← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း။ ၁၈၅

ချက်ချင်းဆိုသလိုပင် ဝမ်ဝမ်ရွှမ်သည် သက်သေအထောက်အထားဟုဆိုသော စာရွက်စာတမ်းများစွာကို တရားခွင်သို့ တင်သွင်းလိုက်သည်။

လက်မှတ်များ၊ စာချုပ်များ...

အဖတ်ဖတ်မှားယွင်းနေသော စာရွက်စာတမ်းများစွာတို့ပင်။

ဝမ်ဝမ်ရွှမ်က "ဒါကြောင့် တရားခံဘက်ကရှေ့နေက ရွီမော်ဘဏ်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတဲ့အတွက် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ စွပ်စွဲပါတယ်။ တရားခံဘက်ကရှေ့နေအနေနဲ့ တောင်းပန်ဖို့နဲ့ ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုပါတယ်" ဟု ထွက်ဆို လိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်အများအပြားရှေ့မှာ တရားခံဘက်ကရှေ့နေက ဘာအထောက်အထားမှမရှိဘဲ ရွီမော်ဘဏ်ကို အသရေဖျက်ခဲ့တာပါ။ အခုတော့ ရွီမော်

ဘဏ်က အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ခဲ့ပြီ"

"ပျောက်ဆုံးသွားတဲ့ ၃ သိန်းက ရွီမော်ဘဏ်က ခိုးယူထားတာ မဟုတ်ပါဘူး"

"ဒါက ကျောက်ရိရှန်းရဲ့ဖခင်က အစကတည်းက ငွေပေးချေမှုလုပ်တုန်းက မရှင်းလင်းခဲ့လို့ ဖြစ်ရတာပါ။ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ ရောထွေးသွားတာဖြစ်ပြီး သူကိုယ်တိုင်လည်း လက်မှတ်ထိုးထားတာပါပဲ"

ဝမ်ဝမ်ရွှမ်မှာ အခြေအနေအရ မဖြစ်မနေ ရှင်းပြနေရခြင်းပင်။

ဤအချိန်တွင် အခြားသော ရွေးချယ်စရာ လမ်းစမရှိတော့ပေ။

အကယ်၍ မည်သို့မျှ မလုပ်ဆောင်ပါက ရွီမော်ဘဏ်မှာ ပျက်စီးတော့မည်ပင်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များမှာ ဂူချန်ဘက်မှသာ ရပ်တည်နေကြသည်။

[ဒီရွီမော်ဘဏ်က တကယ့်ကို ရွံစရာကောင်းတယ်။ စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေကို အနိုင်ကျင့်တာလေ။ ဟုတ်တယ်မလား]

[ဒီမိုက်မဲတဲ့ ရွီမော်ဘဏ်။ လူတစ်ယောက်က ၅ သိန်း လာအပ်တာကို ဘဏ်က တိတ်တိတ်လေး ရင်းနှီးမြှုပ်နှံမှုတွေ၊ အာမခံတွေ ဖြစ်အောင် လုပ်ပစ်လိုက်တာလား တကယ့်ကို ရွံစရာပဲ။]

[ရွီမော်ဘဏ်ထက် ပိုရွံစရာကောင်းတာ ဘာများ ရှိဦးမလဲ]

[ရယ်ရလွန်းလို့ သေတော့မယ်။ ရွီမော်ဘဏ်က ၃ သိန်း ဆုံးရှုံးသွားတော့ ကျောက်ရိရှန်းအဖေဆီကနေ ၃ သိန်းကို အဆင်ပြေသလိုယူပြီး အာမခံကြောင့် ဆုံးရှုံးတာလို့ အပြစ်ပုံချလိုက်တာ ဟားဟား။]

[ရွီမော်ဘဏ်ကတော့ ငါ့ကို ရယ်ရလွန်းလို့ သေစေတော့မှာပဲ။ နွီရှကျွမ်းကိုတောင် "သူမခင်ပွန်းက သူမခင်ပွန်းဖြစ်ကြောင်း" သက်သေပြခိုင်းသေးတယ်။ လက်ထပ်လက်မှတ်တင်ပြတာတောင် မလောက်ဘူးတဲ့။]

[ကျွန်တော် ဂူချန်ဘက်က ရပ်တည်တယ် ဒီရွီမော်ဘဏ်ကို ထိန်းချုပ်နိုင်မယ့် အထောက်အထား ဂူချန်ဆီမှာ ရှိမရှိ စိတ်ဝင်စားမိတယ်။]

[ဂူချန် တိုက်ခိုက်လိုက်စမ်ရပါ ဒီတစ်ခါတော့ ဂူချန်ကိုပဲ အပြည့်အဝ ထောက်ခံတယ်။ ရွီမော်ဘဏ်က လျော်ကြေးပေးရမယ်။ သူတို့က ပြည်သူတွေရဲ့ ချွေးနည်းစာကို ပြောင်ပြောင်တင်းတင်း လိမ်ညာနေတာ တကယ့်ကို ရွံစရာပဲ]

[ဒီလောက်ရွံစရာကောင်းတဲ့ ဘဏ်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အသက်ကြီးသူတွေကို အနိုင်ကျင့်ပြီး သူတို့စိတ်ကြိုက် လှည့်စားနေတာ။ အဘိုးအိုတွေက အာမခံအကြောင်း ဘာနားလည်မှာလဲ။ ဘဏ်ကလည်း ပိုက်ဆံစုခွင့်မပေးဘဲ အာမခံအဖြစ် ပြောင်းလဲပစ်ဖို့ပဲ စဉ်းစားနေတာလား။ ရွီမော်ဘဏ်ကိုတော့ အမည်ပျက်စာရင်းထဲ ထာဝရ ထည့်လိုက်ပြီ ဒီဘဏ်က ဒေဝါလီခံနိုင်မလား]

[သောက်ကျိုးနည်း…..အခုတော့ ဂူချန်အတွက် အမှုနိုင်ဖို့ ခက်ခဲသွားပြီ။ သေချာဂရုမစိုက်ရင် ဂူချန်ပဲ ဥပဒေအရ အရေးယူခံရလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ကျောက်ရိရှန်းဖခင်က လက်မှတ်ထိုးခဲ့တာလေ၊ လှည့်စားခံရတာ ဖြစ်ရင်တောင် လက်မှတ်ကတော့ ထိုးခဲ့တာပဲ။ အခု ဘာလုပ်ကြမလဲ]

[ဒါက အမှန်ပဲ... ဂူချန် ရွီမော်ဘဏ်ရဲ့ ထောင်ချောက်ထဲ ရောက်သွားမလား ရွီမော်ဘဏ်က တကယ့်ကို ရွံစရာကောင်းတယ်။ ကျွန်တော်တော့ သူတို့ကို ဖော်ထုတ်ရမယ်။]

[ရွီမော်ဘဏ်က လူတွေရဲ့ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံမှုတွေ ဝယ်ဖို့ တမင်သက်သက် သုံးပြီး သူတို့ကိုယ်တိုင် အိတ်ထဲ ထည့်လိုက်တာမျိုးအထိ ရွံစရာကောင်းတာလား]

အင်တာနက်သုံးစွဲသူများမှာ အလွန်အမင်း ဒေါသထွက်နေကြပြီး ဂူချန်ကို ထောက်ခံသည့် စာသားများဖြင့် နေရာအနှံ့ ဖြည့်နေကြသည်။

ကျောက်ရိရှန်းမှာလည်း တရားခံနေရာမှနေ၍ ဂူချန်အတွက် စိုးရိမ်နေမိသည်။

ငါ ငှားထားတဲ့ရှေ့နေက ရွီမော်ဘဏ်ရဲ့ ဆွဲချတာကို ခံလိုက်ရမှာလား။

ရွီမော်ဘဏ်၏ ရွံစရာကောင်းသော လုပ်ရပ်များကို အကုန်သိထားသည့် ကျောက်ရိရှန်းမှာမူ ထိုကိစ္စအတွက်ပင် ထုံအသွားပြီဖြစ်သည်။

ရွီမော်ဘဏ်က "ကျွန်တော်က ကျွန်တော့်အဖေရဲ့သား" ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့သည့်အချိန်ကတည်းက ကျောက်ရိရှန်းတစ်ယောက် ရွီမော်ဘဏ်ရဲ့ ဘိုးဘေးဘီဘင်တွေကို ဆဲဆိုခဲ့ပြီးဖြစ်သည်။

ငါ စိုးရိမ်မိတာက တကယ်လို့သာ ရှေ့နေဂူပါ ဒီကိစ္စတွေအတွက် တာဝန်ယူရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ...

အဲဒီလိုဆိုရင်တော့... ရှေ့နေဂူပါ ဒီအရှုပ်ထုပ်ထဲကိုအတင်းဆွဲထည့်တာ ခံလိုက်ရမှာ မဟုတ်ဘူးလား...

ရွှယ်ချင်းချင်းပင် အနည်းငယ် စိုးရိမ်နေမိသည်။

သူမသိသည်မှာ သူဌေးက အစောကတည်းက စုံစမ်းထားပြီးဖြစ်၍ ရွီမော်ဘဏ်က ၃ သိန်းကို တကယ်ပဲ လွှဲပြောင်းထားကြောင်း သူမသိရှိထားသည်။

သို့သော်လည်း ယခုအခါ ဘဏ်က စာချုပ်ပါ စည်းကမ်းချက်များနှင့် လက်မှတ်အတုအယောင်များကို ထုတ်ပြလိုက်ပြီဖြစ်သည်။

ရှင်းပြချက်အားလုံးက ရွီမော်ဘဏ်၏ လက်ထဲတွင်သာ ရှိနေပြီး သူတို့ပြောချင်ရာကို ပြောဆိုနေကြသည်။

အကယ်၍သာ ရှေ့နေဂူကိုယ်တိုင် ဥပဒေကြောင်းအရ တာဝန်ခံရပြီး ထောင်ကျသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ...

ရွှယ်ချင်းချင်းမှာ အလွန်အမင်း စိုးရိမ်ပူပန်လာမိသည်။

သူမသည် သူမ၏ အဘိုးထံ အကူအညီတောင်းရန်ပင် စိတ်ကူးမိလိုက်သည်။

သူဌေးကို ထောင်ထဲသို့ ပို့လိုက်၍ မဖြစ်ပေ။

သူမ၏နောက်ကွယ်တွင် နိုင်ငံ၏ ထိပ်တန်းဥပဒေအကျိုးဆောင်လုပ်ငန်းဖြစ်သည့် ဖန်တဥပဒေရုံးရှိနေပြီး အဆင့်မြင့်ရှေ့နေများစွာလည်း ရှိနေသည်။

အဆိုးဆုံးအခြေအနေတွင် သူတို့ကိုခေါ်၍ သူဌေး၏ အမှုကို အနိုင်ရအောင် တိုက်ခိုက်ခိုင်းရမည်သာဖြစ်သည်။

ရွှယ်ချင်းချင်း စိုးရိမ်နေစဉ်မှာပင် ဂူချန်က မျက်လုံးများကို မှိတ်လိုက်သည်။

(စနစ်ကို အသက်သွင်းမယ်)

ရွီမော်ဘဏ်မှာ ဤမျှအထိ ရွံရှာဖွယ်ကောင်းလိမ့်မည်ဟု ဂူချန် လုံးဝ မထင်မှတ်ထားခဲ့ပေ။

မူလက သူသည် မျက်မြင်သက်သေများကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း အခြေအနေအရ စနစ်၏ စွမ်းရည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ဤအမှုက စနစ်ကို အသုံးပြုစရာမလိုဘဲ သူ၏ အရည်အချင်းဖြင့် နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရွီမော်ဘဏ်၏ လုပ်ရပ်များမှာ သည်းမခံနိုင်လောက်အောင်ပင် ရွံရှာဖွယ်ကောင်းနေသည်။

ဤတစ်ကြိမ်တွင်တော့ သူ၏ နောက်ဆုံးကတ်ကို အမှန်တကယ်ပင် ထုတ်သုံးလိုက်ပြီဖြစ်သည်။

စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သောအခါ ဂူချန်သည် အရာအားလုံးကို လော့ခ်ဖွင့်ထားသည့် စာရင်းများကို တွေ့လိုက်ရသည်။

[ကျောက်ဂျွန်၏ လက်မှတ်မှာ အတုဖြစ်ကြောင်း သံသယရှိခြင်း]

[ကျောက်ဂျွန် ဘဏ်တွင် အမှန်တကယ် ငွေကြေးလွှဲပြောင်းခဲ့သည့် ဗီဒီယိုမှတ်တမ်း]

[ရွီမော်ဘဏ် မန်နေဂျာ ဝမ်ရွေက ကျောက်ဂျွန်၏ အကောင့်ထဲမှ ငွေ ၃ သိန်းကို ခိုးယူခဲ့သည့် အထောက်အထား]

[...]

ဤသို့သော အထောက်အထားများအားလုံးကို ဂူချန်သည် စနစ်မှတစ်ဆင့် အကုန်လုံး ထုတ်ယူလိုက်တော့သည်။

ကျောက်ဂျွန်မှာ ကျောက်ရိရှန်း၏ ဖခင်ဖြစ်သည်။

အထောက်အထားများကို ထုတ်ယူပြီးနောက် ဂူချန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။

ဂူချန်က "တရားသူကြီးခင်ဗျား ကျွန်တော့်မှာ အထောက်အထားတွေ ရှိပါတယ်"

"ပထမအချက်အနေနဲ့ ရွီမော်ဘဏ်က ကျောက်ဂျွန်ရဲ့ လက်မှတ်က အတုပါ"

"ဒုတိယအချက်အနေနဲ့ ကျောက်ဂျွန် ရွီမော်ဘဏ်မှာ ငွေကြေးလုပ်ငန်း လုပ်ဆောင်တုန်းက အဲဒါက ငွေအပ်နှံမှု လုပ်ငန်းစဉ်ပါ။ အာမခံလည်း မဟုတ်ဘူး။ ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းလည်း မဟုတ်ပါဘူး။ ကျောက်ဂျွန်က ငွေသွင်းစာရွက်မှာသာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး တခြား ဘယ်နေရာမှာမှ လက်မှတ်မထိုးခဲ့ပါဘူး"

"ဒါ့အပြင် ကျောက်ဂျွန်ရဲ့ဇနီး နွီရှကျွမ်းမှာ ဗီဒီယိုသက်သေအထောက်အထား ရှိပါတယ်"

နွီရှကျွမ်းမှာ ရုတ်တရက် သတိရသွားသည်။

သူမသည် ထိုအချိန်တွင် ဗီဒီယိုမှတ်တမ်းတင်ထားခဲ့သည်မှာ အမှန်ပင်။

သို့သော် ထိုဗီဒီယိုမှာ သူမ၏ဖုန်းထဲတွင် ရှိနေဆဲဖြစ်ပြီး ရှာဖွေရန် အချိန်အနည်းငယ် လိုအပ်နေသည်။

ရွီမော်ဘဏ်ကို စိတ်ပျက်လွန်း၍ သူမ ဗီဒီယိုရိုက်ထားမိသည်ကိုပင် မေ့သွားခဲ့ခြင်းပင်။ ယခု ဂူချန်က အထောက်အထားအကြောင်း ပြောလိုက်သောအခါမှ သူမ ဗီဒီယိုရိုက်ထားမိကြောင်း ပြန်သတိရသွားတော့သည်။

ဆယ်မိနစ်ခန့်အကြာတွင် နွီရှကျွမ်းက ဗီဒီယိုဖိုင်ကို တင်ပြလိုက်သည်။

သူမသည် လျူဂျွန်ကို ရွီမော်ဘဏ်က လိမ်ညာလှည့်ဖြားသွားမည်ကို စိုးရိမ်ခဲ့သဖြင့် ဘဏ်အတွင်းသို့ ဝင်ရောက်သည့်အချိန်မှစ၍ တစ်ခုလုံးကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ခြင်းပင်။ သူတို့ နားမလည်သည့်အရာများ ရှိပါက သူမ၏သားကို ပြသရန်အတွက် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထားခြင်းပင်။

ဗီဒီယိုမှာ ဆယ်မိနစ်ခန့် ကြာမြင့်သည်။

ထိုဆယ်မိနစ်အတွင်း ဘဏ်ဝန်ထမ်းများက လျူဂျွန်အား အာမခံနှင့် ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အကြိမ်ကြိမ် ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း လျူဂျွန်က အားလုံးကို ငြင်းပယ်ခဲ့သည်။

လျူဂျွန်သည် "ကျွန်တော် ဒီကိုလာတာ ပိုက်ဆံအပ်ဖို့လေ ပိုက်ဆံအပ်ဖို့ နားလည်လား။ ကျွန်တော် အာမခံလည်း မလိုချင်ဘူး။ ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းလည်း မလိုချင်ဘူး။ ဘာဝန်ဆောင်မှုမှ မလိုဘူး။ ပိုက်ဆံပဲ အပ်မှာ ၅ သိန်းပဲ အပ်မှာ" ဟု ခိုင်မာစွာ ပြောဆိုခဲ့သည်။ လက်မှတ်ထိုးသည့်အချိန်တွင်လည်း လျူဂျွန်က အကြိမ်ကြိမ် အတည်ပြုခဲ့သည်ကို ဗီဒီယိုမှတ်တမ်းတွင် အထင်အရှား တွေ့မြင်ရတော့သည်။

လျူဂျွန်သည် ထိုစာရွက်တစ်ရွက်တည်းတွင်သာ လက်မှတ်ထိုးခဲ့ခြင်းပင်။

လျူဂျွန် လက်မှတ်ထိုးခဲ့သည့်နေရာမှာ ငွေအပ်နှံမှု ပြေစာသာဖြစ်ပြီး ဘဏ်ဝန်ထမ်းများကလည်း အာမခံမပါ၊ ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းမပါဘဲ ပိုက်ဆံအပ်နှံခြင်းသာဖြစ်ကြောင်း အကြိမ်ကြိမ် အာမခံထားခဲ့ကြသည်။

ယခုအခါ ရွီမော်ဘဏ်က တင်ပြလာသော အထောက်အထားစာရွက်တွင်ပါရှိသည့် လက်မှတ်မှာ လျူဂျွန်၏ လက်မှတ်နှင့် ဆင်တူနေသော်လည်း အမှန်တကယ်တွင်မူ ထိုလက်မှတ်မှာ အတုအယောင်သာ ဖြစ်သည်။

ထိုလက်မှတ်သည် လျူဂျွန်၏ လက်မှတ်လုံးဝမဟုတ်ပေ။

အကြောင်းမှာ ဗီဒီယိုမှတ်တမ်းအရ လျူဂျွန်သည် စာရွက်တစ်ရွက်တည်းတွင်သာ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ယခု ရွီမော်ဘဏ်တင်ပြထားသော စာရွက်မှာ ထိုစာရွက် မဟုတ်သောကြောင့်ပင်။

ဂူချန်က "အခုတင်ပြထားတဲ့ အထောက်အထားတွေနဲ့ပတ်သက်ပြီး တရားလိုဘက်က ဘာများ ပြောစရာ ရှိပါသေးလဲ" ဟု မေးခွန်းထုတ်လိုက်သည်။

ရွီမော်ဘဏ်၏ တရားခွင်ကိုယ်စားလှယ် ဝမ်ဝမ်ရွှမ်မှာ "ဒါ... ဒါက ဘဏ်မန်နေဂျာနဲ့ ဘာဆိုင်လို့လဲ။ ဒါတွေအားလုံးက အဲဒီအချိန်က ဝန်ထမ်းတွေ ပုဂ္ဂလိကအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။ ဒါက ဝန်ထမ်းရဲ့ ပုဂ္ဂိုလ်ရေး ပြဿနာသာဖြစ်ပြီး ဘဏ်နဲ့လည်း မသက်ဆိုင်သလို မန်နေဂျာနဲ့ လုံးဝ မသက်ဆိုင်ပါဘူး ဒါကြောင့် တရားခံဘက်ကရှေ့နေက ရွီမော်ဘဏ် မန်နေဂျာကို ဆက်လက်ပြီး အသရေဖျက်နေတာပါ။ လျော်ကြေးပေးဖို့ လိုအပ်ပါတယ်" ဟု ထွက်ဆို လိုက်သည်။

ဂူချန်က အေးစက်စက် အသံဖြင့် "ကျွန်တော့်မှာ သက်သေတွေ ရှိတယ် ရွီမော်ဘဏ်မှာ ငွေကြေးလွှဲပြောင်းမှုကို ကိုင်တွယ်ခဲ့တဲ့ ဝန်ထမ်းက သူတို့ကို အပြစ်ပုံချဖို့အတွက် အကြောင်းပြချက် အမျိုးမျိုးပေးပြီး မကြာသေးခင်ကမှ အလုပ်ထွက်ခိုင်းခံခဲ့ရတာပါ"

"ဝန်ထမ်းတွေက ကျောက်ရိရှန်းကို သူ့အဖေက သူ့အဖေဖြစ်ကြောင်းသက်သေပြခိုင်းတာတွေ၊ နွီရှကျွမ်းကို သူမခင်ပွန်းက သူမခင်ပွန်းဖြစ်ကြောင်းသက်သေပြခိုင်းတာတွေ အားလုံးက ဝမ်ရွေရဲ့ ညွှန်ကြားချက်ကြောင့်ပါ။ အမှန်တကယ်တော့ ပိုက်ဆံ ထုတ်မထုတ်က သူတို့နဲ့ ဘာမှမဆိုင်ဘဲနဲ့ ဘဏ်က အပြစ်နဲ့ တာဝန်ရှိသမျှကို ဝန်ထမ်းတွေရဲ့ ခေါင်းပေါ်ကိုပဲ ပုံချလိုက်တာ မဟုတ်ဘူးလား"

"တရားသူကြီးခင်ဗျား ကျွန်တော် သက်သေတွေကို တရားရုံးကို ခေါ်ယူတင်ပြခွင့်ပြုပါရန် တောင်းဆိုအပ်ပါတယ်"

အခန်း။ ၁၈၆

ဂူချန်က သက်သေဖြစ်သူကို တရားခွင်သို့ ချက်ချင်းခေါ်ယူလိုက်သည်။

ထိုသက်သေမှာ ရွီမော်ဘဏ်က မကြာသေးမီကမှ အလုပ်ထုတ်လိုက်သည့် ဘဏ်ဝန်ထမ်းမိန်းကလေးတစ်ဦး ဖြစ်သည်။

သူမက "တရားသူကြီးရှင့် ကျွန်မက ကျောက်ဂျွန်ရဲ့ ငွေကြေးလုပ်ငန်းတွေကို အစပိုင်းမှာ ကိုင်တွယ်ပေးခဲ့တဲ့ ဘဏ်ဝန်ထမ်းပါ"

"ရွီမော်ဘဏ်မှာ သတ်မှတ်ချက်တွေ ရှိပါတယ်။ အာမခံနဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ လူတွေကို ဝယ်ခိုင်းနိုင်ဖို့ နည်းလမ်းရှာခိုင်းတဲ့ အစည်းအဝေးတွေကို နေ့တိုင်းလိုလို လုပ်ပါတယ်။ ဒါမှ သူတို့ ပိုက်ဆံရမှာလေ"

"ရွီမော်ဘဏ်က အသက်ကြီးတဲ့သူတွေကို ပစ်မှတ်ထားပြီး အာမခံနဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ ဝယ်ခိုင်းဖို့၊ ပြီးရင် သူတို့ကို လှည့်စားဖို့ အထူးညွှန်ကြားထားပါတယ်။ တရားရေးဌာန အကြီးအကဲ ကျန်းဟုန်ရှန်းကတော့ ရွီမော်ဘဏ်ကို ဘယ်သူမှ တရားစွဲနိုင်မှာ မဟုတ်ဘူးလို့ ပြောပြီး သူတာဝန်ယူမယ်လို့ ပြောခဲ့ပါတယ်"

"အဲဒီတုန်းက ကျွန်မလည်း ကျောက်ဂျွန်ကို ငွေကြေးစီမံခန့်ခွဲမှု ဝယ်ခိုင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျောက်ဂျွန်ရဲ့ဇနီး နွီရှကျွမ်းက ဖုန်းနဲ့ အမြဲတမ်း ဗီဒီယိုရိုက်နေလို့ ကျွန်မ အဲဒီအလုပ်ကို မလုပ်ဖြစ်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကျောက်ဂျွန်အတွက် ငွေအပ်နှံမှုကိုပဲ လုပ်ပေးလိုက်ရပါတယ်"

"တရားသူကြီးရှင့် ကျောက်ဂျွန်ဟာ ငွေအပ်နှံဖို့သာ လုပ်ခဲ့တာဆိုတာကို ကျွန်မ သက်သေပြနိုင်ပါတယ်"

"ပြီးတော့ ရွီမော်ဘဏ်က ငါ့အဖေက ငါ့အဖေဖြစ်ကြောင်းသက်သေမပြနိုင်ရင်၊ ငါ့ယောက်ျားက ငါ့ယောက်ျားဖြစ်ကြောင်းသက်သေမပြနိုင်ရင် ပိုက်ဆံထုတ်မပေးဘဲ ပိတ်ပင်ထားတတ်တာကိုလည်း ကျွန်မ သက်သေပြနိုင်ပါတယ်။ အဲလိုမလုပ်ရင် ကျွန်မတို့ လစာတွေ ဖြတ်ခံရမှာပါ"

"ဒီကိစ္စဖြစ်ပြီးနောက်မှာ ရွီမော်ဘဏ်က အပြစ်ရှိသမျှကို ကျွန်မခေါင်းပေါ်ပဲ ပုံချပြီး အလုပ်ထုတ်လိုက်ပါတယ်။ ကျွန်မကို ပါးစပ်ပိတ်ထားဖို့ ငါးထောင်တောင် ပေးခဲ့ပါတယ်။ ကျွန်မမှာ အလုပ်လုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းက ရထားတဲ့ အသံဖိုင်တွေနဲ့ အထောက်အထားတွေ ရှိပါတယ်။ ကျွန်မ... အမှန်တရားကို ဖော်ထုတ်ဖို့ ရပ်တည်ရမယ်လို့ ယုံကြည်ပါတယ်"

"နောက်ပြီး ဒီအထောက်အထားတွေလည်း ရှိပါသေးတယ်... ဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ မန်နေဂျာတွေက ကျွန်မတို့ကို အမြဲလိုလို အစည်းအဝေးခေါ်ပြီး စွမ်းဆောင်ရည်တက်ဖို့ ပိုက်ဆံအပ်ဖို့ လူတွေကို စည်းရုံးခိုင်းတာ၊ ဖောက်သည်တွေကို လိမ်ညာပြီး ငွေကြေးစီမံခန့်ခွဲမှုတွေ ဝယ်ခိုင်းဖို့ နည်းလမ်းရှာခိုင်းတာတွေ လုပ်လေ့ရှိပါတယ်။ ဖောက်သည်တွေက မဝယ်ရင်တောင် ဘဏ်က ပိုက်ဆံအပ်ထားတာတွေကို ငွေကြေးစီမံခန့်ခွဲမှုတွေ၊ အာမခံတွေ ဖြစ်သွားအောင် နည်းလမ်းရှာပြီး ပြောင်းပစ်တတ်တာကိုလည်း ကျွန်မ တွေ့ခဲ့ရပါတယ်"

"ကျောက်ရိရှန်းရဲ့အဖေ ဘဏ်ကတ်ထဲက ၃ သိန်းကိုလည်း ဘဏ်မန်နေဂျာက အတင်းအဓမ္မ လွှဲပြောင်းခိုင်းခဲ့တာပါ။ ကျွန်မ မလုပ်ချင်ပေမဲ့ မန်နေဂျာက ဒါက ဥက္ကဋ္ဌရဲ့ စိတ်ကူးဖြစ်ပြီး သားအကြွေးကို ဖခင်က ဆပ်ရမယ်ဆိုတဲ့ ဥပဒေအတိုင်း လုပ်ခိုင်းတာပါလို့ ပြောပြီး အတင်းအဓမ္မ လွှဲခိုင်းခဲ့တာပါ။ ဒုတိယဥက္ကဋ္ဌကိုယ်တိုင်လာပြီး ကျွန်မကို ပြောခဲ့တာပါ။ ကျွန်မမှာ ရွေးချယ်စရာမရှိခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ အဲဒါကို အသံဖိုင်မှတ်တမ်းတင်ထားမိပါတယ်။ ရွီမော်ဘဏ်က အခု အရာအားလုံးကို ကျွန်မဆီ ပုံချဖို့ ကြိုးစားနေတာပါ"

"ရွီမော်ဘဏ်က ပျောက်ဆုံးသွားတဲ့ ၃ သိန်းက ကျောက်ဂျွန် ငွေအပ်တာမဟုတ်ဘဲ ငွေကြေးစီမံခန့်ခွဲမှုတွေ ရွေးလိုက်လို့ပါလို့ လိမ်ပြောနေပါတယ်။ အဲဒီအပြစ်ကို ကျွန်မရဲ့ ပေါ့ဆမှုလို့ အပြစ်ပုံချပြီး ဘဏ်နဲ့ မဆိုင်ဘူးလို့ ပြောနေတာပါ။ တကယ်တမ်းတော့ သူတို့က ကျွန်မကို တာဝန်ခံခိုင်းဖို့ အစကတည်းက ကြံစည်ထားတာပါ..."

"အခု ရွီမော်ဘဏ်က ကျွန်မက ငွေတွေကို ခိုးယူဖို့ ရည်ရွယ်ချက်နဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေထဲ လျှို့ဝှက်ပြောင်းလဲခဲ့တာပါလို့ ပြောတော့မှာ သေချာပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မမှာ အထောက်အထားတွေ ရှိနေလို့သာပေါ့။ မဟုတ်ရင် ကျွန်မ ဘယ်နှစ်နှစ် ထောင်ကျရမလဲတောင် မသိဘူး"

ထိုမိန်းကလေးသည် အထောက်အထားများကို တစ်ခုပြီးတစ်ခု တင်ပြလိုက်သည်။

သူမသည် ရွီမော်ဘဏ်က အပြစ်အားလုံးကို သူမအပေါ် ပုံချလိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

သူမသည် ဘဏ်တွင် အလုပ်လုပ်သည်မှာ လစာလေးရဖို့သာ ဖြစ်သော်လည်း ဘဏ်၏ လုပ်ရပ်များမှာ သူမ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည်။

သူမသည် နေ့စဉ်လုပ်ငန်းခွင်တွင် အမြဲလိုလို ကြောက်ရွံ့စိတ်ဖြင့် အထောက်အထားများကို စုဆောင်းထားခဲ့ရခြင်းပင်။

ရွီမော်ဘဏ်က သူမကို ယခုကဲ့သို့ အပြစ်ပုံချလိမ့်မည်ဟု သူမ ကြိုတင်သိရှိထားခဲ့၍သာ ယခုကဲ့သို့ လွတ်မြောက်လာခြင်းပင်။

သူမတင်ပြလိုက်သည့် အထောက်အထားများမှာ ရွီမော်ဘဏ်ကို အဆုံးသတ်သွားစေနိုင်သည့် အရာများပင်။

မိနစ် ၃၀ အကြာတွင်။

တရားသူကြီး ဝမ်ကျုံးက "ရုံးတော်ရဲ့ စေ့စပ်သေချာတဲ့ စစ်ဆေးချက်တွေအရ အခု တင်ပြလာတဲ့ သက်သေအထောက်အထားတွေက တရားဝင် ခိုင်လုံမှုရှိတဲ့အပြင် တရားရုံးက လက်ခံနိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့လည်း အပြည့်အဝ ကိုက်ညီနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့... ဒီအထောက်အထားတွေရဲ့ တရားဝင်မှု၊ မှန်ကန်မှုနဲ့ အမှုနဲ့ တိုက်ရိုက်သက်ဆိုင်မှုတွေရှိတာကို တရားရုံးတော်ကနေ အကြွင်းမဲ့ အသိအမှတ်ပြု အတည်ပြုလိုက်တယ်..." ဟု ကြေညာလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် အွန်လိုင်းပရိသတ်များမှာ တစ်ခါပြန်၍ ဆူညံပွက်လောရိုက်သွားကြသည်။

[သောက်ကျိုးနည်း ရွီမော်ဘဏ်က ထင်ထားတာထက်တောင် ပိုပြီး ရွံစရာကောင်းနေပါလား။]

[သူတို့ကိုယ်တိုင် ၃ သိန်းကို အိတ်ထဲထည့်ချင်လို့ ဝန်ထမ်းတစ်ယောက်ကို အပြစ်ပုံချပြီး ထောင်ထဲပို့ဖို့ ကြံစည်တာပေါ့လေ]

[ဟားဟား အောက်ခြေဝန်ထမ်းကို အပြစ်အားလုံး ပုံချလိုက်တာ။ တကယ့်ကို လုပ်နေကျပုံစံအတိုင်းပဲ။ ဘွဲ့ရခါစ ကလေးမလေးကို အနိုင်ကျင့်တာပေါ့ ဟုတ်လား]

[အကယ်၍ ရွီမော်ဘဏ်သာ တာဝန်ကနေ လွတ်မြောက်သွားမယ်ဆိုရင် သူတို့ကတော့ ဘာမှမဖြစ်ပေမဲ့ ဒီကောင်မလေးကတော့ ဘယ်နှစ်နှစ် ထောင်ကျရမလဲတောင် သိမှာမဟုတ်ဘူး။]

[ကံကောင်းလို့သာ အထောက်အထား ရှိနေတာ။ မဟုတ်ရင်တော့ သူမ တစ်သက်လုံး ပြီးဆုံးသွားမှာပဲ။]

[ဒါက ရွီမော်ဘဏ်ရဲ့ မျက်နှာဖုံးလား ရှေ့နေဂူခင်ဗျား ရွီမော်ဘဏ်က ဒီအိုကြီးတွေကို ကျွန်တော့်အတွက် ထောင်ထဲ ပို့ပေးနိုင်မလား]

ထိုအချိန်တွင် ဂူချန်က လက်ကို မြှောက်လိုက်သည်။

တရားသူကြီး ဝမ်ကျုံးက "တရားခံဘက်က ရှေ့နေ ပြောလိုတာကို ပြောပါ" ဟု ခွင့်ပြုသည်။

ဂူချန်က "တရားသူကြီးခင်ဗျား အထောက်အထားတွေက ရှင်းလင်းနေပါပြီ။ ကျောက်ဂျွန်က အာမခံလုပ်ငန်း ဒါမှမဟုတ် ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းတွေကို ဘာမှလုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး"

"ဒါ့အပြင် ကျောက်ဂျွန်ရဲ့ ဘဏ်အကောင့်ထဲကနေ ငွေ ၃ သိန်းက အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ရပါတယ်။ ဘဏ်က ကျောက်ဂျွန်ရဲ့ အကောင့်ထဲက ငွေ ၅ သိန်းကို ငွေကြေးစီမံခန့်ခွဲမှုတွေအဖြစ် ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲပစ်ခဲ့သလို ၃ သိန်းကိုလည်း ခွင့်ပြုချက်မယူဘဲ လွှဲပြောင်းယူဆောင်သွားခဲ့ပါတယ်။ ကျောက်ဂျွန်က ငွေအပ်နှံမှုသာ လုပ်ဆောင်ခဲ့တာကို ဘဏ်က ငွေကြေးစီမံခန့်ခွဲမှုသာ ဖြစ်ကြောင်း အတင်းအကြပ် ပြောဆိုနေတာပါ"

"ပထမအချက်အနေနဲ့ ရွီမော်ဘဏ်က တရားခွင်မှာ အတုအယောင် အထောက်အထားတွေ တင်ပြခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၅ အရ တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်းမှာ သက်သေ၊ ကျွမ်းကျင်သူ၊ မှတ်တမ်းတင်သူ ဒါမှမဟုတ် ဘာသာပြန်သူက အမှုရဲ့ အရေးပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အခြားသူတွေကို အပြစ်ပုံချဖို့ ဒါမှမဟုတ် အပြစ်ကျူးလွန်ကြောင်း အထောက်အထားတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်နဲ့ မမှန်မကန် ထွက်ဆိုချက်ပေးခြင်း၊ အကဲဖြတ်ခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်း ပြုလုပ်ပါက ထောင်ဒဏ် သို့မဟုတ် ၃ နှစ်အထိ ထိန်းသိမ်းခြင်း ခံရမှာဖြစ်ပြီး ပြင်းထန်သော အခြေအနေများတွင် ၃ နှစ်မှ ၇ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပါတယ်"

"ဒီအမှုမှာ ရွီမော်ဘဏ်ရဲ့ ကိုယ်စားလှယ် ဝမ်ဝမ်ရွှမ်က အတုအယောင် အထောက်အထားတွေကို တင်ပြခဲ့တာကြောင့် ဝမ်ဝမ်ရွှမ်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"

"ဒုတိယအချက်အနေနဲ့ ရွီမော်ဘဏ်က ဖောက်သည်တွေရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်ခဲ့ပြီး အထောက်အထားတွေကလည်း အငြင်းပွားစရာမရှိအောင် ခိုင်လုံနေပါတယ်။ ဘဏ်ဝန်ထမ်းက ငွေကြေးကို အလွဲသုံးစားလုပ်ခဲ့ပေမဲ့ ဒါက ရွီမော်ဘဏ်ရဲ့ မန်နေဂျာ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌတို့ရဲ့ ဖိအားပေးမှုကြောင့်ပါ။ ပုဂ္ဂိုလ်ရေးအရ ဖောက်သည်ရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်လိုတဲ့ ဆန္ဒရှိသလို အမှန်တကယ်လည်း အလွဲသုံးစားလုပ်မှု ကျူးလွန်ခဲ့ပြီး ပမာဏကြီးမားတဲ့အတွက်ကြောင့် အလွဲသုံးစားမှု ပြစ်မှုမြောက်ပါတယ်"

"ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အရ ထောင်ဒဏ် သို့မဟုတ် ၃ နှစ်အထိ ထိန်းသိမ်းနိုင်ပြီး၊ လုပ်ငန်းခွင်မှာ ငွေကြေးပမာဏ ကြီးမားစွာ အလွဲသုံးစားလုပ်ပါက ၃ နှစ်မှ ၇ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပြီး အထူးကြီးမားတဲ့ ငွေကြေးပမာဏဆိုပါက ၇ နှစ်အထက် ထောင်ဒဏ် ချမှတ်နိုင်ပါတယ်"

"ဘဏ်ဝန်ထမ်းအနေနဲ့ ဖိအားပေးမှုကြောင့်သာ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်လိုတဲ့ စိတ်စေတနာ မရှိခဲ့တဲ့အတွက် သူမမှာ ဥပဒေအရ တာဝန်ရှိခြင်းမရှိပါ"

"ဒါ့အပြင် တင်ပြထားတဲ့ အထောက်အထားတွေအရ ရွီမော်ဘဏ်ရဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ မန်နေဂျာတို့က သုံးနှစ်တာကာလအတွင်း ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထပ်ခါတလဲလဲ အလွဲသုံးစားလုပ်ခဲ့ပြီး ဖောက်သည်တွေရဲ့ အပ်ငွေတွေကို အာမခံ၊ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ပြောင်းလဲခဲ့ရာ စုစုပေါင်း ယွမ် ၃ သန်းကျော် ရှိနေပါတယ်"

"ဒါကြောင့် ရွီမော်ဘဏ်ရဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ မန်နေဂျာတို့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပေးဖို့နဲ့ ရွီမော်ဘဏ်အနေနဲ့ ဖောက်သည်တွေ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေကို ပြန်လည်လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်"

"တတိယအချက်အနေနဲ့ အများပြည်သူ အကျိုးစီးပွားကို ထပ်ခါတလဲလဲ ထိခိုက်စေခဲ့တဲ့အတွက် ရွီမော်ဘဏ်ရဲ့ လုပ်ဆောင်ချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်"

"တရားသူကြီးခင်ဗျား ကျွန်တော့်ဘက်က တင်ပြချက်ကတော့ ဒီလောက်ပါပဲ"

ရဲတပ်ဖွဲ့ဝင်များမှာမူ ရွီမော်ဘဏ်၏ တရားလိုကိုယ်စားလှယ် ဝမ်ဝမ်ရွှမ်ထံသို့ ချဉ်းကပ်သွားခဲ့ပြီဖြစ်သည်။

ဝမ်ဝမ်ရွှမ်မှာ "……."

ဝမ်ဝမ်ရွှမ်က "တရားသူကြီးခင်ဗျား ကျွန်တော့်မှာ ပြောစရာရှိပါတယ် ကျွန်တော့်မှာ ပြောစရာရှိပါတယ်" ဟု အော်ဟစ်လိုက်သည်။

ဝမ်ဝမ်ရွှမ်မှာ ကိုယ့်ကိုကိုယ် ကယ်တင်ရန် စကားပြောချင်နေသည်။

သူသည် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အမှုကို လာရောက်ခုခံချေပရုံသက်သက်သာ ဖြစ်သော်လည်း ယခုအခါတွင်မူ တရားလိုဖြစ်သူကိုယ်တိုင်ပင် အဖမ်းခံရတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

All Chapters