← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း။ ၁၈၇

ဝမ်ဝမ်ရွှမ်သည် ဘဏ်ကထုတ်ပေးလိုက်သည့် နောက်ဆုံးမှတ်တမ်းများကို ထုတ်ယူလိုက်ပြီး "တရားသူကြီးခင်ဗျား ဒါက နားလည်မှုလွဲမှားတာပါ။ ဘဏ်အနေနဲ့ အရင်က မှားယွင်းမှုတစ်ခု ဖြစ်သွားခဲ့တာပါ။ ခုနကပဲ ဘဏ်က ကျောက်ဂျွန်ရဲ့ စာအုပ်ကို ပြန်စစ်ဆေးကြည့်လိုက်တဲ့အခါ ငွေ ၅ သိန်း ရှိနေဆဲဖြစ်ပြီး ဘာငွေထုတ်မှတ်တမ်းမှ မရှိတာကို တွေ့ရှိရပါတယ်" ဟု ပြောသည်။

"နာမည်တူ ကျောက်ဂျွန်ဆိုတဲ့ နောက်ထပ်လူတစ်ယောက်က ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းလုပ်ထားတာကြောင့် ဘဏ်အနေနဲ့ နားလည်မှုလွဲမှားသွားတာပါ။ ဘဏ်က ငွေကြေးစီမံခန့်ခွဲမှုနဲ့ အာမခံတွေ ဝယ်ဖို့ တိုက်တွန်းတာက ဖောက်သည်တွေအတွက် အကျိုးရှိအောင်လို့ မဟုတ်ဘူးလား။ သာမန်အပ်ငွေရဲ့ အတိုးနှုန်းက အရမ်းနည်းလွန်းတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက အမြတ်ပိုရတယ်။ ဒါကြောင့် လူတော်တော်များများက သူတို့သဘောဆန္ဒနဲ့ သူတို့ ဝယ်ချင်ကြတာပါ"

"ရွီမော်ဘဏ်အနေနဲ့ တာဝန်အချို့ရှိပြီး ပေါ့ဆမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရွီမော်ဘဏ်က အပြည့်အဝ တာဝန်ယူပြီး ဖောက်သည်တွေရဲ့ ဆုံးရှုံးမှုအားလုံးအတွက် လျော်ကြေးပေးသွားမှာပါ။ ဘဏ်ကလည်း တောင်းပန်လွှာ ထုတ်ပြန်ပေးပါမယ်။ ဒီကိစ္စမှာ နားလည်မှုလွဲတာတစ်ခုခု ရှိနေရပါမယ်"

"ဘဏ်ဝန်ထမ်း အရင်ကပေးခဲ့တဲ့ အသံဖိုင်က လျှို့ဝှက်ရိုက်ကူးထားတာဖြစ်လို့ တိုက်ရိုက်သက်သေအဖြစ် သုံးလို့မရပါဘူး။ ကျွန်တော်တို့ဘဏ်က အမြဲတမ်း ဥပဒေနဲ့အညီ လိုက်နာခဲ့ပြီး ဖောက်သည်တွေကို ထည့်သွင်းစဉ်းစားပေးခဲ့ပါတယ်... ကျောက်ဂျွန်ရဲ့ ပိုက်ဆံ ၅ သိန်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီး နောက်ဆုံးရလဒ်ကို ရရှိပြီးပါပြီ"

သူက အကြောင်းပြသည်။

ဘဏ်သည် အရေးပေါ် အစီအစဉ်တစ်ခုကို ချက်ချင်း လုပ်ဆောင်လိုက်သည်။

ကျောက်ဂျွန်၏ စာအုပ်ထဲတွင် ၂ သိန်းသာ ကျန်တော့သည်ကို ၃ သိန်း ဖြည့်စွက်လိုက်ပြီး အပြုသဘောဆောင်သည့် သဘောထားကို ပြသရန် ကြိုးစားလိုက်သည်။

အကယ်၍သာ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက ရွီမော်ဘဏ်မှ လူများစွာ ထောင်ကျရမည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်သည်။

ဂူချန်က "တရားသူကြီးခင်ဗျား ရွီမော်ဘဏ်ရဲ့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်အားလုံးကို စုံစမ်းစစ်ဆေးဖို့အတွက် တရားခွင်ကို ခေတ္တရပ်နားပေးပါရန် တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။

တရားသူကြီး ဝမ်ကျုံးက ဝမ်ဝမ်ရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။

ဘဏ်ရဲ့ လုပ်ဆောင်မှုတွေက အရမ်းမြန်တာတော့ အမှန်ပဲ။ ဒါပေမဲ့... ဒါက တကယ်ပဲ တိုက်ဆိုင်လွန်းမနေဘူးလား...

စောစောတုန်းကတော့ ကျောက်ဂျွန်က ဘဏ်မှာ ငွေကြေးစီမံခန့်ခွဲမှု လုပ်ထားတာပါလို့ ပြောခဲ့ပြီးမှ... အခုကျမှပဲ... နာမည်တူ တခြားလူတစ်ယောက် ရှိနေပြန်ပါသေးတယ်လို့ လှည့်ပြောလာပြန်ပြီ...

သူတို့ရဲ့ လိမ်ဆင်တွေကတော့... တကယ်ကို ရယ်စရာပဲ...

တရားသူကြီး ဝမ်ကျုံးက "အခု ဒီအမှုကို ဆိုင်းငံ့ထားကြောင်း ကြေညာလိုက်တယ်" ဟု အမိန့်ချသည်။

အမှုကို ၁၀ ရက်တာ ဆိုင်းငံ့လိုက်သည်။

ထို ၁၀ ရက်အတွင်း ရွီမော်ဘဏ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဘဏ်မှာလည်း အလုပ်များနေသည်။

ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးများအားလုံးမှာ ထိတ်လန့်နေကြသည်။

ဂူချန်က သူတို့အားလုံးကို ထောင်ထဲပို့ရန် ကြိုးစားနေခြင်းပင်။

သူတို့သည် အထောက်အထားများကို ဖျောက်ဖျက်ကာ နှစ်ပေါင်းများစွာ လုပ်ခဲ့သမျှ လုပ်ငန်းစဉ်များကို အစအနမကျန်အောင် ပြင်ဆင်ရန် ကြိုးစားနေကြသည်။

သို့သော်လည်း အများပြည်သူ၏ ဒေါသမှာမူ ထိန်းချုပ်မရတော့ပေ။

အင်တာနက် သုံးစွဲသူများက ရွီမော်ဘဏ်ကို ဝေဖန်နေကြပြီး ဖောက်သည်များကလည်း ငွေထုတ်ရန် ရွီမော်ဘဏ်သို့ စုပြုံရောက်ရှိလာကြသည်။

မည်သူမျှ ရွီမော်ဘဏ်တွင် ငွေအပ်ရဲတော့မည် မဟုတ်ပေ။

ဖောက်သည်များမှာ အလွန်ဒေါသထွက်နေကြပြီး "ဒီမိုက်မဲတဲ့ ဘဏ် ငါ့ပိုက်ဆံ ပြန်ပေးစမ်း"၊ "ငါ့ကို ငါ့အဖေဟာ ငါ့အဖေဖြစ်ကြောင်းထပ်သက်သေပြခိုင်းဦးမလား"၊ "ငွေ ၈,၀၀၀ ထုတ်ဖို့တောင် ချိန်းဆိုရမယ်တဲ့လား ဘဏ်မလုပ်တတ်ရင် မဖွင့်နဲ့" ဟု ဆဲဆိုနေကြသည်။

ရွီမော်ဘဏ်တစ်ခုလုံး ပြိုလဲသွားပြီဖြစ်သည်။

ဥက္ကဋ္ဌ ဝမ်ရွေ၊ ဒုတိယဥက္ကဋ္ဌ၊ ကြီးကြပ်ရေးမှူးများနှင့် မန်နေဂျာများအားလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေကြသည်။

ဝမ်ရွေသည် ရုံးခန်းထဲတွင် ဘဏ်၏ အဆင့်မြင့်အရာရှိများနှင့် အရေးပေါ်အစည်းအဝေး ခေါ်ယူထားသည်။

ဝမ်ရွေတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ခွက်ကို ပစ်ပေါက်ကာ စားပွဲကို ဒေါသတကြီး ထုလိုက်ကာ ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဝမ်ရွေက "ဂူချန်ဆိုတဲ့ကောင်က ဒီလောက်ထိ အရှက်မရှိတာလား။ ကျောက်ရိရှန်းအမှုတစ်ခုတည်းနဲ့ မပြီးဘူးလား။ ငါတို့အားလုံးကိုပါ ထောင်ထဲပို့ဖို့ ကြိုးစားနေတာလား။ ငါတို့ ကျောက်ရိရှန်းအမှုကနေ အစတည်းက လက်လျှော့ပြီး လျော်ကြေးပေးလိုက်ရင် ပြီးနေပြီကို အခုတော့ ဂူချန်က ငါတို့အားလုံးကိုပါ ဆွဲခေါ်သွားတော့မှာပဲ" ဟု အော်ဟစ်သည်။

ကျန်းဟုန်ရှန်းကလည်း ယုံကြည်နိုင်စွမ်း မရှိဖြစ်နေသည်။

"ဥက္ကဋ္ဌ ဂူချန်က ဒီလောက်ထိ လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါကတော့ တကယ်ကို လွန်လွန်းတယ်။ ပုံမှန်ဆိုရင် ရှေ့နေတစ်ယောက်က သူ့အမှုသည်အတွက် အနိုင်ရဖို့ပဲ ကြိုးစားမှာလေ။ ဂူချန်ကတော့ ငါတို့ကို ထောင်ထဲရောက်အောင် အဓိကထား လုပ်နေတာ။ သူက ငါတို့ကို သေသူတွေလို သဘောထားနေတာလား" ဟု ပြောသည်။

ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်က "ဒီလိုကစားတာကိုး ဟုတ်လား ဂူချန်က အရင်အမှုဟောင်းတွေကို တူးဖော်လိုက်တာနဲ့ အပြင်မှာ လူတွေက ပိုက်ဆံတွေ အကုန်ပြန်ထုတ်ဖို့ ဝိုင်းအော်နေကြပြီ။ အဲလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ရှာပေးရမှာလဲ" ဟု ညည်းတွားသည်။

ဝမ်ရွေက "စုံစမ်းစစ်ဆေးမှုသာ တကယ်ဖြစ်လာရင် ငါတို့အားလုံး ပြီးသွားပြီ။ ရွီမော်ဘဏ်လည်း ပြီးပြီ ငါတို့ကိုယ်တိုင်တောင် ကယ်လို့ရတော့မှာ မဟုတ်ဘူး" ဟု စိုးရိမ်စွာ ပြောလိုက်သည်။

ကျန်းဟုန်ရှန်းက "ဥက္ကဋ္ဌ ဂူချန်ဆီ သွားပြီး ညှိနှိုင်းကြည့်ရင်ရော ဂူချန်ကို တစ်ခုခု ကမ်းလှမ်းပြီး စာတစ်စောင်လောက် ရေးခိုင်းလိုက်ရင် ငါတို့ အဆင်ပြေနိုင်မလား..." ဟု အကြံပေးသည်။

ဝမ်ရွေက "မင်း အရူးလား အခု ဂူချန်ဆီသွားတယ်ဆိုတာ ကိုယ့်အပြစ်ကို ကိုယ်ဝန်ခံလိုက်သလို ဖြစ်မနေဘူးလား။ ငါတို့ အကုန်ပြီးသွားပြီ။ စုံစမ်းစစ်ဆေးမှုတွေက စတင်နေပြီ။ ဖောက်သည်တွေကလည်း ပိုက်ဆံတွေ ပြန်တောင်းနေကြပြီ..." ဟု ငြင်းပယ်သည်။

ဝမ်ရွေက အချိန်အနည်းငယ် စဉ်းစားပြီးနောက် "စုံစမ်းစစ်ဆေးမှုကို လက်ခံလိုက်တဲ့အနေနဲ့ ဘဏ်တွေကို ခေတ္တပိတ်ထားလိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရင်ပိတ်မယ်။ ပြီးမှ အတွင်းပိုင်းစစ်ဆေးမှု လုပ်မယ်လို့ ကြေညာချက် ထုတ်လိုက်။ ဒီအမှုကို အသေးအဖွဲကိစ္စအဖြစ်နဲ့ပဲ ငြိမ်သွားအောင် လုပ်လို့ရမယ်။ PR အဖွဲ့ကို ခိုင်းပြီး တောင်းပန်လိုက် အလကားကတိတွေ ပေးလိုက်။ ဂူချန်က ငါတို့ကို ဘာမှ လုပ်မရဘူး" ဟု အမိန့်ပေးသည်။

ဝမ်ရွေသည် ဂူချန်တစ်ယောက်တည်းက ရွီမော်ဘဏ်ကို ဤမျှအထိ ပြိုလဲသွားအောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ ရွီမော်ဘဏ်သည် လုံးဝ ဒုက္ခရောက်တော့မည်မှာ သေချာနေပြီဖြစ်သည်။

ဝမ်ရွေက "မြန်မြန်လုပ်ကြ တစ်ခုခုစဉ်းစားကြ။ PR လုပ်ကြ။ ရွှေ့လျားကြ မကြောက်ကြနဲ့။ ငါတို့ ဘာမှမဖြစ်ဘူး" ဟု အော်ဟစ်နေချိန်တွင်ပင်...

သိုးကလေးနေ့စဉ်သတင်းစာက Weibo တွင် ထပ်မံတင်ပြလိုက်သည်။

[ရွီမော်ဘဏ်မှာ ယုံကြည်မှုအကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး ဖောက်သည်များ၏ ပိုင်ဆိုင်မှုများကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းမှုအတွက် စုံစမ်းစစ်ဆေးခံနေရ]

[ရွီမော်ဘဏ်က မတရားသော ညွှန်ကြားချက်များထုတ်ပြန်ပြီး [ငါ့အဖေဟာ ငါ့အဖေဖြစ်ကြောင်း]၊ [ငါ့ယောက်ျားဟာ ငါ့ယောက်ျားဖြစ်ကြောင်း] သက်သေပြခိုင်း]

[သိုးကလေးနေ့စဉ်သတင်းစာမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်၍ ရွီမော်ဘဏ်အား စုံစမ်းစစ်ဆေးတော့မည်]

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ပင် ရောက်ရှိလာခဲ့သည်။

ကိစ္စက ကြီးကျယ်လွန်းသွားပြီ ဖြစ်သည်။

ယခုအခါ ရွီမော်ဘဏ်ရှိ လူတိုင်းမှာ လျှပ်စီးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။

ပြီးဆုံးသွားပြီ….

လုံးဝ ပြိုလဲသွားပြီ…..

ဝမ်ရွေ၏ မျက်နှာမှာ ဖြူလျော့သွားပြီး ရုံးခန်းထဲတွင်ပင် သတိမေ့မြော၍ လဲကျသွားတော့သည်။

ဒုတိယဥက္ကဋ္ဌမှာ အဆောက်အအုံပေါ်မှ ခုန်ချရန် ကြိုးပမ်းခဲ့သော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အချိန်မီ ဆွဲထားနိုင်ခဲ့သည်။

ရွီမော်ဘဏ်သည် ဘဏ်တစ်ခုဖြစ်သည့်အတွက် ယုံကြည်မှုအကျပ်အတည်း ဖြစ်ပေါ်လာပါက သာမန်ပြည်သူ မည်မျှထိ ခံစားရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ထို့ပြင် အများပြည်သူ၏ ဖိအားနှင့် ဝေဖန်မှုများ အလွန်ပြင်းထန်လာသဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ရွီမော်ဘဏ်ကို တာဝန်ယူကာ ဘက်စုံစုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

မမျှော်လင့်ထားဘဲနှင့်ပင် စုံစမ်းစစ်ဆေးမှုများသည် ရွီမော်ဘဏ်၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေသော ပြဿနာများကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။

ရွီမော်ဘဏ်မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကမှ တည်ထောင်ခဲ့သည့် ဘဏ်ဖြစ်ပြီး အတိုးနှုန်းမှာ အတော်လေး မြင့်မားသဖြင့် အပ်ငွေများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ဤဘဏ်မှာ ကြီးမားသည့်ဘဏ်မျိုး မဟုတ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတိုင်းအတာတစ်ခုအထိ ရှိနေသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အရာအားလုံးကို ရှင်းလင်းစွာ ဖော်ထုတ်ရန် ၁၀ ရက်သာ အချိန်ယူခဲ့ရသည်။

ရွီမော်ဘဏ်သည် ထိုအချိန်တွင် မည်သည့်လှုပ်ရှားမှုကိုမျှ အကြီးအကျယ် မလုပ်ရဲတော့ပေ။ အမှန်တကယ်ပင် ဖောက်သည်များ၏ ပိုင်ဆိုင်မှုများကို ခွင့်ပြုချက်မရှိဘဲ ငွေကြေးစီမံခန့်ခွဲမှုများနှင့် အာမခံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လွှဲပြောင်းခဲ့ကြသည်။

၎င်းတို့ကို ယခင်က ဖော်ထုတ်နိုင်ခြင်း မရှိခဲ့သော်လည်း ရွီမော်ဘဏ်မှာ ဖောက်သည်များ၏ ပိုင်ဆိုင်မှုများကို သဘောတူညီချက်မရယူဘဲ အခြားလုပ်ငန်းများအတွက် အသုံးပြုခဲ့ခြင်းပင်။

ရွီမော်ဘဏ်သည် လူငယ်များကို အနိုင်မကျင့်ရဲဘဲ အသက်အရွယ်ကြီးရင့်သူများကိုသာ အဓိကပစ်မှတ်ထားလေ့ရှိသည်။

ဘဏ်လုပ်ငန်းများကို နားမလည်ကြသည့် သက်ကြီးရွယ်အိုများစွာမှာ နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ကြရသည်။

သို့သော် ရွီမော်ဘဏ်မှာ ဤနှစ်များအတွင်း အမှုတစ်ခုမျှ အရှုံးမရှိခဲ့ပေ။

ယခု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ပါဝင်လာသည့်အခါတွင်မူ အမှုတွဲများစွာမှာ ပေါ်ပေါက်လာတော့သည်။

ရွီမော်ဘဏ်၏ ဥက္ကဋ္ဌ ဝမ်ရွေနှင့် ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်တို့မှာ ပြင်းထန်သော ရာဇဝတ်မှုများကို ကျူးလွန်ထားကြသည်။

ကျန်ရှိနေသော မန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများမှာလည်း ပြဿနာအနည်းနှင့်အများ ရှိနေကြသည်။

ဂူချန်တစ်ယောက် ဤအမှုအတွက် စနစ်ကို အသုံးပြုလိုက်သည့်အခါ ဘဏ်၏ အကြီးအကဲများအားလုံး၏ အပြစ်များကို ဖော်ထုတ်နိုင်ခဲ့သည်။

၁၀ ရက်အကြာတွင် တရားခွင် ပြန်လည်စတင်သည်။

တရားခွင်စတင်ပြီး ၁၀ မိနစ်အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေ တစ်သိန်းကျော်သွားခဲ့သည်။

ရွီမော်ဘဏ်၏ ဥက္ကဋ္ဌ ဝမ်ရွေ၊ ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်၊ တရားရေးဌာန အကြီးအကဲ ကျန်းဟုန်ရှန်း၊ ကြီးကြပ်ရေးမှူးများနှင့် မန်နေဂျာများအားလုံးကို ရဲတပ်ဖွဲ့က ဝိုင်းရံကာ ဖမ်းဆီး၍ ခေါ်ဆောင်လာခဲ့သည်။

[သောက်ကျိုးနည်း ဒီလောက်ထိ ကြီးကျယ်တဲ့ မြင်ကွင်းမျိုးလား]

[ဟုတ်တာပေါ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တောင် ဆင်းလာတာလေ...]

[နိုင်ငံတော်က ရွီမော်ဘဏ်ကို စစ်ဆေးနေပြီ။]

[ရှေ့နေဂူ ဒီအမှုကို တကယ်ကို အကွက်လှလှလေးနဲ့ ကိုင်တွယ်ပြသွားတယ်။]

[သောက်ကျိုးနည်းဟေ့….ရွီမော်ဘဏ်ဥက္ကဋ္ဌတော့ ထောင်ထဲ သွားရတော့မှာပဲ]

တရားရုံးမှာ နောက်ဆုံးစီရင်ချက် ချမှတ်မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး အထောက်အထားအားလုံးမှာလည်း နေရောင်အောက်တွင် ထင်ရှားနေသကဲ့သို့ ရှင်းလင်းပြတ်သားနေပြီဖြစ်သည်။

တရားရုံးစာရေး "အားလုံး ထရပ်ကြပါ"

တရားခွင်ရှိ လူအားလုံး ထရပ်လိုက်ကြသည်။

ဂူချန်က တရားသူကြီးကို ကြည့်လိုက်ပြီး ဤအမှု အနိုင်ရပြီဆိုသည်ကို သိရှိလိုက်သည်။

တရားသူကြီး ဝမ်ကျုံးက စီရင်ချက်စာရွက်စာတမ်းများကို ကိုင်တွယ်ရင်း စတင်ပြောကြားသည်။

"တရားရုံးက ဆုံးဖြတ်လိုက်တာကတော့ ကျောက်ရိရှန်းက ဓားပြတိုက်သူရဲ့ အပေါင်းပါ မဟုတ်သလို ဓားပြတိုက်ဖို့ ရည်ရွယ်ချက်လည်း မရှိခဲ့ဘူး။ ကျောက်ရိရှန်းက အပေါင်းပါဖြစ်တယ်ဆိုတဲ့ တရားလိုဘက်ရဲ့ စွပ်စွဲချက်ကို တရားရုံးက လက်မခံဘူး။ ဒါကြောင့် ကျောက်ရိရှန်းကို စွဲချက်တွေကနေ ကင်းလွတ်ခွင့် ပေးလိုက်ပြီ"

"ဘဏ်က ကျောက်ရိရှန်းကို အသရေဖျက်ပြီး ၂၃ ရက်ကြာ ထိန်းသိမ်းခံရအောင် လုပ်ခဲ့တဲ့အတွက် သူ့ကို စိတ်ပိုင်းဆိုင်ရာ နစ်နာမှုလျော်ကြေးအဖြစ် ယွမ် ၁၂,၄၃၅ ပေးဖို့ အမိန့်ချမှတ်လိုက်တယ်"

တရားရုံး၏ စီရင်ချက်ကို ကြားလိုက်ရသည့်အခါ ကျောက်ရိရှန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်...

ငါ….စွဲချက်အားလုံးကနေ လုံးဝ ကင်းလွတ်ခွင့် ရသွားခဲ့ပြီပဲ...

ဒါတင်မကသေးဘူး...

ငါက ရွီမော်ဘဏ်ဆီကနေပါ လျော်ကြေးငွေ အများကြီး ပြန်ပြီး ရခဲ့သေးတယ်..

ကျောက်ရိရှန်းသည် ဂူချန်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

အကယ်၍သာ ရှေ့နေဂူသာ မရှိခဲ့ပါက သူ့ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့မည်ပင်။

တရားသူကြီး ဝမ်ကျုံးသည် စာရွက်စာတမ်းများကို ကြည့်ရှုရင်း ဆက်ပြောလိုက်သည်။

ယခုအခါ ရွီမော်ဘဏ်အတွက် စီရင်ချက်ကို ချမှတ်တော့မည်ပင်။

"ရွီမော်ဘဏ်ရဲ့ တရားလိုကိုယ်စားလှယ် ဝမ်ဝမ်ရွှမ်က တရားရုံးမှာ မမှန်ကန်တဲ့ အထောက်အထားတွေ တင်ပြခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၅ အရ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်"

"ရွီမော်ဘဏ်ရဲ့ မန်နေဂျာ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌတို့က ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁ အရ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်"

"ပြီးတော့ ရွီမော်ဘဏ်အနေနဲ့ ဖောက်သည်တွေ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေအားလုံးကို ပြန်လည်လျော်ကြေးပေးဖို့နဲ့ ဒီကိစ္စအတွက် အများပြည်သူရှေ့မှာ တရားဝင် တောင်းပန်ဖို့ အမိန့်ချမှတ်လိုက်တယ်"

အခန်း။ ၁၈၈

တရားသူကြီး ဝမ်ကျုံးသည် ရွီမော်ဘဏ်မှ လူအချို့ကို တရားခွင်တွင် ကြည့်လိုက်သည်။

ဘဏ်ဥက္ကဋ္ဌ ဝမ်ရွေ၊ ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ...

တိုက်ရိုက်ထုတ်လွှင့်မှုရှိ အွန်လိုင်းကြည့်ရှုသူများက မှတ်ချက်များ တရစပ် ရေးသားနေကြသည်။

[ဘာဖြစ်တာလဲ ဥက္ကဋ္ဌကြီးတောင် ဖမ်းခံလိုက်ရတာလား လက်ထိတ်တောင် ပါနေပြီ။]

[ဒုတိယဥက္ကဋ္ဌလည်း အဖမ်းခံရတယ်။ သူတို့ ဘာအမှားတွေ လုပ်မိတာလဲ။]

[တကယ်ကို ဒရမ်မာဆန်တယ်။ ရှေ့နေဂူက တကယ့်ကို အံ့သြဖို့ကောင်းတယ်။]

[ဘာပြောကောင်းမလဲဟယ် သိုးကလေးနေ့စဉ်သတင်းစာက သတင်းထုတ်လိုက်ကတည်းက နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ပါ ဆင်းလာတာ။ ဘယ်လိုမှ ပြန်လှည့်လို့ မရတော့ဘူး။]

[ရွီမော်ဘဏ်က လူဘယ်နှစ်ယောက်လောက်များ အဖမ်းခံရမလဲ မသိဘူး။ အခု မြင်နေရတာက ရေခဲတောင်ထိပ်ဖျားပဲ ရှိသေးတာ။ ဖောက်သည်တွေကို ဒုက္ခပေးတာ၊ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းတာ၊ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲ ဘယ်သူသိမလဲ။]

[ဒါကတော့ ရှေ့နေဂူပဲ၊ နည်းနည်းတော့ လွန်နေပြီလားလို့...]

တရားသူကြီး ဝမ်ကျုံး "စုံစမ်းစစ်ဆေးချက်တွေအရ"

"ရွီမော်ဘဏ်ဥက္ကဋ္ဌ ဝမ်ရွေက အချိန်အတော်ကြာအောင် ချေးငွေရယူသူတွေနဲ့ လက်အောက်ငယ်သားတွေဆီက ပရီမီယံအရက်တွေလို ဈေးကြီးတဲ့ လက်ဆောင်တွေ၊ ငွေကြေးတွေ လက်ခံခဲ့တယ်။ အများပိုင်ငွေကို စားသောက်မှုနဲ့ ဖျော်ဖြေရေးတွေအတွက် မလျော်မကန် သုံးစွဲခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိက ကလပ်တွေ တက်ခဲ့တယ်။ အခွင့်အရေးကို အသုံးချပြီး ခရီးတွေ လှည့်ပတ်သွားလာတာ၊ ကုမ္ပဏီဧည့်ခန်းတွေကို ခွင့်ပြုချက်မရှိဘဲ ရေရှည်သိမ်းပိုက်ထားတာတွေ လုပ်ခဲ့တယ်။

သူ့ရာထူးကို အသုံးပြုပြီး ဝန်ထမ်းရွေးချယ်ရေး၊ ခန့်အပ်ရေးနဲ့ ရာထူးတိုးမြှင့်ရေးတွေမှာ တခြားသူတွေအတွက် အကျိုးအမြတ်ရအောင် လုပ်ပေးခဲ့တယ်။ အရင်လုပ်ငန်းခွင်မှာ ချေးငွေလုပ်ငန်း၊ ဗဟိုမှ ဝယ်ယူရေးနဲ့ အတွင်းပိုင်း စစ်ဆေးမှုတွေကို တရားမဝင် ဝင်ရောက်စွက်ဖက်ခဲ့တယ်။

သူက လောင်းကစားတွေမှာ ရေရှည် ပါဝင်ခဲ့ပြီး ကိုယ်ကျိုးအတ္တကြောင့် ငွေကြေးအကျိုးအမြတ်အတွက် အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်။ ချေးငွေခွင့်ပြုချက်အတွက် ငွေကြေးအမြောက်အမြားကို တရားမဝင် လက်ခံခဲ့တယ်။

စိတ်ထင်တိုင်းကြဲ၊ မဆင်မခြင် ဆုံးဖြတ်ချက်တွေက နိုင်ငံတော် အကျိုးစီးပွားကို သိသိသာသာ ထိခိုက်စေခဲ့တယ်။ ခွင့်ပြုချက်မရှိဘဲ ငွေကြေးလက်မှတ်တွေ၊ ချေးငွေတွေ ထုတ်ပေးခဲ့တာကြောင့် နိုင်ငံတော်ပိုင်ဆိုင်မှုတွေကို အလွန်အမင်း ဆုံးရှုံးစေခဲ့တယ်။

ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်လွှဲပြောင်းခဲ့ပြီး ငွေပမာဏလည်း အရမ်းကြီးမားတယ်။

ပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများ၊ ကြီးကြပ်ရေးဥပဒေနဲ့ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းဥပဒေတို့ရဲ့ ပြဋ္ဌာန်းချက်တွေအရ ဝမ်ရွေကို ပါတီကနေ ထုတ်ပယ်ဖို့နဲ့ တရားမဝင် ရရှိထားတဲ့ အကျိုးအမြတ်တွေကို သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်တယ်။

ပြစ်မှုဆိုင်ရာဥပဒေအရ ဝမ်ရွေရဲ့ လုပ်ရပ်တွေက လာဘ်ပေးလာဘ်ယူမှု၊ ခွင့်ပြုချက်မရှိဘဲ ငွေကြေးလက်မှတ် ထုတ်ပေးမှု၊ တရားမဝင် ချေးငွေထုတ်ပေးမှု၊ တရားမဝင် ပိုင်ဆိုင်မှုလွှဲပြောင်းမှု၊ ရန်ပုံငွေ အလွဲသုံးစားပြုမှုနဲ့ အများပိုင်ငွေ အလွဲသုံးစားပြုမှုတွေ ဖြစ်တဲ့အတွက် ပြစ်ဒဏ်တွေကို ပေါင်းစပ်ချမှတ်တယ်။ ဝမ်ရွေရဲ့ ဝန်ခံတဲ့ သဘောထားနဲ့ တရားမဝင်ရရှိထားတာတွေကို ပြန်လည်ပေးအပ်တာကို ထည့်သွင်းစဉ်းစားပြီး သက်ညှာပေးတဲ့အနေနဲ့ ဝမ်ရွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပြီး ယွမ် ၆.၂ သန်း ဒဏ်ရိုက်လိုက်တယ်"

တရားရုံးက စီရင်ချက်ချလိုက်ပြီ……

ရွီမော်ဘဏ်ဥက္ကဋ္ဌကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း တိုက်ရိုက် ချမှတ်လိုက်သည်။

ချက်ချင်းဆိုသလို တရားသူကြီး ဝမ်ကျုံးက ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်၏ ပြစ်မှုများကို ဖတ်ကြားသည်။

"စစ်ဆေးချက်အရ ရှီကိုင်ဝမ်ရဲ့ လုပ်ရပ်တွေက လာဘ်ပေးလာဘ်ယူမှု၊ ခွင့်ပြုချက်မရှိဘဲ ငွေကြေးလက်မှတ် ထုတ်ပေးမှု၊ တရားမဝင် ချေးငွေထုတ်ပေးမှုနဲ့ ပြည်ပနိုင်ငံခြားငွေ အပ်ငွေတွေကို ဖုံးကွယ်ထားမှုတို့ ဖြစ်တဲ့အတွက် ဥပဒေအရ ပြစ်ဒဏ်ပေါင်းစပ် ချမှတ်ရမယ်။

ရှီကိုင်ဝမ်ရဲ့ လာဘ်ပေးလာဘ်ယူမှု အချို့က ကြိုးပမ်းမှုအဆင့်မှာသာ ရှိသေးတာနဲ့ ဖမ်းမိပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့က မသိသေးတဲ့ လာဘ်ပေးလာဘ်ယူမှု အများစုကို သူကိုယ်တိုင် ဝန်ခံခဲ့တာ၊ ပြစ်မှုအားလုံးကို ရိုးသားစွာ ဝန်ခံခဲ့တာတွေကို ထည့်သွင်းစဉ်းစားထားပါတယ်။ သူ နောင်တရပြီး တရားမဝင်ရရှိထားတဲ့ ငွေကြေးနဲ့ ပစ္စည်းအားလုံးကို တက်ကြွစွာ ပြန်လည်

ပေးအပ်ခဲ့တဲ့အတွက် သက်ညှာပေးထားတယ်။

သူ့ကို ထောင်ဒဏ် ၁၉ နှစ် ချမှတ်ပြီး ယွမ် ၅.၆ သန်း ဒဏ်ရိုက်လိုက်တယ်"

တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက်သုံးစွဲသူများမှာ စီရင်ချက်ကို ကြားပြီးနောက် မှင်သက်သွားကြသည်...

ရွီမော်ဘဏ်ဥက္ကဋ္ဌ ဝမ်ရွေကို တစ်သက်တစ်ကျွန်း၊ ဒုတိယဥက္ကဋ္ဌ ရှီကိုင်ဝမ်ကို ၁၉ နှစ် ထောင်ဒဏ်နှင့် ဆက်လက်၍ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် တခြားသူများကို တစ်ယောက်ပြီးတစ်ယောက် စီရင်ချက်ချသည်။

ရွီမော်ဘဏ်၏ ကိုယ်စားလှယ်တောင် ထောင်ဒဏ် ၃ နှစ် ဆိုင်းငံ့ ၂ နှစ် ချမှတ်ခံလိုက်ရသည်။

တရားရုံးက စီရင်ချက်ချပြီးသွားပြီဖြစ်သည်။

ရွီမော်ဘဏ်၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ အားလုံး ထောင်ကျကုန်ကြကာ ဘဏ်တစ်ခုလုံးနီးပါး ထောင်ထဲ ရောက်သွားခဲ့သည်။

ထို့ပြင် နိုင်ငံတော်မှ ဝင်ရောက်စွက်ဖက်လိုက်သောကြောင့် ရွီမော်ဘဏ်ကို ထိပ်ပိုင်းမှသည် အောက်ခြေအထိ ပြန်လည်ပြင်ဆင်ခဲ့သည်။

တရားသူကြီး ဝမ်ကျုံး "ဒီအမှုက နောက်ဆုံးစီရင်ချက် ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးဥပဒေအရ တရားရုံးပိတ်ပြီး ငါးရက်အတွင်းမှာပဲ စီရင်ချက်ကို သက်ဆိုင်သူတွေဆီ ပေးပို့သွားမယ်"

ဝမ်ကျုံးသည် တူကို ထုလိုက်သည်။

ဒေါက်..ဒေါက်…ဒေါက်….

"တရားခွင် ရပ်နားလိုက်တယ်"

ဤအမှုကြီးကတော့ နောက်ဆုံးတွင် ဆိုးရွားသော နိဂုံးဖြင့် အပြီးတိုင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

တရားခံအဖြစ် ဖမ်းဆီးခြင်းခံလိုက်ရသည့် ဝမ်ရွေ၏ လက်ကောက်ဝတ်ထက်တွင်မူ အေးစက်လှသော စတီးလက်ထိတ်များ ခိုင်မာစွာ ခတ်ခံထားရပြီး ပူပန်သောက ကြီးမားလွန်းလှသဖြင့် ခေါင်းပေါ်ရှိ ဆံပင်များမှာလည်း ရက်ပိုင်းအတွင်းမှာပင် သိသိသာသာ ဖြူဖွေးကာ အိုမင်းသွားခဲ့ရသည်။

တွေးကြည့်လျှင် လွန်ခဲ့သည့် ၁၀ ရက်ခန့်ကတင် သူသည် မြို့တော်၏ ငွေကြေးအာဏာကို ချုပ်ကိုင်ထားသည့် ရွီမော်ဘဏ်၏ ဩဇာတိက္ကမကြီးမားလှသော ဥက္ကဋ္ဌကြီးတစ်ဦးအဖြစ်... ဂုဏ်သရေရှိစွာ ရပ်တည်နေနိုင်ခဲ့ပြီး နှစ်စဉ် သူသည် ငွေကြေးအမြောက်အမြားကို ရှာဖွေနိုင်ခဲ့ပြီး ဇိမ်ကျကျ နေထိုင်ခဲ့သူ ဖြစ်သည်။

ကျောက်ရိရှန်း၏ အမှုကို ကိုင်တွယ်ပြီးသည့်နောက်တွင်လည်း ဘာမျှဖြစ်လာမည်မဟုတ်ဘူးဟု သူ ယုံကြည်ခဲ့သည်။

သို့သော် ဂူချန်သည် သူ့ကို ထောင်ထဲသို့ တိုက်ရိုက် ပို့ဆောင်လိုက်တော့သည်။

ဂူချန်၏ လုပ်ဆောင်ချက်ကြောင့် ဤအမှုမှာ ပိုမိုကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်မှစ၍ နိုင်ငံတော်၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဆင်းလာသောအခါ ဝမ်ရွေ၏ ဘဝလမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားခဲ့ရသည်။

"ဒါတွေ ဘယ်လိုလုပ် ဖြစ်လာရတာလဲ...."

ဝမ်ရွေ သက်ပြင်းချလိုက်မိသည်။

တစ်ချိန်က ဥက္ကဋ္ဌတစ်ဦး ဖြစ်ခဲ့ဖူးသူသည် ယခုမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြင့် ထောင်ထဲသို့ သွားရတော့မည်ပင်။

သူသည် အပြစ်ကို ဝန်ခံခြင်း၊ နောင်တရခြင်းနှင့် ဒဏ်ငွေများကို ပေးဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ရလဒ်မှာမူ ဤမျှပင်။

အကယ်၍သာ သူ ထိုသို့ ကြိုးစားမှုများ မလုပ်ခဲ့ပါက ဤအမှုအတွက် သူသည် သေဒဏ်ပင် ကျရောက်နိုင်ဖွယ် ရှိသည်။

ရွီမော်ဘဏ်၏ တရားရေးဌာနအကြီးအကဲ ကျန်းဟုန်ရှန်းသည်လည်း စီရင်ချက်ကို နားထောင်ရန် တရားခွင်တွင် ရှိနေခဲ့သည်။

သူသည် သူ၏ ရှေ့နေသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ လုံးဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ရွီမော်ဘဏ်၏ တရားရေးဌာနမှာလည်း ပြိုလဲကာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

တရားရုံးတံခါးမှ အပြင်သို့ ထွက်လာချိန်တွင် သတင်းထောက်များ အုပ်စုလိုက်ကြီးက ဝိုင်းရံလာကြသည်။

ကျန်းယီဖန်မှာ ဤအမှုတွင် ရှေ့နေအဖြစ် လိုက်ပါလာသူဖြစ်ပြီး ကျန်းဟုန်ရှန်း၏ နောက်မှ လိုက်ပါလာသည်။

[ရွီမော်ဘဏ် တရားရေးဌာနအကြီးအကဲအနေနဲ့ ဥက္ကဋ္ဌကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တဲ့အပေါ် ဘယ်လို သဘောထားပါသလဲ]

[ရှေ့နေကျန်း ဒီအမှု ရှုံးနိမ့်သွားတဲ့အပေါ် ခင်ဗျားရဲ့ အမြင်က ဘယ်လိုရှိပါသလဲ]

[ရှေ့နေကျန်း တရားသူကြီးရဲ့ သတိပေးချက် သုံးကြိမ်ရပြီး တရားခွင်ကနေ ထုတ်ပယ်ခံခဲ့ရတယ်ဆိုတာ ဟုတ်ပါသလား။ ဒါက ခင်ဗျားရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်း မပြည့်ဝလို့လား]

[ရှေ့နေကျန်း ဒီအမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ပြောပြပေးနိုင်မလား ရှေ့နေကျန်း၊

မထွက်သွားပါနဲ့ဦး]

.....

တရားခံနေရာတွင်မူ ကျောက်ရိရှန်းသည် သူ စွဲချက်ကင်းလွတ်ကြောင်း သိလိုက်ရပြီဖြစ်သည်။ သူသည် ဂူချန်ကို ကြည့်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ရှေ့နေဂူ ကျေးဇူးတင်ပါတယ်။ ရှေ့နေသာ မရှိခဲ့ရင် ကျွန်တော် ပျက်စီးသွားမှာပါ။ ကျွန်တော့်မှာ မွေးဖွားလာမယ့် ကလေးနဲ့ ချစ်သူရှိသေးတယ်။ ကျွန်တော့်အဖေကလည်း ဆေးရုံမှာ ရှိနေတုန်းပါ။ အကယ်၍သာ ကျွန်တော့်ကို တစ်သက်တစ်ကျွန်း ချလိုက်ရင်... ကျွန်တော့်မိသားစုတစ်ခုလုံး ပျက်စီးသွားမှာပါ"

"ကျေးဇူးတင်ပါတယ် ရှေ့နေဂူ..."

ကျောက်ရိရှန်းသည် ဂူချန်ရှေ့တွင် ဒူးထောက်တော့မလို ဖြစ်သွားသည်။

ဂူချန်သည် ကျောက်ရိရှန်းကို အမြန်ဆွဲထူလိုက်ပြီး "ရပါတယ် ဒူးထောက်စရာ မလိုပါဘူး။ ဒီအမှုကို ကိုင်တွယ်ရတာက ကျွန်တော့်ရဲ့ တာဝန်ပဲလေ" ဟု နူးညံ့စွာ ပြောလိုက်သည်။

နွီရှကျွမ်းက "ရှေ့နေဂူ ကျွန်မ ရှေ့နေတို့ကို ညစာစားဖို့ ဖိတ်ခေါ်ပါရစေ။ ကျွန်မတို့ အခန်းကြီးတစ်ခု ကြိုတင်ပြင်ဆင်ထားပါတယ်။ ရှေ့နေတို့အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီမှာပဲ ခဏတာ နေပေးပါဦး" ဟု ပြောလိုက်သည်။

ဂူချန်က ပြုံး၍ ခေါင်းခါလိုက်သည်။

"အစားအသောက်အတွက်တော့ စီစဉ်ပေးစရာ မလိုပါဘူး။ ကျွန်တော်တို့မှာ လေယာဉ်လက်မှတ်တွေ ကြိုတင်ဘိုကင်တင်ထားတာမို့ လေဆိပ်ကို အမြန်သွားရဦးမှာပါ။ ကျွန်တော့်ရဲ့ ဥပဒေရုံးက ခုပဲ ဖုန်းဆက်လာတယ်။ ရှုပ်ထွေးတဲ့ အမှုသစ် နှစ်ခု ရောက်လာတယ်တဲ့။ အဲ့ဒီအမှုတွေကို ကျွန်တော်တစ်ယောက်တည်းပဲ ကိုင်တွယ်နိုင်တာမို့ အမြန်ဆုံး သွားမှဖြစ်မယ်"

ဂူချန်မှာ တရားခွင်တစ်ခုကို အောင်မြင်စွာ ပြီးဆုံးအောင် ကိုင်တွယ်ပြီးသည့်တိုင် နောက်ထပ် အမှုအခင်းများက သူ့ကို စောင့်ကြိုနေပြန်သည်။

အမှုနှစ်ခုဖြစ်ကာ အဓိကအကြောင်းအရင်းမှာ ရုံး၏ အင်အားမှာ မကြီးမားသေးဘဲ ကျန်ရှေ့နေများအားလုံးမှာလည်း လက်ရှိ ဖြစ်ပွားနေသော အမှုများဖြင့် အလုပ်ရှုပ်နေကြသောကြောင့်ပင်။

ထိုအမှုသစ်များမှာ အလွန်ပင် ရှုပ်ထွေးလှသည်။

ဂူချန်တွင် အနားယူရန် အချိန်မရှိသည်မှာ အမှန်ပင်။

ဂူချန်သည် ကျောက်ရိရှန်းနှင့် နွီရှကျွမ်းတို့ဘက်သို့ လှည့်ကာ "လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါ။ ကျွန်တော် အမှုသစ်တွေကို စတင်ကိုင်တွယ်ရတော့မယ်" ဟု ပြောလိုက်သည်။

ရွှယ်ချင်းချင်းမှာ လေယာဉ်လက်မှတ်များကို ကြိုတင်ဘိုကင်တင်ထားပြီးဖြစ်ကာ အမှုသစ်နှစ်ခုကို အမြန်ဆုံး ကိုင်တွယ်နိုင်ရန် ရုံးသို့ အမြန်ပြန်ရန်အတွက် ကားကိုလည်း စီစဉ်ထားပြီးဖြစ်သည်။

ရွှယ်ချင်းချင်းက "သူဌေး မီဒီယာတွေက အင်တာဗျူးဖို့ စောင့်နေကြတုန်းပဲ။ ဒါပေမဲ့ ကျွန်မတို့မှာ အချိန်လောက်တော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ဂူချန်က "နောက်ဆုတ်လိုက်ပါ။ အမှုကိစ္စတွေက ပိုအရေးကြီးတယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

ရွှယ်ချင်းချင်းသည် တရားရုံးအပြင်ဘက်တွင် ပျားပန်းခတ်မျှ ဝိုင်းအုံနေသော သတင်းထောက်များကို တစ်ချက်ကြည့်လိုက်ပြီး "သူဌေး သတင်းထောက်တွေ အားလုံးက ရောက်နေကြပြီ...." ဟု ပြောလိုက်မိသည်။

All Chapters