၏။ ဤသည်က တကယ့်ကို သဘောထားကြီးသည့် လက်ဆောင်ပင်။

​ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည်မှာ သူတို့အတွက်တော့ မတွေးဝံ့စရာ ပမာဏကြီးတစ်ခုပင်။

​သို့သော်လည်း ဖူကျီလီက စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။ "ဒါပေမဲ့ ကျွန်တော်က ခရီးသွားနေတာဆိုတော့ လက်ထဲမှာ ဝိညာဉ်ကျောက်တုံး အကန့်အသတ်နဲ့ပဲ ပါလာလို့ပါ။ အကယ်၍ တာအိုမိတ်ဆွေအနေနဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော့်ရဲ့ စံအိမ်ကို အတူတူ လိုက်ခဲ့ပေးလို့ ရမလား... အဲ့ဒီကျရင် သေချာပေါက် ပိုပြီးတော့ သဘောထားကြီးတဲ့ ဆုလာဘ်ကို ထပ်ပြီး ကမ်းလှမ်းပါရစေ..."

​သူက ရိုးသားနှိမ့်ချစွာ ပြောဆိုနေခြင်းကြောင့် ခရီးသွားလူငယ်များကလည်း သူ့အား ကျေးဇူးသိတတ်ပြီး အလွန်ကောင်းမွန်သည့် လူတစ်ယောက်အဖြစ် ချက်ချင်း ခံစားလိုက်ကြရသည်။

​သို့သော် ကျန်းခယ်ကမူ သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ပြီး ရှဲ့ယွီနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

​ဖူကျီလီသည် ဤအခွင့်အရေးကို အသုံးချကာ ကိုယ်ရံတော်တစ်ယောက် ရှာဖွေချင်နေမှန်း သိသာလှချေသည်။

​ဤသို့ နောက်ဆုတ်ပြီးမှ ရှေ့တိုးသည့် ဗျူဟာက သိက္ခာလည်း ရသလို ကိုယ်ရေးကိုယ်တာ ဘေးကင်းမှုကိုလည်း သေချာစေသည့် ပြောင်မြောက်သော လှည့်ကွက်တစ်ခုပင်။

​ကျန်းယဲ့ကလည်း ၎င်း၏ လျှို့ဝှက်အဓိပ္ပာယ်ကို မသိဘဲမနေချေ။ သူက ခဏမျှ စဥ်းစားပြီးနောက် မေးလိုက်၏။ "သခင်လေးဖူက ကျောက်တုံးကြီးမြို့တော်မှာ နေတာလား..."

​"အတိအကျပါပဲ..." ဖူကျီလီ၏ မျက်ဝန်းထဲတွင် ဝမ်းသာအားရမှုများ ဖြတ်ပြေးသွားရသည်။

​"ဒါဆိုရင် အတူတူသွားကြတာပေါ့..." ကျန်းယဲ့က ခေါင်းညိတ်လိုက်ရင်း "ငါတို့လည်း မနက်ဖြန် ကျောက်တုံးကြီးမြို့တော်ကို သွားဖို့ ရှိတယ်..."

​ဖူကျီလီက အလွန်အမင်း ဝမ်းသာသွားပြီး အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလေသည်။ "ကျေးဇူးတင်ပါတယ် စီနီယာ... ကျွန်တော် မနက်ဖြန် မနက်စောစောကတည်းက ဒီနေရာမှာ စောင့်နေပါ့မယ်..."

​ဖူကျီလီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကွမ်ယွီလုံက ကျန်းယဲ့အနားသို့ တိုးကပ်ကာ တိုးတိုးလေး ရယ်မောလိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့က ဒီတစ်ခါတော့ သူ့ရဲ့ အစောင့်အရှောက်တွေ ဖြစ်တော့မှာလား..."

​ကျန်းယဲ့က ဖူကျီလီ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးခပ်သဲ့သဲ့လေး ပေါ်လာလျက် "တစ်ယောက် လိုအပ်တာကို တစ်ယောက် ဖြည့်ဆည်းပေးကြတာပဲလေ..."

​ကျောက်တုံးကြီးမြို့တော်ကိုလည်း ချောချောမွေ့မွေ့ ရောက်ရှိသွားနိုင်သလို တစ်ပြိုင်နက်တည်းမှာပဲ အပိုဝင်ငွေလည်း ရှာဖွေနိုင်တာမို့ ဘာလို့ ငြင်းပယ်နေရမှာလဲ...

​နောက်တစ်နေ့ မနက်တွင်မူ ဖူကျီလီက တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ထဲ၌ ကြိုတင်စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ သူက ကျန်းယဲ့နှင့် အဖွဲ့သားများ လှေကားပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ရှေ့သို့ထွက်ကာ ဆီးကြိုနှုတ်ဆက်လိုက်၏။

​"တာအိုမိတ်ဆွေ... ကျွန်တော်က ဘယ်အချိန်မဆို ထွက်ခွာဖို့ အဆင်သင့်ပါပဲ..." သူက ရိုရိုသေသေပင် ပြောလိုက်သည်။

( ဒီနေရာမှာ မူရင်းက စီနီယာရယ်၊ တာအိုမိတ်ဆွေရယ်ဆိုပြီး တစ်လှည့်ဆီသုံးထားတယ်ဗျ မူရင်းက)

​ကျန်းယဲ့က "မလောပါနဲ့ဦး... အရင်ဆုံး မနက်စာ စားကြရအောင်... စားသောက်ပြီးမှ ထွက်ကြတာလည်း မနောက်ကျပါဘူး..."

​ဖူကျီလီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

​ဤတာအိုမိတ်ဆွေများက သာမန်လူသားကမ္ဘာ၏ ပျော်ရွှင်မှုများကို နှစ်သက်ပြီး အရသာရှိသည့် အစားအစာများကို တန်ဖိုးထားတတ်ကြသူများ ဖြစ်ရပေမည်။

​သူက လိမ္မာပါးနပ်စွာဖြင့် ကျသင့်ငွေကို ရှင်းပေးရန် ကမ်းလှမ်းလိုက်ရာ ဝမ်ချင်က ဖန်ဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ရယ်မောရင်း ပြောလိုက်၏။ "ငါတို့တော့ ဒီတစ်ခါ တကယ့်ကို ကံထူးတာပဲ..."

​မနက်စာ စားပြီးနောက်တွင်မူ အဖွဲ့သားများက မြို့၏အရှေ့ဘက်ရှိ တယ်လီပို့ အစီရင်စုသို့ ရောက်ရှိလာကြသည်။

​၎င်းက ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အချင်းသုံးလံခန့်ရှိသော စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသည့် အစီရင်စုစာသားများကို ထုဆစ်ထားချေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ထုဆစ်ထားသည့် ကျောက်တိုင် ကိုးတိုင် စိုက်ထူထားပြီး ထိပ်ဖျားများ၌ တလက်လက် တောက်ပနေသည့် ဝိညာဉ်ကျောက်တုံးများကို စီခြယ်မြှုပ်နှံထား၏။

​ကျန်းယဲ့ စကားမပြောရသေးခင်မှာပင် ဖူကျီလီက လူတိုင်းအတွက် တယ်လီပို့ ကုန်ကျစရိတ်ကို ဦးအောင် ရှင်းပေးလိုက်သည်။

​စုပိုင်လောနှင့် အခြားသူများမှာ အလွန်အမင်း ဝမ်းသာသွားကြရသည်။

​မနေ့ကအထိ ဝိညာဉ်ကျောက်တုံးအတွက် စိတ်ပူနေခဲ့ရသော်လည်း ယနေ့တွင်မူ တစ်စုံတစ်ယောက်က လုယက်ကာ ငွေရှင်းပေးနေချေပြီ။ ထို့ကြောင့် သူတို့၏ ဖူကျီလီအပေါ် ထားရှိသည့် အကြည့်များက ချက်ချင်းပင် ပိုမိုနွေးထွေးသွားရသည်။

​တယ်လီပို့အစီရင်စု၏ ရှေ့မှောက်တွင် လူတန်းကြီးက ရှည်လျားစွာ တန်းစီနေပြီး အများစုမှာ ကျင့်ကြံသူများကဲ့သို့ ဝတ်ဆင်ထားကြကာ အနည်းငယ်မျှသာ သားနားသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြ၏။

​ကုန်သည်ကြီးများက ကျင့်ကြံသူများကို မြင်သည်နှင့် သူတို့အား အရင် ဖြတ်သန်းသွားခွင့်ပြုရန် ဘေးသို့ ချက်ချင်း ဖယ်ပေးလိုက်ကြလေသည်။

​"ဒီလို ခရိုင်မြို့ငယ်လေးမှာတောင် တယ်လီပို့ အစီရင်စုကို သုံးတဲ့လူတွေ ဒီလောက်တောင် များလိမ့်မယ်လို့ မထင်ထားဘူး..." ယန်ကျုံးက တိုးတိုးလေး ရေရွတ်လိုက်၏။

​သူတို့အလှည့် ရောက်လာသည့်အခါ ဖူကျီလီက ရှင်းပြလိုက်လေသည်။ "ဒီတယ်လီပို့ အစီရင်က တစ်ကြိမ်ကို အများဆုံး လူဆယ်ယောက်ပဲ ပို့ဆောင်ပေးနိုင်တာမို့ ကျွန်တော်တို့ လေးသုတ် ခွဲပြီး သွားကြရအောင်..."

​ကျန်းယဲ့က တယ်လီပို့အစီရင်၏ တည်ဆောက်ပုံကို ဂရုတစိုက် လေ့လာနေပြီး ခရီးသွားများကမူ ဝတ္ထုများထဲတွင်သာ မြင်ဖူးခဲ့သည့် ဤမှော်ဆန်သော စက်ပစ္စည်းကို စပ်စုတောက်တိုဖြင့် စူးစမ်းကြည့်ရှုနေကြလေသည်။

​ပထမဆုံး လူဆယ်ယောက်အုပ်စုက ကျောက်စိမ်းစင်မြင့်ပေါ်သို့ တက်ရပ်လိုက်ကြပြီးနောက် အစောင့်အရှောက်ကျင့်ကြံသူက မန္တန်တစ်ခု ရွတ်ဆိုလိုက်၏။

​တစ်ခဏအတွင်းမှာပင် ကျောက်တိုင်ကိုးတိုင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများက တစ်ပြိုင်နက်တည်း လင်းထိန်သွားကာ အစီရင်ရှိစာသားများက တောက်ပလာပြီး စူးရှလှသည့် အဖြူရောင်အလင်းတန်းကြီးက စင်မြင့်ပေါ်ရှိ လူများကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး စင်မြင့်ထက်တွင် လူတစ်ယောက်မျှ မကျန်တော့ဘဲ ဗလာကျင်းသွားချေသည်။

​ကျန်းယဲ့သည် ဟင်းလင်းပြင်လှုပ်ရှားမှု၏ နက်နဲလှသော လျှို့ဝှက်ချက်ကို ခံစားမိလိုက်ပြီး စိတ်ထဲမှ တိုးညင်းစွာ သက်ပြင်းချလိုက်မိ၏။

​"ငါတို့အလှည့် ရောက်ပြီဟေ့..." စုပိုင်လောက စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ပေါ်သို့ တက်လိုက်သည်။

​ကမ္ဘာမြေမှ ပထမဆုံးအကြိမ် တယ်လီပို့အစီရင်ကို စမ်းသပ်ခွင့်ရသည့် လူသားများအနေဖြင့် သူတို့ သဘာဝအတိုင်း စိတ်လှုပ်ရှားနေကြခြင်းပင်။

​နောက်ဆုံးအုပ်စု တယ်လီပို့အစီရင်ထဲမှ ခြေလှမ်းစလှမ်းလိုက်သည်နှင့် ခမ်းနားထည်ဝါပြီး ခန့်ညားလှသည့် မြို့တော်ကြီးတစ်ခုက သူတို့၏ မျက်စိရှေ့မှောက်တွင် ဖြန့်ကျက်ပေါ်ပေါက်လာလေသည်။

​ကျောက်တုံးကြီးမြို့တော်က ဝမ်ရုန်ခရိုင်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး ကောင်းကင်ယံကို ထိုးဖောက်နေသည့် မြင့်မားလှသော မြို့ရိုးကြီးများ ရှိကာ မြို့ရိုးပေါ်တွင် အတောင်ပံပါသည့် ဝိညာဉ်မြင်းများကို စီးနင်းထားသည့် စစ်သည်တော်များက ကင်းလှည့်နေကြသည်။

​လမ်းမကြီးက ရထားလုံးဆယ်စီး ယှဥ်တွဲမောင်းနှင်နိုင်လောက်အောင် ကျယ်ဝန်းလှသော်လည်း အံ့ဩစရာအကောင်းဆုံးအရာမှာ အထက်ကောင်းကင်ယံမှ မြင်ကွင်းပင်။

​ကြီးမားလှသည့် ပျံသန်းနိုင်သော သင်္ဘောကြီးသုံးစီးက မီတာရာချီမြင့်သည့် ကောင်းကင်ယံထက်တွင် ဝဲပျံနေပြီး ၎င်းတို့၏ ရွက်တိုင်များက အစီရင်အလင်းတန်းများဖြင့် တောက်ပနေကာ အဝေးတစ်နေရာတွင်မူ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများက ဓားများကို စီးနင်းလျက် တိမ်တိုက်များကြားတွင် အလင်းတန်းများသဖွယ် ဖြတ်သန်းသွားလာနေကြချေသည်။

​ဝတ်ရုံဖြူဝတ်ဆင်ထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ခုနစ်ရောင်ခြယ် ကြာပန်းစင်မြင့်ကို စီးနင်းကာ နတ်သမီးတစ်ပါးကဲ့သို့ နွဲ့နှောင်းစွာ ဖြတ်သန်းသွားပြီး အခြားတစ်ဖက်တွင်မူ သန်မာထွားကျိုင်းသည့် လူတစ်ယောက်က နံဘေးတွင် အတောင်ပံများပါရှိသည့် ကြောက်မက်ဖွယ်ကောင်းသော ကျားကြီးတစ်ကောင်ကို စီးနင်းလျက် ကောင်းကင်ယံကို ဟိန်းဟောက်ကာ ဖြတ်ကျော်နေခဲ့သည်။

​မြေပြင်ပေါ်မှ မြင်ကွင်းကလည်း ထပ်တူပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှ၏။ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသည့် သမင်တစ်ကောင်က ခမ်းနားသည့် ရထားလုံးတစ်စီးကို ဖြည်းညှင်းစွာ ဆွဲခေါ်နေပြီး ကြီးမားလှသည့် မြွေဟောက်ပြာကြီးသုံးကောင်က ခေါင်းနှင့်အမြီး တစ်ဆက်တည်း ပြုလုပ်ကာ နူးညံ့သည့် ဝေါယာဥ်တစ်ခုကို တွားသွားလျက် ဆွဲယူနေကြ၏။

ထို့အပြင် တောင်ငယ်တစ်လုံးခန့် ကြီးမားလှသည့် ကြံ့ကြီးတစ်ကောင်သည်ပင် လမ်းဘေးတွင် ငြိမ်သက်စွာ ဝပ်နေပြီး ၎င်း၏ကျောပေါ်တွင် တရားမှတ်နေသည့် တာအိုဆရာတစ်ဦးကို တင်ဆောင်ထားချေသည်။

​"ဘုရားရေ..." စုပိုင်လောက ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်မိသည်။ "ဒါက ရုပ်ရှင်တွေထဲက အထူးပြုလုပ်ချက်တွေ အားလုံးထက် ပိုပြီးတော့ အံ့ဩဖို့ကောင်းတယ်..."

​ဝမ်ခယ်အိုက်က မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ရင်း "ဟိုဘက်ကို ကြည့်လိုက်ဦး... ဟိုလူက တိမ်တွေပေါ်မှာ လမ်းလျှောက်နေတာ..."

​ဝတ်ရုံပြာဝတ်ဆင်ထားသည့် ပညာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက ခြေလှမ်းတိုင်းတွင် တိမ်တိုက်များကို နင်း​လျက် အဝေးရှိ လေထဲတွင် လွင့်မျောနေသည့် မဏ္ဍပ်တစ်ခုဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားနေခဲ့သည်။

​လမ်းဘေးဝဲယာရှိ အဆောက်အအုံများသည်လည်း ထူးခြားထင်ရှားလှ၏။ နွယ်ပင်များဖြင့် သီးသန့်ပြုလုပ်ထားသည့် လက်ဖက်ရည်ဆိုင်၊ လေထဲတွင် လွှင့်ပျံနေသည့် ခရစ်စတယ်မဏ္ဍပ်နှင့် ဖြည်းညှင်းစွာ လည်ပတ်နေသည့် ကြေးညိုတာဝါတိုင်ကြီး တစ်ခုတို့ ရှိနေကြ၏။ လေထုထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေပြီး လူကို လန်းဆန်းတက်ကြွစေသည့် ခံစားချက်မျိုး ပေးစွမ်းနေချေသည်။

​"ဒါက ငါစိတ်ကူးယဥ်ခဲ့တဲ့ အင်မော်တယ်လောက အစစ်အမှန်ပဲ..." ယန်ကျုံးက စိတ်လှုပ်ရှားစွာဖြင့် ဝူယာချန်၏ လက်မောင်းကို လှမ်းကိုင်လိုက်၏။

​အမြဲတမ်း တည်ငြိမ်နေတတ်သည့် ကျန်းယဲ့ပင်လျှင် "တကယ်ကို ထူးခြားဆန်းကြယ်တာပဲ..." ဟု မချီးကျူးဘဲ မနေနိုင်တော့ချေ။

​ဤသည်ကို မြင်သောအခါ ဖူကျီလီက သူတို့ ဘာကြောင့် ဤမျှ အံ့ဩနေကြသည်ကို နားမလည်သော်လည်း ယဥ်ကျေးသည့် အပြုံးကို ထိန်းသိမ်းထားရင်း ပြောလိုက်၏။ "အကယ်၍ တာအိုမိတ်ဆွေတို့ သဘောကျတယ်ဆိုရင် ကျောက်တုံးကြီးမြို့တော်မှာ ရက်အနည်းငယ်လောက် ပိုပြီး နေထိုင်သွားပါလား... ဒီမြို့က အဓိက မြို့ကြီးလေးမြို့နဲ့ မနှိုင်းယှဥ်နိုင်ပေမဲ့လည်း သူ့ရဲ့ သီးခြား ဆွဲဆောင်မှုတော့ ရှိပါသေးတယ်..."

​တယ်လီပို့ အစီရင်စု၏ ထွက်ပေါက်တွင် ရပ်နေရင်း လူတိုင်းက မျက်စိလွှဲရန်ပင် နှမြောနေကြမိသည်။

​အင်မော်တယ်လောက၏ မရေမတွက်နိုင်သော မြင်ကွင်းများက ယခုအချိန်တွင်မူ မယုံနိုင်လောက်အောင် လက်တွေ့ဆန်လာခဲ့ချေပြီ။

​ယခုအခိုက်အတန့်တွင် စုပိုင်လောနှင့် သူ၏ လူသုံးဆယ့်ခြောက်ဦး အဖွဲ့အတွက်မူ ဤနေရာရှိ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏ သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ခွင့်ရလိုက်ခြင်းကပင် နောင်တရစရာ မရှိတော့ချေ။

​တယ်လီပို့ခန်းမထဲမှ ထွက်လာပြီးနောက် ကျန်းယဲ့က အခွင့်ကောင်းကို ယူကာ မေးလိုက်သည်။ "တာအိုမိတ်ဆွေဖူ... ငါတို့က ဒီနေရာကို အသစ်ရောက်လာတာဆိုတော့ ဒီမြို့အကြောင်းကို မိတ်ဆက်ပေးလို့ ရမလား..."

​ဖူကျီလီက လိုလိုလားလားပင် သဘောတူလိုက်ပြီး လမ်းညွှန်ပြသလိုက်၏။ "ကျောက်တုံးကြီးမြို့တော်ရဲ့ ဖွဲ့စည်းပုံက သာမန်ပါပဲဗျာ... အရှေ့ဘက်မှာတော့ ဆေးလုံးစျေးကွက်ရှိပြီး ဆေးဖက်ဝင်အပင်ခန်းမနဲ့ တန်တင်းရွှယ်တို့ ရှိကြပါတယ်... အနောက်ဘက်မှာတော့ မှော်လက်နက်လမ်း ရှိပြီး ပျံသန်းနိုင်တဲ့ ဓားတွေကအစ ချပ်ဝတ်တန်ဆာတွေအထိ အကုန်ရနိုင်ပါတယ်.... တောင်ဘက်မှာတော့ သားရဲတွေ နေ့တိုင်း တိုက်ခိုက်တဲ့ သားရဲတိုက်ပွဲကွင်းရှိပြီး မြောက်ဘက်မှာတော့ ကျင့်ကြံသူတွေ သူတို့ရဲ့ စွမ်းရည်ကို လေ့ကျင့်နိုင်တဲ့ ပြိုင်ပွဲကွင်း ရှိပါတယ်..."

​ထို့နောက် သူက အဝေးရှိ ခမ်းနားထည်ဝါသော ကျောက်စိမ်းဖြူ အဆောက်အအုံကြီးဆီသို့ လက်ညှိုးထိုးပြကာ "ဟိုးနားကတော့ ဝိညာဉ်စမ်းသပ်ရေးခန်းမဖြစ်ပြီး ကျင့်ကြံသူတစ်ဦးရဲ့ ဝိညာဉ်မြစ် ပါရမီအရည်အသွေးကို စမ်းသပ်ဖို့အတွက် သီးသန့် ပြုလုပ်ထားတာပါ..."

​ယင်းစကားကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့၏ နှလုံးသားက လှုပ်ခတ်သွားရသည်။ "ဝိညာဉ်စမ်းသပ်ရေးခန်းမက နေ့တိုင်း ဖွင့်တာလား... ဘာလိုအပ်ချက်တွေ ရှိလဲ..."

​"နေ့တိုင်း မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ပါတယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရုံနဲ့ စမ်းသပ်မှု လုပ်နိုင်ပါတယ်..." ဖူကျီလီက ရှင်းပြလိုက်၏။ "အကယ်၍ ငွေကြေး မလုံလောက်ဘူးဆိုရင်တော့ ဂိုဏ်းအသီးသီးက တပည့်တွေ လာရောက်စုဆောင်းတဲ့အချိန်မှာ အလကား စမ်းသပ်လို့လည်း ရပါတယ်..."

​ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့သာမက ခရီးသွားများ အားလုံးပါ သူတို့၏ နားများကို စွန်းထောင်ကာ စိတ်ဝင်တစား နားထောင်လိုက်ကြလေသည်။

အခန်း ၄၁၅ပြီး၏။

အခန်း ( ၄၁၆) ဝိညာဉ်မြစ် စမ်းသပ်ခြင်း

​ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများက ဝိညာဉ်စမ်းသပ်ရေးခန်းမသို့ သွားရောက်ရန် စိတ်အားထက်သန်နေကြသော်လည်း သူတို့အားလုံးက ထိုစိတ်ဆန္ဒကို ထိန်းချုပ်ထားနိုင်ခဲ့ကြ၏။

​မည်သို့ပင်ဆိုစေကာမူ ဖူကျီလီ၏ အမြင်တွင် သူတို့က မိမိတို့၏ စွမ်းရည်များကို ဖုံးကွယ်ထားသည့် ကျင့်ကြံသူများ ဖြစ်နေသည်မဟုတ်လော။ အကယ်၍ သူတို့သာ ဝိညာဉ်မြစ်ကို စမ်းသပ်ရန် စိတ်လှုပ်ရှားစွာ သွားရောက်ခဲ့မည်ဆိုပါက သူတို့၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည် မဟုတ်ပါလား။

​ဖူကျီလီက အခွင့်ကောင်းကို ယူကာ အကြံပြုလိုက်သည်။ "စီနီယာတို့က ကျောက်တုံးကြီးမြို့တော်ကို အသစ်ရောက်လာတာဆိုတော့ ကျွန်တော့်ရဲ့ စံအိမ်ငယ်လေးမှာ အရင်သွားရောက် အနားယူကြပါလားခင်ဗျာ..."

​ကျန်းယဲ့က ခေါင်းညိတ် သဘောတူလိုက်၏။

​သူ သဘောတူလိုက်သည်ကို မြင်သည်နှင့် ဖူကျီလီက လက်ဖျောက်တစ်ချက် တီးလိုက်လေသည်။

​နောက်ခဏ၌ အဝေးမှ ကြည်လင်သည့် ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထူးဆန်းသည့် ဝိညာဉ်သားရဲနှစ်ကောင် ဆွဲလာသော ခမ်းနားထည်ဝါသည့် ရထားလုံးတစ်စီးက ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

​ထိုဝိညာဉ်သားရဲများက ချီလင်နှင့် ဆင်တူကာ တစ်ကိုယ်လုံး ဖြူဖွေးနေပြီး နဖူးထက်တွင် ကျောက်စိမ်းဂျိုတစ်ချောင်းစီ ပါရှိကာ ခွာလေးဖက်ကလည်း တိမ်တိုက်ပါးပါးလေးများကို နင်းလျှောက်လာသကဲ့သို့ ရှိချေသည်။

ရထားလုံးကိုမူ နှင်းဆီသစ်သားဖြင့် ထုဆစ်ထားပြီး ပြတင်းပေါက်ဘောင်များတွင် ရောင်စုံတောက်ပနေသည့် ဝိညာဉ်ကျောက်တုံးများကို စီခြယ်ထားကာ ခေါင်မိုးမှ တွဲကျနေသည့် လင်းလက်နေသော နွယ်ပင်များက လန်းဆန်းစေသည့် ရနံ့တစ်ခုကို သင်းပျံ့စေ၏။

​"ကျေးဇူးပြုပြီး ကြွပါခင်ဗျာ..." ဖူကျီလီက ရိုသေစွာ ဦးညွှတ်လျက် ဖိတ်ခေါ်လိုက်၏။

​အဖွဲ့သားများ ရထားလုံးပေါ်သို့ တက်လိုက်ကြသည့်အခါ အတွင်းဘက်နေရာက အပြင်မှကြည့်ရသည်ထက်ပင် ပိုမိုကျယ်ဝန်းနေသည်ကို တွေ့လိုက်ကြရသည်။

​ထိုင်ခုံများပေါ်တွင် နူးညံ့သည့် ဝိညာဉ်သားရဲ သားမွေးများကို ခင်းကျင်းထားပြီး အလယ်ရှိ စားပွဲငယ်ပေါ်တွင်တော့ အလိုအလျောက် လက်ဖက်ရည်ငဲ့ပေးသည့် ကျောက်စိမ်းလက်ဖက်ရည်အိုးတစ်လုံးကို တင်ထားလေသည်။ ရထားလုံး၏ နံရံလေးဖက်တွင် ချိတ်ဆွဲထားသည့် ခရစ်စတယ်မီးပန်းဆိုင်းများထဲ၌လည်း ပိုးစုန်းကြူးများကဲ့သို့သော အလင်းတန်းလေးများက ကခုန်နေကြ၏။

​ဖူကျီလီက ဝိညာဉ်ကျောက်တုံးတစ်အိတ်ကို ဦးဆောင်နေသည့် ဝိညာဉ်သားရဲ၏ ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်ပေးလိုက်ရာ သားရဲက ရွှင်လန်းစွာ အသံပြုလိုက်ပြီးနောက် ရထားလုံးကြီးက ချောမွေ့စွာ စတင်ထွက်ခွာသွားတော့သည်။

​ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဘလူးစတားမှ လာသည့် အဖွဲ့သားများ၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အတွေးမှာ အများပြည်သူသုံး ဘတ်စ်ကားတစ်စီးဆိုသည့် အတွေးပင်။

​သို့သော်လည်း ဤအရာက အင်မော်တယ်လောကမှ ကျင့်ကြံသူများ အသုံးပြုသည့် ဘတ်စ်ကားပင်။

​ရထားလုံးက မြေပြင်မှ သုံးပေခန့်အမြင့်သို့ ဖြည်းညှင်းစွာ မြင့်တက်သွားပြီးနောက် လမ်းမကြီးတစ်လျှောက် တည်ငြိမ်စွာ ရွေ့လျားသွားခဲ့သည်။

​ဤမြင့်မားသည့် နေရာမှ ကြည့်လိုက်ပါက မြို့တော်တစ်ခုလုံး၏ ကြီးပွားတိုးတက်နေမှု မြင်ကွင်းကို မျက်စိရှေ့မှောက်တွင် အထင်းသား မြင်တွေ့နိုင်ချေသည်။

​အောက်ဘက် လမ်းမများပေါ်တွင် လမ်းသွားလမ်းလာများက စည်ကားသိုက်မြိုက်နေပြီး ထူးဆန်းသည့် ဝတ်စုံမျိုးစုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူများကလည်း သွားလာလှုပ်ရှားနေကြ၏။ အဝေးတစ်နေရာတွင်မူ မဏ္ဍပ်ကြီးများက မားမားမတ်မတ် ရပ်တည်နေကြပြီး တစ်ခါတစ်ရံတွင် ဓားပျံကို စီးနင်းထားသည့် ကျင့်ကြံသူတစ်ဦးက ရထားလုံးဘေးမှ ဖြတ်သန်းသွားတတ်လေသည်။

​ဤအတွေ့အကြုံက သူတို့တစ်သက် တစ်ခါမှ မကြုံဖူးခဲ့သည့် အရာပင်။

​ဝိညာဉ်သားရဲ ရထားလုံးက ကျောက်တုံးမြို့တော်၏ လမ်းမကြီးများကို ဖြတ်သန်းသွားရာ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများတွင် ကုန်ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်ကို တွေ့ရသည်။ အဆောင်များ၊ လက်နက်ဖန်တီးသည့်ဆိုင်များ၊ သားရဲလေ့ကျင့်ပေးသည့်ဆိုင်များအပြင် ပျံသန်းနိုင်သည့် မှော်လက်နက်များကို သီးသန့်ငှားရမ်းပေးသည့် ဆိုင်များပင် ရှိနေကြလေသည်။

​လမ်းထောင့်တိုင်း၌ အသစ်အဆန်း မြင်ကွင်းများကို တွေ့မြင်နေရခြင်းက အခြားကမ္ဘာမှ လာသည့် ဤခရီးသွားများ၏ မျက်စိကို ပွင့်သွားစေ၏။

​နောက်ခဏ၌ ဝိညာဉ်သားရဲရထားလုံးက ခမ်းနားထည်ဝါလှသည့် စံအိမ်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အနီရင့်ရောင် တံခါးမကြီးအထက်တွင် ဖူစံအိမ်ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားခဲ့သည်။

အိမ်တော်ထိန်းနှင့် အစေခံများက တံခါးဝတွင် ကြိုတင်စောင့်ဆိုင်းနေကြပြီး အဖွဲ့သားများ ဆင်းလာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။

​"ကျွန်တော့်ရဲ့ စံအိမ်ငယ်လေးက ရိုးရှင်းလွန်းတဲ့အတွက် စီနီယာတို့အနေနဲ့ အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်..." ဖူကျီလီက ကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားရင်း "စီနီယာတို့အတွက် တိတ်ဆိတ်တဲ့ ခြံဝင်းတစ်ခုကို ပြင်ဆင်ထားပါတယ်..."

​အရာအားလုံးအတွက် ဝိညာဉ်ကျောက်တုံး လိုအပ်လှသည့် ဤအင်မော်တယ်လောကတွင် ယခုကဲ့သို့ အခမဲ့ တည်းခိုခွင့်ရရန်ဆိုသည်မှာ အလွန်တရာ ရှားပါးလှသည့် ကိစ္စပင်။

​ကျန်းယဲ့က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ရင်း "သခင်လေးဖူ... မင်းအတွက် အလုပ်ရှုပ်သွားရပြီ..."

​ဖူကျီလီ ပြင်ဆင်ပေးထားသည့် ခြံဝင်းလေးမှာ တကယ်ပင် တိတ်ဆိတ်ငြိမ်သက်ပြီး ကျော့ရှင်းလှကာ တောင်တုလေးများ၊ စီးဆင်းနေသည့် ရေကန်ငယ်လေးများ ရှိသည့်အပြင် ဝိညာဉ်အပင်များဖြင့် ဝန်းရံထားပြီး ဝိညာဉ်စွမ်းအင်စုဆောင်းရေး အစီရင်စုငယ်လေးတစ်ခုပင် ရှိနေချေသည်။

​သူတို့ နေရာချပြီးသည်နှင့် အိမ်တော်ထိန်းက ပိုးသားလင်ပန်းတစ်ခုကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ၎င်းအပေါ်တွင် သေသပ်လှပသည့် သိုလှောင်အိတ်တစ်ခုကို တင်ထားလေသည်။

​"ဒါက စီနီယာ့ကို ကတိပေးထားတဲ့ ဆုလာဘ်ပါ..." ဖူကျီလီက သိုလှောင်အိတ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့ လက်ဆောင်ငယ်လေးပါ..."

​ကျန်းယဲ့က အပြုံးတစ်ခုဖြင့် လက်ခံလိုက်ရင်း "ကျေးဇူးပါ သခင်လေးဖူ..."

​ထို့နောက် ဖူကျီလီက လိမ္မာပါးနပ်စွာပင် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ "စီနီယာတို့ အရင် အနားယူကြပါဦး... လိုအပ်တာရှိရင် အစေခံတွေကို ခိုင်းစေနိုင်ပါတယ်ခင်ဗျာ..."

​ခြံဝင်းထဲမှ ထွက်လာသည်နှင့် ဖူကျီလီက အိမ်တော်ထိန်းအား လေးလေးနက်နက် မှာကြားလိုက်၏။ "သူတို့ကို သေချာ ဂရုစိုက်ပေးပါ... လစ်ဟင်းမှု မရှိစေနဲ့..."

​အိမ်တော်ထိန်းက တုံ့ဆိုင်းစွာဖြင့် တိုးတိုးလေး မေးလိုက်သည်။ "သခင်လေး... ဒီဂုဏ်သရေရှိ ဧည့်သည်တော်တွေက ဘယ်သူတွေများလဲ..."

​ဖူကျီလီက ခေါင်းခါလိုက်ရင်း "သူတို့ရဲ့ ဇာစ်မြစ် အတိအကျကို ငါမသိပေမဲ့ သူတို့အားလုံးက ခန့်မှန်းလို့မရနိုင်တဲ့ ကျင့်ကြံသူတွေချည်းပဲ... မနေ့ညကသာ သူတို့ ဝင်မကူညီခဲ့ရင် ငါကတော့ အခုလောက်ဆို..."

​အိမ်တော်ထိန်း၏ မျက်နှာအမူအရာက တင်းမာသွားပြီး အခြေအနေ၏ ကြီးလေးမှုကို ချက်ချင်းပင် သဘောပေါက်သွားရသည်။

​ခြံဝင်းထဲတွင်မူ ကျန်းယဲ့က ဖူကျီလီ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် လူတိုင်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။ "အဆင်သင့် ပြင်ကြ... ငါတို့ အပြင်ထွက်မယ်..."

​ထို့နောက် အဖွဲ့သားများက အခြားဝိညာဉ်သားရဲ ရထားလုံးတစ်စီးကို ငှားရမ်းကာ ဝိညာဉ်စမ်းသပ်ရေးခန်းမဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာလာလိုက်ကြသည်။

​ရထားလုံးက ခန်းမရှေ့တွင် ရပ်တန့်သွားသည့်အခါ လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩမှင်တက်သွားကြရသည်။ ကောင်းကင်ယံသို့ တိုက်ရိုက်ဦးတည်နေသည့် ကျောက်စိမ်းဖြူ လှေကားထစ် ကိုးရာကိုးဆယ့်ကိုးထစ်ရှိနေပြီး လှေကား၏ အဆုံးတွင် ခမ်းနားထည်ဝါလှသည့် ခန်းမကြီးတစ်ခုက မားမားမတ်မတ် ရပ်တည်နေချေသည်။

​အဆောက်အအုံတစ်ခုလုံးကို ဝိညာဉ်ကျောက်စိမ်း တစ်တုံးတည်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ကော့တက်နေသည့် ခေါင်မိုးစွန်းများ၊ ထုဆစ်ထားသည့် တိုင်များနှင့် ဆေးခြယ်ထားသည့် ရက်မများရှိကာ တံခါးပေါက်အထက်တွင် ဝိညာဉ်စမ်းသပ်ရေးခန်းမဟူသည့် စာလုံးကြီးများက ရွှေရောင်လင်းလက်နေပြီး ကြီးမားခမ်းနားလှသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

​"ဒါက တကယ်ကို ခမ်းနားတာပဲ..." စုပိုင်လောက အံ့အားသင့်စွာ မော့ကြည့်ရင်း အာမေဍိတ်သံ ပြုလိုက်မိသည်။

​ထို့နောက် အဖွဲ့သားများက လှေကားထစ်များကို တက်ကာ ကျယ်ဝန်းလှသည့် ပင်မခန်းမကြီးအတွင်းသို့ ဝင်ရောက်သွားကြ၏။

​အပြင်ဘက် တံခါးဝရှိ ခမ်းနားထည်ဝါလှသည့် အရှိန်အဝါနှင့် ယှဥ်လိုက်လျှင် ခန်းမ၏ အတွင်းပိုင်းက သိသိသာသာကို ခြောက်ကပ်နေချေသည်။

​ကျယ်ဝန်းလှသည့် နေရာကြီးထဲတွင် ကျင့်ကြံသူ အနည်းငယ်သာ ဟိုတစ်စု ဒီတစ်စု ရှိနေကြပြီး အလယ်တွင်မူ ခရစ်စတယ်တိုင် အနည်းငယ် ရှိကာ ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အစီရင်စုစာသားများကို ထုဆစ်ထားလေသည်။

​"ဒီနေ့ လူသိပ်များပုံ မပေါ်ဘူးပဲ..." ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

​ရွှေရောင်များဖြင့် တောက်ပနေသည့် ဝိညာဉ်စမ်းသပ်ရေးခန်းမထဲတွင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် မိဘအနည်းငယ်က သူတို့၏ ကလေးများနှင့်အတူ တန်းစီစောင့်ဆိုင်းနေကြ၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများ ပင်မခန်းမထဲသို့ ခြေချလိုက်သည်နှင့် သူတို့ ဝတ်ဆင်ထားသည့် တူညီဝတ်စုံဖြစ်သော တိမ်တိုက်လွှင့် ပိုးသားဝတ်ရုံများက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။

​သုံးလေးနှစ်အရွယ် ကလေးငယ်တစ်ဦးအား စမ်းသပ်ပေးရန် ပြင်နေသည့် ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ကျန်းယဲ့နှင့် အခြားသူများကို ဦးညွှတ်လျက် မေးလိုက်၏။ "တာအိုမိတ်ဆွေတို့... လိုအပ်တာများ ရှိလို့လားခင်ဗျာ..."

​ကျန်းယဲ့က ညင်သာစွာပင် ပြန်ဖြေလိုက်သည်။ "တာအိုမိတ်ဆွေ... ခင်ဗျားရဲ့ ကိစ္စကို အရင် လုပ်ပါ... ကျွန်တော်တို့ ကိစ္စက မလောပါဘူး..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက မျက်မှောင်အနည်းငယ် ကုတ်သွားသော်လည်း သူတို့က ဘေးတွင် တိတ်ဆိတ်စွာ ရပ်စောင့်နေကြသည်ကို မြင်သည့်အခါ သူ၏ သံသယများကို ဖိနှိပ်လိုက်ပြီး အလုပ်ကို ဆက်လုပ်လေသည်။

​စမ်းသပ်သည့် လုပ်ငန်းစဉ်က အတော်လေး ရိုးရှင်းလှသည်။ ကလေးငယ်က ခရစ်စတယ်လို ကြည်လင်နေသည့် စက်လုံးကြီးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်နှင့် စက်လုံးကြီးက အရောင်အမျိုးမျိုးဖြင့် လင်းလက်လာခြင်းပင်။

​ပထမ ကလေးခုနစ်ယောက်ကို စမ်းသပ်စဥ်အတွင်းမှာတော့ ခရစ်စတယ်စက်လုံးကြီးက မှေးမှိန်နေချေသည်။

​"ဝိညာဉ်မြစ် မရှိဘူး... နောက်တစ်ယောက်..." ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်၏။

​လေးငါးနှစ်အရွယ်ခန့်ရှိသည့် ဝတုတ်တုတ် ကောင်လေးတစ်ယောက်၏ အလှည့်ရောက်လာသည့်အခါ သူက ခရစ်စတယ်စက်လုံးကြီးပေါ်သို့ သူ၏ လက်ဖဝါးလေးကို ရွံ့ရှာစွာ တင်လိုက်ချေသည်။

​ချက်ချင်းဆိုသလိုပင် စက်လုံးကြီးက အဝါ၊ အစိမ်း၊ အပြာနှင့် အနီရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ၎င်းတို့က စူးရှလွန်းခြင်း မရှိသော်လည်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

​"ဝိညာဉ်မြစ် လေးမျိုးရှိလို့ ကျင့်ကြံဖို့ သင့်တော်တယ်... ဒါပေမဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ ခက်ခဲကြမ်းတမ်းလိမ့်မယ်..." ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက ရလဒ်ကို ကြေညာလိုက်သည်။

​မိဘဖြစ်သူများက ဝမ်းသာလွန်း၍ ငိုကြွေးလိုက်ကြပြီး ကျင့်ကြံသူအား အထပ်ထပ်အခါခါ ကျေးဇူးတင်စကားဆိုလိုက်ကြကာ သူ၏လက်ထဲသို့ ဝိညာဉ်ကျောက်တုံး အိတ်ငယ်လေးတစ်အိတ်ကို တိတ်တဆိတ် ထည့်ပေးလိုက်ပြီးနောက် ကလေးငယ်နှင့်အတူ ပျော်ရွှင်စွာ ထွက်ခွာသွားကြ၏။

​ဘေးတွင် ရပ်ကြည့်နေသူများ အားလုံး လူစုကွဲသွားပြီးနောက် ဝတ်ရုံမီးခိုးရောင်ကျင့်ကြံသူက ကျန်းယဲ့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။ "အခု ခင်ဗျားတို့ လာရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြလို့ ရပြီလား..."

​ကျန်းယဲ့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ကျွန်တော်တို့ ဝိညာဉ်မြစ် စမ်းသပ်ချင်လို့ပါ..."

​ထိုစကားကြောင့် ဝတ်ရုံမီးခိုးရောင်ကျင့်ကြံသူက အေးခဲသွားပြီး သူ အကြားမှားလေသလားဟုပင် ထင်မှတ်သွားမိသည်။

​သူက ထိုလူစုကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်၏။ သူတို့၏ တူညီဝတ်စုံ၊ ဇိမ်ခံဝတ်စုံနှင့် ထူးခြားသည့် အရည်အသွေးများက သူတို့က ဂိုဏ်းကြီးတစ်ခုခုမှ တပည့်များဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေချေသည်။ ဒါကို သူတို့က ဝိညာဉ်မြစ်ကို စမ်းသပ်ဖို့ လိုအပ်နေဦးမှာတဲ့လား....

​အထူးသဖြင့် သူတို့၏ တောက်ပနေသည့် ဝတ်ရုံများဆိုလျှင် ဝိညာဉ်စမ်းသပ်ရေးခန်းမတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည့် သူ့လို ကျင့်ကြံသူတစ်ယောက်တောင် တစ်လက်မခန့်ပင် ဝယ်ယူနိုင်စွမ်း မရှိသည့် အရာများပင်။

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ မျက်နှာက မှုန်ကုပ်သွားရသည်။ "တာအိုမိတ်ဆွေက ကျုပ်ကို လာပြောင်နေတာလား..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ မကျေနပ်မှုကို မြင်သည့်အခါ ကျန်းယဲ့က ရိုးသားစွာ ရှင်းပြလိုက်၏။ "တာအိုမိတ်ဆွေ... ခင်ဗျား နားလည်မှုလွဲနေပြီ... ကျွန်တော်တို့က ဝိညာဉ်မြစ် စမ်းသပ်ဖို့ တကယ်လာခဲ့တာပါ... ဘာကစားကွက်မှ လှည့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..."

​စုပိုင်လောကလည်း ထောက်ခံလိုက်သည်။ "ဟုတ်တယ်... အဲ့ဒီလို နောက်ပြောင်နေဖို့ ငါတို့မှာ အချိန်မရှိဘူး..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက လူအုပ်ကို သံသယဖြင့် ကြည့်လိုက်၏။ သူတို့၏ မျက်ဝန်းများက ရိုးသားပြီး တကယ်ဖြစ်နေသည်ကို မြင်သည့်အခါ သူ တုံ့ဆိုင်းသွားပြီး မေးလိုက်ပြန်သည်။ "ခင်ဗျားတို့... တကယ်ပဲ ဝိညာဉ်မြစ်ကို စမ်းသပ်ချင်တာလား..."

​"တကယ်ပါ..." လူသုံးဆယ့်ခြောက်ယောက်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများက ခရစ်စတယ်လို ကြည်လင်နေသည့် ဝိညာဉ်စမ်းသပ်ရေးစက်လုံးကြီးဆီသို့ စူးစိုက်နေကြကာ ရှားပါးရတနာတစ်ခုကို ငေးမောနေသကဲ့သို့ စိတ်အားထက်သန်သည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။

​ကျန်းယဲ့က ကြိုတင်ပြင်ဆင်ထားသည့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ကမ်းပေးလိုက်၏။ "ဒါက လူသုံးဆယ့်ခုနစ်ယောက်အတွက် စမ်းသပ်ခပါ..."

All Chapters