အခန်း (၃၉၅-၃၉၆)
Vol. 29 Ch. 395-396
အပိုင်း(၃၉၅)
နတ်စံအိမ်တော်ကို ပြန်လည်သိမ်းဆည်းပြီးနောက် ကျန်းလျိုသည် နဂါးမြင်းဖြူ ပေါ်သို့ တက်စီးကာ ခရီးစဉ်ကို ဆက်လက်၍ ထွက်ခွာလေသည်။ တပည့်သုံးဦးသည်လည်း ကျန်းလျို၏ နောက်မှ ဆက်လက်လိုက်ပါလာကြသည်။
နဂါးမြင်းဖြူ၏ ကျောပေါ်တွင် စီးနင်းလိုက်ပါရင်း ကျန်းလျိုသည် တိတ်ဆိတ်စွာ တွေးတောနေမိလေသည်။
"သာမန် အရည်အသွေး ရှိတဲ့ လက်နက်ကိရိယာ အခုတစ်ထောင်ကို ဖန်တီးပြီး ပြုပြင်မှ ဘဝအသက်မွေးဝမ်းကျောင်း စွမ်းရည်တွေကို မြှင့်တင်နိုင်မယ်တဲ့လား..."
ဘဝအသက်မွေးဝမ်းကျောင်း စွမ်းရည်များကို ကျွမ်းကျင်မှတ်များ အသုံးပြု၍ အဆင့်မြှင့်တင်၍ မရနိုင်ခြင်းက အမှန်တကယ်ပင် ဒုက္ခများလှပေသည်။
သာမန် အရည်အသွေး၊ ထို့နောက် အရည်အသွေးမြင့်၊ ပြီးပြည့်စုံသော အရည်အသွေး၊ ဒဏ္ဍာရီလာ အရည်အသွေး၊ ရာဇဝင် အရည်အသွေး၊ နတ်အဆင့်....
မိမိ၏ ဘဝအသက်မွေးဝမ်းကျောင်း စွမ်းရည်များကို တိုးတက်စေခြင်းသည် ထိုမျှ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပုံရပေ။
သို့သော်လည်း ဂိမ်းထဲတွင် ဘဝအသက်မွေးဝမ်းကျောင်းများကို ရွေးချယ်သော ကစားသမားများသည် လက်နက်ကိရိယာများကို ဖန်တီးခြင်းနှင့် ပြုပြင်ရုံမျှဖြင့် အတွေ့အကြုံမှတ်များကို ရရှိနိုင်ပြီး အဆင့်တက်နိုင်ကြောင်းကို သူ ပြန်လည်အမှတ်ရသွားခဲ့လေသည်။
ထို့ကြောင့်... ဤဘဝအသက်မွေးဝမ်းကျောင်း စွမ်းရည်များကို လေ့ကျင့်ခြင်းသည် အနာဂတ်တွင် အဆင့်တက်ရန် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပုံရလေသည်။
ကောင်းကင်နဂါး ဓမ္မတေးသံသည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း စုစုပေါင်း အဆင့် ခြောက်ခုသာရှိသည့်အနက် ပဉ္စမ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် လူ့လောကမှ နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုသာ ဖြစ်လေသည်။
သူ့အနေဖြင့် အခွင့်အရေးရလာသည့်အခါ လေ့ကျင့်ရန် ကျင့်စဉ်အသစ်တစ်ခုကို ရှာဖွေဖို့ လိုအပ်နေပုံရလေသည်။
သူ၏ သိုလှောင်နေရာထဲတွင် အသုံးမပြုရသေးသော ပြန်လည်သတ်မှတ်ခြင်း စာလိပ် တစ်လိပ် ကျန်ရှိနေသေးသည်။
အချိန်အခါ သင့်တော်လာသောအခါ သူသည် ကျွမ်းကျင်မှတ်များ အားလုံးကို ဖျက်ပစ်ပြီး အသစ်ရရှိလာသော စွမ်းရည်များတွင် ပြန်လည်ခွဲဝေချထားပေးမည် ဖြစ်သည်။
ကျန်းလျို ခေါင်းခါလိုက်ပြီး ရှုပ်ထွေးနေသော အတွေးများကို ယာယီ ဘေးဖယ်ထားလိုက်ကာ ဤစွန့်စားခန်းမှ သူ၏ ရရှိလိုက်သော အကျိုးအမြတ်များကို စိတ်ထဲမှ တွက်ချက်နေလေသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ဖျင်တင့်တောင် ရှိ ဤစမ်းသပ်မှုကြီးသည် ကျန်းလျိုအတွက် ကြီးမားလှသော အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးခဲ့လေသည်။
အမှန်တကယ်ပင် အကြီးမားဆုံးသော အကျိုးအမြတ်များမှာ သုံးကြိမ် သန့်စင် ရွှေဆေးလုံး နှင့် ကိုးကြိမ် သန့်စင် ရွှေဆေးလုံး တို့ပင် ဖြစ်လေသည်။
သူသည် ကိုးကြိမ် သန့်စင် ရွှေဆေးလုံး ကို ယခုချက်ချင်း သောက်သုံးမည် မဟုတ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အတွေ့အကြုံမှတ် သန်းပေါင်း နှစ်ထောင့်ငါးရာ တန်ဖိုးရှိလေသည်။ ယခု မစားနိုင်ဘူးဆိုလျှင်တောင် အနာဂတ်တွင် မစားနိုင်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။
သူ အဆင့် ၆၀ သို့ ရောက်ရှိသွားသည့်နောက် ၎င်းကို သောက်သုံးခြင်းက ဘေးထွက်ဆိုးကျိုးများ ရှိတော့မည်မဟုတ်ဟု မျှော်လင့်ရလေသည်။
ထို့အပြင် ကျောက်စိမ်းသေရည်သည်လည်း ရတနာတစ်ပါးပင် ဖြစ်သည်။ တောက်ရွှိုင်နန်းတော် တွင် ရှိနေစဉ် စွန်းဝူခုန်းနှင့် ခွေမုဝံပုလွေတို့ သောက်သုံးခဲ့ကြသော သုံးပေါင်ခန့်ကို ဖယ်ထားလိုက်လျှင် ကျန်ရှိနေသော ခုနစ်ပေါင်ခန့်သည် ကျန်းလျို၏ လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။
နေ့စဉ် တစ်ငုံခန့် သောက်သုံးခြင်းက အတွေ့အကြုံမှတ်များကို တိုးစေရုံသာမက သူ၏ ကိုယ်ကာယဖွဲ့စည်းပုံကိုပါ တိုးတက်စေသဖြင့် ၎င်းသည် အမှန်တကယ်ပင် အဖိုးတန်သော ပစ္စည်းတစ်ခု ဖြစ်လေသည်။
ထို့ကြောင့်... ကျန်းလျိုအတွက်မူ ဖျင်တင့်တောင် ရှိ စမ်းသပ်မှုမှ ရရှိခဲ့သော ဆုလာဘ်များသည် အမှန်တကယ်ပင် အလွန်များပြားလှပေသည်။
ကျန်းလျိုက အကျိုးအမြတ်များအကြောင်း တွေးတောနေသည့် တစ်ချိန်တည်းမှာပင် စွန်းဝူခုန်းသည် သူ့ကို လေးစားအားကျမှုများဖြင့် တိတ်တဆိတ် ကြည့်လိုက်လေသည်။
ဆရာတော်သည် ထိုက်ရှန်းလောင်ကျွင်း နှင့် ယခုလေးတင် စကားပြောဆို ဆွေးနွေးခဲ့ရာတွင် ဆွဲဆောင်စည်းရုံးနိုင်သော စကားလုံးများကို အသုံးပြုရုံမျှဖြင့် ကိုးကြိမ် သန့်စင် ရွှေဆေးလုံး တစ်လုံးနှင့် သုံးကြိမ် သန့်စင် ရွှေဆေးလုံး တစ်လုံးတို့ကို ရရှိ ရိတ်သိမ်းနိုင်ခဲ့သည်။
"ဆရာတော်က တကယ့်ကို တော်တာပဲ... ငါ့အကြောင်းကို ပြန်စဉ်းစားကြည့်လိုက်တော့ နတ်မက်မွန်သီး တွေကို စားဖို့အတွက် ခိုးစားခဲ့ရတယ်... ရွှေဆေးလုံး တွေကို စားဖို့အတွက်လည်း ငါ ခိုးခဲ့ရတယ်... အခု နန်းတွင်းအရက် ကို သောက်ဖို့အတွက်လည်း ငါ ခိုးနေရဆဲပဲ...”
“ဆရာတော်ကျတော့ နှုတ်ခမ်းလေး နည်းနည်းလှုပ်ရုံနဲ့ ထိုက်ရှန်းလောင်ကျွင်းဆီက ရွှေဆေးလုံးတွေကို ရယူနိုင်ခဲ့တယ်ပေါ့လေ…ဆရာတော်ကတော့ တကယ်ကို မယုံနိုင်စရာပါပဲ… ဒါကြောင့်လည်း သူ့ကို ဟုမ်းရွှမ်ကျန်း လို့ ခေါ်ကြတာ အံ့သြစရာမရှိတော့ပါဘူးလေ…”
အနာဂတ်တွင်တော့ ဆရာတော် ပြောသည့် အတိုင်း နားထောင်သင့်နေပြီ ဖြစ်သည်။ ဆရာတော်လိုမျိုး အမြော်အမြင် ကြီးမားသည့် မဟာ ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုမျိုး မရှိဘဲ ဤကဲ့သို့ ကိစ္စများကို သူ တစ်ယောက်တည်း ကိုင်တွယ်နိုင်မှာ မဟုတ်ပေ။
စွန်းဝူခုန်းတောင် ထိုကဲ့သို့ ခံစားရသည် ဆိုလျှင် ဘေးနားက ကျူးပါကျဲတို့အကြောင်း ပြောစရာကို မလိုတော့ပေ။ သူတို့အားလုံးလည်း ကျန်းလျိုကို ကြည့်ပြီး အံ့အားသင့်နေကြရသည်။
ထိုက်ရှန်းလောင်ကျွင်းနှင့်ပင် စကားပြောဆို ဆွေးနွေးရဲပြီး အောင်မြင်အောင်တောင် တောင်းဆိုနိုင်လေရာ ဆရာတော်က တကယ်ကို အစွမ်းထက်လွန်းလှပါသည်။
...
ဖျင်တင့်တောင်မှ ထွက်ခွာလာပြီးနောက် ကျန်းလျိုနှင့် အဖော်များသည် ဆက်လက်၍ ခရီးနှင် လာခဲ့ကြလေသည်။ သူတို့သည် နောက်ထပ် နှစ်လခန့် ခရီးကို ချောချောမွေ့မွေ့ဆက်ခဲ့ကြသည်.
ဤနှစ်လအတွင်းမှာပင် သူတို့သည် တစ်ခါတစ်ရံ မိစ္ဆာများကို တိုက်ခိုက်ခြင်း၊ လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဟင်းလျာအသစ်များကို စမ်းသပ်ချက်ပြုတ်ခြင်းကိုလည်း မေ့မထားခဲ့ပေ။
ဤသို့ဖြင့် ဆရာတပည့် ငါးယောက်သည် နှစ်လကြာအောင် လမ်းလျှောက်ခြင်း၊ အစာစားခြင်း၊ အစာရှာခြင်းတို့ဖြင့် အနောက်အရပ်သို့ ခရီးစဉ်တွင် မိုင်ပေါင်း နှစ်ထောင်ကျော်ခန့် ဖြတ်သန်းခဲ့ကြလေသည်။
(ဒင် - အတွေ့အကြုံမှတ် ၉ ရရှိပါသည်)
(ဒင် - အတွေ့အကြုံမှတ် ၈ ရရှိပါသည်)
(ဒင် - အတွေ့အကြုံမှတ် ၉ ရရှိပါသည်)
...
ကျန်းလျိုသည် နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်ရင်း ကောင်းကင်နဂါး ဓမ္မတေးသံကို လေ့ကျင့်နေခဲ့သည်။ အတွေ့အကြုံမှတ်များ ရရှိကြောင်း အသံမှာလည်း မပြတ်တမ်း ထွက်ပေါ်နေလေသည်။
သတိမထားမိလိုက်ဘဲ ကောင်းကင်နဂါး ဓမ္မတေးသံကို လေ့ကျင့်နေစဉ် သူသည် အများအားဖြင့် အတွေ့အကြုံမှတ် ၉ မှတ်ကို ရရှိနေခဲ့သည်။
ဤနှစ်လအတွင်းမှာပင် ကျန်းလျို၏ ကိုယ်ပိုင်ကျင့်ကြံမှုများနှင့် တစ်ခါတစ်ရံ မိစ္ဆာတိုက်ပွဲများကြောင့် အတွေ့အကြုံမှတ် ၂ သန်းကျော်ကို စုဆောင်းနိုင်ခဲ့သည်။ နေ့စဉ် သောက်သုံးနေကျ ကျောက်စိမ်းသေရည်ကြောင့်လည်း အတွေ့အကြုံမှတ် ၂ သန်းကျော်ကို ထပ်မံရရှိခဲ့သည်။ ထို့ကြောင့်... လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းလျိုသည် အဆင့် ၄၄ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
"အာ...ဆရာတော်… ရှေ့နားမှာ ဆူညံသံတွေ ကြားနေရသလိုပဲ..."
ကျန်းလျို နဂါးမြင်းဖြူ ကျောပေါ်တွင် လေ့ကျင့်နေစဉ် ရှေ့မှ ကင်းထောက်နေသော စွန်းဝူခုန်းက ရုတ်တရက် လှမ်းပြောလိုက်လေသည်။
"ဆူညံသံလား... မိစ္ဆာသတ္တဝါတွေ လာနေတာများလား..."
စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လက်သွားပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။
ကျောက်စိမ်းသေရည်တစ်ငုံမှ ရရှိသည့် အတွေ့အကြုံမှတ် ၃ သောင်းကျော်နှင့် တရားထိုင်ခြင်းမှ ရရှိသည့် အတွေ့အကြုံမှတ် အနည်းငယ်တို့ဖြင့် ကျန်းလျိုသည် ယခုအခါတွင် နေ့စဉ် အတွေ့အကြုံမှတ် ၇ သောင်းခန့်အထိ ရရှိနေနိုင်ပြီ ဖြစ်လေသည်။
သို့သော်လည်း အဆင့် ၄၄ မှ ၄၅ သို့ တက်လှမ်းရန်အတွက် အတွေ့အကြုံမှတ် သန်း ၂၀ အပြည့် လိုအပ်လေသည်။
သူသည် လက်ရှိ၌ ၃ သန်းခန့်သာ ရရှိထားသေးသဖြင့် လိုအပ်ချက်များစွာ ကျန်နေသေးသောကြောင့် မိစ္ဆာများကို တိုက်ခိုက်ခြင်းဖြင့် အတွေ့အကြုံမှတ်များ ရယူရန် မျှော်လင့်နေခဲ့သည်။
ရွှေရောင် မျက်လုံးကို အသုံးပြု၍ ရှေ့သို့ လှမ်းကြည့်ပြီးနောက် စွန်းဝူခုန်းက ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။
"မဟုတ်ဘူး... မိစ္ဆာတွေ မဟုတ်ဘူး... ရှေ့မှာ လူသားစစ်တပ်တစ်ခု တိုက်ပွဲဖြစ်နေပုံရတယ်..."
စွန်းဝူခုန်း၏ စကားကို ကြားသော အခါ ကျန်းလျိုက ခေါင်းကို အနည်းငယ် ခါယမ်းကာ ထိုနေရာကို ရှောင်ကွင်းသွားဖို့ စဉ်းစားလိုက်လေသည်။ သို့သော်လည်း ကျန်းလျို အစီအစဉ်ကို အသံထွက်၍ ပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် အတွေးသစ်တစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
‘စစ်တပ်... အဲ့တာဆို အဲဒီမှာ လူတွေ အများကြီး ရှိနေမှာပေါ့...’
လူများပြားပါက စစ်တပ်ထဲတွင် လက်နက်များလည်း များပြားနေမည် မဟုတ်ပါလော… ပျက်စီးနေသော လက်နက်များသည် ထိုနေရာတွင် ရှားပါးမည့်အရာမျိုး လုံးဝ မဟုတ်နိုင်ပေ…။
"အောမိတော်ဖော... ကောင်းကင်ဘုံက သက်ရှိအားလုံးအပေါ်မှာ မေတ္တာတရား ထားရှိသလိုပဲ… ငါတို့က စစ်တပ်တွေ တိုက်ပွဲဖြစ်နေတာကို ကြုံတွေ့ရမှတော့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေလို့ ရမှာလဲ... တပည့်တို့ သွားကြည့်ရအောင်... ဖြစ်နိုင်ရင် သူတို့ရဲ့ လက်နက်တွေကို ငြိမ်းချမ်းရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားကြည့်ကြတာပေါ့... အသက်တစ်ချောင်းကို ကယ်တင်ရတာက ဘုရားခုနစ်ဆူ တည်ရတာထက် ပိုမြတ်တယ်တဲ့… ဒီစစ်ပွဲထဲမှာဆို ငါတို့က အသက်ပေါင်းများစွာကိုတောင် ကယ်တင်နိုင်မှာပဲ..."
ကျန်းလျိုက ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြောလိုက်သည်။
"ဆရာက ဆရာပဲလေ... ဆရာပြောတဲ့အတိုင်း လုပ်ရမှာပေါ့..."
ကျန်းလျို၏ ဖြောင့်မတ်ဟန်ဆောင်နေသော အမူအရာကို ကြည့်ရင်း စွန်းဝူခုန်းသည် စိတ်မပါလက်မပါဖြင့် ပြန်ပြောလိုက်သည်။
သိကျွမ်းလာခဲ့သည်မှာ အတန်ကြာပြီဖြစ်ရာ စွန်းဝူခုန်းသည် ဆရာတော်၏ စရိုက်ကို ကောင်းစွာ သိရှိနေခဲ့ပြီ ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ဖြောင့်မတ်မှန်ကန်ပြနေသည်မှာ သူနှင့် လုံးဝ မလိုက်ဖက်ပေ။ သူ့၌ ကိုယ်ပိုင် တွက်ချက်မှုတစ်ခုခု ရှိနေရမည်မှာ အသေအချာပင် ဖြစ်လေသည်။
သို့သော် ဆရာတော် အတိအကျ ဘာတွေ ကြံစည်နေသနည်း။ စွန်းဝူခုန်း ကိုယ်တိုင်လည်း စဉ်းစား၍မရနိုင်သလို ကျန်းလျိုကလည်း ကိုယ်တိုင် ရှင်းပြရန် အစပျိုးခြင်း မရှိသောကြောင့် မျောက်မှာ ထပ်မံစူးစမ်းမေးမြန်းခြင်း မပြုတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကျူးပါကျဲသည်လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။ ပျင်းရိသော သဘာဝအရ ဘယ်ပဲသွားသွား ဘာပဲလုပ်ရလုပ်ရ သူက လုံးဝ ကန့်ကွက်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူက နောက်မှလိုက်ကာ ရောယောင်နေရုံသာ ဖြစ်သည်။
စားစရာ၊ သောက်စရာတွေရှိပြီး မိန်းကလေးတွေကို မြှူဆွယ်တဲ့ လှည့်ကွက်အချို့ကို သင်ယူခွင့် ရနေတာကပဲ သူ့အတွက် လုံလောက်သည်ထက် ပိုနေလေပြီ။
ဆရာတော် သင်ပေးထားသော ရည်းစားစာစကားလုံးများကို သူသည် နေ့စဉ် စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလေ့ကျင့်နေခဲ့ပြီး အလွတ်ကျက်မှတ်ထားပြီး ဖြစ်လေသည်။
သို့သော်လည်း ဘေးနားရှိ ရှားဝူကျင်းကတော့ လေးစားအားကျစွာဖြင့် မှတ်ချက်ချလိုက်လေသည်။
"ဆရာတော်က တကယ်ကို ကြီးမားလှတဲ့ ကရုဏာနဲ့ မေတ္တာတရားကို ပိုင်ဆိုင်ထားတာပဲ..."
ကွမ်ယင် ဗောဓိသတ်နှင့် ကိစ္စ ဖြစ်ပြီးကတည်းက ရှားဝူကျင်းသည် ကျန်းလျို အပေါ် အမြင်များစွာ ပြောင်းလဲသွားခဲ့ကာ ဆရာတော်၏ အမာခံ ပရိသတ် တစ်ယောက် သဖွယ် ဖြစ်လာခဲ့သည်။ သူ့အတွက် ဆရာတော်၏ လုပ်ရပ်တိုင်းက လေးစားဖွယ်၊ အတုယူဖွယ် ဖြစ်ပေသည်။
ဤသို့ဖြင့်... ကျန်းလျိုတို့ တစ်သိုက် ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကြာပြီးနောက် နားကွဲမတတ် ဆူညံနေသော စစ်သည်တို့၏ ကြွေးကြော်သံများနှင့် အတူ မြင်ကွင်း တစ်ခုက သူတို့ရှေ့တွင် ပေါ်ထွက်လာခဲ့လေသည်။ မြောက်မြားစွာသော စစ်သည်များသည် ရောထွေးကာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး စူးရှသော အော်သံများသည် သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေလေသည်။
ဤစစ်မြေပြင်တွင် အသက်၏ တန်ဖိုးမှာ ဘာမှမရှိသကဲ့သို့ လျော့ကျသွားပုံရလေသည်။
ကျန်းလျို လည်ချောင်းကို ရှင်းလိုက်ပြီးနောက် သူ၏ အသံထဲသို့ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို ထည့်သွင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"အားလုံးပဲ ရပ်လိုက်ကြ... အခုချက်ချင်း ရပ်လိုက်ကြ..."
သူ၏ အသံသည် တမုဟုတ်ချင်းပင် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
သို့သော်လည်း တိုက်ပွဲ၏ အော်ဟစ်သံများသည် လျော့ပါးသွားခြင်း မရှိပေ။ ကျန်းလျို ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း စစ်သည်များသည် သူ၏ ခေါ်သံကို လုံးဝ ဂရုမစိုက်ကြပုံရလေသည်။
သုံးကြိမ်တိုင်တိုင် အော်ဟစ်သော်လည်း အကျိုးမသက်ရောက်သောအခါ ကျန်းလျို၏ မျက်နှာကြီး မည်းမှောင်သွားလေသည်။ သူက စွန်းဝူခုန်းဘက်သို့ လှည့်ကာ လှမ်းပြောလိုက်လေသည်။
"ဝူခုန်း... မင်းအလှည့်ပဲ..."
***
အပိုင်း(၃၉၆)
"ဟီးဟီးဟီး... ကျွန်တော် နားလည်ပါပြီ..."
စွန်းဝူခုန်းက ခေါင်းညိတ်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ ထို့နောက်... သူသည် နားထဲသို့ လက်နှိုက်ကာ ရွှေတင်းပုတ် ဆွဲထုတ်လိုက်လေသည်။
သူက ရွှေတင်းပုတ်ကို မြှောက်တင်ကာ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ မျောက်၏ လှုပ်ရှားမှုနှင့် အတူ ရွှေတင်းပုတ်သည် လေထဲတွင် ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အချင်း မီတာဆယ်ဆယ်ခန့်ရှိသော ဧရာမတိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ဘုန်း...
ဤရိုက်ချက်သည် မြေကြီးကိုပင် နှစ်ခြမ်းကွဲသွားစေသကဲ့သို့ ဖြစ်သွားပြီး တိုက်ပွဲဝင်နေကြသော စစ်သည်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။ မြေကြီးများ အမှုန့်ဖြစ်မတတ် ကြေမွသွားသည်ကို မြင်လိုက်ရသောအခါ သူတို့တစ်ယောက်ချင်းစီသည် ရွှေတင်းပုတ်ကြီးကို ထိတ်လန့်တကြား စိုက်ကြည့်နေကြလေတော့သည်။
ရွှေတင်းပုတ်ကြီး၏ အချင်းမှာ မီတာဆယ်ဂဏန်းခန့်ရှိပြီး ၎င်း၏ ကြီးမားလှသော အရွယ်အစားမှာ သုံးလေးထပ် အဆောက်အအုံတစ်လုံးနှင့်ပင် ယှဉ်နိုင်လေသည်။
ဝူခုန်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရွှေတင်းပုတ်ကြီးသည် အပ်တစ်ချောင်းစာ အရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်သွား၏။ မျောက်က ၎င်းကို သူ၏နားထဲသို့ ပြန်လည်ထည့်သွင်းလိုက်လေသည်။
"အောမိတော်ဖော... လူကြီးမင်းတို့… ကျွန်တော်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ... ကောင်းကင်ဘုံက သက်ရှိအားလုံးရဲ့ အသက်ကို တန်ဖိုးထားတယ်လို့ ဆိုကြတဲ့အတိုင်း ခင်ဗျားတို့ရဲ့ တိုက်ပွဲကို ရပ်တန့်ပေးဖို့ မျှော်လင့်ပါတယ်..."
စွန်းဝူခုန်း၏ မြေကြီးတုန်ဟည်းသွားစေသော စစ်သည်များအားလုံးကို လဲကျသွားစေလုနီးပါးဖြစ်ခဲ့သော ရိုက်ချက်ကြီးအပြီးတွင် ကျန်းလျိုသည် နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် ရှေ့သို့ထွက်ကာ ပြောလိုက်လေသည်။
နှစ်ဖက်စလုံးမှ စစ်ဗိုလ်ချုပ်များသည် အနားသို့ ချဉ်းကပ်လာကြပြီး ကျန်းလျိုအား ကြည့်လိုက် ထို့နောက် သူ၏ဘေးတွင် ရပ်နေကြသော စွန်းဝူခုန်း၊ ကျူးပါကျဲနှင့် ရှားဝူကျင်းတို့ကို ကြည့်လိုက်ဖြင့် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ကြကာ ထိတ်လန့်နေသော မျက်နှာထားများကို ပြသနေကြလေသည်။
"ဆရာတော်... ဆရာတော်ရဲ့ မိန့်ဆိုချက်တွေကို ကျွန်တော်မျိုးတို့ သေချာပေါက် လိုက်နာပါ့မယ်..."
စစ်ဗိုလ်ချုပ်များထဲမှ တစ်ဦးမှာ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်နေသော်လည်း အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
သူတို့အထဲတွင် အသေးငယ်ဆုံးဖြစ်သော မျောက်တစ်ကောင်ပင်လျှင် ဤမျှလောက် အစွမ်းထက်နေပါက သူ၏ ဘေးမှ ဝက်မိစ္ဆာ သို့မဟုတ် ထို အချိုးအစားမဲ့ ကြီးမားလှသော လူကြီးမှာဆိုလျှင် မည်မျှပင် အစွမ်းထက်နေလိမ့်မည်နည်း။
"မှန်ပါတယ်... ကျွန်တော်မျိုးတို့လည်း ဆရာတော်ရဲ့ စကားကို လိုက်နာရမှာပါ..."
အခြား စစ်ဗိုလ်ချုပ်တစ်ဦးကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"မေးပါရစေဦး... ခင်ဗျားတို့က ဘယ်တိုင်းပြည်က စစ်သည်တွေလဲ... ဒါက တိုင်းပြည်နှစ်ခုကြားက စစ်ပွဲလား..."
ကျန်းလျိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ ကျန်ရှိနေသော စစ်သည်များနှင့် သေဆုံးသွားသူများကို ကြည့်လိုက်ရာ ဤပဋိပက္ခတွင် ပါဝင်နေသူ စုစုပေါင်း လူတစ်သောင်းကျော်ခန့်သာ ရှိပုံရလေသည်။ တိုင်းပြည်နှစ်ခုကြားက စစ်ပွဲဆိုသော်လည်း ဤမျှနည်းပါးသော စစ်တပ်လေးနှင့်ဆိုလျှင် ယုတ္တိမတန်လှပေ။
"ဆရာတော် မှားနေပါပြီ... တကယ်တော့ ကျွန်တော်မျိုးတို့က စစ်ဖြစ်နေတဲ့ တိုင်းပြည်နှစ်ခုက မဟုတ်ပါဘူး… ကျွန်တော်မျိုးတို့ အားလုံးက တိုင်းပြည်တစ်ခုတည်းကပါ..."
စစ်ဗိုလ်ချုပ် တစ်ဦးက အခြား တစ်ဦးကို ပြင်းထန်သည့် ဒေါသတရားတို့နှင့် ကြည့်ရင်း ပြန်ဖြေလိုက်ကြလေသည်။
"နှစ်ဖက်စလုံးက... တိုင်းပြည်တစ်ခုတည်းက ဟုတ်လား... ဒါဆိုရင် ဒါက ဘာအဓိပ္ပာယ်လဲ..."
ထိုစကားကို ကြားသောအခါ ကျန်းလျိုသည် ပို၍ပင် အံ့အားသင့်သွားလေသည်။
"ဆရာတော်ကြီး... ဒီသူပုန်တွေကို နှိမ်နင်းဖို့အတွက် ဘုရင်ကြီးကိုယ်တိုင်က ကျွန်တော်မျိုးကို စေလွှတ်ခဲ့တာပါ... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ကူညီပေးပါ... ဗိုလ်ချုပ်လုက သူ့တပ်တွေကို ဦးဆောင်ပြီး ပုန်ကန်ဖို့ ရဲတင်းနေတာပါ..."
အခြား စစ်ဗိုလ်ချုပ်က ရုတ်တရက် ထပြောလိုက်ပြီး ကျန်းလျို၏ အကူအညီကို တောင်းခံလိုက်လေသည်။
"ဆရာတော်... ဗိုလ်ချုပ်ကျန်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ပါနဲ့... ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ဘုရင်ကြီးက အရမ်းကို စစ်သွေးကြွနေခဲ့ပြီး လုံးဝ ယုတ္တိမတန်တဲ့ အမိန့်တွေကို ခဏခဏ ထုတ်ပြန်ခဲ့ပါတယ်... ဘုရင်ကြီးကို မိစ္ဆာတစ်ကောင်က လှည့်စားထားတယ်လို့ ကျွန်တော်မျိုးတို့ သံသယရှိတာကြောင့် ဘုရင်ကြီးရဲ့ အနားက အန္တရာယ်တွေကို ရှင်းလင်းဖို့ ကြိုးစားနေတာပါ… နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်နေတာ မဟုတ်ပါဘူး..."
အခြား စစ်ဗိုလ်ချုပ်ကလည်း အလျင်အမြန်ပင် ကျန်းလျိုကို လှမ်းပြောလိုက်လေသည်။
"ဒါက... တစ်ယောက်က သူပုန်တွေကို နှိမ်နင်းဖို့ ဘုရင်ကြီးရဲ့ အမိန့်ပေးတာ ခံရတယ်လို့ ပြောနေပြီး… နောက်တစ်ယောက်ကကျတော့ ဘုရင်ကြီးကို မိစ္ဆာတွေက လှည့်စားထားလို့ သူ့အနားက အန္တရာယ်တွေကို ရှင်းလင်းဖို့ ရည်ရွယ်တယ်တဲ့လား... တကယ်ကို 'ကိုယ့်ဘက်ကိုယ် ယက်တဲ့ လိပ်' တွေချည်းပဲ..."
ဤစစ်ဗိုလ်ချုပ်များ၏ ငြင်းခုံသံများကို နားထောင်ရင်း သူတို့တစ်ယောက်စီက မိမိ၏ ထောက်ခံမှုကို ရရှိရန် မျှော်လင့်နေကြသည်ကို မြင်သောအခါ ကျန်းလျို တစ်ယောက် စိတ်ထဲမှနေ၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။
"ဒါနဲ့... ခင်ဗျားတို့ရဲ့ ဘုရင်ကြီးက အခုတလော တကယ်ပဲ အများကြီး ပြောင်းလဲသွားခဲ့တာလား..."
တစ်ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုသည် ပုန်ကန်မှုကို နှိမ်နင်းရန် တာဝန်ရှိသော စစ်ဗိုလ်ချုပ်အား မေးလိုက်လေသည်။
"ဒါက..."
ကျန်းလျို၏ မေးမြန်းမှုကို ကြားသောအခါ ထိုစစ်ဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်မှုများ ပေါ်လာပြီး မည်သို့ပြန်ဖြေရမည်ကို မသိတော့သကဲ့သို့ ဖြစ်သွားလေသည်။ သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ဘာတွေဖြစ်နေသလဲဆိုတာကို ကျန်းလျို နားလည်နိုင်လေသည်။
"ဒါနဲ့... ဒါက ဘယ်တိုင်းပြည်လဲ..."
"ဝူကျီတိုင်းပြည် ပါ... ဆရာတော်...”
"ဝူကျီတိုင်းပြည်..."
စစ်ဗိုလ်ချုပ်နှစ်ဦး၏ စကားကို ကြားပြီးနောက် မိမိ လက်ရှိရောက်ရှိနေသော နေရာကို သဘောပေါက်သွားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။
သူသည် ဝူကျီတိုင်းပြည်၏ အခြေအနေကို မှတ်မိနေလေသည်။ မူရင်း "အနောက်အရပ်သို့ ခရီးသွားခြင်း" ဇာတ်လမ်းတွင် ဝူကျီတိုင်းပြည်နှင့် ပတ်သက်သော အပိုင်းသည် အတော်လေး ထူးခြားလှပေသည်။ ဝူကျီတိုင်းပြည်၏ ဘုရင်ကြီးသည် သူငယ်ချင်းဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏အလောင်းကို ရေတွင်းထဲသို့ တိုက်ရိုက်ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ထိုရေတွင်းထဲတွင် ရေတွင်းနဂါးမင်း တစ်ပါး နေထိုင်နေခြင်းပင် ဖြစ်လေသည်။
ဤရေတွင်းနဂါးမင်းသည် ဝူကျီတိုင်းပြည် ဘုရင်ကြီး၏ အလောင်းကို အချိန်အတော်ကြာအောင် ထိန်းသိမ်းထားပေးခဲ့သဖြင့် နောက်ဆုံးတွင် စွန်းဝူခုန်းသည် ရှင်ပြန်ထမြောက်ခြင်း ဆေးလုံးကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး သူ့ကို ရှင်ပြန်ထမြောက်စေနိုင်ခဲ့ခြင်း ဖြစ်သည်။
ရေတွင်းတစ်တွင်းထဲတွင် နဂါးမင်းတစ်ပါး ရှိနေသည်မှာ ထူးဆန်းသည် မဟုတ်ပါလော။
လောလောဆယ် ထိုကိစ္စကို ဘေးဖယ်ထားလိုက်လျှင် အနည်းဆုံး မူရင်းဇာတ်လမ်းအရ ဗိုလ်ချုပ်လု တွေးထင်ထားသည့် ဘုရင်ကြီး၏ အနားမှ အန္တရာယ်များကို ရှင်းလင်းရန် လိုအပ်သည်ဆိုသောအချက်မှာ မှန်ကန်ပေသည်။
ဘုရင်ကြီးသည် အစားထိုးခံထားရသဖြင့် လွန်ခဲ့သောနှစ်များအတွင်း တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားခဲ့ရခြင်းမှာ မမှားပေ။
သို့သော်လည်း အကယ်၍ သူသာ ဝူကျီတိုင်းပြည်သို့ အမှန်တကယ် သွားရောက်ရမည်ဆိုပါက အခြေအနေများမှာ အတော်လေး ပြဿနာတက်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဘုရင်ကြီး ပြောင်းလဲသွားရခြင်းမှာ သူ၏အနားရှိ သစ္စာဖောက် အမတ်များကြောင့် မဟုတ်ဘဲ ဘုရင်ကြီး ကိုယ်တိုင်က အခြားလူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားသောကြောင့် ဖြစ်လေသည်။
"ဆရာတော်... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ကူညီပေးပါ..."
ဗိုလ်ချုပ်လုသည် မျက်နှာထက်တွင် အားကိုးတကြီးဖြစ်နေသော အရိပ်အယောင်များဖြင့် ကျန်းလျို၏ အကူအညီကို တောင်းခံလိုက်လေသည်။
စွန်းဝူခုန်း၏ စွမ်းဆောင်နိုင်ရည်များကို ယခုလေးတင် မြင်တွေ့ခဲ့ရပြီးနောက် ဗိုလ်ချုပ်လုနှင့် ဗိုလ်ချုပ်ကျန်းတို့ နှစ်ဦးစလုံးသည် ကျန်းလျို၏ အကူအညီကို ရယူရန် စဉ်းစားနေကြခြင်း ဖြစ်သည်။သူ၏ အကူအညီဖြင့်သာ ပြိုင်ဘက်ကို အပြီးတိုင် အနိုင်ယူနိုင်မည် ဖြစ်လေသည်။
ဗိုလ်ချုပ်လု စကားပြောလိုက်သည်ကို မြင်သောအခါ ဗိုလ်ချုပ်ကျန်းသည်လည်း နောက်ကကျမကျန်ရစ်စေရန် ဝင်ရောက်ပြောဆိုလိုက်လေသည်။
"ဆရာတော်... ကောင်းကင်အောက်က မြေပြင်အားလုံးဟာ ဘုရင်ကြီး ပိုင်ဆိုင်တာပါ… ဗိုလ်ချုပ်လု ဘာပဲပြောပြော ဒီနိုင်ငံတော် ပုန်ကန်မှုကိုတော့ ရှောင်လွှဲလို့မရပါဘူး... ကျေးဇူးပြုပြီး သူ့ကို နှိမ်နင်းဖို့နဲ့ ဘုရင်ကြီးရှေ့မှောက်ကို ခေါ်သွားနိုင်ဖို့ ကျွန်တော်မျိုးကို ကူညီပေးပါ..."
ဒင် - "တော်ဝင်ဥပဒေ" တာဝန် စတင်ပါပြီ၊ လိုအပ်ချက်များ - ဗိုလ်ချုပ်လု ကို အောင်မြင်စွာ ဖမ်းဆီးပြီး ဘုရင်ကြီး၏ အဆုံးအဖြတ်ကို ခံယူရန် ဝူကျီတိုင်းပြည် ၏ မြို့တော်သို့ ပြန်လည်ပို့ဆောင်ပေးရမည်၊ အောင်မြင်ပါက ဆုလာဘ်အနေဖြင့် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ ရရှိမည်၊ ကျရှုံးပါက ပြစ်ဒဏ်အနေဖြင့် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ နုတ်ပယ်ခံရမည်၊ လက်ခံမည် / ငြင်းပယ်မည်။
ဒင် - "ဘုရင်ကြီးအနားမှ အန္တရာယ်များကို ရှင်းလင်းခြင်း" တာဝန် စတင်ပါပြီ၊ လိုအပ်ချက်များ - ဝူကျီတိုင်းပြည် ဘုရင်ကြီး၏ စိတ်နေသဘောထား အကြီးအကျယ် ပြောင်းလဲသွားရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှန်ကို ရှာဖွေရန် ဗိုလ်ချုပ်လု ကို အောင်မြင်စွာ ကူညီပေးရမည်ဖြစ်ပြီး ဘုရင်ကြီးကို သူ၏ ယခင်စရိုက်လက္ခဏာအတိုင်း ပြန်လည်ရောက်ရှိစေရမည်၊ အောင်မြင်ပါက ဆုလာဘ်အနေဖြင့် အတွေ့အကြုံမှတ် ၁,၅၀၀,၀၀၀ နှင့် ဒဏ္ဍာရီလာ အရည်အသွေး ရတနာသေတ္တာ တစ်လုံး ရရှိမည်၊ ကျရှုံးပါက ပြစ်ဒဏ်အနေဖြင့် အတွေ့အကြုံမှတ် ၁,၅၀၀,၀၀၀ နုတ်ပယ်ခံရမည်၊ လက်ခံမည် / ငြင်းပယ်မည်။
စစ်ဗိုလ်ချုပ်နှစ်ဦး အပြန်အလှန် ငြင်းခုံနေကြပြီး နှစ်ဦးစလုံးက ကျန်းလျို၏ အကူအညီကို တောင်းခံနေကြစဉ် စနစ်၏ အသိပေးချက်များသည် သူ၏စိတ်ထဲတွင် တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့ပြီး တာဝန်နှစ်ခုကို ချက်ချင်း စတင်လိုက်လေသည်။
စတင်သွားသော အဆိုပါ တာဝန်နှစ်ခုကို ကြည့်ကာ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေလေသည်။
အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤတာဝန်နှစ်ခုသည် ထိုလူနှစ်ဦး၏ ရပ်တည်ချက်များကဲ့သို့ပင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေပုံရသဖြင့် သူသည် တစ်ခုကိုသာ ရွေးချယ်နိုင်မည် ဖြစ်သည်။
အလားတူပင် သူသည် စစ်ဗိုလ်ချုပ်နှစ်ဦးထဲမှ တစ်ဦးကိုသာ ကူညီနိုင်မည် ဖြစ်သည်။
သို့သော်လည်း တစ်ခဏမျှ တိတ်တဆိတ် တွေးတောပြီးနောက် ကျန်းလျိုသည် တာဝန်နှစ်ခုစလုံးကို လက်ခံလိုက်လေတော့သည်။
ထိုက်ရှန်းလောင်ကျွင်းက ရွှေဆေးလုံး နှစ်လုံးကို ထုတ်ပြပြီး ကျန်းလျိုကို ရွေးချယ်ခိုင်းစဉ်ကကဲ့သို့ပင်...။
ကလေးများကသာ ရွေးချယ်မှု လုပ်ကြသည်။ အကျိုးအမြတ်တွေ ရှိနေမှတော့ လူကြီးများကတော့ သေချာပေါက် အကုန်လုံးကို ရယူကြလိမ့်မည် ဖြစ်သည်။
ဒီလူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်နေတော့ရော ဘာအရေးနည်း။ ယခု တာဝန်နှစ်ခုစလုံးကို လက်ခံလိုက်ပြီဆိုမှတော့ ၎င်းတို့ကို ပြီးမြောက်အောင် နည်းလမ်းရှာဖို့ပဲ လိုတော့သည်။