← Chapters

ဝမ်းသာပျော်ရွှင်မှုမှသည် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်သို့

Vol. 13 Ch. 1217

ဝမ်းသာပျော်ရွှင်မှုမှသည် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်သို့

Vol. 13 Ch. 1217

ထိုအချင်းအရာမှာ အလွန် အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းနေတော့သည်။ ထိုစစ်သင်္ဘောများပေါ်တွင် လူပေါင်းသောင်းချီ၍ ရှိနေပြီး အများစုမှာ ကောင်းကင်တံတားနယ်မြေ၏ သွေးများကို ပိုင်ဆိုင်ထားကြသည်။

သူတော်စင်ဧကရာဇ် မည်သည့်နည်းနှင့်မှ မတုံ့ပြန်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက အလောတကော ဆိုလိုက်တော့သည်။

" မင်းက ကလေးမွေးရတာ အရသာတွေ့နေတာလား ဟွန့်ဟွန့်ဆရာ။ မြေရိုင်းဒေသမှာတုန်းကလည်း မင်းကဒီလိုပဲ။ အခု ထာဝရနယ်မြေတွေထဲကိုရောက်တော့လည်း အတူတူပါပဲလား။ မင်း...မင်းမွေးထားတဲ့ အရေအတွက်က ဂိုဏ်းတစ်ဂိုဏ်းလောက်တောင် ဖန်တီးလို့ရနေပြီ "

ပိုင်ရှောင်ချန်းမှာ အံ့သြမှင်တက်နေရပြီဖြစ်သည်။ ယခင်က ဘရူဆာမှာ အံ့သြဖွယ်ရာကောင်းလွန်းလှသည်ဟု သူ ထင်မှတ်ခဲ့ပါသော်လည်း ယခုတွင်မူ ဘရူဆာမှာ နတ်ဆရာ၏ရှေ့တွင် ဦးချရမည်ဖြစ်ကြောင်း သိသွားတော့သည်။ ဤကဲ့သို့ ရုတ်တရက်ပေါ်ထွက်လာသည့် ဖြစ်ရပ်ကြီးမှာ ကြည်လင်နေသော အပြာရောင်ကောင်းကင်တွင် လျှပ်စီးတစ်ချက် လက်သွားသည့်အလားပင်။

ထို့နောက် ပိုင်ရှောင်ချန်းက သူသည် အမျိုးသမီး အနည်းငယ်မျှဖြင့်သာ ဆက်ဆံနေရပါသော်လည်း အခက်တွေ့ရနေရပြီး နတ်ဆရာမှာမူ သောင်းဂဏန်းများစွာကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်ကြောင်း တွေးမိလိုက်သည်။ ထိုအမျိုးသမီးများအားလုံးမှာ အချင်းချင်းသင့်မြတ်နေကြသည့်ပုံပေါ်၍ ပိုင်ရှောင်ချန်း၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်သွားပြီး မနာလိုစိတ်များ ပေါ်ထွက်လာတော့သည်။

နတ်ဆရာမှာ အတန်ငယ် ရှက်နေသည့်ပုံ ပေါ်နေပြီး ပြောစရာစကားကို စဥ်းစားတွေးတောနေစဥ် မဟာကောင်းကင်သခင်က မြို့ထဲမှ အခြားစွမ်းအားကြီး ကျင့်ကြံသူများနှင့်အတူ ရောက်ချလာတော့သည်။ သူတော်ဧကရာဇ်ကို မြင်လိုက်ရသောအခါ သူတို့ အံ့အားသင့်သွားကြပြီး သူရောက်လာရသည့် အကြောင်းအရင်းကို မသိပါသော်လည်း အလျင်အမြန်ပင် အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့က နတ်ဆရာ၊ လုယွမ်တောက်နှင့် သူတို့နှင့်အတူပါလာသော လူများအားလုံးကို ဗဟိုဧကရာဇ်မြို့တော်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာမူ သူတို့အား ကြည့်ရင်း ခေါင်းတစ်ခုလုံး ချာချာလည်လာတော့သည်။ ထို့နောက် နတ်ဆရာထွက်ခွာသွာခါနီး တစ်စုံတစ်ရာပြောပြလိုသည့်ပုံပေါ်နေခဲ့ကြောင်း သူသည် ရုတ်တရက် ပြန်၍တွေးမိလိုက်သည်။ လူဦးရေ အရေအတွက် သောင်းဂဏန်းများစွာရှိသော မိသားစုကြီးတစ်ခုနှင့် ဤကဲ့သို့ခရီးရှည်ကြီးနှင်လာရသည်မှာ လွယ်ကူသည့်ကိစ္စတစ်ခု မဟုတ်သည်မှာတော့ အသေအချာပင်။

အကောင်းဘက်မှကြည့်လျှင် နတ်ဆရာ၏ အံ့သြဖွယ်ကောင်းသော ရောက်ရှိလာမှုကြောင့် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်အကြားရှိ တင်းမာမှုများမှာ အနည်းငယ်လျှော့နည်းသွားခဲ့ရပြီ ဖြစ်သည်။ နတ်ဆရာနှင့် အခြားသော အရေးပါသည့်မှူးမတ်များမှာ သူတော်စင်ဧကရာဇ် လာရောက် လည်ပတ်ကြောင်းကို တွေ့မြင်လိုက်ပြီဖြစ်၍ ပိုင်ရှောင်ချန်းက သူ့အားတော်ဝင်နန်းတော်ထဲသို့ ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော်လည်း သူတော်စင်ဧကရာဇ်မှာ နတ်ဆရာ၏ ဖြစ်ရပ်ကြီးကြောင့် အံ့သြတုန်လှုပ်နေဆဲပင်။ လိပ်ကလေးမှာ ဤနေရာတွင်ရှိမနေကြောင်း သေချာသွားသောအခါ သူသည် ဗဟိုဧကရာဇ်မြို့တော်ထဲရှိ တော်ဝင်နန်းတော်ထဲတွင် ထိုင်၍ ပိုင်ရှောင်ချန်းနှင့် စကားစမြည် ဆက်ပြောနေလိုက်တော့သည်။

" ညီနှစ်။ မင်းသူ့ကို ဘယ်လိုခေါ်လိုက်တယ်။ ဟွန့်ဟွန့်ဆရာ ဟုတ်လား။ ငါပြောတဲ့ အရည်အချင်းဆိုတာ အဲဒါမျိုးကွ။ သူက တစ်ယောက်ထဲအားနဲ့ ဂိုဏ်းတစ်ဂိုဏ်းလောက်ထောင်လို့ရတဲ့ လူအရေအတွက်ကို မွေးထုတ်ပေးခဲ့တာ။ အဲဒီဟွန့်ဟွန့်ဆရာဆိုတဲ့လူကို ငါ့ဆီခဏငှားလိုက်ပါလား ညီနှစ်။ အဲဒီလိုမျိုး အရည်အချင်းတွေက သူတော်စင်ဧကရာဇ်မင်းဆက်ထဲမှာ ရှားပါးနေတာကွ "

ဟွန့်ဟွန့်ဆရာမှာ ထိုကဲ့သို့ကြီးမားလွန်းလှသော မိသားစုကြီးတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ထားထားနိုင်သည့်အတွက်ကြောင့် သူတော်စင်ဧကရာဇ်မှာ အလွန်အမင်း စိတ်နှလုံးလှုပ်ရှားနေရတော့သည်။

ပိုင်ရှောင်ချန်းမှာမူ သူတော်စင်ဧကရာဇ်၏ အမူအရာကို သိပ်၍သဘောမကျပေ။ ထို့အပြင် သူသည် နတ်ဆရာနှင့်သူ၏စွမ်းဆောင်ရည်များကိုလည်း မနာလိုဖြစ်နေတော့သည်။ ထို့အပြင် သူ၏ကိုယ်ပိုင် တာအိုလက်တွဲဖော်များကြောင့် သူ အံကြိတ်၍ ခံစားခဲ့ရသည့် နာကျည်းမှုများကိုတွေးမိလိုက်သောအခါ ပို၍ပင် ဆိုးနေတော့သည်။

သူတော်စင်ဧကရာဇ်သာ နတ်ဆရာအားခေါ်သွားရန် ခွင့်မတောင်းခဲ့ပါက သူသည် သူ၏ခံစားချက်များကို ဖုံးကွယ်ထားနိုင်ဦးမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် လုံးဝ သည်းမခံနိုင်တော့ပေ။

" အစ်ကိုကြီးက အဲဒါကို အံ့သြစရာကောင်းတယ်လို့ ထင်နေတာလား။ အဲဒီလောက်ကတော့ ကျွန်တော့်အတွက် စာတောင်မဖွဲ့လောက်ပါဘူးဗျာ "

ထိုသို့ဆိုကာ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်သောအခါ ရည်းစားစာအထပ်လိုက် ဝေါခနဲထွက်ကျလာပြီး သူတော်စင်ဧကရာဇ်၏အရှေ့တွင် တောင်ငယ်လေးတစ်လုံးသဖွယ် စုပုံသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ယခုမှ အနည်းငယ် စိတ်ပြေသွားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်တော့သည်။

" အဲဒီရည်စားစာတွေကိုတွေ့လား။ အဲဒါတွေအကုန်လုံးက ကျွန်တော့်ကိုပေးခဲ့တဲ ရည်းစားစာတွေချည်းပဲ။ ကောင်းကင်တံတားနယ်မြေမှာဆိုရင် ကျွန်တော်ခေါင်းညိတ်လိုက်ရုံနဲ့ နတ်ဆရာထက်ပိုများတဲ့ ဇနီးသည်တွေ၊ ကိုယ်လုပ်တော်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာဗျ "

ပိုင်ရှောင်ချန်းတစ်ယောက် သူ၏များပြားလှသော ရည်းစားစာများကို အသာအယာထုတ်ပြလိုက်သည့်အချက်ကြောင့် သူတော်စင်ဧကရာဇ်မှာ ထပ်မံ အံ့သြမှင်တက်သွားရပြန်သည်။ ထိုရည်းစားစာများထဲမှ အချို့ဆိုလျှင် သက်တမ်းကြာမြင့်လွန်းလှပြီဖြစ်၍ ဝါကျင့်ကျင့် ဖြစ်နေပြီဖြစ်သည်။

" မင်း...မင်းက အဲဒီရည်းစားစာတွေအကုန်လုံးကို သိမ်းထားခဲ့တာပေါ့ ဟုတ်လား။ အဲဒီရည်းစားစာတွေကလည်း မင်းရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားခဲ့တာတောင် ဘာမှမဖြစ်ပါလား... "

သူတော်စင်ဧကရာဇ်မှာ ဘဝအပေါ်ထားရှိသော သူ၏နားလည်မှုက အဆင့်အသစ်တစ်ခုသို့ တက်လှမ်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ ပထမတွင် နတ်ဆရာမှာ လူဦးရေ သောင်းဂဏန်းများစွာရှိသော သူ၏မိသားစုကြီးကိုခေါ်လာခဲ့ပြီးနောက် ပိုင်ရှောင်ချန်းမှာလည်း တောင်လိုပုံနေသော သူ၏ရည်းစားစာများကို ထုတ်ပြခဲ့သည် မဟုတ်ပါလား။

ယခုတွင် သူတော်စင်ဧကရာဇ်မှာ သူ၏ရည်းစားစာများကြောင့် ကြက်သေသေသွားရပြီဖြစ်၍ ပိုင်ရှောင်ချန်း၏ မိမိကိုယ်ကို ယုံကြည်မှုများမှာ ပို၍ပြင်းထန်လာပြီဖြစ်သည်။ သို့သော် သူဆက်၍ ကြွားလုံးထုတ်ရန်ပြင်လိုက်စဥ် ခန်းမထဲသို့ နတ်ဘုရားအာရုံစီးကြောင်းသုံးကြောင်း ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်တော့သည်။

၎င်းတို့၏ ပိုင်ရှင်များမှာ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့ပင်ဖြစ်သည်။ သူတို့က သူတော်စင်ဧကရာဇ် ရောက်လာကြောင်း ကြားသိခဲ့ရသဖြင့် စိုးထိတ်သွားပြီး ပိုင်ရှောင်ချန်းအတွက် စိတ်ပူသွားပါသော်လည်း သူတို့ကိုယ်တိုင် သွားတွေ့လျှင် မသင့်တော်သည်ကိုလည်း သိထားပေသည်။ ထို့ကြောင့် သူတို့က နတ်ဘုရားအာရုံများ စေလွှတ်၍ ဖြစ်ပျက်နေသည်များကို အကဲခတ်လိုက်ခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ သူတော်စင်ဧကရာဇ်မြို့တော်၏ တော်ဝင်နန်းတော်ထဲတွင် ရောက်နေပါက နတ်ဘုရားအာရုံကိုသုံး၍ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကဲခတ်ကြည့်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုမှာ ဗဟိုဧကရာဇ်မြို့တော်ထဲရှိ တော်ဝင်နန်းတော်ထဲတွင် ရှိနေသည်ဖြစ်ရာ တည်ဆောက်ထားသည့် မန္တန်အစီအရင်များကြောင့် သူတို့က ထိုသို့အသုံးပြုကာ အကဲခတ်နိုင်ပေသည်။

သူတို့ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ တောင်အသေးစားတစ်လုံးသဖွယ် စုပုံနေသည့် ရည်းစားစာများဖြစ်သည်။

ချက်ချင်းပင် သူတို့၏ နတ်ဘုရားအာရုံများမှာ ပို၍စွမ်းအားကြီးမားလာပြီး ရည်းစားစာများအပေါ်ကျရောက်သွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး သူတော်စင်ဧကရာဇ်မှာလည်း အမူအရာပြောင်းလဲသွားတော့သည်။

ထို့နောက် သူတော်စင်ဧကရာဇ်က ချောင်းဟန့်လိုက်ပြီး မေးလိုက်လေသည်။

" ညီနှစ် ... မင်းစောစောက ဘာပြောမလို့တုန်း "

သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကို ဆက်ပြောလိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူသည် ရှုံ့မဲ့မဲ့ ရယ်မောလိုက်ပြီး ရည်းစားစာများကို ပွေ့ပိုက်ကာ အတတ်နိုင်ဆုံးတည်ငြိမ်နေသည့်ပုံစံဖမ်း၍ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

သူတော်စင်ဧကရာဇ်မှာမူ လိပ်ကလေးက မြို့ထဲတွင် ရှိမနေကြောင်း သေချာသွားပြီး ဤမြို့တော်ထဲရှိ လက်ရှိအခြေအနေမှာလည်း ဆင်ခြင်ရမည့်အနေအထားသို့ ရောက်နေပြီဖြစ်၍ သူကြာကြာဆက်ရှိနေလျှင် သင့်တော်မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ငေးတိငေးမောဖြင့် သူတော်စင်ဧကရာဇ်အား မြို့အပြင်သို့ လိုက်ပို့ပေးရင်း အပြစ်ရှိသလိုခံစားနေရသည့် မျက်ဝန်းများဖြင့် နန်းတော်ဆီသို့ ထပ်ခါထပ်ခါ လှည့်၍ ကြည့်နေမိတော့သည်။

" ကြီးကြီးကျယ်ကျယ်ကိစ္စမှ မဟုတ်တာ။ ရည်းစားစာ လေးတွေပဲကို။ ပြီးတော့ ငါက အဲဒီရည်းစားစာတွေကို လိုက်တောင်းထားတာလဲ မဟုတ်ဘူး "

သူသည် သတ္တိအနည်းငယ်မွေးလိုက်ပြီး သူ၏ကိုယ်ပိုင်အခန်းသို့ ပြန်၍ ရက်အနည်းငယ်ခန့် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ၏အကြံအစည်မှာ အထမမြောက်ခဲ့ပေ။ ထိုနေ့ညနေခင်းတွင် စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့မှာ သူတို့အချင်းချင်းအကြားရှိ သဘောထားကွဲလွဲမှုများကို ဘေးချိတ်၍ ပူးပေါင်းလိုက်ကြပြီး သူ၏ကိုယ်ပိုင်အခန်းဆီသို့ ရောက်လာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အပြစ်ရှိသလို ပို၍ခံစားလိုက်ရပြီး စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့၏ ကိုယ်ဝန်အရင့်အမာကြီးများကို မြင်လိုက်ရသောအခါ ပို၍ပင်ဆိုးသွားတော့သည်။ သူတို့နှစ်ယောက်စလုံး ရွှင်ပြစွာပြုံးနေပါသော်လည်း သူတို့၏မျက်လုံးများထဲရှိ ရန်လိုနေသည့်အကြည့်များကြောင့် စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေရပြီဖြစ်သည်။

ဟိုရှောင်မေ့မှာမူ ကိုယ်ဝန်ရှိ၊မရှိ မသေချာသေးပါသော်လည်း မည်သည့်အကြောင်းကြောင့်မသိ သူမ၏ဗိုက်ပေါ်သို့လက်များကိုတင်၍ သူ့အားစိုက်ကြည့်နေ၏။

စုန့်ကျင်းဝမ်မှာ အရင်ဆုံး မေးခွန်းထုတ်လိုက်သည်။

" ရှောင်ချန်းရေ … သူတော်စင်ဧကရာဇ်က ဘာကိစ္စကြောင့် လာလည်တာလဲ "

သူမသည် အလွန်ရင့်ကျက်နေသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ နွေးထွေးလွန်းလှသည့် လေသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူမ၏ စူးရှသော အကြည့်များကြောင့်သာမဟုတ်ပါက သူမ၏ပုံစံမှာ ကြင်နာမှုများနှင့် ပြည့်ဝနေသည့် အမျိုးသမီးတစ်ယောက်နှင့် ဆင်တူနေမည်မှာ အမှန်ပင်။

" အမ်... သြော်... လိပ်ကလေး ကိစ္စကြောင့် သူရောက်လာလာတာ။ အဲဒီလိပ်က ထွက်ပြေးသွားတာတဲ့။ သိတယ်မလား လိပ်ကလေးကို။ မသိဘူးလား။ အဲဒါဆိုလည်း ငါနဲ့အဲဒီလိပ်ကလေး စတွေ့ခဲ့တဲ့ ဇာတ်လမ်းကို ရှင်းပြရတာပေါ့။ အဲဒီဇာတ်လမ်းထဲမှာ မင်းလည်းပါတယ် ကျင်းဝမ်ရဲ့ "

ပိုင်ရှောင်ချန်းမှာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်၍ အသေးစိတ်ရှင်းပြရန် ပြင်လိုက်ပါသော်လည်း ပါးစပ်ပင် မဟရသေးခင် ကျိုးကျစ်မိုက အေးစက်စက်နှာမှုတ်လိုက်ပြီး ကြားဖြတ်၍ ဝင်ပြောလိုက်တော့သည်။

" ဘာမှ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့ ပိုင်ရှောင်ချန်း။ အမှန်အတိုင်းပြောစမ်း။ နင် နတ်ဆရာကို မနာလိုနေတာမလား "

" မနာလိုရမယ် ဟုတ်လား "

ပိုင်ရှောင်ချန်းက လေသံကျယ်ကျယ်ဖြင့် ပြန်မေးလိုက်သည်။

" မင်း လာနောက်နေတာလား "

သူသည် စိုးထိတ်မှုများကြောင့် အသားများတုန်ရီလုမတတ် ဖြစ်နေရပါသော်လည်း သူ၏ဖြောင့်မတ်မှုကို ထိပါးခံလိုက်ရသည့်အလား မခံမရပ်နိုင်သည့်ပုံစံဖမ်းလိုက်ပြီး အနည်းငယ်ပင် နားမလည်ချင်ယောင် ဆောင်လိုက်တော့သည်။

" သူ့ကို ဘယ်တော့မှ ငါ မနာလိုမှာမဟုတ်ဘူး။ တကယ်တမ်းဆို သူကမှ ငါ့ကိုတောင် မနာလိုရဦးမယ်။ အခုမှ နတ်ဆရာဆိုလို့ ငါသတိရတယ်။ အဲဒီကလေးက တော်တော် ဘဝနာခဲ့တာ။ မြေရိုင်းဒေသထဲက လူမျိုးစုတွေကို မှတ်မိလား ကျစ်မို။ ငါ ကောင်းကင်တံတားဒေသကို ပြန်တုန်းက ငါ့ကို မင်း လမ်းတစ်ဝက်လောက်အထိ လိုက်ပို့ပေးခဲ့တာလေ မှတ်မိတယ်မလား။ အဲဒီတုန်းက ငါ ... "

သူသည် ထိုဇာတ်လမ်းကို ဆက်၍ပြောရန်ပြင်လိုက်စဥ် ဟိုရှောင်မေ့က လက်သီးလက်မောင်းတန်း၍ စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုလိုက်တော့သည်။

" ကိုကြီးရှောင်ချန်း။ ကိုကြီးက အခု ဗဟိုဧကရာဇ်ဖြစ်နေပြီလေ။ လက်ရှိအခြေအနေတွေက အေးချမ်းငြိမ်သက်နေတယ်ဆိုပေမဲ့ ကိုကြီးက ရေသာခိုနေလို့ မရဘူး။ ကြိုးကြိုးစားစား လေ့ကျင့်ဖို့လိုတယ်။ အာရုံစိုက်ထားဖို့လိုတယ် "

" ကိုကြီးက... "

ပိုင်ရှောင်ချန်းမှာ စကားစရန် ပြင်လိုက်ပါသော်လည်း စုန့်ကျင်းဝမ်က ကြားဖြတ်၍ ဝင်ပြောလိုက်ပြန်သည်။

" ရှောင်မေ့ပြောတာမှန်တယ်။ ရှောင်ချန်း နင့်ဆီမှာ အရေးကြီးတဲ့ တာဝန်တွေအများကြီးပေ။ ငါတို့သုံးယောက်က အဲဒီတာဝန်တွေနဲ့ပတ်သတ်လို့ ဘာမှများများစားစား မလုပ်နိုင်ပေမဲ့ နင့်ရဲ့ကိစ္စဝိစ္စ အသေးအဖွဲလေးတွေကိုတော့ တာဝန်ယူနိုင်ပါတယ်။ လာလာ။ နင့်ရည်းစားစာတွေ ငါတို့ကိုပေး။ အခုကစပြီး ငါတို့သိမ်းပေးထားမယ် "

" ငါ... "

သူထပ်၍ ရှင်းမပြနိုင်ခင် သူတို့ထဲမှ စိတ်အဆတ်ဆုံးဖြစ်သော ကျိုးကျစ်မိုက လက်တစ်ဖက်ဖြင့် ဗိုက်ကိုပင့်၍ သူ့ဆီသို့ လှမ်းလာပြီး သူ၏ထည့်စရာအိတ်ကို လှမ်းဆွဲလိုက်တော့သည်။ ထို့နောက် ရည်းစားစာအားလုံးကို အိတ်ထဲမှ သွန်ချလိုက်ပါသော်လည်း သူသည် ဝင်မတားရဲခဲ့ပေ…

သူသည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏ စိတ်နှလုံးထဲမှ သွေးများစီးကျလာသကဲ့သို့ဖြစ်သွားပြီး လည်ပင်းညှစ်ခံနေရသကဲ့သို့ ခံစားနေရတော့သည်။ ကျိုးကျစ်မိုမှာ သူ၏ရည်းစားစာများမဟုတ်ပဲ သူ၏နှလုံးသားထဲရှိ အချစ်စိတ်များအားလုံးကို ယူသွားသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။

ထိုအမျိုးသမီးသုံးယောက်မှာမူ သူတို့ကိုယ်သူတို့ အလွန်ကျေနပ်သွားသည့် အမူအရာဖြင့် သူ၏ရည်းစားစာများကိုယူ၍ ထွက်သွားကြတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ကိုယ်ပိုင်အခန်းထဲတွင် ငိုမဲ့မဲ့ဖြင့် တစ်ယောက်ထဲ ကျန်ရစ်ခဲ့တော့သည်။ သူတို့ထွက်ခွာသွားသောအခါ သူသည် သုန်မှုန်နေသည့် အမူအရာဖြင့် တစ်စုံတစ်ရာကို လှမ်း၍ဖမ်းဆုပ်လိုက်သည့်အလား လက်ကိုဆန့်ထုတ်လိုက်ပါသော်လည်း သူ၏လက်ထဲတွင် မည်သည့်အရာကိုမှ မခံစားလိုက်ရပေ။

" ငါ့ရဲ့ ရည်စားစာလေးတွေ ... "

All Chapters