အခန်း (၄၁၉-၄၂၀)
Vol. 42 Ch. 419-420
အခန်း ( ၄၁၉) သွေးနတ်ဆိုးအိုကြီး
ကျန်းယဲ့နှင့် အခြားသူများက ထိုဖိနှိပ်မှု အရှိန်အဝါက ဖူမိသားစုထံသို့ ဦးတည်လာသည်ဟု ထင်မှတ်နေချိန်မှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အမြန်သတိထားမိလိုက်ကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက ဖူစံအိမ်တစ်ခုတည်းကိုသာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ ကျောက်တုံးမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားခြင်း ဖြစ်၏။
ဖူကျီလီက သူ၏အရိုးများ အက်ကွဲထွက်တော့မတတ် ပြင်းထန်လှသည့် နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ခေါင်းကို ရုန်းကန်မော့ကြည့်လိုက်သည်။
တစ်ချိန်က ကြည်လင်နေခဲ့သည့် ကောင်းကင်ယံက ယခုအခါ ထူထဲသော တိမ်မည်းကြီးများ ဖုံးလွှမ်းသွားပြီး မြို့တော်တစ်ခုလုံးက မျက်စိဖြင့် မမြင်နိုင်သည့် လက်ဝါးကြီးတစ်ခု၏ ဆုပ်ကိုင်မှုအောက်တွင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေချေသည်။
တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်သွားသော်လည်း မိုးခြိမ်းသံကိုမူ မကြားရချေ။ အသက်ရှူကြပ်မတတ် တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုသာ ကြီးစိုးနေခဲ့သည်။
"ဒါ.. ဒါက..." ဖူကျီလီ၏ အသံက တုန်ယင်နေလေသည်။
လမ်းမပေါ်မှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရေတွက်၍မရနိုင်သော ကျင့်ကြံသူများမှာ မြေပြင်ပေါ်သို့ အတင်းအကျပ် ဒူးထောက်ကျသွားကြကာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများမှာမူ နေရာမှာပင် သတိလစ်မေ့မြောသွားကြ၏။
ပျံသန်းနိုင်သော သင်္ဘောကြီးများမှာ ကောင်းကင်ယံမှ ထိုးကျလာပြီး ဝိညာဉ်သားရဲများက ကြောက်လန့်တကြား ဟိန်းဟောက်နေကြကာ မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။
သို့သော်လည်း ဤကမ္ဘာပျက်မတတ် မြင်ကွင်းထဲတွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများမှာ အထူးဆန်းဆုံး တည်ရှိမှုများ ဖြစ်နေခဲ့၏။ သူတို့က မုန်တိုင်း၏ ဗဟိုချက်လိုပင် ပြင်ပကမ္ဘာ၏ အခြေအနေကြောင့် လုံးဝ ထိခိုက်မှု မရှိခဲ့ချေ။
လွှမ်းမိုးထားသည့် ဖိအားကြီး ရှိနေသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သည့် တာအိုမိတ်ဆွေများက လုံးဝ ထိခိုက်မှုမရှိဘဲ ရပ်နေနိုင်သည်ကို ဖူကျီလီက အမြန် သတိထားမိသွားပြီး အလွန်အမင်း တုန်လှုပ်သွားရသည်။
ဤလူများ၏ ကျင့်ကြံမှုအဆင့်က သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလောက်ပြီ ဖြစ်ကြောင်းကို သူ ရုတ်တရက် သဘောပေါက်သွား၏။
တိမ်မည်းကြီးများက ပိုပို၍ နိမ့်ဆင်းလာကာ ကျောက်တုံးမြို့တော်တစ်ခုလုံးကို ဧရာမ လှောင်ချိုင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည့်အခါ နေမင်းကြီးကို ကွယ်ဝှက်ထားသည့် ဧရာမလက်မည်းကြီးတစ်ခုက ဖြည်းညှင်းစွာ ဖိဆင်းလာပြီး နေရောင်ခြည်ကို လုံးဝပိတ်ဆို့ထားကာ မြို့တော်တစ်ခုလုံးကို ကြောက်မက်ဖွယ် အမှောင်ထုထဲသို့ ကျဆင်းသွားစေသည်ကို တွေ့လိုက်ရ၏။
ဝူထျန်ချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါတော့ နိမိတ်မကောင်းသလို ခံစားနေရပြီနော်..."
ရှဲ့ယွီက တံတွေးကို အနိုင်နိုင် မျိုချလိုက်ရင်း "ငါလည်း နိမိတ်မကောင်းတာ ခံစားမိတယ်..."
ဝမ်ချန်ရှင်းက ပို၍ ထိတ်လန့်လာသည့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး "တကယ်တော့ လူတိုင်းက နိမိတ်မကောင်းတာကို ခံစားနေရတာပါပဲ..." ဟု ပြောလိုက်၏။
ဧရာမ လက်မည်းကြီးက မြို့တော်ကို ထိလုနီးပါး ဖြစ်လာချိန်မှာပင်...
"ဝီ.... "
တောက်ပစူးရှလှသည့် ရွှေရောင်အလင်းတန်းကြီးတစ်ခုက ကောင်းကင်ယံသို့ ပစ်တက်သွားပြီး ၎င်းအပေါ်တွင် ရေတွက်၍မရနိုင်သော အစီရင်စာသားများ စီးဆင်းလင်းလက်နေကာ ကျောက်တုံးမြို့တော် တစ်ခုလုံးကို အတွင်းဘက်မှ ခိုင်မာစွာ ကာကွယ်ပေးလိုက်၏။
ကျောက်တုံးမြို့တော်၏ ကာကွယ်ရေး အစီရင်ကြီး စတင် အသက်ဝင်လာခဲ့ခြင်းပင်။
ရွှေရောင်အလင်းတန်း တံတိုင်းကြီးက ဧရာမလက်မည်းကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ရွှေရောင်အလင်းတန်းများက ချွန်ထက်သည့် ဓားတစ်လက်ကဲ့သို့ ဧရာမလက်မည်းကြီးကို ထိုးဖောက်သွားကာ ၎င်းကို ပေအနည်းငယ်ခန့် နောက်ဆုတ်သွားစေလေသည်။
ကောင်းကင်ယံတစ်လျှောက် လျှပ်စီးများ လက်သွားပြီး ဝိညာဉ်ဖိအားများ မြင့်တက်လာကာ ကောင်းကင်ဘုံမှ နတ်ဘုရားနှစ်ပါး သေရေးရှင်ရေး တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်နေချေသည်။
"တားနိုင်သွားပြီ..." ဖူကျီလီက အံ့အားသင့် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်၏။
မြို့ထဲရှိ ကျင့်ကြံသူများက မတ်မတ် ပြန်ရပ်လိုက်နိုင်ကြပြီး သက်သာရာရသွားသည့် အောင်ပွဲခံသံများက ဆူညံစွာ ထွက်ပေါ်လာကြသည်။
သို့သော်လည်း ဤပျော်ရွှင်မှုက ကြာရှည်မခံခဲ့ချေ။
ဧရာမလက်မည်းကြီးက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် သွေးနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ လက်ဖဝါးထဲတွင် ဧရာမ ဦးခေါင်းခွံပုံစံတစ်ခု ပေါ်ထွက်လာပြန်သည်။
ဦးခေါင်းခွံပုံစံကြီး လင်းလက်လာသည်နှင့် ဧရာမလက်ကြီး၏ စွမ်းအားက မြင့်တက်လာပြီး ၎င်း၏ လက်ချောင်းငါးချောင်းက ဖြည်းညှင်းစွာ စုပိတ်လာကာ ရွှေရောင်အလင်းတန်း တံတိုင်းကြီးကို ပုံပန်းပျက်သွားစေ၏။
"ကလပ်...."
နောက်ခဏ၌ မြို့တော်၏ ကာကွယ်ရေးအစီရင်ပေါ်တွင် ပထမဆုံး အက်ကွဲကြောင်းတစ်ခု စတင် ပေါ်လာချေသည်။
ထိုနောက်တွင်တော့ အက်ကွဲကြောင်းများက ပင့်ကူအိမ်တစ်ခုကဲ့သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ရွှေရောင်အလင်းတန်းများက သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် အရှိန်ဖြင့် မှေးမှိန်သွားခဲ့၏။
ရေတွက်၍မရနိုင်သော အစီရင်စာသားများ တစ်ခုပြီးတစ်ခု ကွဲကြေသွားကြကာ ကြယ်ရောင်အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲသို့ လွင့်ပျောက်သွားကြတော့သည်။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ဖူကျီလီက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
လူတိုင်း၏ မျှော်လင့်ချက်မဲ့နေသည့် အကြည့်များအောက်တွင် မြို့တော်၏ ကာကွယ်ရေး အစီရင်ကြီးက နောက်ဆုံးတွင် အရှုံးပေးသွားရပြီး နားကွဲမတတ် အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားပေသည်။
ရွှေရောင်အလင်းတန်းများက ကောင်းကင်မှ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး တစ်ချိန်က ထိုးဖောက်၍မရနိုင်ဟု ထင်မှတ်ခဲ့ရသည့် ကာကွယ်ရေးတံတိုင်းကြီးမှာ ပျက်စီးလွယ်သည့် ဖန်ခွက်တစ်ခုကဲ့သို့ ကွဲကြေသွားခဲ့၏။
ယခုအခါ မည်သည့် အဟန့်အတားမှ မရှိတော့သည့် ဧရာမလက်မည်းကြီးက အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်တော့မည့် အရှိန်အဝါများဖြင့် ကျောက်တုံးမြို့တော်ပေါ်သို့ ဖြည်းညှင်းစွာ ဖိဆင်းလာတော့သည်။
သို့သော် ဧရာမလက်မည်းကြီးက မြို့တော်တစ်ခုလုံးကို အမြစ်ဖြတ် ဖျက်ဆီးပစ်တော့မည့် အချိန်မှာပင် မြို့တွင်းမှ မရေမတွက်နိုင်သော အလင်းတန်းများ ကောင်းကင်ယံသို့ ပစ်တက်သွားကြသည်။
အုပ်စုကို ဦးဆောင်လာသူမှာ လွင့်မျောနေသည့် မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏နောက်တွင် အစွမ်းထက်သည့် ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့် လိုက်ပါလာကြ၏။
"သွေးနတ်ဆိုးအိုကြီး... မင်းက ငါ့ရဲ့ ကျောက်တုံးမြို့တော်ကို ကျူးကျော်ဖို့ ဘယ်လိုတောင် ရဲတင်းနေရတာလဲကွ.... " မုတ်ဆိတ်ဖြူအဘိုးအိုက ဟိန်းဟောက်လိုက်ပြီး သူ၏ ယင်မောင်းတံမှ ငွေရောင်ချည်မျှင် ထောင်သောင်းချီကာ ထွက်ပေါ်လာလေသည်။
ဧရာမလက်မည်းကြီးပေါ်တွင်တော့ သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိစ္ဆာကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့၏။
သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်လှပြီး သူ၏ပတ်လည်တွင် မိစ္ဆာချီများ မြင့်တက်နေကာ ရွံရှာဖွယ် ရယ်မောသံကြီးဖြင့် "အဘိုးကြီးရွှမ်ကျီ... ဒီနေ့ ဒီမြို့ထဲက သက်ရှိအားလုံးက ငါ့ရဲ့ တစ္ဆေတစ်ရာ အလံအတွက် ပြီးပြည့်စုံတဲ့ အာဟာရတွေ ဖြစ်လာတော့မှာ...."
"အိပ်မက်မက်နေလိုက်...." နောက်ထပ် ဝတ်ရုံစိမ်း ဓားကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကြီးက ပေတစ်ရာခန့် ရှည်လျားသည့် အပြာရောင်သက်တံကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ ထိုးစိုက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
တာအိုဆရာကြီးရွှမ်ကျီက သူ၏ ယင်မောင်းတံကို ဝှေ့ယမ်းလိုက်သည်နှင့် ရေတွက်၍မရနိုင်သော အစီရင်စာသားများက မိစ္ဆာကျင့်ကြံသူအပေါ်သို့ ဥက္ကာပျံများကဲ့သို့ မိုးရွာကျသွား၏။
ဝတ်ရုံစိမ်း ဓားကျင့်ကြံသူ၏ ဓားအလင်းတန်းများကလည်း ကြက်ခြေခတ်ပုံစံများဖြင့် ဧရာမလက်မည်းကြီးကို ခုတ်ပိုင်းလိုက်ရာ ကြီးမားသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အခြားသော ကျင့်ကြံသူများကလည်း သူတို့၏ နတ်ဘုရားစွမ်းရည်များကို ပြသလိုက်ကြ၏။ မီးဖီးနစ်ငှက်ကြီးက ဟိန်းဟောက်လိုက်ပြီး ရေခဲနဂါးကြီးက အော်မြည်ကာ မိုးကြိုးများကလည်း ပဲ့တင်ထပ်နေချေသည်...
သို့သော်လည်း သွေးနတ်ဆိုးအိုကြီး၏ စွမ်းအားက လူတိုင်း၏ မျှော်မှန်းချက်ထက် များစွာ သာလွန်နေခဲ့ပေသည်။
သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး သွေးနီရောင် အလံတစ်ခုကို ဖြန့်ကြက်လိုက်ရာ ၎င်းထဲမှ မရေမတွက်နိုင်သော နာကြည်းနေသည့် ဝိညာဉ်များ ထွက်ပေါ်လာပြီး သူတို့၏ ဝမ်းနည်းဖွယ် ညည်းတွားသံများက ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့၏။
ထို့နောက် ဧရာမလက်မည်းကြီးက ရိုက်ချလိုက်ရာ လေထဲမှ ကျင့်ကြံသူတစ်ဦး လွှင့်စင်သွားရသည်။
"ဘုန်း... "
အောက်ဘက်ရှိ အဆောက်အအုံအများအပြားမှာ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် မြေမှုန့်အဖြစ်ပြောင်းလဲသွားပြီး အပြစ်မဲ့အရပ်သားများ၏ အော်ဟစ်သံများက အဆုံးမရှိ ပဲ့တင်ထပ်နေခဲ့၏။
ယန်ကျုံး၏ မျက်နှာက ဖြူရော်သွားပြီး ကျန်းယဲ့၏ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့ရော... ထိခိုက်နိုင်မလား..."
အခြား ခရီးသွားများကလည်း စိုးရိမ်ပူပန်နေကြ၏။
မိစ္ဆာကျင့်ကြံသူထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ဖိအားကြီးကြောင့် သူတို့က စနစ်၏ အကာအကွယ်ပေးမှု ယန္တရားအပေါ် ပထမဆုံးအကြိမ်အဖြစ် သံသယ ဝင်လာကြရသည်။
ကျန်းယဲ့က စိတ်အေးစေမည့် အကြည့်ဖြင့် တည်ငြိမ်စွာ ကြည့်လိုက်ရင်း "မစိုးရိမ်ပါနဲ့... ငါ ဒီမှာ ရှိတယ်လေ..."
ဝူထျန်ချင်း၏ မျက်မှောင်များက ပို၍ တွန့်ချိုးသွား၏။ "အခုအခြေအနေကို ကြည့်ရတာ မြို့ထဲက ကျင့်ကြံသူတွေက အဲ့ဒီ မိစ္ဆာကျင့်ကြံသူရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး..."
လူတိုင်းက ပို၍ ဆိုးရွားလာသည့် တိုက်ပွဲအခြေအနေကို မော့ကြည့်လိုက်သည့်အခါ သူတို့၏ နှလုံးသားထဲသို့ အရိပ်မည်းတစ်ခု ကျဆင်းလာကြသည်။
အကယ်၍ ဤမိစ္ဆာကျင့်ကြံသူသာ အောင်မြင်သွားခဲ့ပါက ကျောက်တုံးမြို့တော်တစ်ခုလုံးက သက်ရှိငရဲတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။
လူတိုင်းက တိုက်ပွဲဖြစ်စဉ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေချိန်မှာပင် စုပိုင်လောက ရုတ်တရက် သူ၏ ဖုန်းကို မြှောက်ကာ မှန်ဘီလူးကို ချိန်ညှိပြီး ကောင်းကင်ယံမှ ပြင်းထန်လှသည့် တိုက်ပွဲဆီသို့ ချိန်ရွယ်လိုက်လေသည်။
"နင်က ဒါကို ဗီဒီယိုရိုက်ဖို့ စိတ်ပါနေသေးတာလား..." ဝမ်ချင်က အံ့အားသင့်စွာ မေးလိုက်၏။
စုပိုင်လောက ခေါင်းပင် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဝင်မကူညီနိုင်ဘူးလေ... အဲ့ဒါကြောင့် ဒီသမိုင်းဝင် အခိုက်အတန့်ကြီးကို မှတ်တမ်းတင်ထားရမယ်... အင်မော်တယ်လောကက သာမန်ခရီးသွားစရာ နေရာတစ်ခု မဟုတ်ဘူးဆိုတာကို ကမ္ဘာမြေကလူတွေ မြင်စေချင်တယ်..."
ရှဲ့ယွီနှင့် ကွမ်ယွီလုံတို့ကလည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သဘောတူလိုက်ကြကာ တိတ်တဆိတ်ပင် သူတို့၏ ဖုန်းများကို ကိုယ်စီ ထုတ်ယူလိုက်ကြ၏။
မကြာမီမှာပင် ခရီးသွား ပိုမိုများပြားလာကာ ဓာတ်ပုံရိုက်ရန် ပါဝင်လာကြတော့သည်။
၎င်းက သူတို့ ဂရုမစိုက်ကြခြင်းကြောင့် မဟုတ်ဘဲ သာမန်လူများအနေဖြင့် ဤကပ်ဘေးကြီးကို မှတ်တမ်းတင်ခြင်းမှလွဲ၍ မည်သည်ကိုမျှ လုပ်နိုင်စွမ်း မရှိသောကြောင့်ပင်။
သူတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ မြို့တွင်းရှိ အခြားသော နေထိုင်သူများ ဖြစ်၏။
ဖူကျီလီသည် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် လက်သည်းများက လက်ဖဝါးထဲသို့ပင် စိုက်ဝင်နေခဲ့သည်။ လမ်းမများပေါ်တွင်မူ ဒူးထောက်ကာ ဆုတောင်းနေကြသည့် လူများဖြင့် ပြည့်နှက်နေပြီး သူတို့၏ ကြောက်ရွံ့တကြား ငိုကြွေးသံများက ဆက်တိုက် ထွက်ပေါ်နေခဲ့၏။
ကောင်းကင်ယံတွင်တော့ တိုက်ပွဲအခြေအနေက ရုတ်တရက် အဆိုးရွားဆုံးသို့ ပြောင်းလဲသွားချေသည်။
သွေးနတ်ဆိုးအိုကြီး၏ သွေးနီရောင် အလံက ရုတ်တရက် ဖြန့်ကျက်သွားပြီး ရေတွက်၍မရနိုင်သော နာကြည်းနေသည့် ဝိညာဉ်များက ဒြပ်ရှိသည့် မြူခိုးမည်းများအဖြစ် ပြောင်းလဲကာ တာအိုဆရာကြီး ရွှမ်ကျီ၏ ငွေရောင်ယင်မောင်းတံကို တစ်လက်မချင်း တိုက်စား ဖျက်ဆီးသွားတော့၏။
"ဖူး...." တာအိုဆရာကြီး ရွှမ်ကျီက သွေးတစ်ပွက် အန်ချလိုက်ပြီး ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။
၎င်းကို မြင်လိုက်သည့်အခါ ဝတ်ရုံစိမ်း ဓားကျင့်ကြံသူက သူ၏ ဓားနှင့် ပေါင်းစပ်သွားကာ ခမ်းနားလှသည့် သက်တံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း ဧရာမလက်မည်းကြီး၏ တစ်ချက်တည်း ရိုက်ချမှုအောက်တွင် ကွဲကြေသွားရသည်။
ဓားကျင့်ကြံသူမှာ ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ အဝေးရှိ အဆောက်အအုံတစ်ခုပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထသွားစေချေသည်။
မီးဖီးနစ်ငှက်ကြီးကို ထိန်းချုပ်နေသည့် အခြား အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာမူ ပို၍ပင် ဆိုးရွားသွားခဲ့သည်။ သူမ၏ ပင်ကိုယ်ဝိညာဉ်မီးတောက်မှာ နတ်ဆိုးအိုကြီး၏ ငြှိမ်းသတ်မှုကို ခံလိုက်ရပြီး နောက်ဆက်တွဲ တန်ပြန်သက်ရောက်မှုကြောင့် သူမ တစ်ကိုယ်လုံး မီးတောက်မည်းများ လွှမ်းခြုံသွားကာ အော်ဟစ်ရင်း မြေပြင်သို့ ပြုတ်ကျသွားလေသည်။
အချိန်တိုအတွင်းမှာပင် မြို့တွင်းရှိ အဆင့်မြင့် ကျင့်ကြံသူများ အားလုံး အရေးနိမ့်သွားကြသည်။
ထို့ကြောင့် မျှော်လင့်ချက်မဲ့ခြင်း တိမ်တိုက်ကြီးတစ်ခုက လူတိုင်း၏ နှလုံးသားထက်တွင် လွှမ်းမိုးသွား၏။
သွေးနတ်ဆိုးအိုကြီး ရူးသွပ်စွာ ရယ်မောနေရင်း မြို့တော်တစ်ခုလုံးကို သန့်စင်ပစ်ရန် ပြင်ဆင်နေချိန်မှာပင် တစ္ဆေဆန်ဆန်ပုံရိပ်တစ်ခုက သူ၏နောက်တွင် ရုတ်တရက် ပေါ်လာချေသည်။
သူသည် သွေးဆုတ်ဖြူရော်နေပြီး မိန်းမဆန်သည့် ယောက်ျားတစ်ဦးဖြစ်ကာ သူ၏ သွေးနီရောင် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး စူးရှသည့် အသံဖြင့် ပြောလိုက်၏။ "ဆရာသခင်... တပည့်က လူတစ်ယောက်ကို လိုချင်ပါတယ်..."
အခန်း ၄၁၉ပြီး၏။
အခန်း ( ၄၂၀ ) ကျင့်ကြံသူများ၏ ကမ်းလှမ်းမှုများ
နတ်ဆိုးအိုကြီးက မျက်မှောင်ကုတ်လိုက်သည်။ "ဘယ်သူလဲ..."
မိန်းမဆန်သည့် အမျိုးသားက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး သူ၏အကြည့်များက အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ မြို့တော်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် ဖူစံအိမ်အပေါ်၌ ရပ်တန့်သွား၏။ "ဖူကျီလီ..."
သူ၏ နာမည်ကို ကြားလိုက်ရသည့်အခါ ဖူကျီလီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ဓားကိုင်ထားသည့် လက်ပေါ်မှ သွေးကြောများပင် ထောင်တက်လာရသည်။
"ဟက်.. မင်းကို တွေ့ပြီ..." မိန်းမဆန်သည့် အမျိုးသားက ရယ်မောလိုက်ပြီး သူ၏ပုံရိပ်က မီးခိုးငွေ့မည်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ထိုးဆင်းလာခဲ့သည်။
ဖူကျီလီက ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ရာ ချွန်ထက်သည့် ဓားအလင်းတန်းတစ်ခုက တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အထက်သို့ ပစ်တက်သွားလေသည်။
လေထဲတွင် စွမ်းအားနှစ်ခုက ပြင်းထန်စွာ ရိုက်ခတ်သွား၏။
"ဘုန်း..."
ပြင်းထန်လှသည့် ပေါက်ကွဲမှုကြီးကြားတွင် ဖူစံအိမ်၏ ပင်မတံခါးကြီးနှင့်အတူ ပေအတော်မြင့်သည့် ခြံဝင်းတံတိုင်းကြီးမှာ ပြိုကျသွားကာ အပျက်အစီးများက လေထဲသို့ လွှင့်စင်သွားပြီး မီးခိုးများ၊ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားချေသည်။
မီးခိုးများ ကင်းစင်သွားသည့်အခါ ဖူကျီလီက နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလျက် ဒူးတစ်ဖက်ထောက်ကာ ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။
မိန်းမဆန်သည့် အမျိုးသားကမူ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ လေထဲတွင် လွင့်မျောနေကာ အနက်ရောင် ပိုးချည်မျှင်တစ်ခုကို ကစားစရာတစ်ခုကဲ့သို့ ဟန်ရေးပြနေခဲ့သည်။
"သခင်လေးဖူ... နေကောင်းရဲ့လား..." သူက ရက်စက်စွာ ပြုံးလိုက်၏။ "အဲ့ဒီတုန်းက မင်းက ငါ့ရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့တယ်လေ... ဒီနေ့တော့ ငါက မင်းကို အလောင်းရုပ်သေးရုပ် တစ်ရုပ်ဖြစ်အောင် သန့်စင်ပစ်မယ်... အဲ့ဒါမှ မင်း ဘယ်တော့မှ ဝင်စားလို့ မရတော့မှာ..."
နောက်ခဏ၌ မိန်းမဆန်သည့် အမျိုးသား၏ တစ္ဆေလက်သည်းကြီးများက ဖူကျီလီကို ဆုပ်ကိုင်ရန် ပြင်နေချိန်မှာပင် ကျန်းယဲ့က ချောင်းတစ်ချက် ဟန့်လိုက်ပြီး တည်ငြိမ်စွာ စကားပြောလာခဲ့၏။
"အဟမ်း... ခုနက မင်း တိုက်ခိုက်လိုက်တဲ့ အရှိန်က ငါ့ကို လာမှန်တယ်..."
မိန်းမဆန်သည့် အမျိုးသား၏ ရက်စက်ကြမ်းကြုတ်လှသော အကြည့်များက ကျန်းယဲ့ထံသို့ ရောက်ရှိသွားပြီး လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။
ထို့နောက် သူက စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ လက်အင်္ကျီထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် အစိမ်းရောင် တစ္ဆေမီးတောက်သုံးခုကို ကျန်းယဲ့၏ မျက်နှာတည့်တည့်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
စစ်မှန်သည့် ဗီလိန်များက လူတစ်ယောက်ကို မသတ်ခင် အဓိပ္ပာယ်မရှိသည့် စကားများပြောကာ အချိန်ဖြုန်းလေ့ မရှိကြချေ....
(ကျဲ ကျဲ ကျဲ လို့လဲ အသံထွက်ပြီး မရယ်ပါဘူးနော် ....)
ကျန်းယဲ့က စိတ်ထဲမှ တွေးလိုက်၏။ တကယ်ပဲ... အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီး ပြောတတ်တဲ့သူတွေ အားလုံးက အရည်အချင်းမရှိတဲ့ သူတွေချည်းပဲကိုး...
တစ္ဆေမီးတောက်များက သူ့ကို ထိမှန်တော့မည့် အချိန်မှာပင် ကျန်းယဲ့က သူ၏ လက်ကို အနည်းငယ်မျှသာ မြှောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ ထူးဆန်းသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။
တစ္ဆေမီးတောက်သုံးခုက မူလလာလမ်းအတိုင်း နှစ်ဆပိုများသော စွမ်းအား၊ နှစ်ဆပိုမြန်သော အရှိန်ဖြင့် ပြန်လည် ပြန်ထွက်သွားတော့သည်။
မိန်းမဆန်သည့် အမျိုးသား၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး အခြေအနေကို ဖြေရှင်းရန် အလျင်အမြန် လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်၏။
သို့သော်လည်း ပြန်လည်ကန်ထွက်လာသည့် တစ္ဆေမီးတောက်များ၏ စွမ်းအားက သူ၏ မျှော်မှန်းချက်ထက် များစွာ သာလွန်နေချေသည်။ အလောတကြီး အခြေအနေတွင် သူက မီးတောက်နှစ်ခုကိုသာ လမ်းကြောင်းလွှဲနိုင်ခဲ့ပြီး တတိယ မီးတောက်ကမူ သူ၏ ပါးပြင်ကို ပွတ်တိုက်သွားကာ မီးလောင်ကျွမ်းထားသည့် အမာရွတ်မည်းကြီး တစ်ခုကို ချန်ရစ်ထားခဲ့သည်။
"မင်း..." မိန်းမဆန်သည့် အမျိုးသားက အံ့အားသင့်ကာ ဒေါသတကြီးဖြင့် ကျန်းယဲ့ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
သွေးနတ်ဆိုးအိုကြီးက အထက်မှ ဆူညံသံကို သတိထားမိသွားပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ..."
မိန်းမဆန်သည့် အမျိုးသားက အံကြိတ်လိုက်၏။ "ဆရာသခင်... ဒီလူက အတော်လေး ထူးဆန်းတယ်..."
ကျန်းယဲ့က သူ၏ လက်အင်္ကျီပေါ်မှ မရှိသည့် ဖုန်များကို ခါထုတ်လိုက်ပြီး သူ၏ လေသံက တည်ငြိမ်နေဆဲပင်။ "ငါ ပြောသားပဲ... မင်း ငါ့ကို လာမှန်တယ်လို့..."
ကျန်းယဲ့ကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံက မြို့တွင်းရှိ အခြားကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်သွားချေသည်။
သွေးနတ်ဆိုးအိုကြီးကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီး မျှော်လင့်ချက်မဲ့နေပြီဖြစ်သည့် ကျင့်ကြံသူများက ယခုအခါတွင် ရုတ်တရက် ပေါ်လာသည့် အမျိုးသားထံသို့ သူတို့၏ အာရုံစိုက်မှု အားလုံးကို ပြောင်းလဲလိုက်ကြ၏။
စိမ်းလန်းတောက်ပသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက ကျန်းယဲ့၏ မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားရသည်။
သူမကတော့ ကျန်းယဲ့နှင့် လျှို့ဝှက်နယ်မြေတွင် ခဏတာ ဆုံတွေ့ခဲ့ဖူးသည့် မုရှီးတောင်ကြားဂိုဏ်းမှ တပည့် ရှုယွမ်ပင်။
"ဆရာ...." ရှုယွမ်က ပြင်းထန်စွာ ဒဏ်ရာရထားသည့် ဆရာဖြစ်သူကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲလိုက်၏။ "ကျွန်မတို့အတွက် အခွင့်အရေးရှိနိုင်တယ်..."
သူမ၏ ဆရာဖြစ်သူ မီးဖီးနစ်ငှက်ကြီးကို ထိန်းချုပ်သည့် အမျိုးသမီးကျင့်ကြံသူက သူမ၏ နာကျင်မှုကို ဖိနှိပ်ထားရင်း တပည့်ဖြစ်သူ လက်ညှိုးထိုးပြသည့် နေရာသို့ လှမ်းကြည့်လိုက်၏။ "ဘယ်သူလဲ..."
"အဲ့ဒါ ဟိုစီနီယာလေ..." ရှုယွမ်က သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ အသံကို နှိမ့်ကာ ပြောလိုက်သည်။ "လျှို့ဝှက်နယ်မြေထဲတုန်းက ကျွန်မ ဝိညာဉ်သန္ဓေအဆင့်ကျင့်ကြံသူရဲ့ ရတနာကို ရနိုင်ခဲ့တာ... အားလုံးက ဒီစီနီယာရဲ့ ကျေးဇူးကြောင့်ပဲ... သူ့ရဲ့ ကျင့်ကြံမှုက ခန့်မှန်းလို့မရနိုင်အောင် နက်နဲတယ်... သူက အပြင်ပန်းက ကြည့်ရတာထက် အများကြီး ပိုပြီး ရှုပ်ထွေးတယ်..."
အမျိုးသမီးကျင့်ကြံသူက ကျန်းယဲ့ကို စူးစိုက်ကြည့်လိုက်သော်လည်း သူ၏ ကိုယ်ပေါ်တွင် မည်သည့် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်မျှ မရှိသည်ကိုသာ တွေ့လိုက်ရပြီး သူက သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း မိန်းမဆန်သည့် အမျိုးသား၏ တိုက်ခိုက်မှုကို လွယ်ကူစွာပင် ကာကွယ်နိုင်ခဲ့လေသည်။
သူမက စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွား၏။ ဒီလူက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ ထိပ်တန်းရတနာတစ်ခုခုကို ပိုင်ဆိုင်ထားတာ ဒါမှမဟုတ်... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က သာမန်အဆင့်ကို ပြန်လည်ရောက်ရှိသွားတဲ့ ရိုးရှင်းခြင်းဆီသို့ ပြန်လည်ရောက်ရှိခြင်းအဆင့်ကိုတောင် ရောက်နေပြီလား....
တစ်ချိန်တည်းမှာပင် သွေးနတ်ဆိုးအိုကြီးကလည်း သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏ အေးစက်လှသော အကြည့်များက ကျန်းယဲ့အပေါ်သို့ အကြိမ်ကြိမ် ဖြတ်သန်းသွားခဲ့သည်။
သူ အသက်ရှင်လာခဲ့သည့် နှစ်ပေါင်းရာချီအတွင်း ဤမျှ ထူးဆန်းသည့် လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူက မည်သည့်ကျင့်ကြံမှုအဆင့်ကိုမျှ အာရုံမခံနိုင်သော်လည်း သူ၏ တပည့်ဖြစ်သူ၏ သေမင်းတမန် တိုက်ခိုက်မှုကိုမူ လွယ်ကူစွာပင် ချေဖျက်နိုင်ခဲ့သည်။
မိန်းမဆန်သည့် အမျိုးသားမှာ အထိနာသွားသဖြင့် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေရ၏။ သူက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေချိန်မှာပင် နတ်ဆိုးအိုကြီးက တားမြစ်လိုက်သည်။
သွေးနတ်ဆိုးအိုကြီးက သူ၏ သွေးနီရောင် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကျန်းယဲ့ကို သတိထားကာ အကဲခတ်လိုက်၏။ "တာအိုမိတ်ဆွေက မြင်ဖူးသလို မရှိပါဘူး... မင်းရဲ့ ဆရာက ဘယ်သူများလဲလို့ မေးလို့ရမလား..."
ကျန်းယဲ့က အပြုံးတစ်ခုဖြင့် လက်ကို ဝေ့ယမ်းလိုက်၏။ "ကျွန်တော်တို့က သာမန်လူတွေပါ... ဘယ်သူ့ရဲ့ တပည့်မှ မဟုတ်ပါဘူး..."
သူ ပေါ့ပေါ့ပါးပါး ပြောလေလေ သွေးနတ်ဆိုးအိုကြီးက ပို၍ သံသယဝင်လေလေပင်။
သူ၏ ထက်မြက်လှသော အာရုံခံစားမှုများအရ ဤလူစုက ကြီးမားလှသည့် မိစ္ဆာစွမ်းအားကြီးကို ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် ကြောက်ရွံ့မှု မရှိသည်ကို သိနေပြီး သူတို့၏ တည်ငြိမ်အေးဆေးလှသော အမူအရာက သူတို့တွင် အားကိုးစရာတစ်ခုခု ရှိနေကြောင်းကို ရှင်းလင်းစွာ ညွှန်ပြနေချေသည်။
သွေးနတ်ဆိုးအိုကြီး၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားသွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ "တာအိုမိတ်ဆွေတို့က ကျောက်တုံးမြို့တော်နဲ့ ဘာမှမပတ်သက်ဘူးဆိုရင် အခု ထွက်သွားလို့ ရပါပြီ... ဒီနေ့ ငါက ဒီမြို့ကိုပဲ ပစ်မှတ်ထားတာပါ..."
ယင်းစကားကို ကြားလိုက်ရသည့်အခါ အပြင်မှလာသည့် ကျင့်ကြံသူတစ်ဦးက ချက်ချင်းပင် သနားညှာတာရန် အော်ဟစ်တောင်းပန်လိုက်၏။ "စီနီယာ... ကျွန်တော်တို့လည်း ကျောက်တုံးမြို့တော်က မဟုတ်ပါဘူး..."
သို့သော် စကားပင် မဆုံးသေးခင်မှာပင် သွေးနီရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ထိုကျင့်ကြံသူမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားတော့၏။
သွေးနတ်ဆိုးအိုကြီးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ "ငါ ပြောတာက... သူတို့ပဲ ထွက်သွားခွင့်ရှိတယ်လို့..."
လူတိုင်းက တိတ်ဆိတ်သွားကြပြီး ဒီနေ့မှာ ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများသာ ဤကပ်ဘေးကြီးမှ လွတ်မြောက်နိုင်ကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားကြရသည်။
ဖူကျီလီက ကျန်းယဲ့ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် တောင်းပန်မှုများဖြင့် ပြည့်နှက်နေချေသည်။
"စီနီယာ..." ရှုယွမ်က ရုတ်တရက် အော်ဟစ်လိုက်၏။ "ကျေးဇူးပြုပြီး ကျွန်မတို့ကို ကယ်ပေးပါ... မုရှီးတောင်ကြားက စီနီယာ့ကို ကျေးဇူးပြန်ဆပ်ပါ့မယ်...."
ထိုအသံကြောင့် သွေးနတ်ဆိုးအိုကြီး၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သွေးနီရောင်ဓားတစ်လက်က ရှုယွမ်၏ လည်ချောင်းဆီသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်၏။
ရှုယွမ်၏ ဆရာဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရထားသည့်တိုင် ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သွေးနီရောင်ဓားပျံကြီးက ရှုယွမ်နှင့် သုံးပေအကွာတွင် အသံတိတ် ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရလေသည်။
ရေခဲနှင့် ဆီးနှင်းများက နေရောင်ခြည်နှင့် တွေ့သွားသကဲ့သို့ သို့မဟုတ် ရေတစ်စက်က ပင်လယ်ထဲသို့ ကျဆင်းသွားသကဲ့သို့ မည်သည့် ကမ္ဘာပျက်မတတ် ရိုက်ခတ်မှုမျိုးမျှ မရှိဘဲ လေထဲတွင် အရည်ပျော် ပျောက်ကွယ်သွားခြင်းပင်။
နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျင့်ကြံသူများ အားလုံးက ဤထူးဆန်းလှသည့် မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
နတ်ဆိုးအိုကြီးက ရုတ်တရက် ရပ်တန့်လိုက်တာလား...
ဒါမှမဟုတ်...
ရှုယွမ်တစ်ယောက်တည်းသာ အရာအားလုံးကို ပြီးပြည့်စုံစွာ နားလည်နေခဲ့သည်။ သူမက ကျန်းယဲ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး "ကျွန်မကို ကယ်ပေးတဲ့အတွက် စီနီယာ့ကို အရမ်း ကျေးဇူးတင်ပါတယ်.... "
နောက်ဆုံးတွင်တော့ သွေးနတ်ဆိုးအိုကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ သေမင်းတမန် တိုက်ခိုက်မှုကြီးကို မျက်စိဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်ခုက ဖျက်ဆီးလိုက်ကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ဤကဲ့သို့သော နည်းလမ်းများက သူရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။
ဤမယုံကြည်နိုင်လောက်အောင် ဖြစ်ရပ်ကြီးက မျှော်လင့်ချက်မဲ့နေသည့် ကျင့်ကြံသူများအတွက် မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခုကို ပေးစွမ်းလိုက်ချေသည်။
ဆေးဖက်ဝင်အပင်ခန်းမ၏ မန်နေဂျာက ပထမဆုံး တုံ့ပြန်နိုင်ခဲ့ပြီး အလျင်အမြန် အော်ဟစ်လိုက်၏။ "စီနီယာ.. အကယ်၍ စီနီယာသာ ကူညီပေးမယ်ဆိုရင် ဆေးဖက်ဝင်အပင်ခန်းမက ကျွန်တော်တို့ဆီမှာ ရှိတဲ့ ဆေးလုံးတွေ အားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်... ပြီးတော့ စီနီယာလိုအပ်တာတွေကို ရှာဖွေပေးဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
ယင်းစကားကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့၏ မျက်လုံးများက အရောင်လက်သွားပြီး ဆေးဖက်ဝင်အပင်ခန်းမရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဒါက မထင်မှတ်ထားတဲ့ ဝမ်းသာစရာကိစ္စပဲ...
ယင်းကို မြင်လိုက်ရသည့်အခါ အခြားဆိုင်ပိုင်ရှင်များကလည်း အလွန်မြင့်မားသည့် စျေးနှုန်းများကို အလုအယက် ကမ်းလှမ်းလာကြတော့သည်။
"စီနီယာ... ရတနာမဏ္ဍပ်က အဖိုးတန်ရတနာတွေကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်..."
"ဝမ်ဖူမျှော်စင်မှာရှိတဲ့ အဆောင်တွေအားလုံးကို စီနီယာ ကြိုက်သလို ရွေးချယ်နိုင်ပါတယ်..."
"မှော်လက်နက် ဖန်တီးရေးဆိုင်ကလည်း စီနီယာ လိုအပ်တဲ့ မှော်ရတနာကို သီးသန့်ဖန်တီးပေးပါ့မယ်..."
ဂိုဏ်းမဲ့ ကျင့်ကြံသူများပင်လျှင် သူတို့၏ သဘောထားများကို အလျင်အမြန် ထုတ်ဖော်ပြောဆိုလာကြ၏။
"ဂျူနီယာက သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်..."
"ကျွန်တော့်ဆီမှာ မိသားစုအမွေဆက်ခံလာတဲ့ ကျင့်စဉ်ကျမ်း ကျောက်စိမ်းပေလွှာ ရှိပါတယ်..."
"စီနီယာသာ ဝင်ပါပေးမယ်ဆိုရင် အခုကစပြီး ကျွန်တော်က စီနီယာ့ရဲ့အစေခံအဖြစ် အမြဲ ရှိနေပါ့မယ်..."
သို့သော်လည်း ထိုကျင့်ကြံသူများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ မြို့တွင်းရှိ သောင်းချီသော သာမန်ပြည်သူများပင်။
ဝိညာဉ်ကျောက်တုံးလည်း မရှိ၊ မှော်ရတနာလည်း မရှိကြသဖြင့် သူတို့က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျန်းယဲ့ ရှိရာဘက်သို့ မျှော်လင့်ချက်မဲ့စွာဖြင့် ဦးချ တောင်းပန်နေရုံသာ တတ်နိုင်ကြသည်။
"အင်မော်တယ်ဆရာသခင်... ကယ်ပါဦး..."
"အင်မော်တယ်ဆရာသခင်... သနားညှာတာပါဦးလို့ တောင်းပန်ပါတယ်..."
"ကျွန်တော်တို့ မျိုးဆက်အဆက်ဆက် သခင့်အတွက် အသက်ရှည်ကျန်းမာရေး ကျောက်စာတိုင် စိုက်ထူပေးပါ့မယ်..."
ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ဦးက ကလေးငယ်လေးကို ပွေ့ဖက်ထားပြီး မိခင်ငယ်တစ်ဦးက သူမ၏ ရင်သွေးလေးကို ကာကွယ်ထားကာ ရေတွက်၍မရနိုင်သော မျှော်လင့်ချက်မဲ့နေသည့် တောင်းပန်သံများက တစ်သားတည်း ပေါင်းစပ်သွား၏။
စုတ်ပြတ်သတ်နေသည့် သူတောင်းစားတစ်ဦးသည်ပင် သူ ရရှိထားသည့် ကြေးပြားလေးတစ်ပြားကို မြှောက်ကိုင်ထားချေသည်။ ၎င်းက ကျင့်ကြံသူများအတွက် အရေးမပါလှသည့် အရာတစ်ခု ဖြစ်လင့်ကစား...
အခန်း ၄၂၀ပြီး၏။