← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 29 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 29 Ch. 397-398

အပိုင်း(၃၉၇)

တာဝန်နှစ်ခုစလုံးကို လက်ခံပြီးနောက် ကျန်းလျို၏ စိတ်အာရုံသည် အနည်းငယ် ပြောင်းလဲသွား၏။ သူက ဗိုလ်ချုပ်လုထံသို့ ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"မင်းစိတ်ထဲမှာ သံသယတွေ ရှိနေတယ်ဆိုရင်တောင်… ပြီးတော့ အဲဒီသံသယတွေက တကယ်ပဲ ယုတ္တိတန်နေတယ်ဆိုရင်တောင်… လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ ဘုရင်ကြီးရဲ့ အမိန့်ကို ဗြောင်ကျကျ ဆန့်ကျင်တာက မှားယွင်းနေတယ်..."

ဤစကားကို ကြားသောအခါ ဗိုလ်ချုပ်ကျန်း၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ဆန့်ကျင်ဘက် အနေဖြင့် ဗိုလ်ချုပ်လု၏ မျက်နှာမှာ အလွန်တရာ မှုန်ကုပ်သွားလေတော့သည်။

"ဆရာတော်... ဒါက..."

သူက ရှင်းလင်း ပြောပြဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ဆုံးဖြတ်ချက် ချထားပြီးဖြစ်သော ကျန်းလျိုသည် သူ့စကားကို ဆက်လက်နားထောင်ရန် အစီအစဉ်မရှိတော့ပေ။ သူသည် လက်ကာပြလိုက်ရင်း... ဗိုလ်ချုပ်လုအား လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"မင်း အသာတကြည် လက်နက်ချပြီး ဘုရင်ကြီးကို တွေ့ဖို့အတွက် ဘုန်းကြီးနဲ့အတူ နန်းတော်ကို လိုက်ခဲ့မယ်လို့ မျှော်လင့်တယ်..."

ကျန်းလျို၏ စကားကို ကြားသောအခါ ဗိုလ်ချုပ်လု၏ လက်ထဲရှိ လှံရှည်မှာ တုန်ခါသွားပြီး ပြတ်သားစွာ ပြောလိုက်လေသည်။

"မဖြစ်ဘူး... ဘုရင်ကြီးက ရူးနေပြီ… ဆရာတော်တို့နဲ့ အတူ မလိုက်နိုင်ဘူး..."

"အောမိတော်ဖော... တကယ်လို့ မင်းက ခုခံဖို့ ရည်ရွယ်ထားတယ်ဆိုရင်… ဝမ်းနည်းစွာနဲ့ပဲ ဘုန်းကြီး ကိုယ်တိုင် လှုပ်ရှားရတော့မှာပေါ့..."

ဗိုလ်ချုပ်လုသည် အဆင့် ၂၈ ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လူသားများ၏ ကျင့်ကြံခြင်းတွင် သွေးကြောပွင့်အဆင့်သာ ရှိလေရာ ကျန်းလျိုသည် သူ၏ နတ်သစ်ပင် တောင်ဝှေး ကို မြှောက်ကိုင်လိုက်လေသည်။

"ဒါဆိုရင်လည်း ဆရာတော်… ကျုပ်ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့..."

ကျန်းလျိုက နတ်သစ်ပင် တောင်ဝှေး ကို မြှောက်ကိုင်လိုက်သည်ကို မြင်သောအခါ ဗိုလ်ချုပ်လုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စကားပြောနေရင်းပင် သူ၏ လှံရှည်ဖြင့် ကျန်းလျိုထံသို့ တိုက်ရိုက် ထိုးစိုက်လိုက်လေသည်။

ဗိုလ်ချုပ်လု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းလျိုသည် ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ သူ၏ နတ်သစ်ပင် တောင်ဝှေး ကို ပြိုင်ဘက်ထံသို့ တိုက်ရိုက် လွှဲရိုက်လိုက်လေသည်။

လှုပ်ရှားမှု တစ်ချက်တည်းဖြင့်ပင် ဗိုလ်ချုပ်လု၏ လှံရှည်သည် ကျန်းလျို၏ နတ်သစ်ပင် တောင်ဝှေး ရိုက်ချက်ကြောင့် လွင့်စဉ်ထွက်သွားခဲ့လေသည်။

ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ် (ဒဏ္ဍာရီလာ အရည်အသွေး) - အဆင့် ၄၀ လိုအပ်သည်၊ တိုက်ခိုက်ရေးစွမ်းအား +၃၂၀၀၊ အထူးစွမ်းရည် - လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါ။ ဤလက်စွပ်ကို ဝတ်ဆင်ထားခြင်းက မိမိထက် အဆင့်နိမ့်သော ပစ်မှတ်များ၏ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း စွမ်းရည်များကို ၂၀ % လျော့ကျစေသည်၊ ကြံ့ခိုင်မှု ၃၃/၇၀။

ဤ ဒဏ္ဍာရီလာ အရည်အသွေး ရှိ လက်စွပ်၏ အထူးစွမ်းရည် သက်ရောက်မှုကြောင့် မူလကတည်းက ကျန်းလျိုထက် နိမ့်ကျနေသော ဗိုလ်ချုပ်လု၏ စွမ်းဆောင်ရည်များသည် ယခုအခါ ကွာဟချက် ပိုမိုကြီးမားသွားခဲ့လေပြီ။

ဘုန်း...

အသံနှင့်အတူ နတ်သစ်ပင် တောင်ဝှေး သည် ဗိုလ်ချုပ်လု၏ ခေါင်းကို ရိုက်မိသွားရာ ချက်ချင်းဆိုသလိုပင် ဗိုလ်ချုပ်လု၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ ကုန်ခမ်းသွားကာ မျက်လုံးများ အပေါ်လှန်သွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားလေတော့သည်။

ဒင် - အတွေ့အကြုံမှတ် ၁၀၇၀ ရရှိပါသည်၊ ငွေကြေး ၅၀၀ ရရှိပါသည်။

ဗိုလ်ချုပ်လု သတိလစ်သွားသည်နှင့် တစ်ပြိုင်နက်တည်းနီးပါး စနစ်၏ အသိပေးချက်က ထွက်ပေါ်လာခဲ့လေသည်။

‘အတွေ့အကြုံမှတ် ၁၀၇၀... အဲ့တာပဲ ရတာလား...’

‘စဉ်းစားကြည့်မယ်ဆိုရင် ငါ အဆင့် ၂၀ ဝန်းကျင်လောက်တုန်းက အဆင့် ၂၈ မိစ္ဆာ ကို သတ်ရင် ဒီထက် အတွေ့အကြုံမှတ် တွေ အမြဲတမ်း ပိုရခဲ့တာပဲ မဟုတ်လား… အဆင့်ပိုမြင့်လာတာနဲ့ အမျှ အဆင့်နိမ့် လူတွေကို သတ်တဲ့ အတွေ့အကြုံမှတ်တွေက ပိုနည်းလာတာလား...’

‘ဒါပေမဲ့ ပြန်တွေးကြည့်မယ်ဆိုရင် အခုလို အဆင့် ၂၈ မျိုးကို ငါက လှုပ်ရှားမှု တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်နေပြီလေ… တကယ်လို့ အဆင့် ၃၁ အထက်တွေကို ကြုံတွေ့ရရင်တောင်မှ အဆင့်မြင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ ကို ပေါင်းထည့်မယ်ဆိုရင် မိစ္ဆာနှိမ်နင်းရေးဂါထာနဲ့ ရဟန္တာလက်သီးရဲ့ အထောက်အပံ့စွမ်းရည် တွေနဲ့ဆို ငါ တစ်ချက်တည်းနဲ့ သတ်နိုင်လောက်တယ် မဟုတ်ဘူးလား…

‘တစ်ချက်တည်းနဲ့ အတွေ့အကြုံမှတ် ၁၀၀၀ ကျော် ရမယ်ပေါ့...’

‘တကယ်လို့ ငါ တိုက်ခိုက်ဖို့ မိစ္ဆာ တွေသာ အလုံအလောက် ရှိနေမယ်ဆိုရင် တစ်နေ့ကို အကြိမ် တစ်ထောင် ရှစ်ရာလောက် ရိုက်လိုက်ရင် တစ်နေ့တည်းနဲ့ အတွေ့အကြုံမှတ် တစ်သန်းလောက် ရနိုင်တယ် မဟုတ်ဘူးလား…’

‘ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ယောက်တည်း ပင်ပင်ပန်းပန်း ကျင့်ကြံနေရတာထက် အများကြီး ပိုကောင်းနေတယ်လေ…’

‘ဒါပေမဲ့နှမြောစရာကောင်းတာက ဒါက အွန်လိုင်းဂိမ်း မဟုတ်ပဲ လက်တွေ့ကမ္ဘာ ဖြစ်နေတာပဲ... ဒါကြောင့် ငါ တိုက်ခိုက်ဖို့အတွက် အဆင့်တူ မိစ္ဆာတွေ အများကြီး စုဝေးပြီး အဆက်မပြတ် ပြန်လည်မွေးဖွားလာနိုင်စရာ အကြောင်းမရှိဘူးလေ။

ဆေးလုံးများ၏ အကူအညီဖြင့် သူသည် တစ်နှစ်ကျော်ကာလအတွင်း အဆင့် ၄၄ သို့ တိုးတက်လာခဲ့သည်။ ဤတိုးတက်မှုနှုန်းသည် အနောက်အရပ်သို့ ခရီးသွားခြင်း ကမ္ဘာ အတွက်မူ အလွန်တရာ မြန်ဆန်လှသော်လည်း အကယ်၍ ဤအရာသာ တကယ့် အွန်လိုင်းဂိမ်းတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် တစ်နှစ်ကျော်ကြာမှ အဆင့် ၄၄ သို့ ရောက်ရှိခြင်း ဖြစ်သည်။ ယခုအချိန်တွင် ထိုဂိမ်းမျိုး၌ ကစားသမားများ ကျန်ရှိတော့မည် မဟုတ်ဟု သူ ယုံကြည်လေသည်။

ကျန်းလျိုသည် ခေါင်းကို ခါယမ်းကာ သူ၏ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်သည်။ မကြာမီမှာပင် သူ၏ အကြည့်တို့က ဗိုလ်ချုပ်လု၏ နောက်ကွယ်ရှိ စစ်သည်များထံသို့ ကျရောက်သွားပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။

“မင်းတို့ရော ဘယ်လိုလဲ...”

ဤစစ်သည်များသည် နှစ်ပေါင်းများစွာ လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး အတွေ့အကြုံများကြောင့် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်များ အသီးသီး ရှိနေကြလေသည်။

တစ်ယောက်ကို လှုပ်ရှားမှု တစ်ချက်စီဖြင့်ဖြစ်စေ သို့မဟုတ် အုပ်စုလိုက် တိုက်ခိုက်မှုများကို အသုံးပြု၍ဖြစ်စေ တိုက်ခိုက်လိုက်မည်ဆိုလျှင် ဤစစ်သည် ထောင်ပေါင်းများစွာထံမှ သူ့အတွက် အတွေ့အကြုံမှတ် အတော်များများကို ရရှိလာမည် ဖြစ်သည်။

"ကျွန်တော်တို့... ကျွန်တော်တို့ လက်နက်ချပါတယ်..."

သို့သော်လည်း သူ ဗိုလ်ချုပ်လုအား လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ချက်ချင်း အနိုင်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသော စစ်သည်များ အဘယ်မှာ ဆက်လက် တိုက်ခိုက်ဝံ့ပါတော့မည်နည်း။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အသံထွက်၍ ပြောလိုက်ကြလေသည်။

စစ်သည်များ လက်နက်ချသည်ကို ကြားသောအခါ ကျန်းလျိုသည် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရလေသည်။

"လက်နက်ချတယ်... မင်းတို့က အဲဒီလောက်တောင် သတ္တိမရှိကြဘူးလား... ဗိုလ်ချုပ်လုက အနည်းဆုံးတော့ ခုခံဖို့ ရဲသေးတယ်… မင်းတို့က မရဲဘူးလား..."

သူက ရန်စလိုက်၏။

သို့သော်လည်း ထိုစကားကို ရှေ့တန်းတပ်မှူး တစ်ဦးက ခေါင်းခါကာ ပြန်ပြောလိုက်လေသည်။

"ကျွန်တော်တို့က ဆရာတော်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး… ဆရာတော် ဒီလိုမျိုး ရန်စနေဖို့ မလိုပါဘူး..."

"တကယ်တော့ မင်းတို့အားလုံး ပူးပေါင်းလိုက်မယ်ဆိုရင် ငါ့ကို တကယ်ပဲ အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်မှာပါ..."

ကျန်းလျိုက အနည်းငယ် ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် မယုံကြည်နိုင်သေးဘဲ ပြောလိုက်လေသည်။

"မလိုပါဘူး... ကျွန်တော်တို့ လက်နက်ချပါတယ်… အခုချက်ချင်း လက်နက်ချပါတယ်..."

ကျန်းလျို၏ စိတ်ပျက်နေသော မျက်နှာထားကို မြင်သောအခါ ကျန်ရှိနေသော စစ်သည်များ၏ မျက်နှာများမှာ ကြောက်လန့်တကြား ပြောင်းလဲသွားပြီး အလျင်စလို ခေါင်းခါလိုက်ကြကာ ပြောဆိုလိုက်ကြတော့သည်။

ဤဘုန်းကြီးသည် နှိမ့်ချပြီး ယဉ်ကျေးပုံရသော်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းနေလေသည်။ လူတိုင်းကို အနိုင်မယူရမချင်း သူ ရပ်တန့်မည့်ပုံ မပေါ်ပေ။

"ကျေးဇူးတင်ပါတယ် ဆရာတော်... ဆရာတော် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ကျန်းလျို၏ လက်ရှိ စိတ်ခံစားချက်က မည်သို့ပင် ရှိနေစေကာမူ ဗိုလ်ချုပ်လု ကို ချက်ချင်း အနိုင်ယူလိုက်ပြီး အခြားစစ်သည်များက ကိုယ့်သဘောဆန္ဒအလျောက် လက်နက်ချသွားသည်ကို မြင်တွေ့လိုက်ရသော ဗိုလ်ချုပ်ကျန်းမှာမူ အလွန်တရာ ကျေးဇူးတင်နေလေသည်။

အမှန်တကယ်ပင် ခွန်အားသည် တကယ်ကို အစွမ်းထက်လှပေသည်။ သူ အစွမ်းကုန် အားထုတ်ကြိုးပမ်းခဲ့သော်လည်း အနိုင်မယူနိုင်ခဲ့သော သူပုန်များကို ဆရာတော်က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့လေသည်။

"အောမိတော်ဖော... ဗိုလ်ချုပ်လု သေမသွားပါဘူး... အတော်ပဲ… ဘုန်းကြီးကလည်း ဘုရင်ကြီးကို တွေ့ပြီး ခရီးသွားခွင့် လက်မှတ်တွေ လဲလှယ်ဖို့ နန်းတော်ကို သွားမလို့ဆိုတော့ ငါတို့ အတူတူ သွားကြရင်ကော ဘယ်လိုလဲ..."

ကျန်းလျိုသည် လက်အုပ်ချီကာ နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် ပြောလိုက်လေသည်။

အတူတကွ သွားကြမည်ဆိုသော ကျန်းလျို၏ စကားကို ကြားသောအခါ ဗိုလ်ချုပ်ကျန်းက ခေါင်းညိတ်လိုက်လေသည်။

"သေချာပေါက် ရတာပေါ့..."

***

အပိုင်း(၃၉၈)

မကြာခင်မှာပင် ဗိုလ်ချုပ်ကျန်းသည် ဤသူပုန်များ၏ လက်နက်များအားလုံးကို သိမ်းဆည်းရန် သူ့ လူအချို့ကို စေလွှတ်လိုက်သည်။ ထို့နောက်... ဘုရင်ကြီးထံမှ နောက်ဆုံးအဆုံးအဖြတ်ကို စောင့်ဆိုင်းရန် သူတို့ကို ထိုနေရာတွင်ပင် စောင့်ကြပ်ထားစေလိုက်လေသည်။

သူကိုယ်တိုင်မှာမူ စစ်သည်ရာပေါင်းများစွာကို ခေါ်ဆောင်ကာ ကျန်းလျိုနှင့်အတူ ဝူကျီတိုင်းပြည် ၏ မြို့တော်ဆီသို့ ထွက်ခွာလာခဲ့ကြလေသည်။

လမ်းခရီးတွင် ကျန်းလျိုသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စကားစပြောလိုက်လေသည်။

"ဒါနဲ့... သိပ်ပြီး လုပ်စရာလည်း မရှိဘူး... ဘုန်းကြီးက မကြာသေးခင်က လက်နက်ပြုပြင်ဖန်တီးခြင်း လမ်းစဉ် ကို နည်းနည်းပါးပါး လေ့လာထားတယ်… ဗိုလ်ချုပ်ကျန်းဆီမှာ ပျက်စီးနေတဲ့ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးနေတဲ့ လက်နက်တွေများ ရှိမလားလို့ပါ... ခရီးသွားနေတုန်း ငါ တချို့ကို ပြုပြင်ပေးနိုင်တယ်လေ..."

"အာ... ကျွန်တော်မျိုးတို့ရဲ့ လက်နက်တွေကို ပြုပြင်ပေးမယ် ဟုတ်လား..."

ကျန်းလျို၏ စကားကြောင့် ဗိုလ်ချုပ်ကျန်းမှာ အနည်းငယ် မှင်တက်သွားလေသည်။

"မှန်ပါတယ်… ပျက်စီးနေတဲ့ ဒါမှမဟုတ် ပျက်စီးခါနီးဖြစ်နေတဲ့ လက်နက်တွေ အားလုံးကို ခင်ဗျား ယူလာခဲ့လို့ရပါတယ်... လမ်းမှာ တခြားလုပ်စရာမှ မရှိတာ… ကျွန်တော် ခင်ဗျားတို့ကို ပြုပြင်ပေးနိုင်ပါတယ်..."

ကျန်းလျိုက ခေါင်းညိတ်ကာ ဗိုလ်ချုပ်ကျန်းအား ပြောလိုက်သည်။

ပျက်စီးနေသောလက်နက်များနှင့် ပျက်စီးလုနီးပါး ဖြစ်နေသော လက်နက်အချို့မျှသာ ဖြစ်သောကြောင့် စိုးရိမ်ကြောက်ရွံ့စရာ ဘာမှမရှိပေ။

ဗိုလ်ချုပ်ကျန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် ဆရာတော်..."

ထို့နောက်... ဗိုလ်ချုပ်ကျန်းသည် နောက်ထပ် မြင်းလှည်းနှစ်စီးကို ပြင်ဆင်ရန် အမိန့်ပေးလိုက်ပြီး စစ်တန်းလျားများမှ ပျက်စီးနေသော ဓားများ၊ လှံများ၊ သန်လျက်များနှင့် ပုဆိန်ရှည်အချို့ကို ထုတ်ယူကာ လှည်းများပေါ်သို့ တင်ဆောင်စေလိုက်လေသည်။

လက်နက်များကို ပြုပြင်ရန်အတွက် လိုအပ်သော သံမဏိသစ်မာများ နှင့် ကြေးနီ၊ သံ အချို့ကိုလည်း ပြင်ဆင်ထားရလေသည်။

ဤအရာအားလုံးကို ပြင်ဆင်ပြီးနောက်... ရာဂဏန်းရှိသော စစ်တပ်ကြီးသည် နောက်ဆုံးတွင် ဝူကျီတိုင်းပြည် ၏ မြို့တော်ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြလေတော့သည်။

"မြို့တော်က အနောက်ဘက် တည့်တည့်မှာလား..."

မြို့တော်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ကျန်းလျိုသည် ပျက်စီးနေသော သံလေး တစ်လက်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ကာ အမှုမဲ့အမှတ်မဲ့ မေးလိုက်လေသည်။

"မှန်ပါတယ်… ဒီကနေ အနောက်ဘက်ကို လီရှစ်ရာလောက် သွားရင် မြို့တော်ကို ရောက်နိုင်ပါတယ်...စိတ်ချပါ ဆရာတော်… ကျွန်တော်မျိုးတို့က ကုန်ပစ္စည်းတွေ သယ်ဆောင်လာတယ် ဆိုပေမယ့် ကျွန်တော်မျိုးတို့ရဲ့ အမြန်နှုန်းကတော့ နှေးသွားမှာ မဟုတ်ပါဘူး... ငါးရက် ခြောက်ရက်လောက်ဆိုရင် အဲဒီကို ရောက်နိုင်မှာပါ..."

ဗိုလ်ချုပ်ကျန်းက ကျန်းလျို၏ မေးမြန်းမှုကို ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

ဗိုလ်ချုပ်ကျန်း၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားပြီး ချက်ချင်းပင် ပြောလိုက်လေသည်။

"တကယ်တော့ ငါတို့ အဲဒီလောက် မြန်မြန်သွားဖို့ မလိုပါဘူး..."

"ဗျာ... အဲဒီလောက် မြန်မြန်သွားဖို့ မလိုဘူး ဟုတ်လား..."

ကျန်းလျို၏ စကားကြောင့် ဗိုလ်ချုပ်ကျန်းမှာ တစ်ခဏမျှ မှင်တက်သွားပြီး သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိလေသည်။

"အမ်း... မေးပါရစေ ဆရာတော်… ဆရာတော်တို့ ခရီးသွားတဲ့အခါ ပုံမှန်အားဖြင့် တစ်နေ့ကို ခရီးဘယ်လောက်လောက် သွားလေ့ရှိပါသလဲ..."

တစ်ခဏမျှ စဉ်းစားပြီးနောက် သူကမေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ကျန်းလျို ပါးစပ်ပင် မဟရသေးမီ ကျူးပါကျဲက မနေနိုင်ဘဲ ဝင်ရောက်ဖြေကြားလိုက်လေသည်။

"ငါတို့လား... တစ်နေ့ကို လီ သုံးဆယ် ကနေ ငါးဆယ် ဝန်းကျင်လောက်ပေါ့..."

"တစ်နေ့ကိုလား... လီ သုံးဆယ် ကနေ ငါးဆယ် ဟုတ်လား..."

ကျူးပါကျဲ၏ အဖြေကြောင့် ဗိုလ်ချုပ်ကျန်း၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး ကျန်းလျိုတို့ ဆရာတပည့် တစ်သိုက်ကို စိုက်ကြည့်နေမိလေတော့သည်။

တကယ်တော့ သူ စကားမှားသွားခဲ့ခြင်း ဖြစ်သည်။ သူတို့ကို တစ်နေ့ကို ခရီးဘယ်လောက် သွားလဲဟု မမေးသင့်ဘဲ တစ်နေ့ကို 'လမ်းလျှောက်ပြီး ရှုခင်းတွေ ဘယ်လောက်တောင် ခံစားနေလဲ' ဟုသာ မေးသင့်ခဲ့လေသည်။

လမ်းလျှောက်ပြီး ရှုခင်းခံစားနေရင်တောင်မှ သည်လောက်ထိ နှေးကွေးနေဖို့ မဖြစ်နိုင်ဘူး မဟုတ်ပါလော…။

"အောမိတော်ဖော... ဘဝဆိုတာ ကန့်သတ်ချက်တွေ ရှိပေမယ့်… လမ်းခရီးတွေကတော့ အဆုံးအစ မရှိပါဘူး... ကန့်သတ်ချက်ရှိတဲ့ အရာနဲ့ အဆုံးအစမရှိတဲ့ အရာကို လိုက်ဖမ်းနေတာက အချည်းနှီးပါပဲ..."

ကျန်းလျိုက တည်ငြိမ်စွာဖြင့် ဘုရား၏ နာမည်ကို တမ်းတရင်း ရေရွတ်လိုက်လေသည်။

"အမ်း... ဆရာတော်ရဲ့ စကားတွေက အတော်လေး အဓိပ္ပာယ်ရှိပုံရတယ်..."

ကျန်းလျို၏ စကားများကြောင့် ဗိုလ်ချုပ်ကျန်းမှာ ခဏမျှ စဉ်းစားကာ ခေါင်းကိုသာ ညိတ်လိုက်လေသည်။

ကျန်းလျိုမှာ ဆက်လက် စကားပြောရန် စိတ်မဝင်စားတော့ချေ။ သူ၏ အကြည့်တို့က သူ၏ လက်ထဲရှိ သံလေးအပေါ်သို့ ကျရောက်သွားလေသည်။

လေး၏ အစွန်းတစ်ဖက်တွင် ထက်မြက်သော ဓားဖြင့် ခုတ်ပိုင်းခံထားရသကဲ့သို့ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခုရှိနေသည်ကို မြင်တွေ့နိုင်လေသည်။ အကယ်၍ လေးကြိုးကိုသာ ထပ်ပြီး အားကုန်ဆွဲလိုက်မည်ဆိုပါက လေးတစ်လက်လုံး ကျိုးပဲ့သွားနိုင်ချေ အလွန်များလေသည်။

ကျန်းလျို၏ အကြည့်တို့က လေးအပေါ်တွင် ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ဂုဏ်သတ္တိ အချက်အလက်များသည် သူ၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့လေသည်။

ဟောင်းနွမ်းနေသော သံလေး (သာမန် အရည်အသွေး) - တိုက်ခိုက်ရေးစွမ်းအား +၇၊ ကြံ့ခိုင်မှု ၁/၁၀။

"အင်း... သံလေး က သူ့ချည်းသက်သက်ဆိုလည်း ဒါလောက်ပါပဲ… 'ဟောင်းနွမ်းနေသော' ဆိုတဲ့ စကားလုံးကို ထပ်ထည့်ဖို့ လိုလို့လား..."

ကျန်းလျိုသည် ရှေ့တွင် ပေါ်လာသော ဂုဏ်သတ္တိများကို ကြည့်ကာ စိတ်ထဲမှ ခေါင်းခါလိုက်လေသည်။

ချက်ချင်းပင် သူသည် စိတ်ထဲမှ ဘဝကျွမ်းကျင်မှုစွမ်းရည်များ ကို ခေါ်ယူလိုက်ပြီး ပန်းပဲဆရာ စွမ်းရည် မျက်နှာပြင်ကို ဖွင့်လိုက်ကာ သံလေးကို ၎င်းပေါ်တွင် တင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူသည် သံရိုင်း အနည်းငယ်ကို ပေါင်းထည့်လိုက်လေသည်။

ကျန်းလျို၏ အရှေ့တွင်မူ မီးဖိုတစ်ခု လည်ပတ်နေသကဲ့သို့ ပန်းပဲဆရာ စွမ်းရည် မျက်နှာပြင်ကို သူ မြင်တွေ့နေရလေသည်။

သို့သော်လည်း စွန်းဝူခုန်းနှင့် အခြားသူများအဖို့မူ သံလေးသည် ကျန်းလျို၏ အရှေ့တွင် လေထဲ၌ ပေါလောပေါ်နေသည်ကိုသာ မြင်တွေ့ကြရလေသည်။

ထို့နောက် တောက်ပသော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် လင်းလက်သွားပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သံလေး ပြုပြင်ခြင်း ပြီးစီးသွားခဲ့လေသည်။

သံလေးကို လက်ထဲတွင် ကိုင်ထားရင်း ကြည့်လိုက်ရာ လေးတစ်လက်လုံးက အနည်းငယ် ဟောင်းနွမ်းနေပုံရသော်လည်း အက်ကွဲနေသော နေရာတွင်မူ အသစ်စက်စက် သံဖာရာတစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

ဤသည်မှာ သံလေး၏ ကိုယ်ထည်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့သော ခုလေးတင် ပေါင်းထည့်လိုက်သည့် သံရိုင်းပင် ဖြစ်လေသည်။

ကျန်းလျို၏ အကြည့်တို့ တစ်ဖန် ကျရောက်သွားသောအခါ သံလေး၏ ဂုဏ်သတ္တိများသည် ထပ်မံပေါ်ထွက်လာခဲ့လေသည်။

ပြုပြင်ထားသော သံလေး (သာမန် အရည်အသွေး) - တိုက်ခိုက်ရေးစွမ်းအား +၇၊ ကြံ့ခိုင်မှု ၉/၉။

တိုက်ခိုက်ရေးစွမ်းအားမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ကြံ့ခိုင်မှုမှာ အပြည့်အဝ ပြန်လည်ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အပြည့်ဖြစ်သော ကြံ့ခိုင်မှု ၁၀ မှတ်အစား ယခုအခါ ၉ မှတ်သာ ကျန်ရှိတော့သည်။

ဤအရာက ကျန်းလျိုကို မျက်မှောင် အနည်းငယ် ကြုတ်သွားစေခဲ့သည်။ ၎င်းက စနစ်၏ သတ်မှတ်ချက်တစ်ခုလား သို့မဟုတ် ပြုပြင်ခြင်းက လက်နက်ကို တစ်နည်းနည်းနဲ့ ထိခိုက်ပျက်စီးသွားစေခဲ့တာလား…

ဒင် - အတွေ့အကြုံမှတ် ၄၂ ရရှိပါသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သံလေးကို ပြုပြင်ပြီးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်က ထွက်ပေါ်လာခဲ့ရာ ကျန်းလျိုကို အနည်းငယ် မှင်တက်သွားစေသလို အလွန်တရာလည်း ဝမ်းသာသွားစေခဲ့သည်။ သူသည် ကြံ့ခိုင်မှု ပြဿနာကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။

‘ဒီလိုလေး လုပ်လိုက်ရုံနဲ့ အတွေ့အကြုံမှတ် ၄၂ မှတ်တောင် တကယ် ရနိုင်တယ်ပေါ့လေ...

ငါ့အတွက်တော့ စွမ်းရည် မျက်နှာပြင်ကို အသုံးပြုပြီး လက်နက်ကိရိယာတွေကို ပြုပြင်ရတာက အရမ်း လွယ်ကူလွန်းတယ်... ခေတ်သစ်စကားနဲ့ ပြောရရင် ခလုတ် တစ်ချက်နှိပ်ရုံနဲ့ ပြုပြင်လို့ရတယ် မဟုတ်ဘူးလား…

ဘဝအသက်မွေးဝမ်းကျောင်းများ စွမ်းရည် နဲ့ဆိုရင် ဖန်တီးတာရော ပြုပြင်တာပါ နှစ်ခုစလုံးက အတွေ့အကြုံမှတ် တွေကို ရရှိစေနိုင်တယ်ဆိုတာ ငါသိထားပြီးသားပါ…

ဒါပေမဲ့ ဘဝအသက်မွေးဝမ်းကျောင်း ကို အသုံးပြုရတာက ဂိမ်းတွေထဲကလိုမျိုး အလုပ်တစ်ခုပြီးမြောက်ဖို့ ခလုတ်တစ်ချက် နှိပ်လိုက်ရုံပဲဆိုတာကို ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး... တစ်ချက်နှိပ်ရုံနဲ့ အမှားအယွင်းမရှိတဲ့ ပြုပြင်ခြင်း တဲ့…

နောက်ပြီး ငါ့ခေါင်းထဲကို ပန်းပဲပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတ အသစ်တွေလည်း ဝင်လာနေတယ်…’

"ဝိုး... ဒီလိုလေး လုပ်လိုက်ရုံနဲ့ သံမဏိ လေးကို အောင်အောင်မြင်မြင် ပြုပြင်ပြီးသွားပြီလား..."

ကျန်းလျို တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် အံ့သြနေစဉ် ဗိုလ်ချုပ်ကျန်းမှာမူ ကျန်းလျိုထက် ပိုမို အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်နေလေသည်။

"ရော့... စမ်းကြည့်လိုက်ဦး..."

ကျန်းလျိုက ဗိုလ်ချုပ်ကျန်းထံသို့ သံလေးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ..."

ဗိုလ်ချုပ်ကျန်းသည် ခေါင်းညိတ်လိုက်ပြီး ကျန်းလျို ပစ်ပေးလိုက်သော လေးကို ဖမ်းယူလိုက်လေသည်။

စကားပြောနေရင်းပင် သူသည် စမ်းသပ်ရန်အတွက် လေးကြိုးကို ဆွဲကြည့်လိုက်သည်။ အမှန်တကယ်ပင် ဆွဲအားက အထင်ကြီးလောက်စရာ ကောင်းနေဆဲဖြစ်ပြီး အရေးအကြီးဆုံးမှာ ပြုပြင်ထားသော နေရာတွင် တစ်စုံတစ်ရာ အဆင်မပြေသော ခံစားချက်မျိုး လုံးဝ မရှိခြင်းပင် ဖြစ်လေသည်။

"ဆရာတော်က တကယ်ကို ကျွမ်းကျင်တာပဲ… ကျင့်စဉ်ကို မြန်မြန်ဆန်ဆန်လေး အသုံးပြုလိုက်ရုံနဲ့ ပြီးသွားပြီ… ဟိုပန်းပဲဆရာ ဆိုတဲ့သူတွေထက် အများကြီး ပိုပြီး အရည်အချင်းရှိတာပဲ..."

သံလေးကို သေချာစွာ စမ်းသပ်ပြီးနောက် ဗိုလ်ချုပ်ကျန်းသည် ကျန်းလျိုအား လက်မထောင်ပြကာ ချီးကျူးလိုက်လေသည်။

"အင်း... ဒါဆိုရင် ခင်ဗျား မျက်တောင်ကို နောက်ထပ် အကြိမ်နည်းနည်းလောက် ပိုခတ်ထားတာ ကောင်းမယ်..."

ကျန်းလျိုက ရယ်မောကာ ပြန်ဖြေလိုက်လေသည်။

စကားပြောနေစဉ်မှာပင် သူသည် နဂါးမြင်းဖြူ ပေါ်မှ မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်ပြီး သံတိုသံစများကဲ့သို့ ဖြစ်နေသော လှည်းပေါ်ရှိ လက်နက်မျိုးစုံကို ကြည့်ကာ သူ၏ မျက်လုံးများ အရောင်လက်သွားလေသည်။

ကျန်းလျိုအတွက်တော့ ဤအရာများအားလုံးမှာ အတွေ့အကြုံမှတ်များပင် ဖြစ်လေသည်။

ဒင် - အတွေ့အကြုံမှတ် ၅၅ ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၆၅ ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၈၂ ရရှိပါသည်။

***

All Chapters