← Chapters

အခန်းး (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အခန်းး (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အခန်း ( ၄၁၇) လက်ချည်းဗလာ ပြန်လာရခြင်း

​သပ်သပ်ရပ်ရပ် စီစီရီရီ ချထားသည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးဆယ့်ခုနစ်တုံးကို ကြည့်ကာ ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားရ၏။

​တန်ဖိုးဖြတ်မရနိုင်သည့် ဝတ်ရုံများကို ဝတ်ဆင်ထားသော ဤလူများက စမ်းသပ်ခကို တကယ်ပင် ပေးချေခဲ့ကြသည်။

​ဤအချိန်တွင်တော့ ဤလူများက ဝိညာဉ်မြစ်ကို စမ်းသပ်ရန် တကယ်လာခဲ့ခြင်းဖြစ်ကြောင်း သူ နောက်ဆုံးတွင် ယုံကြည်သွားတော့သည်။

​"ဒီလိုဆိုမှတော့..." သူက ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ "ဘယ်သူ အရင်လုပ်မလဲ..."

​"ကျွန်တော် ကျွန်တော် ကျွန်တော်..." စုပိုင်လောက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရှေ့သို့ ပြေးထွက်လာလိုက်သည်။ "တာအိုမိတ်ဆွေ... ဘာလုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပါဦး..."

​"ဝိညာဉ်စမ်းသပ်ရေးစက်လုံးပေါ် လက်ကိုတင်ထားပါ... စိတ်ကို ရှင်းလင်းထားပြီး ဟိုတွေးဒီတွေး မတွေးပါနဲ့..." ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက လမ်းညွှန်ပြသလိုက်၏။

​ထိုက်နောက် စုပိုင်လောက သူ၏လက်ဖဝါးကို ခရစ်စတယ်စက်လုံးပေါ်သို့ လေးလေးနက်နက် တင်လိုက်ပြီး မျက်စိမှိတ်ကာ အာရုံစူးစိုက်လိုက်၏။

​သို့သော်လည်း သုံးကြိမ်တိုင်တိုင် အသက်ရှူပြီးသည့်တိုင် ဝိညာဉ်စမ်းသပ်ရေးစက်လုံးက မှေးမှိန်နေဆဲဖြစ်ကာ မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ချေ။

​"ဝိညာဉ်မြစ် မရှိဘူး..." ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက တည်ငြိမ်စွာ ကြေညာလိုက်၏။

​"ဘာ...." စုပိုင်လောမှာ ဆွံ့အသွားပြီး ဝိညာဉ်စမ်းသပ်ရေးစက်လုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ "မဖြစ်နိုင်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး... တာအိုမိတ်ဆွေ... ထပ်ပြီး သေချာကြည့်ပါဦးဗျာ... ထူးခြားတဲ့ ပါရမီတွေ... ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေ ရှိနေတဲ့ ကျွန်တော့်လို ပါရမီရှင်တစ်ယောက်က ဝိညာဉ်မြစ် မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

​ထိုစကားကြောင့် ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ မျက်ခွံများ တွန့်လိမ်သွားပြီး မျက်လုံးလှန်ချင်စိတ်ကို အနိုင်နိုင် ထိန်းချုပ်လိုက်ရ၏။

​ဤလူငယ်၏ အရှက်မဲ့မှုက ဤနယ်ပယ်တွင် သူ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည့်တစ်လျှောက် အဆိုးရွားဆုံးပင်။

​ချီး... ဒါကိုများ ထူးခြားတဲ့ ပါရမီလို့ ခေါ်သေးသလားကွ..

​သူက ဤလူအား အရှက်မရှိသူဟု စိတ်ထဲမှ တိတ်တဆိတ် ကင်ပွန်းတပ်လိုက်လေသည်။

​စုပိုင်လောပြီးနောက် လီရုံ၊ ဝမ်ချင်၊ ရွှီရှင်းပေါ်နှင့် အခြားသူများကလည်း ရှေ့သို့ထွက်ကာ စမ်းသပ်ခဲ့ကြသော်လည်း ရလဒ်များက စုပိုင်လောနှင့် အတူတူပင်။ ဝိညာဉ်စမ်းသပ်ရေးစက်လုံးက မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ချေ။

​"ဝိညာဉ်မြစ် မရှိဘူး..."

​"ဝိညာဉ်မြစ် မရှိဘူး..."

​"ဝိညာဉ်မြစ် မရှိဘူး..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ တည်ငြိမ်လှသော ကြေညာသံများက ခန်းမအတွင်း ပဲ့တင်ထပ်နေပြီး အစက စိတ်အားထက်သန်နေခဲ့ကြသည့် ခရီးသွားများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားကြရသည်။

​လူနှစ်ဆယ်ကျော် ဆက်တိုက် ဝိညာဉ်မြစ် မရှိခဲ့သည့် အချက်က ဤအင်မော်တယ်လောက၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် တကယ်တမ်း ကျင့်ကြံနိုင်စွမ်းရှိသူများမှာ လူတစ်သောင်းတွင်မှ တစ်ယောက်သာ ရှိကြောင်းကို သူတို့အား တကယ်ပင် သဘောပေါက်သွားစေခဲ့သည်။

​စမ်းသပ်မှုက တစ်ဝက်ခန့် ပြီးဆုံးသွားချိန်တွင် ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် ဖန်ဖန်က လေပြင်းပြင်းတစ်ချက်ကို ရှိုက်သွင်းလိုက်ပြီး ရှေ့သို့ ထွက်လာလိုက်သည်။

​သူမ၏ လှပသော မျက်ဝန်းများထဲတွင် စိုးရိမ်ထိတ်လန့်မှု အနည်းငယ်ဖြင့် ခရစ်စတယ်လို ကြည်လင်နေသည့် ဝိညာဉ်စမ်းသပ်ရေးစက်လုံးကြီးပေါ်သို့ သူမ၏ လက်ကို ဖြည်းညှင်းစွာ တင်လိုက်၏။

​သူမ၏ လက်ဖဝါးက စက်လုံးကြီးကို ထိလိုက်သည်နှင့် ...

​"ဝီ...."

​ဝိညာဉ်စမ်းသပ်ရေးစက်လုံးကြီးက ရုတ်တရက် အလွန်စူးရှတောက်ပသည့် ရေခဲပြာရောင် အလင်းတန်းကြီးတစ်ခုကို ပေါက်ကွဲထွက်ပေါ်စေခဲ့ပြီး ခန်းမကြီးတစ်ခုလုံးကို ကျယ်ပြောလှသည့် သမုဒ္ဒရာပြာကြီးထဲသို့ နစ်မြုပ်သွားစေသကဲ့သို့ တောက်ပလွန်းလှနေခဲ့သည်။

​အလင်းတန်းများကြားမှ ရေခဲပွင့်များ ခဲသွားသည့် ခပ်သဲ့သဲ့အသံကို ကြားလိုက်ရပြီး လေထုထဲရှိ အပူချိန်ကလည်း ရုတ်တရက် ထိုးကျသွားကာ ခန်းမဆောင်၏ တိုင်များပေါ်တွင်ပင် ရေခဲလွှာပါးပါးလေးများ ဖြစ်ပေါ်လာခဲ့သည်။

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက ချက်ချင်း မတ်တတ်ထရပ်လိုက်မိပြီး သူ၏မျက်လုံးများက ပြူးကျယ်နေကာ စိတ်လှုပ်ရှားလွန်း၍ အသံများပင် တုန်ယင်နေခဲ့၏။ "အထွတ်အထိပ် အဆင့်မြင့် ရေခဲဝိညာဉ်မြစ်..."

​သူ ဤနေရာတွင် တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဤကဲ့သို့ ထူးခြားသည့် ဝိညာဉ်မြစ်မျိုးကို သူ ပထမဆုံး စတင်တာဝန်ထမ်းဆောင်ချိန်က တစ်ကြိမ်သာ မြင်ဖူးခဲ့လေသည်။ ထိုသူမှာ အင်မော်တယ်ကျင့်ကြံခြင်း မိသားစုကြီးတစ်ခုမှ တိုက်ရိုက် ဆင်းသက်လာသူတစ်ဦးပင် ဖြစ်၏။

သို့သော် ​ဒီနေ့မှာ ဒီလိုမျိုး နောက်တစ်ခါ ပြန်တွေ့ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများမှာလည်း ဤရုတ်တရက် ဖြစ်ရပ်ကြောင့် အံ့အားသင့် မှင်တက်သွားကြရသည်။

​စုပိုင်လော၏ ပါးစပ်က အဟောင်းသား ပွင့်သွားပြီး အတန်ကြာမှ တိုးတိုးလေး ရေရွတ်လိုက်၏။ "အစ်မဖန်... အစ်မကတော့ အရမ်း လွန်လွန်းနေပြီ မဟုတ်ဘူးလား..."

​ဝမ်ခယ်အိုက်က ဖန်ဖန်၏ အင်္ကျီလက်စကို မနာလိုစွာ ဆွဲလိုက်ရင်း "အစ်မဖန်ဖန်... အစ်မက အနာဂတ်ကျရင် အင်မော်တယ်လောကကို တက်လှမ်းသွားတော့မှာလားဟင်..."

​ဝိညာဉ်စမ်းသပ်ရေးစက်လုံးပေါ်ရှိ ရေခဲပြာရောင် အလင်းတန်းများက ဆက်လက် ကျန်ရှိနေပြီး ဖန်ဖန်၏ အေးစက်ကာ ခပ်တည်တည်နိုင်လှသည့် မျက်နှာလေးကို လင်းလက်သွားစေကာ သူမအား ရေခဲနတ်သမီးလေးတစ်ပါးကဲ့သို့ ဖြစ်ပေါ်နေစေသည်။

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် စကားများပင် ရှေ့နောက်မညီတော့ချေ။ "မိန်းကလေး... မင်း ငါတို့ရဲ့ ဝိညာဉ်စမ်းသပ်ရေးခန်းမကို ဝင်ချင်သလား... မဟုတ်ဘူး... မဟုတ်ဘူး... မင်းက ဂိုဏ်းကြီးလေးခုထဲက တစ်ခုခုကို သွားသင့်တယ်... သူတို့က မင်းကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံဖို့ လုယက်နေကြလိမ့်မယ်..."

​ဖန်ဖန်က ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ ကြင်နာလှသော ဖိတ်ခေါ်မှုကို ယဥ်ကျေးစွာပင် ငြင်းပယ်လိုက်၏။ "တာအိုမိတ်ဆွေရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မတို့မှာ ဂိုဏ်းရှိပြီးသားပါ..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်၏။ "ခင်ဗျားတို့အားလုံး ဒီလို ထူးခြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတာ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ..."

​ဖန်ဖန်၏ အံ့ဩမင်သက်ဖွယ် စွမ်းဆောင်ရည်ကြောင့် စမ်းသပ်ရန် ကျန်ရှိနေသေးသူတိုင်း၏ မျှော်လင့်ချက်များက ပြန်လည် ရှင်သန်လာခဲ့ပြီး သူတို့ကိုယ်သူတို့ နာမည်တစ်ခု ရလာစေရန် စိတ်အားထက်သန်နေခဲ့ကြသည်။

​သို့သော်လည်း အမှန်တရားက အမြဲတမ်း ရက်စက်လှချေသည်။

​"ဝူယာချန်.... ဝိညာဉ်မြစ် မရှိဘူး..."

​"ချောင်ကျန်းရှင်း... ဝိညာဉ်မြစ် မရှိဘူး..."

​"ကျောက်ဒယ်ကျူး... ဝိညာဉ်မြစ် မရှိဘူး..."

​"ရှဲ့ယွီ.... ဝိညာဉ်မြစ် မရှိဘူး..."

​ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူ၏ ကြေညာသံများ ထွက်ပေါ်လာသည်နှင့်အမျှ ခန်းမကြီးထဲရှိ လေထုက တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

​နောက်ဆုံး ခရီးသွားတစ်ဦး စမ်းသပ်မှု ပြီးဆုံးသွားချိန်တွင်တော့ ရလဒ်များက မျှော်လင့်ချက်မဲ့ စိတ်ပျက်ဖွယ် ကောင်းနေခဲ့၏။

​လူသုံးဆယ့်ခြောက်ယောက်ထဲတွင် ဖန်ဖန် တစ်ယောက်တည်းသာ ဝိညာဉ်မြစ် ပိုင်ဆိုင်ထားပြီး ၎င်းကလည်း အလွန်တရာ ရှားပါးလှသည့် ထိပ်တန်းအဆင့် ရေခဲ ဝိညာဉ်မြစ် ဖြစ်နေပေသည်။

​ယခုအခါတွင်မူ ကျန်းယဲ့ တစ်ယောက်သာ စမ်းသပ်ရန် ကျန်ရှိတော့လေသည်။

​ကွမ်ယွီလုံက ကျန်းယဲ့၏ ပခုံးကို ယုံကြည်မှု အပြည့်ဖြင့် ပုတ်လိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားဆီမှာတော့ သေချာပေါက် ဝိညာဉ်မြစ် ရှိမှာပါ..."

​"ဟုတ်တယ်... ဟုတ်တယ်... ဒါရိုက်တာကျန်းဆီမှာ ဝိညာဉ်မြစ် မရှိဘူးဆိုရင်တော့ တကယ်ကို မတရားတာပဲ..." အခြားသူများကလည်း ဝင်ရောက် ထောက်ခံလိုက်ကြသည်။

​ကျန်းယဲ့က လူတိုင်း၏ မျှော်လင့်နေမှုများကို ခံစားမိလိုက်သည့်အခါ သူ၏ နှလုံးသားထဲတွင် အကြောင်းပြချက်မရှိ နိမိတ်မကောင်းသည့် ကြိုတင်ခံစားမှုတစ်ခုက မြင့်တက်လာရ၏။

​သူက ရှေ့သို့ ထွက်သွားပြီး လေပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ကာ သူ၏ လက်ဖဝါးကို ဝိညာဉ်စမ်းသပ်ရေးစက်လုံးပေါ်သို့ ညင်သာစွာ တင်လိုက်လေသည်။

​သို့သော်ငြားလည်း သုံးစက္ကန့် ကုန်လွန်သွားသော်လည်း ဝိညာဉ်စမ်းသပ်ရေးစက်လုံးက မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ချေ။

​ငါးစက္ကန့် ကုန်လွန်သွားသည့်တိုင် ၎င်းက အလင်းရောင်မရှိဘဲ မှောင်မိုက်နေဆဲပင်။

​ခန်းမကြီးတစ်ခုလုံးက သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွား၏။

​"ဝိညာဉ်မြစ် မရှိဘူး..." ဝတ်ရုံမီးခိုးရောင် ကျင့်ကြံသူက နောင်တရနေသည့် လေသံဖြင့် ကြေညာလိုက်သည်။

​ရလဒ်ကို ကြည့်ကာ ကျန်းယဲ့က စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်ရုံသာ တတ်နိုင်တော့သည်။ ငါတော့ သေချာပေါက် ကျိန်စာတိုက်ခံထားရတာပဲ...

​ခန်းမကြီးထဲမှ ထွက်လာကြသည့်အခါ စုပိုင်လောက နှစ်သိမ့်ပေးရန် သူ့အနားသို့ ချဉ်းကပ်လာခဲ့သည်။ "ဒါရိုက်တာကျန်း... ဝမ်းမနည်းပါနဲ့.... ကျွန်တော်တို့အားလုံးက လှေတစ်စင်းတည်း စီးနေကြတဲ့သူတွေပဲလေ..."

​ကျန်းခယ်က စုပိုင်လောအား တံတောင်ဖြင့် တွတ်လိုက်ပြီး ရယ်မောချင်စိတ်ကို မထိန်းနိုင်ဘဲ "ဒါရိုက်တာကျန်းက ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ..."

​စုပိုင်လောက အစပိုင်းတွင် မှင်တက်သွားသော်လည်း ရုတ်တရက် သဘောပေါက်သွားကာ အော်ဟစ်လိုက်၏။ "အေး ဟုတ်သားပဲ.... ဒါရိုက်တာကျန်းက ဝိညာဉ်မြစ်မရှိရင်တောင် ငါတို့ကို ဟင်းလင်းပြင်ခရီးစဉ်တွေ ပို့ပေးနိုင်တယ်လေ... ဝိညာဉ်မြစ် မရှိတဲ့ ငါတို့ကမှ တကယ့်ကို သာမန်လူသားစစ်စစ်တွေပါလား..."

​ထိုစကားများကြောင့် လူတိုင်းက ရယ်မောသွားကြပြီး စမ်းသပ်မှုရလဒ်ကြောင့် အစက ကျဆင်းနေခဲ့သည့် သူတို့၏ စိတ်ဓာတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြရသည်။

​လူ ၉၉ ရာခိုင်နှုန်းတွင် ဝိညာဉ်မြစ်မရှိခြင်းက တကယ်ပင် ဝမ်းနည်းစရာ ကောင်းသော်လည်း သူတို့က ဤအင်မော်တယ်လောက အံ့ဩဖွယ်ခရီးစဉ်တွင် ပါဝင်ခွင့်ရနေခြင်းကပင် ကမ္ဘာပေါ်ရှိ လူဦးရေ ၉၉ ရာခိုင်နှုန်းထက် သာလွန်နေပြီ ဖြစ်၏။

​အရာအားလုံးကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင် သူတို့က အလွန် ကံကောင်းသော သူများ ဖြစ်နေဆဲပင်။

​ဝိညာဉ်စမ်းသပ်ရေးခန်းမမှ ထွက်လာပြီးနောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများက မြို့အရှေ့ဘက်ရှိ ဆေးလုံးစျေးကွက်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာလိုက်ကြသည်။

​ကျောက်တုံးမြို့တော်ရှိ အကြီးဆုံး ဆေးလုံးအရောင်းဆိုင်ဖြစ်သော ဆေးဖက်ဝင်အပင်ခန်းမက မျက်စိဖမ်းစားနိုင်လှသည့် မျက်နှာစာတစ်ခု ရှိပြီး ကျင့်ကြံသူများကလည်း အဆက်မပြတ် ဝင်ထွက်သွားလာနေကြ၏။

​သူတို့ ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် မျက်စိလျင်လှသည့် စားပွဲထိုးတစ်ဦးက ချက်ချင်းပင် ဆီးကြိုနှုတ်ဆက်ရန် ရောက်လာလေသည်။

​လူတိုင်း၏ ကိုယ်ပေါ်ရှိ တောက်ပနေသော ဝတ်ရုံများကို မြင်သည်နှင့် စားပွဲထိုးလေး၏ မျက်လုံးများက အရောင်လက်သွားရ၏။ ဖောက်သည်ကြီးများ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူက အမြန် ဦးညွှတ်ကာ လမ်းပြခေါ်ဆောင်သွားသည်။ "ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကျေးဇူးပြုပြီး ဒုတိယထပ်က သီးသန့်ခန်းကို ကြွပါခင်ဗျာ..."

​ဒုတိယထပ်ကို သပ်ရပ်လှပစွာ အလှဆင်ထားပြီး စန္ဒကူးရနံ့များက လေထုထဲတွင် သင်းပျံ့နေချေသည်။

​လူတိုင်း နေရာယူပြီးနောက် ကျန်းယဲ့က လိုရင်းကို တန်းပြောလိုက်၏။ "ကျွန်တော်တို့ သာမန်လူတွေ အသုံးပြုနိုင်တဲ့ ဆေးလုံးတချို့ကို ဝယ်ချင်တယ်... အကောင်းဆုံး အရည်အသွေးမျိုးပေါ့..."

​ထိုလူမှာ မှင်တက်သွားပြီး ထိုကဲ့သို့သော တောင်းဆိုမှုကို မျှော်လင့်မထားခဲ့ကြောင်း သိသာလှချေသည်။

​ကျန်းခယ်က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ "ဘာလဲ... နာမည်ကြီးလှတဲ့ ဆေးဖက်ဝင်အပင်ခန်းမမှာ သာမန်လူတွေ အသုံးပြုနိုင်တဲ့ ဆေးလုံးလေးတစ်လုံးတောင် မရှိဘူးလား..."

​ရှဲ့ယွီကလည်း ဝင်ပြောလိုက်သည်။ "ဆေးဖက်ဝင်အပင်ခန်းမမှာ ဆေးလုံးအမျိုးအစားစုံ ရှိတယ်လို့ သူတို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား... အဲ့ဒါက အလွန်အကျွံ ချဲ့ကားပြောထားတာများလား..."

​စားပွဲထိုးလေးက ကမန်းကတန်း ရှင်းပြလိုက်၏။ "ဂုဏ်သရေရှိ ဧည့်သည်တော်တို့... နားလည်မှုလွဲနေပါပြီ... ကျွန်တော်တို့ဆီမှာ မရှိတာ မဟုတ်ပါဘူး... ဒါပေမဲ့... အဲ့ဒီလို ဆေးလုံးမျိုးက တကယ်ကို ပြသဖို့ မသင့်တော်လို့ပါ..."

​သူက စကားလမ်းကြောင်း လွှဲလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် အကြံပြုလိုက်လေသည်။ "လူကြီးမင်းတို့အနေနဲ့ ဒီလို အဆင့်မြင့်... ဆေးလုံးလေးတွေကို ကြည့်ပါလားဗျာ... ဒါက အခြေတည် ဆေးလုံးပါ... ပြီးတော့ ဒါက ချီစုစည်းမှု ဆေးလုံးလေ... နှစ်ခုလုံးက ကျင့်ကြံသူတွေအတွက် မရှိမဖြစ် လိုအပ်တာတွေချည်းပါပဲ..."

​ကျန်းယဲ့က သူ၏လက်ကို မြှောက်ကာ ကြားဖြတ်ပြောလိုက်၏။ "ကျွန်တော်တို့က သာမန်လူတွေ အသုံးပြုနိုင်တဲ့ အရာမျိုးပဲ လိုအပ်တာပါ... သာမန်လူတွေအတွက် သင့်တော်ပြီး ရိုးတွင်းခြင်ဆီကို ဆေးကြောပေးနိုင်တဲ့ ဆေးလုံးမျိုး ရှိလား..."

​စားပွဲထိုးမှာ အနေရခက်သွားဟန်ဖြင့် "ဒါကတော့... ကျွန်တော်တို့ဆီမှာ တကယ်မရှိပါဘူး..."

​ချောင်ကျန်းရှင်းက မနေနိုင်တော့ဘဲ ကြားဖြတ်မေးလိုက်သည်။ "ဝိညာဉ်မြစ် မရှိတဲ့သူတွေကို ကျင့်ကြံနိုင်အောင် လုပ်ပေးတဲ့ ဆေးလုံးရော ရှိလား..."

​စားပွဲထိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မျက်လုံးလှန်ချင်စိတ်ကို အနိုင်နိုင် ဖိနှိပ်ထားလိုက်ရ၏။ "တာအိုမိတ်ဆွေက နောက်နေပြန်ပါပြီ... အကယ်၍များ အဲ့ဒီလို ကောင်းကင်ဘုံကို အာခံနိုင်တဲ့... ဆေးလုံးမျိုးသာ တကယ်ရှိခဲ့မယ်ဆိုရင် တစ်လောကလုံးက ကျင့်ကြံသူတွေ သေမတတ် အလုအယက် တိုက်ခိုက်ကြမှာပေါ့ဗျာ..."

​စားပွဲထိုး၏ ခင်ဗျားတို့ ကျွန်တော့်ကို နောက်နေတာလားဆိုသည့် မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများမှာ စိတ်ပျက်သွားကြရသည်။

​တကယ်ပင် အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဉ်က အလွန်တရာ ခက်ခဲလှပေသည်တကား.....

အခန်း ၄၁၇ပြီး၏။

အခန်း (၄၁၈) ကျင့်ကြံနိုင်ခြင်း

​ဆေးဖက်ဝင်အပင်ခန်းမမှ ထွက်ခွာလာပြီးနောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများက အခြားသော ဆေးလုံးအရောင်းဆိုင် အများအပြားသို့ ဝင်ရောက်ကြည့်ရှုခဲ့ကြသော်လည်း ဘာမှ မတွေ့ခဲ့ရချေ။

​ထိုဆေးလုံးအရောင်းဆိုင် အကြီးအသေး အားလုံးတွင် သာမန်လူများ အသုံးပြုနိုင်သည့် ဆေးလုံးမျိုး လုံးဝ ရောင်းချခြင်း မရှိပေ။

​သာမန် ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ သူတို့ ကြားသိလိုက်ရသည့် သတင်းမှာ ကျောက်တုံးမြို့တော်တွင် ထိုဆေးလုံးမျိုးကို မည်သူမှ မရောင်းချကြဘဲ ထိုအရာက ဤမြို့တော်တွင် လုံးဝလည်ပတ်နေခြင်း မရှိကြောင်းပင်။

​အခြား ရွေးချယ်စရာမရှိတော့သဖြင့် အဖွဲ့သားများက သူတို့၏ ဗျူဟာကို ပြောင်းလဲကာ အခြားသော ရှားပါးပြီး အဖိုးတန်သည့် ရတနာများဆီသို့ အာရုံစိုက်လိုက်ကြတော့သည်။

​ဝူထျန်ချင်းက ရုတ်တရက် အကြံရသွားကာ ကျန်းယဲ့အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားဆီကနေ ဝိညာဉ်ကျောက်တုံးတချို့ ဝယ်လို့ရမလား..."

​ယင်းစကားကို ကြားသည့်အခါ ကျန်းယဲ့က ရယ်မောလိုက်ပြီး လူတိုင်း၏ ကိုယ်ပေါ်ရှိ ဝတ်ရုံများကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းတို့ ဒီအဝတ်အစားတွေကို ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံးတွေ ရလာမှာ မဟုတ်ဘူးလား..."

​ထိုစကားက လူတိုင်းကို အိပ်မက်မှ လန့်နိုးသွားစေသကဲ့သို့ ဖြစ်သွားပြီး လူတိုင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားကြ၏။

​သူတို့က စနစ်၏ အွန်လိုင်းစတိုးမှတစ်ဆင့် နောက်ထပ် အဝတ်အစားများကို ချက်ချင်း မှာယူလိုက်ကြသည်။

​ငွေကြေးပြည့်စုံသူများက နှစ်စုံဝယ်ယူကြပြီး ငွေကြေး မလုံလောက်သူများကမူ အနည်းဆုံး အပိုတစ်စုံတော့ ဝယ်ယူလိုက်ကြလေသည်။

​ထို့နောက် အသစ်စက်စက် တိမ်တိုက်လွှင့်ပိုးသားဝတ်ရုံများကို ကိုင်ဆောင်ကာ သူတို့က တာအိုဝတ်ရုံများကို အဓိကထား ဝယ်ယူသည့် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားကြ၏။

​ဆိုင်ရှင်က တလက်လက် တောက်ပနေသည့် ပိုးသားများကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားလွန်း၍ သူ၏ လက်များပင် တုန်ယင်သွားရသည်။

​"တစ်စုံကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင်..." ဆိုင်ရှင်က သူတို့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် အလွန် မြင့်မားသည့် စျေးနှုန်းကို ချက်ချင်း ဖြတ်ပေးလိုက်၏။

​ထိုစျေးနှုန်းကြောင့် လူတိုင်း အံ့အားသင့် မှင်တက်သွားကြရသည်။

​ဝူထျန်ချင်းက အတင်းအကျပ် တည်ငြိမ်အောင် ဟန်ဆောင်လိုက်ရင်း စျေးဆစ်လိုက်သည်။ "ဆိုင်ရှင်... ဒီပိုးသားက တိမ်တိုက်လွှင့် ပိုးသားလေဗျာ... စျေးလေး နည်းနည်း ထပ်တိုးပေးလို့ မရဘူးလား..."

​နောက်ဆုံးတွင်တော့ ဝတ်စုံတစ်စုံလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင့်ငါးရာဖြင့် ရောင်းချလိုက်ရလေသည်။

​အဖွဲ့သားများက ကျန်းယဲ့ ကြိုရှင်းပေးထားသည့် ကုန်ကျစရိတ်များကို အရင်ဆုံး ပြန်ဆပ်လိုက်ကြပြီးနောက် အကြီးအကျယ် စျေးဝယ်ထွက်ကြတော့သည်။

​သာမန်လူများအတွက် သင့်တော်သည့် ဆေးလုံးများကို မရှာတွေ့ခဲ့သော်လည်း သူတို့က ချီစုစည်းမှုအဆင့် ကျင့်ကြံသူများ သုံးစွဲသည့် အခြေခံဆေးလုံးများ၊ အဆင့်နိမ့် မှော်လက်နက် မျိုးစုံ၊ ဝိညာဉ်အပင်များနှင့် မျိုးစုံလင်လှသည့် ကျင့်စဉ်ကျမ်းများကို ရွေးချယ်ဝယ်ယူခဲ့ကြ၏။

​ကျန်းခယ်ဆိုလျှင် ဂန္ထဝင်စာပေကျမ်းဂန်များအပေါ်၌သာ အာရုံစိုက်ထားပြီး ကျင့်ကြံခြင်းလောက၏ သမိုင်းကြောင်းနှင့် ကျင့်ကြံခြင်း သီအိုရီများအကြောင်း ရေးသားထားသည့် စာအုပ်ပေါင်း ဒါဇင်ချီကာ ဝယ်ယူခဲ့သည်။

​"ဒီဝိညာဉ်အပင်တွေကို သုတေသနလုပ်ဖို့ ပြန်ယူသွားရင် ကမ္ဘာမြေကလူတွေ ကျင့်ကြံဖို့ သင့်တော်တဲ့ နည်းလမ်းတစ်ခု ထွက်လာနိုင်တယ်..." ယန်ကျုံးက တောက်ပနေသည့် လမင်းပန်း ဝိညာဉ်မြက်ပင်တစ်ပင်ကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။

​ရှဲ့ယွီကတော့ တောက်ပနေသည့် ဓားပျံတစ်လက်၏ ဆွဲဆောင်မှုအောက်တွင် နစ်မြောနေခဲ့သည်။ "ဓားပျံ မစီးနိုင်ရင်တောင် အိမ်မှာ အလှဆင်ဖို့ ချိတ်ထားရင် တကယ်ကို မိုက်တယ်ကွ..."

​နေဝင်ချိန်ရောက်မှသာ အဖွဲ့သားများက ဖူစံအိမ်သို့ မပြန်ချင် ပြန်ချင်ဖြင့် ပြန်လာခဲ့ကြသည်။

​လူတိုင်းက ပစ္စည်းကိုယ်စီ အပြည့်အမောက် သယ်ဆောင်လာကြပြီး သူတို့၏ မျက်နှာများထက်တွင် စျေးဝယ်ထွက်ရသည့် ပျော်ရွှင်မှုများကြောင့် ပြုံးဖြီးနေကြ၏။

​ဤစျေးဝယ်ထွက်သည့် ခရီးစဉ်က သူတို့ကို ကျင့်ကြံခြင်းလောကအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်သွားစေရုံသာမကဘဲ အကျိုးအမြတ်များစွာကိုပါ ယူဆောင်လာပေးချေသည်။

​ဖူစံအိမ်သို့ သူတို့ ပြန်ရောက်ချိန်တွင် မီးအိမ်များကို ထွန်းညှိထားပြီးဖြစ်ကာ ဖူမိသားစုက သူတို့ကို ဧည့်ခံရန် ခမ်းနားကြီးကျယ်သည့် ညစာစားပွဲတစ်ခု ပြင်ဆင်ထားပေသည်။

​ညစာစားနေစဉ်အတွင်း လူတိုင်းက စကားစမြည်ပြောကာ ရယ်မောနေခဲ့ကြသော်လည်း နေ့ခင်းဘက်က သူတို့ ဝယ်ယူခဲ့သည့် ကိစ္စများကိုမူ သဘောတူညီထားသကဲ့သို့ ရှောင်ရှားကာ မပြောဘဲ နေခဲ့ကြ၏။

​ညစာစားပြီးနောက် လူတိုင်း မိမိတို့၏ အခန်းအသီးသီးသို့ ပြန်သွားလိုက်ကြသည်။

​ဖန်ဖန်က ဝိညာဉ်ကျောက်တုံး ထောင်ချီပေးကာ ဝယ်ယူခဲ့သည့် ရေခဲနှလုံးသားကျင့်စဉ် ကျောက်စိမ်းပေလွှာကို မစောင့်နိုင်တော့ဘဲ ထုတ်ယူလိုက်၏။

​၎င်းက ထိပ်တန်းအဆင့် ကျင့်စဉ်ကျမ်းတစ်ခု မဟုတ်သော်လည်း သူမ၏ ရေခဲဝိညာဉ်မြစ်နှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေချေသည်။

​ကျောက်စိမ်းပေလွှာထဲမှ နည်းလမ်းများအတိုင်း လိုက်လုပ်ရင်း သူမ၏ အသက်ရှူနှုန်းကို နာရီအနည်းငယ်ကြာအောင် ထိန်းညှိပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ဝိညာဉ်ချီအလင်းတန်းလေးများက ရေခဲနှင့် ဆီးနှင်းများကဲ့သို့ သွေးကြောမကြီးများထဲသို့ စိမ့်ဝင်လာပြီး သူမက ခန္ဓာကိုယ်အတွင်းသို့ ချီသွင်းသည့် လုပ်ငန်းစဉ်ကို လွယ်ကူစွာပင် အောင်မြင်သွားခဲ့၏။

​ဘေးခန်းတွင်တော့ ကျန်းယဲ့က တင်ပျဉ်ခွေထိုင်လျက် လက်မလျှော့ချင်သေးချေ။

​သူက သူ၏လက်ထဲမှ ကျိုးပဲ့နေသည့် ကျောက်စိမ်းပေလွှာတစ်ခုကို ကစားနေခဲ့သည်။

​ဒီအရာကို သူ ဒီနေ့ ဆိုင်ငယ်လေးတစ်ဆိုင်မှ တွေ့ခဲ့ခြင်း ဖြစ်၏။ ဆိုင်ရှင်ဖြစ်သူက ၎င်းဟာ ကျင့်ကြံသူတစ်ဦး ချန်ထားရစ်ခဲ့သည့် ထိပ်တန်းအဆင့် ကျင့်စဉ်ကျမ်းတစ်ခုဖြစ်ကြောင်း ကျိန်တွယ်ပြောဆိုခဲ့သည်။ သို့သော် ၎င်းက မပြည့်စုံသည့် ကျင့်စဉ်ကျမ်းတစ်ခုဖြစ်လေသည်။

​ကျန်းယဲ့က ဆိုင်ရှင်၏ ရှင်းပြချက်ကို နားထောင်ရုံသာ နားထောင်ပြီး လွှတ်ထားလိုက်၏။

​အကယ်၍ ၎င်းသာ တကယ့် ထိပ်တန်းအဆင့် ကျင့်စဉ်ကျမ်းဖြစ်နေခဲ့ပါက ဆိုင်ရှင်က ကျောက်မျက်ရတနာ မဏ္ဍပ်ကဲ့သို့သော ဆိုင်ကြီးများကို စောစောစီးစီးကတည်းက ရောင်းချပြီးနေလောက်ပြီ ဖြစ်သည်။ သူက ဘာကြောင့် ဆက်သိမ်းထားဦးမည်နည်း။

​သူ ၎င်းကို ဝယ်လိုက်သည့် အကြောင်းရင်းမှာ ငွေတွေ ပိုနေသဖြင့် စမ်းသပ်ကြည့်ချင်ရုံ သက်သက်သာ ဖြစ်၏။

​ထို့နောက် အသက်ရှူကာ အာရုံစူးစိုက်လိုက်ပြီး ကျောက်စိမ်းပေလွှာထဲမှ ရှုပ်ထွေးနက်နဲသည့် နည်းလမ်းများအတိုင်း စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ လည်ပတ်စေလိုက်သည်။

​တစ်နာရီ ကုန်လွန်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က ဗလာကျင်းနေဆဲပင်....

​နှစ်နာရီ ကြာပြီးနောက် သူ၏ ခြေထောက်များပင် ထုံကျင်လာရသည်....

​တတိယမြောက် နာရီကုန်ဆုံးသွားချိန် သူ လက်လျှော့တော့မည် အလုပ်တွင် ရုတ်တရက် ဒန်တျန်ထဲမှ အလွန် အားနည်းသည့် အေးမြမှုတစ်ခု မြင့်တက်လာခဲ့၏။

​အစပိုင်းတွင် ၎င်းက ပိုးချည်မျှင်လေးတစ်ခုကဲ့သို့ ဖမ်းဆုပ်ရခက်နေသော်လည်း တဖြည်းဖြည်းနှင့် ထိုအေးမြမှုက ရေစီးကြောင်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သွေးကြောမကြီးများတစ်လျှောက် ညင်သာစွာ စီးဆင်းသွားလေသည်။

​၎င်းက လေထုထဲရှိ ရေတွက်၍မရနိုင်သော အလင်းစက်လေးများက သူ့ထံသို့ စုဝေးရောက်ရှိလာကာ သူ၏ အရေပြားကို ဖောက်ဝင်ပြီး ခြေလက်များနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားသကဲ့သို့ပင်။

​ထိုခံစားချက်က အလွန်တရာ အံ့ဩဖွယ်ကောင်းလှပြီး ခန်းခြောက်နေသည့် မြစ်ကြမ်းပြင်တစ်ခုက နောက်ဆုံးတွင် ချိုမြိန်သည့် မိုးရေစက်များကို လက်ခံရရှိသွားသကဲ့သို့ ဖြစ်ကာ သူ၏ ဆဲလ်တိုင်းက ဤစိမ်းသက်နေသည့် စွမ်းအင်များကို လောဘတကြီး စုပ်ယူနေကြသည်။

​ဝိညာဉ်ချီများ သူ၏ ခန္ဓာကိုယ်အနှံ့ တစ်ပတ်တိတိ လည်ပတ်သွားပြီးနောက် ကျန်းယဲ့က ၎င်းကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

​၎င်းက အခြေခံအကျဆုံး အဆင့်တွင်သာ ရှိနေသေးသော်လည်း ဝိညာဉ်ချီ၏ တည်ရှိမှုနှင့် စီးဆင်းမှုကို သူ တကယ်ပင် ခံစားသိရှိလိုက်ရသည်။

​သူ ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများထဲတွင် မယုံနိုင်လောက်အောင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားရသည်။

​ဤမပြည့်စုံသည့် ကျောက်စိမ်းပေလွှာက သူ့အား ဝိညာဉ်ချီကို တကယ်ပဲ ခံစားနိုင်အောင် လုပ်ပေးနိုင်ခဲ့သည်။

​အခြေခံကို စတင်မြင်တွေ့လိုက်ရသည့် အခွင့်အရေးကို အသုံးချကာ ကျန်းယဲ့က တစ်ညလုံး ကျင့်ကြံခြင်းကို လုံ့လဝီရိယရှိစွာဖြင့် လေ့လာခဲ့လေသည်။

​မပြည့်စုံသည့် ကျင့်စဉ်ကျမ်းက ရှုပ်ထွေးနက်နဲနေသော်လည်း မထင်မှတ်ထားဘဲ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေခဲ့၏။

​ဝိညာဉ်ချီများ သွေးကြောမကြီးများအတွင်း ဆက်လက်လည်ပတ်နေသည်နှင့်အမျှ ဒန်တျန်အတွင်းရှိ ချီဝဲကတော့ကြီးက တဖြည်းဖြည်း ပိုမို အားကောင်းလာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

​မနက်ခင်း အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းများ ပြတင်းပေါက်ကို ဖောက်ဝင်လာချိန်တွင် ကျန်းယဲ့ဟာ သူ၏ ကျင့်ကြံမှုကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်ချေသည်။ သူ၏ ဝိညာဉ်ချီများက ခန္ဓာကိုယ်အနှံ့ အဆက်မပြတ် စီးဆင်းနေပြီး မသိမသာဖြင့်ပင် ချီစုစည်းမှုအဆင့်၏ ပထမအဆင့်သို့ တိုက်ရိုက် ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

​အခြေတည်အဆင့်အောက်ရှိသူများကို ကျင့်ကြံခြင်းလောကတွင် အစစ်အမှန်ကျင့်ကြံသူများအဖြစ် မသတ်မှတ်ကြသေးသော်လည်း ဤသည်က ကျန်းယဲ့အတွက်တော့ သမိုင်းဝင် ချိုးဖျက်နိုင်မှုတစ်ခုပင်။

​သူ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ တစ်ညလုံး မအိပ်ထားရသည့် ပင်ပန်းနွမ်းနယ်မှုများ လုံးဝမရှိဘဲ လန်းဆန်းတက်ကြွကာ သက်တောင့်သက်သာ ရှိနေသည်ကို ခံစားလိုက်ရသည်။

​"ဒါရိုက်တာကျန်း..." ဘေးခန်းမှ တံခါးကလည်း ပွင့်လာပြီး ဖန်ဖန်က ပျော်ရွှင်နေသည့် မျက်နှာလေးဖြင့် ထွက်လာခဲ့သည်။ "ကျွန်မ မနေ့ညက ခန္ဓာကိုယ်ထဲကို ချီသွင်းနိုင်ခဲ့ပြီး ချီစုစည်းမှုအဆင့်ရဲ့ ပထမအဆင့်ကိုတောင် ချိုးဖျက်နိုင်ခဲ့ပြီသိလား..."

​သူမ၏ အသံကြောင့် အခြားအခန်းများမှ လူများ လန့်နိုးသွားကြပြီး ယန်ကျုံး၊ ဝမ်ချင်နှင့် အခြားသူများက ခေါင်းပြူကြည့်လာကြ၏။

​"ဂုဏ်ယူပါတယ် ဖန်ဖန်ရေ..." ယန်ကျုံးက ပြုံးလျက် ရှေ့တိုးလာကာ သူမ၏ လက်ကို ကိုင်လိုက်သည်။ "ထိပ်တန်းအဆင့် ဝိညာဉ်မြစ်ဆိုတာ တကယ်ကို ထူးခြားတာပဲ..."

​ဝမ်ချင်ကလည်း အံ့ဩတကြီး ပြောလိုက်၏။ "တစ်ညတည်းနဲ့ တစ်ဆင့်ကို ချိုးဖျက်နိုင်တယ်ဆိုတာ အံ့ဩစရာကောင်းတဲ့ အမြန်နှုန်းပဲ..."

​စုပိုင်လောက အိပ်မှုန်စုံမွှား မျက်လုံးများကို ပွတ်သပ်ရင်း ထွက်လာလိုက်သည်။ သတင်းကို ကြားသည်နှင့် သူက ချက်ချင်းပင် ဖားယားတော့၏။ "အစ်မဖန်က အနာဂတ်ကျရင် တကယ်ကို အင်မော်တယ်လောကဆီ တက်လှမ်းသွားတော့မှာဆိုရင် ကျွန်တော်တို့ကို မမေ့နဲ့နော်... အစ်မရဲ့ မောင်လေးတွေကို ကာကွယ်ပေးရမယ်ဗျ..."

​ကျန်းယဲ့သည်လည်း ချီစုစည်းမှုအဆင့်၏ ပထမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို သူတို့ မသိကြသေးချေ။

​ကျန်းယဲ့က မည်သည့်စကားမှ မပြောခဲ့ဘဲ လူသိရှင်ကြား ကြေညာနေရန် မလိုအပ်ဟု ခံစားလိုက်ရသည်။

​ထို့နောက် ဖူကျီလီကို နှုတ်ဆက်ရန် ပြင်ဆင်သည့်အနေဖြင့် သူက လူတိုင်းကို စုဝေးစေကာ ပစ္စည်းများကို သိမ်းဆည်းခိုင်းလိုက်၏။

​သူတို့ ထွက်ခွာတော့မည်ကို သိလိုက်ရသည့်အခါ ဖူကျီလီ၏ မျက်နှာပေါ်တွင် မသွားစေချင်သည့် အရိပ်အယောင်များ ပေါ်လာချေသည်။ "ဘာလို့ ရက်အနည်းငယ်လောက် ထပ်မနေကြတာလဲဗျာ... ကျွန်တော် အိမ်ရှင်တစ်ယောက်ရဲ့ တာဝန်ကိုတောင် မကျေသေးဘူး..."

​ကျန်းယဲ့က သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်၏။ "ကျွန်တော့်ရဲ့ အချိန်ဇယားက သတ်မှတ်ပြီးသား ဖြစ်နေလို့ ထပ်နေဖို့ အဆင်မပြေတော့ဘူးဗျ..."

​ဖူကျီလီက အတင်းအကျပ် မတားတော့ဘဲ ညင်သာစွာ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့... စီနီယာတို့အားလုံး ဘေးကင်းလုံခြုံတဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ... အကယ်၍ ကျောက်တုံးမြို့တော်ကို နောက်တစ်ခါ ရောက်လာခဲ့ရင်လည်း ကျွန်တော့်ရဲ့ စံအိမ်လေးမှာ လာတည်းကြပါဦး..."

​ထို့နောက် သူက အိမ်တော်ထိန်းကို လက်ဆောင်ပေးရန် အချက်ပြလိုက်၏။

​လူတိုင်းကို ထိရှသွားစေသည့် အချက်မှာ ဖူကျီလီက လူတစ်ဦးချင်းစီအတွက် လက်ရာမြောက်သည့် အဆောင်တစ်ခု သို့မဟုတ် အကောင်းစား ဝိညာဉ်လက်ဖက်ရည်ကဲ့သို့သော ခွဲခွာခြင်း လက်ဆောင်များကို ပြင်ဆင်ပေးထားခြင်းပင်။

​"သခင်လေးဖူ... သိပ်ကို သဘောကောင်းလွန်းပါတယ်ရှင်..." ဝမ်ချင်က လက်ဆောင်ကို ရှက်ရွံ့စွာဖြင့် လက်ခံလိုက်သည်။

​စုပိုင်လောက လက်မထောင်ပြလိုက်ရင်း "အစ်ကိုဖူ... ခင်ဗျားရဲ့ သူငယ်ချင်းလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီဗျာ..."

​ကျန်းယဲ့က အစပိုင်းတွင် ငြင်းပယ်ချင်ခဲ့သော်လည်း လူတိုင်း ပျော်ရွှင်နေကြသည်ကို မြင်သည့်အခါ သူက စနစ်ဟင်းလင်းပြင်ထဲမှ ကြယ်အမြုတေကျောက်တုံးနှင့် ခရစ်စတယ်စွမ်းအင်တုံးတချို့ကို ထုတ်ယူကာ ဖူကျီလီထံ ကမ်းပေးလိုက်၏။ "ဒီပစ္စည်းနှစ်ခုထဲမှာ အထူးစွမ်းအင်တွေ ပါဝင်တယ်... သခင်လေးဖူ လေ့လာကြည့်လို့ ရပါတယ်..."

​ဖူကျီလီက လက်ဆောင်ကို လေးလေးနက်နက် လက်ခံလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားရသည်။ "တာအိုမိတ်ဆွေရဲ့ သဘောထားကြီးလှတဲ့ လက်ဆောင်အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ..."

​လက်ဆောင်များ ဖလှယ်ပြီးနောက် ဖူကျီလီက လူတိုင်းကို စံအိမ်၏ တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့သည်။

​သို့သော်လည်း သူတို့ အလယ်ခြံဝင်းထဲသို့ ရောက်ရှိချိန်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။

​"ဘုန်း..."

​ဖူစံအိမ်ကြီး တစ်ခုလုံးကို မျက်စိဖြင့် မမြင်နိုင်သည့် လက်ဝါးကြီးတစ်ခုက ဖိချလိုက်သကဲ့သို့ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးတစ်ခုပမာ ဖိအားကြီးတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

​ထို့နောက် ကလပ်ဆိုသည့် အသံနှင့်အတူ တောင်တုလေးက ကွဲအက်သွားပြီး ရေကန်ထဲမှရေများက ပြင်းထန်စွာ လှိုင်းထသွားကာ ခြံဝင်းထဲရှိ သစ်ပင်များကလည်း ရူးသွပ်စွာ ယိမ်းထိုးသွားကြ၏။

​"အွတ်..."

​ကျင့်ကြံမှုအဆင့် နိမ့်ပါးသည့် အစေခံနှင့် အစောင့်အရှောက်တချို့မှာ သွေးအန်ကာ နေရာမှာပင် လဲကျသွားကြသည်။

​ဖူကျီလီနှင့် သူ၏ ကိုယ်ရံတော်များသည်လည်း အနိုင်နိုင် မတ်တတ်ရပ်နေနိုင်ကြသော်လည်း သူတို့၏ မျက်နှာများက သွေးဆုတ်ကာ ဖြူရော်နေပြီး နဖူးထက်တွင် ချွေးစေးများ ပျံလာကာ ခြေထောက်များက ထိန်းမရအောင် တုန်ယင်နေကြချေသည်။

​ထိုဖိနှိပ်မှု အရှိန်အဝါက တကယ့်ကို အစစ်အမှန်ဖြစ်ပြီး သူတို့၏ အရိုးများကိုပင် အက်ကွဲသွားစေကာ အသက်ရှူရန်ပင် ခက်ခဲလာစေခဲ့သည်။

All Chapters