← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 29 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 29 Ch. 403-404

အပိုင်း(၄၀၃)

"ဆရာတော်တို့... ကျေးဇူးပြုပြီး စကားနည်းနည်းလောက် လျှော့ပြောပါဗျာ..."

ကျန်းလျို၏အဖွဲ့နှင့် ဘုရင်ကြီးအကြား တင်းမာနေသော အခြေအနေကို မြင်သောအခါ အနီးတွင်ရှိနေသော ဗိုလ်ချုပ်ကျန်းက အလောတကြီး တောင်းပန်လိုက်သည်။

ထို့နောက် သူက ဘုရင်ကြီး ရှေ့တွင် ဒူးထောက်ရင်း တောင်းပန်လိုက်လေသည်။

"အရှင်မင်းကြီး... ရွှမ်ကျန်းဆရာတော်နဲ့ သူရဲ့အဖွဲ့က သစ္စာဖောက် ဗိုလ်ချုပ်လုကို ဖမ်းဆီးဖို့ ကျွန်တော်မျိုးကို ကူညီပေးခဲ့တဲ့အပြင်… ကျွန်တော်မျိုးတို့ရဲ့ စစ်စခန်းက ပျက်စီးနေတဲ့ လက်နက်ပေါင်း တစ်ထောင်ကျော်ကိုတောင် ကူညီပြုပြင်ပေးခဲ့တာပါ... ဆရာတော်က ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး အရှင်မင်းကြီး..."

"ဟားဟားဟား... သစ္စာဖောက်တဲ့လား..."

သို့သော်လည်း... ထိုအချိန်တွင်ပင် သူတို့၏ဘေးတွင် တိတ်ဆိတ်စွာနေနေခဲ့သော ဗိုလ်ချုပ်လုသည် ရုတ်တရက် ထကာ ရယ်မောလိုက်၏။ ထို့နောက်... သူက ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများဘက်သို့ လှည့်လိုက်ရင်း...

"မင်းကြီး ဘယ်လိုဖြစ်နေပြီလဲဆိုတာ သေချာကြည့်ကြစမ်း... သူက ငါတို့သိခဲ့တဲ့ ဘုရင်ကြီး ဟုတ်သေးရဲ့လား... ငါကတော့ မင်းကြီးရဲ့ နားထဲကို ကုန်းချောစကားတွေ တီးတိုးပြောနေတဲ့ လူယုတ်မာတစ်ယောက် ရှိနေတယ်လို့ ထင်တယ်”

ထို့နောက်... သူက ဘုရင်ကြီး ရှိရာဘက်သို့ လှည့်ကာ စူးစိုက် ကြည့်လိုက်သည်။

"လူတစ်ယောက်က ငါ့ကို ပြောဖူးတယ်... ဘုရင်ကြီးက အတုအယောင်ဖြစ်ပြီး… အစစ်အမှန် ဘုရင်ကြီးကို သူက သတ်ပစ်လိုက်တာတဲ့... ပြီးတော့ ဒီမိစ္ဆာက ဘုရင်ကြီးအသွင် ဖန်ဆင်းထားတာတဲ့လေ... ငါ အစတုန်းက မယုံခဲ့ပါဘူး... ဒါပေမဲ့ အခုကြည့်ရတာတော့ ဒါက အမှန်ဖြစ်နိုင်ခြေ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တောင် ရှိနေပြီပဲ... ဟေ့ မိစ္ဆာကောင်... မင်းက ဘယ်သူလဲ... ငါတို့ ဝူကျီတိုင်းပြည်ရဲ့ ဘုရင်ကြီးအဖြစ်တောင် ရဲရဲတင်းတင်း ဟန်ဆောင်ရဲတယ်ပေါ့လေ..."

ဗိုလ်ချုပ်လု၏ စကားလုံးများက ရဲရင့် ပြတ်သားမှုများနှင့် ပြည့်နှက်နေ၏။

"ဘာ... အတုအယောင်..."

ဗိုလ်ချုပ်လု၏ ထိုအသုံးအနှုန်းက ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများအားလုံးကို အလွန်အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း... ထိုတုန်လှုပ်မှုသည် သတင်းစကားကိုယ်နှိုက်ကြောင့်သာ ဖြစ်သည်။ သူတို့ ယုံကြည်ခြင်း ရှိမရှိ ဆိုသည်မှာမူ တစ်ဦးချင်းစီ၏ အမြင်အပေါ်တွင်သာ မူတည်နေပေသည်။

အချို့ကမူ ဗိုလ်ချုပ်လုသည် အဓိပ္ပါယ်မရှိသော စကားများကို ပြောဆိုနေသည်ဟု ထင်မြင်ကြသည်။ ဘုရင်ကြီး၏ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်မှာ မှန်သော်လည်း ဤသို့ဖြစ်နေခဲ့သည်မှာ တစ်နှစ်၊ နှစ်နှစ်မျှသာ မကတော့သောကြောင့် မည်သို့လုပ် အတုအယောင် ဖြစ်နိုင်မည်နည်း။

ထိုစကားများကို အလေးအနက်ထားကာ မှတ်သားထားသူများလည်း ရှိနေပြီး သူတို့၏ စိတ်ထဲတွင်မူ သံသယများ ဝင်ရောက်နေကြသည်။

"သေရမှာကိုတောင် မကြောက်ဘဲ… ဒီနေရာမှာ ဒီလိုရူးမိုက်တဲ့ စကားတွေကို ရဲရဲတင်းတင်း ပြောရဲတယ်ပေါ့လေ..."

မိမိမှာ အတုအယောင်ဖြစ်ကြောင်း ညီလာခံတစ်ခုလုံး၏ ရှေ့မှောက်တွင် စွပ်စွဲလိုက်သော ဗိုလ်ချုပ်လု၏ စကားများကို ကြားလိုက်ရသောအခါ ဘုရင်ကြီးသည် လန့်ဖြတ်သွားပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"ကိုယ်ရံတော်တွေ... ဒီသစ္စာဖောက်ကောင်ကို အပြင်ဆွဲထုတ်သွားပြီး ခေါင်းဖြတ်သတ်လိုက်ကြစမ်း..."

ဒေါသထွက်နေသော ဘုရင်ကြီးသည် သူ၏လက်ကို ကြီးကျယ်စွာ ဝှေ့ယမ်းပြလိုက်ပြီး အသံကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

ဘုရင်ကြီး၏ အမိန့်ပေးသံ ထွက်ပေါ်လာပြီးနောက် သံချပ်ကာဝတ် စစ်သည်တော် အများအပြားသည် အလျင်အမြန် ဝင်ရောက်လာကြပြီး ဗိုလ်ချုပ်လုအား ညီလာခံခန်းမကြီး ပြင်ပသို့ ဆွဲထုတ်ဖို့ ကြိုးစားကြတော့သည်။

ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများသည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကြည့်လိုက်ကြသည်။ အချို့ကမူ ဘုရင်ကြီး၏ တုံ့ပြန်မှုသည် အလွန်အမင်း ပြင်းထန်လွန်းနေပြီး အကြောင်းပြချက် မခိုင်လုံဘဲ တစ်စုံတစ်ရာကို ဖုံးကွယ်ရန် ကြိုးစားနေသကဲ့သို့ ခံစားမိကြသည်။

ဘုရင်တစ်ပါးအနေဖြင့် သစ္စာဖောက်တစ်ဦး၏ အတုအယောင်ဖြစ်သည်ဟူသော စွပ်စွဲမှုကို ခံရသောကြောင့် ဤသို့ ဒေါသထွက်ရသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟု တွေးထင်သူများလည်း ရှိနေကြသည်။

"ခဏနေပါဦး..."

ဗိုလ်ချုပ်လု ဆွဲထုတ်ခံရတော့မည့် ဆဲဆဲတွင် ကျန်းလျိုက ရုတ်တရက် ဝင်ပြောလိုက်၏။

"ဒီဗိုလ်ချုပ်လုကို ငါ ဖမ်းဆီးခဲ့တာပါ... ဒါပေမဲ့ သူ့ရဲ့စကားတွေက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး... ဘုရင်ကြီးရဲ့ ဇာတိရုပ်မှန်ကို စစ်ဆေးသင့်တယ်လို့ ငါ ထင်တယ်..."

"ရွှမ်ကျန်းဆရာတော်... ဆရာတော် ဘယ်လိုလုပ်လိုက်တာလဲ..."

ကျန်းလျို ရှေ့သို့ ထွက်လာကာ ဝင်ရောက်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ ဗိုလ်ချုပ်ကျန်းသည် သူ့အား မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေ အမှန်ဖြစ်စေ အတုဖြစ်စေ ဤကိစ္စသည် ဝူကျီတိုင်းပြည်၏ ကိုယ်တွင်းရေးကိစ္စသက်သက် မဟုတ်ပါလော။ သို့ပါလျက်နှင့် သူက ဝင်ရောက်စွက်ဖက်လိုနေသည်မှာ မည်သို့လုပ် ကောင်းနိုင်မည်နည်း။

"အောမိတော်ဖော... ငါကိုယ်တော်က သူတစ်ပါးကို ကူညီရတာ နှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးပဲ..."

ဗိုလ်ချုပ်ကျန်း၏ စကားများကို ကြားလိုက်ရသောအခါ ကျန်းလျိုက လှည့်ကြည့်ကာ ပြောလိုက်၏။ စကားကို အနည်းငယ် ရပ်တန့်လိုက်ပြီးနောက်မှ သူက ဆက်လက်၍…

"ဒါကြောင့် မင်း အကူအညီတောင်းတုန်းကလည်း ငါကိုယ်တော် ငြင်းဆန်မနေဘဲ ဗိုလ်ချုပ်လုကို ဖမ်းဆီးဖို့ ကူညီပေးခဲ့တာပေါ့..."

"ဒါပေမဲ့ ဗိုလ်ချုပ်လုကလည်း ငါကိုယ်တော့်ဆီက အကူအညီ တောင်းခဲ့သေးတယ်... သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းကြီးရဲ့ အပြောင်းအလဲတွေနောက်က အမှန်တရားကို စုံစမ်းဖော်ထုတ်ဖို့နဲ့ မင်းကြီးရဲ့ဘေးမှာ တကယ်ပဲ လူယုတ်မာတစ်ယောက် ရှိနေသလားဆိုတာကို သိချင်လို့ပဲ... အခုကြည့်ရတာတော့ ဗိုလ်ချုပ်လုရဲ့ စကားတွေက အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး... ဒါကြောင့် ငါ သူရဲ့ အကူအညီတောင်းခံမှုကို လျစ်လျူရှုထားလို့ မရဘူးလေ..."

ကျန်းလျို၏ စကားများသည် သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။ မည်သို့ပင်ဆိုစေ သူသည် တာ့ထန်ပြည်မှ လာသူဖြစ်ရာ ဝူကျီတိုင်းပြည်၏ ဘုရင်အစစ်နှင့် အတု ပြဿနာအတွင်းသို့ ဝင်ရောက်စွက်ဖက်ရန်မှာ မသင့်လျော်ပေ။

သို့သော် တစ်စုံတစ်ယောက်က သူ့ထံမှ အကူအညီ လာရောက်တောင်းခံခဲ့မည်ဆိုလျှင်မူ ထိုကိစ္စသည် တစ်ခြားစီဖြစ်သွားပေလိမ့်မည်။

"ဝူခုန်း... မင်းရဲ့ မီးလျှံမျက်လုံးတွေနဲ့ ရွှေရောင်အကြည့်က မိစ္ဆာတွေရဲ့ လှည့်စားမှုတွေကို ထိုးဖောက်မြင်နိုင်တယ်လို့ ပြောကြတယ် မဟုတ်လား... သေချာကြည့်စမ်း... ဒီ ဝူကျီတိုင်းပြည်ရဲ့ ဘုရင်က အစစ်လား အတုလားဆိုတာကို..."

ကျန်းလျိုက သူ၏ဘေးရှိ စွန်းဝူခုန်းထံသို့ လှည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

"ဟီးဟီးဟီး... ကောင်းပြီလေ... ဘုရင် နေရာတောင် ဟန်ဆောင်ရဲတယ်ပေါ့... ငါ စွန်းဝူခုန်းက ဒီလောက် ရဲတင်းတဲ့ မိစ္ဆာမျိုးကို တစ်ခါမှ မမြင်ဖူးသေးဘူး... မင်းက တကယ်တော့ ဘာကောင်လဲဆိုတာ ကြည့်လိုက်ရသေးတာပေါ့..."

စွန်းဝူခုန်းက မိမိ အစွမ်းပြအလှည့် ရောက်ပြီဟု တွေးကာ အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

ထို့နောက်တွင်တော့ သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူကျီတိုင်းပြည်၏ ဘုရင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မီးလျှံမျက်လုံးများနှင့် ရွှေရောင်အကြည့် နတ်စွမ်းရည်ဖြင့် စွန်းဝူခုန်းသည် ဘုရင်ကြီး၏ ဇာတိရုပ်မှန်ကို ချက်ချင်းပင် ထိုးဖောက်မြင်တွေ့သွားခဲ့သည်။

"ဟီးဟီးဟီး... မင်းက ဒီလို မိစ္ဆာမျိုးကိုး... ခြင်္သေ့မိစ္ဆာပဲ..."

ဝူခုန်းက သဘောကျစွာဖြင့် ရယ်မောရင်း ပြောလိုက်သည်။

"ဘာ... ခြင်္သေ့မိစ္ဆာ..."

စွန်းဝူခုန်း၏ စကားများသည် ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများကြားတွင် တုန်လှုပ်မှုလှိုင်းများ ဖြစ်ပေါ်သွားစေခဲ့ပြီး အားလုံးက မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော်လည်း… လူတိုင်းက စွန်းဝူခုန်း၏ စကားများကို အလေးအနက်ထား ယုံကြည်နေကြခြင်း မဟုတ်ဘဲ အချို့ကမူ သံသယ ဝင်နေကြဆဲ ဖြစ်သည်။

သို့သော် ကျန်းလျိုသည် သူတို့၏ တုံ့ပြန်မှုများကို များစွာ ဂရုမစိုက်ခဲ့ပေ။

"လျှပ်စီး မီးလုံး…”

စွန်းဝူခုန်းက အတုအယောင် ဝူကျီတိုင်းပြည်၏ ဘုရင်၏ ဇာတိရုပ်ကို ဖော်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းလျိုက လက်ကို မြှောက်လိုက်သည်။

ချက်ချင်းပင်… မီးတောက်မီးလျှံတစ်ခုသည် ဝူကျီတိုင်းပြည်၏ ဘုရင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ရုတ်တရက် တိုက်ခိုက်မှုကြောင့် ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများမှာ ကြက်သီးမွေးညင်းထသွားကြပြီး ဝင်ရောက်တားဆီးရန် အချိန်မမီတော့ပေ။ သူတို့သည် မီးတောက်မီးလျှံများက ဘုရင်ကြီးဆီသို့ ဝင်ရောက်ရိုက်ခတ်သွားသည်ကိုသာ ငေးကြည့်နေနိုင်တော့သည်။

လျှပ်စီး မီးလုံး၏ ချဉ်းကပ်လာသော မီးတောက်များနှင့် ရင်ဆိုင်လိုက်ရသောအခါ ဘုရင်ကြီးသည် ခေတ္တမျှ တွန့်ဆုတ်သွားခဲ့ပြီးနောက် တုံ့ပြန်သည့်အနေဖြင့် သူ၏လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။

ဤအခြေအနေတွင် သူ့၌ ရွေးချယ်စရာမရှိတော့ကြောင်းကို ခြင်္သေ့ မိစ္ဆာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ မတုံ့ပြန်ခဲ့ပါက တိုက်ခိုက်ခံရမည်ဖြစ်သည်။ အခြားရွေးချယ်စရာမရှိသဖြင့် သူသည် မလွှဲမရှောင်သာ လှုပ်ရှားလိုက်ရခြင်း ဖြစ်သည်။

ကျန်းလျိုထက် သိသိသာသာ မြင့်မားနေသော အဆင့် ၆၀ ရှိသည့် သတ္တဝါတစ်ဦး ဖြစ်သည့်အားလျော်စွာ သူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုလျှပ်တစ်ပြက် မီးလုံး အစုအဝေးသည် ချက်ချင်းပင် တစ်စစီ ကွဲကြေသွားခဲ့သည်။

"မင်းက မိစ္ဆာမဟုတ်ဘူးလို့ ပြောရဲသေးလား..."

ဘုရင်ကြီးက ရွှမ်ကျန်းဆရာတော်၏ ဂါထာတိုက်ခိုက်မှုကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲလိုက်သည်ကို မြင်လိုက်ရသောအခါ အနီးတွင် ကြိုးတုပ်ခံထားရသော ဗိုလ်ချုပ်လုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ... ငါ့မှာ မွေးရာပါ နတ်စွမ်းအားတွေ ရှိတယ်လေ..."

ဗိုလ်ချုပ်လု၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ဘုရင်ကြီးသည် အတင်းအကြပ် ခုခံကာကွယ်ပြောဆိုလိုက်သည်။

သို့သော်… ဤအချိန်တွင် မည်သူကမျှ သူ၏စကားများကို ယုံကြည်လိုစိတ် မရှိကြတော့ပေ။

စွန်းဝူခုန်းသည် ပြုံးဖြဲဖြဲလုပ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ဝူကျီတိုင်းပြည်၏ ဘုရင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ထိုအခါ ခြင်္သေ့မိစ္ဆာမှာ သူ၏ ရှင်းပြချက်များက အချည်းနှီးသာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ စွန်းဝူခုန်းက တိုက်ခိုက်လာသည်ကို မြင်သောအခါ သူသည် နောက်လှည့်၍ အသက်လု ထွက်ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။

"ပြေးလွတ်မယ် ထင်နေတာလား..."

ခြင်္သေ့မိစ္ဆာ ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ ကျန်းလျှိုမှာ တိတ်တဆိတ် ရယ်မောလိုက်ပြီး သူ၏လက်ချောင်းဖြင့် ညွှန်ပြကာ သိုးအသွင်ပြောင်း နည်းစနစ် ကို အသက်သွင်းလိုက်သည်။

"ပဲ..."

သိုးအသွင်ပြောင်း နည်းစနစ် ၏ အာနိသင်အောက်တွင် ဝူကျီတိုင်းပြည်၏ ဘုရင်သည် ချက်ချင်းပင် အန္တရာယ်မပေးနိုင်သော သိုးငယ်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှုပ်ထွေးတွေဝေစွာဖြင့် အော်မြည်နေခဲ့လေသည်။

ဘုန်း…

ထိုအချိန်တွင်ပင် ရွှေတင်းပုတ်ကြီးသည် ပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး ရိုက်ချက်တစ်ချက်တည်းဖြင့် ဝူကျီတိုင်းပြည် ဘုရင်၏ ခေါင်းပေါ်ရှိ သွေးတန်းကို ဗလာဖြစ်သွားစေကာ သတိလစ် မေ့မြောသွားစေတော့သည်။

စွန်းဝူခုန်း၏ ရှေ့မှောက်တွင် မိစ္ဆာဘုရင် အဆင့်သာရှိသော ခြင်္သေ့မိစ္ဆာတစ်ကောင်သည် လှုပ်ရှားမှုတစ်ချက်တည်းဖြင့် အစဖျောက်ခံလိုက်ရသည်မှာ သဘာဝပင် ဖြစ်သည်။

***

အပိုင်း(၄၀၄)

[ဒင် - သင်သည် အတွေ့အကြုံမှတ် ၂၅၂၀ ကို ရရှိပါသည်။]

စွန်းဝူခုန်း၏ ရွှေတုတ်ကြီး ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းလျိုသည် သိုးအသွင်ပြောင်း နည်းစနစ် ကိုသာ အသုံးပြုခဲ့သောကြောင့် အထောက်အကူပြု ပါဝင်မှုမှာ သိပ်မများပြားလှဘဲ အတွေ့အကြုံမှတ် ၂၀၀၀ ကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

"ဝူခုန်း... ဟိုအိမ်ရှေ့မင်းသားကရော အစစ်အမှန် ဟုတ်ရဲ့လားဆိုတာ စစ်ဆေးကြည့်လိုက်စမ်း..."

အားလုံး အာရုံ စူးစိုက်နေကြသည်ကို မြင်သောအခါ ကျန်းလျိုသည် ချက်ချင်းပင် ဆက်လက်ပြောဆိုလိုက်သည်။

"ဘာ... အိမ်ရှေ့မင်းသားကပါ အတုအယောင် ဖြစ်နေတာလား..."

ကျန်းလျို၏ စကားများကို ကြားလိုက်ရသောအခါ ညီလာခံခန်းမကြီးအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားခဲ့ကြပြီး ချက်ချင်းဆိုသလိုပင် အိမ်ရှေ့မင်းသားဆီကို လှမ်းကာ ကြည့်လိုက်ကြလေသည်။

ဤအချိန်တွင် အိမ်ရှေ့မင်းသားသည် မိမိ၏ဖခင်ဖြစ်သူ မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောကြောင့် စိတ်ထဲ၌ ဗလာကျင်းနေခဲ့ပြီးပြီ ဖြစ်သည်။ ထိုအချိန်တွင်ပင် ကျန်းလျို၏ စကားကို ရုတ်တရက် ကြားလိုက်ရပြီး လူတိုင်း၏ အကြည့်များသည် သူ့ထံသို့ စူးစိုက်လာကြသည်ကို သတိထားမိလိုက်သည်။

ထိုအကြည့်များကြောင့် အိမ်ရှေ့မင်းသားမှာ လန့်ဖြတ်သွားခဲ့ပြီး အလောတကြီး အော်ဟစ်လိုက်သည်။

"နေကြပါဦး... ငါက အစစ်ပါ... ငါက မိစ္ဆာမဟုတ်ဘူး..."

"မင်းက ဟုတ်တယ် မဟုတ်ဘူးဆိုတာကို မင်းပြောရုံနဲ့ အတည်ယူလို့ မရဘူး..."

အိမ်ရှေ့မင်းသား၏ စကားများကို ကြားသောအခါ စွန်းဝူခုန်းသည် ရယ်မောလျှက် ပြောလိုက်သည်။

ကျန်းလျို၏ အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်သည့်အားလျော်စွာ စွန်းဝူခုန်းသည် ကျန်းလျို၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ ထင်ရှားပေသည်။ စကားပြောနေစဉ်မှာပင် သူ၏ မျက်လုံးများသည် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး မီးလျှံမျက်လုံးများနှင့် ရွှေရောင်အကြည့် နတ်စွမ်းရည်ကို အသုံးပြုကာ အိမ်ရှေ့မင်းသားအား လှမ်းကြည့်လိုက်သည်။

ဤအချိန်၌ ညီလာခံခန်းမကြီးအတွင်းရှိ မျက်လုံးအားလုံးသည် အိမ်ရှေ့မင်းသားဆီသို့ အံ့သြမှုများဖြင့် စူးစိုက်ကြည့်နေကြသည်။

‘တကယ်ပဲလား… အိမ်ရှေ့မင်းသားကပါ အတုအယောင် ဖြစ်နေတာလား…’

သို့သော် မီးလျှံမျက်လုံးများနှင့် ရွှေရောင်အကြည့် ဖြင့် ခေတ္တမျှ စူးစိုက်ကြည့်ပြီးနောက် စွန်းဝူခုန်းသည် ခေါင်းယမ်းလိုက်လေသည်။ ထို့နောက်… ကျန်းလျိုဘက်သို့လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားလေ၏။

"ဆရာတော်... ခင်ဗျားကတော့လေ..."

ခြင်္သေ့မိစ္ဆာ၏ ခန္ဓာကိုယ်ကို ဟိုလှန်သည်လှန် ရှာနေသည့် ကျန်းလျိုက ပခုံးတွန့်ပြကာ ပြန်လည် မတ်တပ်ရပ်လိုက်၏။

"ဒီခြင်္သေ့မိစ္ဆာ တကယ်သေသွားပြီလားဆိုတာကို စစ်ဆေးကြည့်နေတာပါ..."

"မသေသေးပေမယ့် သေဖို့တော့ နီးစပ်နေပြီ..."

စွန်းဝူခုန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဆက်လက်၍ ပြောလိုက်သည်။

"ဆရာတော်... ဒီအိမ်ရှေ့မင်းသားက အစစ်ပါ... မိစ္ဆာတစ်ကောင်က ဖန်ဆင်းထားတဲ့ အတုအယောင် မဟုတ်ပါဘူး..."

"အင်း... ကြည့်ရတာ ဘုရင်တစ်ပါးတည်းသာ အတုအယောင် ဖြစ်ပုံရတယ်..."

ကျန်းလျိုသည် ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ဆရာတော်... ဒါဆိုရင် ကျုပ်တို့ ဆက်ပြီး ဘာလုပ်ကြမလဲ... သူ့ကို သတ်ပစ်လိုက်ရမလား..."

အနီးတွင် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သေလုမျောပါးဖြစ်ကာ ခြင်္သေ့အသွင်သို့ ပြန်လည်ရောက်ရှိသွားသော မိစ္ဆာသတ္တဝါကို ကြည့်ကာ စွန်းဝူခုန်းက အမိန့်တောင်းခံလိုက်သည်။

ကျန်းလျိုက ခေါင်းခါယမ်းလိုက်၏။

"အဲဒါအတွက် အလောတကြီး လုပ်စရာမလိုသေးပါဘူး... ဘုရင်ကြီးကို ဘယ်လိုကြံစည်ခဲ့သလဲ… ပြီးတော့ အလောင်းက ဘယ်မှာလဲဆိုတာကို အရင်မေးကြည့်ရအောင်..."

"ဟုတ်တယ်... အဲဒါက အဓိပ္ပါယ်ရှိတယ်..."

ကျန်းလျို၏ ဤစကားကြောင့် စွန်းဝူခုန်းနှင့်တကွ ညီလာခံခန်းမကြီးအတွင်းရှိ နန်းတွင်းအမတ်များနှင့် စစ်သူကြီးများအားလုံးသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဘုရင်ကြီး၏နေရာ၌ မိစ္ဆာတစ်ကောင်က အစားထိုးဝင်ရောက်နေကြောင်းကို လူတိုင်းက သေချာပေါက် သိရှိသွားကြပြီဖြစ်ရာ မည်သည့်အရာကိုမျှ အောင်ပွဲမခံမီ အစစ်အမှန် ဘုရင်ကြီး မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို သူ၏ထံမှ စုံစမ်းသိရှိရန် လိုအပ်ပေသည်။

...

ရွှေနန်းတော်အတွင်း၌ အတုအယောင် ဘုရင်ကြီးအား ဖော်ထုတ်လိုက်ပြီးနောက် ကျန်းလျိုသည် ဝူကျီတိုင်းပြည်အတွက် သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်လာခဲ့သည်။

အိမ်ရှေ့မင်းသားသည် သူ၏ ဝမ်းနည်းပူဆွေးမှုများကို ခေတ္တဘေးဖယ်ထားလိုက်ပြီး ကျန်းလျိုနှင့် အဖွဲ့အား နန်းတော်အတွင်း၌ ယာယီတည်းခိုနေထိုင်ရန် စီစဉ်ပေးခဲ့သည်။

သတိလစ်မေ့မြောသွားသော ခြင်္သေ့မိစ္ဆာကိုလည်း ကြိုးဖြင့်တုပ်နှောင်ထားပြီး အစစ်အမှန် ဘုရင်ကြီး၏ အလောင်း မည်သည့်နေရာတွင် ရှိနေသည်ကို မေးမြန်းနိုင်ရန်အတွက် သူ သတိပြန်လည်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

အထူးပြောရမည်ဆိုလျှင် မူလက နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဗိုလ်ချုပ်လုသည် ဘုရင်ကြီး၏ ဇာတိရုပ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် မည်သည့်အပြစ်မှမရှိဘဲ လွတ်မြောက်သွားခဲ့ခြင်းပင် ဖြစ်သည်။

ထိုမျှသာမက ဘုရင်ကြီးအား ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲသော ပထမဆုံး စစ်သူကြီးတစ်ဦးအနေဖြင့် သူ၏ ဂုဏ်ကျက်သရေသည် ဤအချိန်တွင် အလွန်တရာ မြင့်မားသွားခဲ့ပေသည်။

လွတ်လပ်ခွင့် ပြန်လည်ရရှိသွားပြီးနောက် ဗိုလ်ချုပ်လုသည် ကျန်းလျိုအား လွန်စွာ ကျေးဇူးတင်နေခဲ့သည်။

အစပိုင်းတွင် သူ့အား ဖမ်းဆီးခဲ့သူမှာ ကျန်းလျိုဖြစ်သော်လည်း မကြာမီမှာပင် ကျန်းလျိုသည် သူနှင့် တိတ်တဆိတ် နှုတ်ကတိတစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းမှာ မြို့တော်သို့ ရောက်ရှိသွားသည်နှင့် ဘုရင်ကြီး၏ ဇာတိရုပ်အမှန်ကို ဖော်ထုတ်နိုင်ရန် ကူညီပေးမည်ဆိုသည့် ကတိပင် ဖြစ်သည်။

ဘုရင်ကြီးမှာ အတုအယောင်ဖြစ်ကြောင်း သူ့အား ပြောပြခဲ့ပြီး ညီလာခံခန်းမကြီးအတွင်း၌ ဤသတင်းကို ဖွင့်ဟပြောဆိုရန် အခွင့်အရေးရှာဖို့ ညွှန်ကြားခဲ့သူမှာလည်း ကျန်းလျိုပင် ဖြစ်သည်။ ဗိုလ်ချုပ်လု ရည်ညွန်းခဲ့သည့် “လူတစ်ယောက်” ဆိုသည်မှာ ကျန်းလျိုပင်။

ထို့ကြောင့် ညီလာခံခန်းမကြီးအတွင်း၌ အတုအယောင် ဘုရင်ကြီးကို ဖော်ထုတ်လိုက်နိုင်ပြီးနောက် ကျန်းလျို၏ နောက်ဆက်တွဲ အလိုအလျောက် တာဝန် နှစ်ခုသည်လည်း ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

ဆုကြေးများအဖြစ် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ နှင့် ၁,၅၀၀,၀၀၀ တို့သည် ချက်ချင်း ရရှိခဲ့ပြီး ဒဏ္ဍာရီလာ အရည်အသွေး ရတနာသေတ္တာ တစ်လုံးကိုလည်း သူ ရရှိခဲ့သည်။

အတုအယောင် ဘုရင်ကြီးကို ဖော်ထုတ်နိုင်ခဲ့ခြင်းသည် အောင်ပွဲခံသင့်သော ကိစ္စဖြစ်သော်လည်း အစစ်အမှန် ဘုရင်ကြီး၏ အလောင်း မည်သည့်နေရာတွင် ရှိနေသည်ကိုမျှ မသိရသေးသည်ကို ထည့်သွင်းစဉ်းစားကာ လူတိုင်းသည် ပျော်ရွှင်နိုင်ခြင်း မရှိကြဘဲ မည်သည့် အောင်ပွဲခံမှုမျှ မရှိခဲ့ပေ။

နန်းတော်အတွင်း၌ ညစာစားပြီးနောက် ကျန်းလျိုသည် အနားယူရန် သူ၏အခန်းသို့ ပြန်သွားခဲ့သည်။

စွန်းဝူခုန်းနှင့် အခြားသူများမှာမူ သူတို့သုံးယောက် ထိုင်ကာ မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်းကို ကစားနေကြသည်။

ကျန်းလျိုသည် စတင်၍ မကျင့်ကြံမီ သူ၏လက်ကို ဆန့်တန်းလိုက်ပြီး တာဝန်ပြီးမြောက်မှုအတွက် ဆုအဖြစ် ရရှိထားသော ဒဏ္ဍာရီလာ အရည်အသွေး ရတနာသေတ္တာ ကို ထုတ်ယူလိုက်သည်။

သေတ္တာကို ဖွင့်လိုက်သောအခါ သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့ပြီး အတွင်းမှ ဧရာမ ပုဆိန်ကြီး တစ်လက်ကို ထုတ်ယူလိုက်သည်။

ကျန်းလျို၏ အကြည့်များ ထိုပုဆိန်ကြီးပေါ်သို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ အချက်အလက်များသည် ပေါ်ထွက်လာခဲ့သည်။

ရွှမ်ဟွာ ပုဆိန် (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သော အဆင့် ၄၈၊ တိုက်ခိုက်ရေးစွမ်းအား +၇၈၀၀၊ အထူးစွမ်းရည် - ကျွမ်းကျင်မှုအားလုံး၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် -၁၀%၊ ကြံ့ခိုင်မှု ၈၈/၁၀၀။

ဤပစ္စည်းကိရိယာ၏ အချက်အလက်များကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် လေကို ပြင်းပြင်းရှူသွင်းလိုက်မိခြင်းမှ မအောင့်အည်းနိုင်တော့ပေ။

ဤပုဆိန်ကြီးသည် အသွင်အပြင်အရ ကြီးကျယ်ခမ်းနားနေရုံသာမက အလွန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပုံရသည်။

တိုက်ခိုက်ရေးစွမ်းအား ၇၈၀၀ တောင်လော…။

ဤသည်မှာ နတ်သစ်ပင် တောင်ဝှေး ၏ အပိုဆောင်းစွမ်းအားထက် နှစ်ဆကျော်ပင် ပိုများနေပေသည်။ နတ်သစ်ပင် တောင်ဝှေး တွင် တိုက်ခိုက်ရေးစွမ်းအား အပိုဆောင်း ၃၅၀၀ သာ ရှိသည် မဟုတ်ပါလော…

"ငါက ဘုန်းကြီးတစ်ပါးလေ... ဇင်တောင်ဝှေး ဒါမှမဟုတ် ဘုန်းကြီးတောင်ဝှေးကို သုံးမယ်ဆိုရင်တော့ အကြောင်းပြလို့ ရသေးတယ်... ဒါပေမဲ့ ဒီလို ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ထားတာက လုံးဝကို မလိုက်ဖက်ဘူး မဟုတ်လား..."

ဧရာမ ပုဆိန်ကြီးကို ကြည့်လိုက် သူ၏ ၁၆ နှစ်အရွယ် နုနယ်ပြီး ချောမောလှပသော ကိုရင်လေး၏ အသွင်အပြင်ကို ပြန်တွေးကြည့်လိုက်နှင့် ကျန်းလျိုသည် ၎င်းမှာ လုံးဝကို မလိုက်ဖက်ဟု ခံစားရသဖြင့် စိတ်ထဲမှနေ၍ ခေါင်းယမ်းလိုက်မိသည်။

သို့သော် ၇၈၀၀ ဟူသော ဧရာမ တိုက်ခိုက်ရေးစွမ်းအား အပိုဆောင်း ပမာဏကြီးကမူ ကျန်းလျိုအား တံတွေးမြိုချသွားစေရန် ပြုလုပ်နိုင်ခဲ့ပေသည်။

ကျန်းလျိုသည် စိတ်ထဲမှ တွေဝေမှုများကို ဘေးဖယ်ထားလိုက်ပြီး ရွှမ်ဟွာ ပုဆိန်ဆီမှ အာရုံကို ခေတ္တလွှဲဖယ်လိုက်ကာ သိုလှောင်ရုံအတွင်းမှ ကျွမ်းကျင်မှုစာအုပ် နှစ်အုပ်ကို ထုတ်ယူလိုက်သည်။

၎င်းတို့မှာ စွန်းဝူခုန်းက ခြင်္သေ့မိစ္ဆာအား သတိလစ်မေ့မြောသွားစေရန် ရိုက်ချလိုက်ပြီးနောက် ချက်ချင်းဆိုသလို ရရှိခဲ့သော ပစ္စည်းများပင် ဖြစ်သည်။

ကျန်းလျိုသည် အိမ်ရှေ့မင်းသားက မိစ္ဆာဟုတ်မဟုတ် စစ်ဆေးရန် စွန်းဝူခုန်းအား တမင်တကာ ခိုင်းစေကာ လူတိုင်း၏ အာရုံစိုက်မှုကို ရယူခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချ၍ ခြင်္သေ့မိစ္ဆာ၏ ခန္ဓာကိုယ်အောက်မှ ပစ္စည်းများကို စမ်းသပ်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သူရှာတွေ့ခဲ့သော အခြား ဆေးရည်အချို့အကြောင်းကိုတော့ ထည့်ပြောနေစရာ လိုမည်မထင်ပေ။

ကျွမ်းကျင်မှုစာအုပ် နှစ်အုပ်ထဲမှ တစ်အုပ်သည် ကျန်းလျို၏ အာရုံကို ဖမ်းစားသွားခဲ့ပြီး ၎င်းမှာ ဓားသမားအဖြစ် အဆင့်ကူးပြောင်းရေး ပြုလုပ်ပြီးနောက် အသုံးပြုနိုင်သည့် "မီးလျှံခုတ်ပိုင်းခြင်း" အမည်ရ ဓားသိုင်း ကျွမ်းကျင်မှုစာအုပ်ဖြစ်ကြောင်း တွေ့ရှိရသည်။ အခြားတစ်အုပ်မှာမူ ကရုဏာရှင် ဗောဓိသတ် အသက်မွေးဝမ်းကျောင်းအတွက် "အကာအကွယ်ဂါထာ အားဖြည့်ခြင်း" ကျွမ်းကျင်မှုပင် ဖြစ်သည်။

***

All Chapters