မျိုးဆက်သွေး ဖွားမြင်သောနေ့
Vol. 13 Ch. 1218
ပိုင်ရှောင်ချန်းမှာ အချိန်အတော်အတန် ကြာအောင် မိန်းမောတွေဝေကာ မတ်တတ်ရပ်နေစဥ် လရောင်များမှာ သူ၏ပွင့်နေသော အခန်းတံခါးကိုဖြတ်၍ သူ့အပေါ်သို့ ဖြာကျနေတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ဘဝမှ အဓိပ္ပါယ်များအားလုံး ပျောက်ကွယ်သွားသည့်အလား သက်ပြင်းချလိုက်တော့သည်။
" ဒီလိုဖြစ်သွားမယ်ဆိုတာ ကြိုသိခဲ့ရင် မိန်းမတွေအများကြီးကို ဒေါသထွက်အောင် မလုပ်ခဲ့ပါဘူးကွာ... "
သူသည် စိတ်ဓာတ်များကျကာ ဇနီး တစ်ယောာက်တည်းထားရှိခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း တွေးနေတော့သည်။ နှစ်ယောက်ဆိုလျှင် လွန်စွာ စိတ်ရှုပ်စရာကောင်းလှပြီး သုံးယောက်နှင့်အထက်ဆိုပါက ရင်ဆိုင်ရမည့် အခြေအနေ ဆိုးရွားလွန်းနေမည်သာ ဖြစ်သည်။
" ရှောင်မေ့က အရင်က သဘောကောင်းပါတယ်။ ဒါပေမဲ့ အခုတော့ ဟိုနှစ်ယောက်ကြောင့် လမ်းမှားပေါ်ရောက်သွားပြီ "
သူသည် အစတွင် တရားမှတ်ရန် ဆန္ဒရှိခဲ့ပါသော်လည်း ယခုတွင်မူ အာရုံမစိုက်နိုင်တော့ပေ။ နောက်ဆုံးတွင် နေပြန်ထွက်လာတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ထည့်စရာအိတ်ကို ငုံ့ကြည့်လိုက်ကာ ယခင်က သူ၏ဂုဏ်ယူစရာနှင့် ပျော်ရွှင်မှုများဖြစ်ခဲ့ကြပြီး ၎င်းတို့ကို ထုတ်ပြလိုက်သည့်အခါတိုင်း ပရိတ်သတ်အပေါင်း အားကျသောမျက်ဝန်းများဖြင့် ဝိုင်းကြည့်ခဲ့ကြသည့် ရည်းစားစာများကို ပြန်၍ မြင်ယောင်လာတော့သည်။
သို့သော် ယခုတွင်မူ သူ၏ရည်းစားစာများမှာ မရှိတော့ပေ။ သူသည် စိတ်ပျက်လက်ပျက်နှင့် ကုန်းစွန်းဝမ်အာ တံခါးပိတ်တရားကျင့်ကြံနေသည့် အဆောက်အဦထံ သွားလိုက်သည်။ အတွင်းထဲတွင် ကျင့်ကြံနေကြောင်း သူ အာရုံခံမိလိုက်သဖြင့် အတွင်းသို့ဝင်သွားလိုစိတ်များ ပေါ်လာတော့သည်။ သို့သော် သူမသည် အရေးကြီးသော အခိုက်အတန့်တစ်ခုနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သူမအား မနှောင့်ယှက်သင့်ကြောင်း သူက သိလိုက်သည်။
တခဏမျှ ကြာမြင့်သွားပြီးနောက် သူသည် သူ၏နတ်ဘုရားအာရုံကို ဗဟိုဧကရာဇ်မြို့တော်ထဲသို့ ထုတ်လွှတ်လိုက်ပြီး စကားပြောစရာလူတစ်ယောက်ယောက်ကို ရှာဖွေနေတော့သည်။ သူသည် တရားထိုင်နေသည့် ဖက်တီးကျန်းကြီးကို တွေ့လိုက်ရသည်။ ရွှီပေါက်ချိုင်တစ်ယောက် သူ၏မိတ်ဆွေများကို ကြွားလုံးထုတ်နေသည်ကိုလည်း မြင်လိုက်ရသည်။ ထို့အပြင် ကိုယ်လုပ်တော်များစွာအကြားတွင် ပျင်းရိပျင်းတွဲထိုင်နေသည့် နတ်ဆရာကိုလည်း မြင်လိုက်ရသည်။
သေဆုံးသွားပြီဖြစ်သော ဂိုဏ်းသားတစ်ယောက်၏ အမိန့်ပေးဆွဲပြားကို ဝမ်းနည်းစွာကြည့်နေသည့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးကိုလည်း မြင်လိုက်ရသည်။ အဝေးတစ်နေရာတွင် လက်ကိုင်ပဝါတစ်ထည်ကို လက်ထဲတွင်ကိုင်၍ ရပ်နေသည့် လီချင်းဟောက်ကိုလည်း မြင်လိုက်ရသည်။
ယခင်က အလွန်ရင်သက်ရှုမောဖွယ် ကောင်းခဲ့ပါသော်လည်း ယခုတွင်မူ တိတ်ဆိတ်ငြိမ်သက်ကာ ဣန္ဒြေမပျက်ရှိနေသည့် ရှမ်ကွမ်းထျန်ယုံကိုပင် မြင်လိုက်ရသည်။ သူက ဓားအိမ်မချွတ်ရသေးသော ဓားတစ်ချောင်းနှင့် တူနေဆဲပင်ဖြစ်သော်လည်း ယခုတွင်မူ တစ်ယောက်ထဲထိုင်၍ မည်သည့်စကားမှမပြောပဲ အရက်များသောက်ကာ ကျိုးရှင်းချီအကြောင်း တဖွဖွ ရေရွတ်နေ၏။
သူနှင့် ရင်းနှီးနေသော ထိုမျက်နှာများအားလုံးကို မြင်လိုက်ရပြီးနောက် မြို့တော်ထဲတွင် သူနှင့်ရင်းနှီးနေပါသော်လည်း အချိန်အတော်အတန်ကြာအောင် မတွေ့ခဲ့ရသည့် အငွေ့အသက်နှစ်ခုရှိနေသည်ကို သတိထားမိလိုက်သည်။
" အဲဒီနှစ်ယောက် ... "
သူသည် ထိုသို့ရေရွတ်ကာ ပျောက်ကွယ်သွားပြီး မြို့တော်ထဲ တစ်နေရာရှိ စံအိမ်တစ်အိမ်၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ ထိုစံအိမ်မှာ နှစ်ထပ်အဆောက်အဦတစ်ခုဖြစ်ပြီး ခြံဝန်းထဲတွင် ပင်လုံးကြိုင်ပင်တစ်ပင်ရှိနေသည်။ သူသည် ထိုသစ်ပင်အောက်တွင်ရပ်၍ ထိုအဆောက်အဦ၏ ပြတင်းပေါက်တစ်ပေါက်အား မော့ကြည့်လိုက်သောအခါ မီးအိမ်အလင်းရောင်ကြောင့် ပေါ်ထွက်နေသည့် လှပကြော့ရှင်းသော အမျိုးသမီးတစ်ဦး၏ အရိပ်ကိုမြင်လိုက်ရသည်။
သူမသည် အပြင်ဘက်တွင် တစ်ခုခုပြောင်းလဲသွားကြောင်း သတိထားမိသွားဟန်တူ၍လားမသိ။ ပြတင်းပေါက်က ဖြည်းညင်းစွာပွင့်လာပြီး ချောမောလှပသော မျက်နှာတစ်ခု ထွက်ပေါ်လာတော့သည်။
သူမသည် ထိုပင်လုံးကြိုင်ပင်အား ငုံ့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းအား မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ထင်ဟပ်သွားတော့သည်။ သူမသည် လက်ယှက်၍နှုတ်ဆက်မနေဘဲ သူ့အား ငေးမော၍သာ ကြည့်နေတော့သည်။
" ချင်းမေ့ယွမ် "
သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ ရုတ်တရက် သူသည် ဗဟိုဧကရာဇ်မြို့တော်အသစ်သို့ ရောက်လာကြသည့် လူများကို ဂရုမပြုမိခဲ့ကြောင်း ရိပ်စားမိလိုက်တော့သည်။ အကြောင်းအရင်း တစ်ချက်မှာ သူသည် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့ အကြားရှိ အင်အားချိန်ခွင်နှင့်ပတ်သက်၍ ပူပန်နေခဲ့ရသည်ဖြစ်ပြီး အခြားတစ်ချက်မှာ သူ၏မမွေးသေးသော ကလေးများကို အာရုံအလွန်စိုက်နေရသည်။
သူသည် ချင်းမေ့ယွမ် မည်သည့်အချိန်က ရောက်လာခဲ့ကြောင်းကို အသေအချာမသိပေ။ ထို့အပြင် သူသာ ယခုလို မချင့်မရဲနှင့် ဂနာမငြိမ်ဖြစ်သလို မခံစားနေရပါက ဤကဲ့သို့ နတ်ဘုရားအာရုံများကို ထုတ်လွှတ်၍ လူတိုင်းကို လိုက်ကြည့်နေမိမည်လည်း မဟုတ်ပေ။
မဟာကောင်းကင်သခင်မှာမူ ချင်းမေ့ယွမ် ပြန်ရောက်နေကြောင်း သိနေမည်ဟု သူက ယူဆလိုက်သည်။ သူမသည် သူ၏တပည့် မဟုတ်ပါလော။ ထို့အပြင် ပိုင်ရှောင်ချန်းအား ဤအကြောင်းအရာနှင့် ပတ်သတ်၍ မည်သည့်စကားတစ်ခွန်းမှ မဟသည့်အချက်ကြောင့်လည်း သူ ထိုသို့ယူဆလိုက်ခြင်းဖြစ်သည်။
မဟာကောင်းကင်သခင်မှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချန်းထက်ပို၍ ဘဝအတွေ့အကြုံများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သူသည် ချင်းမေ့ယွမ်အား တော်ဝင်မိဘုရားအဆောင်ထဲတွင် ပြဿနာများရှာနေမည်ကို လိုလားမည် မဟုတ်ပေ။
ချင်းမေ့ယွမ်မှာ သူမ၏နာမည်ကိုခေါ်လိုက်သည့် သူ၏အသံကို ကြားလိုက်သောအခါ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် အတိတ်က ဖြစ်ရပ်များကို ပြန်တွေးမိလိုက်သောအခါ သူမ၏မျက်ဝန်းများ အသက်မဲ့သွားရပါသော်လည်း တဒင်္ဂအကြာတွင် သက်ပြင်းချလိုက်ပြီး သူ့အား အရိုအသေပေးသည့်အမူအရာဖြင့် ဦးညွှတ်ပြလိုက်သည်။
" အညတရ အရပ်သူလေးတစ်ယောက်က ဗဟိုဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်ရှင့် "
သူမ နှုတ်ဆက်လိုက်သော အမူအရာကြောင့် သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်မှာ ပို၍ပင် ကြီးမားသွားတော့သည်။
သူတို့နှစ်ယောက်မှာ အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေကြပြီးနောက် အဆုံးသတ်တွင် ချင်းမေ့ယွမ်က ပြတင်းပေါက်များကို ညင်သာစွာပိတ်၍ မီးအိမ်ကိုငြှိမ်းသက်လိုက်သဖြင့် သူမ၏အခန်းလေးမှာ တိတ်ဆိတ်ငြိမ်သက်ကာ အမှောင်ဖုံးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပင်လုံးကြိုင်ပင်အောက်တွင် တစ်ခဏမျှ ရပ်နေလိုက်ပြီး သူ၏ရင်ထဲမှ ခံစားချက်ကို အဖြေမထုတ်နိုင်လောက်အောင် ဖြစ်နေတော့သည်။ အဆုံးသတ်တွင် သူက သက်ပြင်းချကာ ပျောက်ကွယ်သွားပြီး ဝိညာဥ်ခရီးဘုရင်၏ အိမ်ယာထဲတွင် ပြန်ပေါ်လာသည်။
အစောပိုင်းက သူ အာရုံခံမိခဲ့သည့် သူနှင့်ရင်းနှီးနေသော ဒုတိယမြောက် အငွေ့အသက်မှာ ရွှီရှန်းဟုအမည်ရသော အမျိုးသမီးတစ်ယောက်ဆီမှ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် နဂါးရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ပြီး သူ့အား တမ်းတမ်းစွဲဖြစ်သွားပြီးနောက် သူ၏နောက်သို့ အဆက်မပြတ်လိုက်နေခဲ့သည်။ သူမသည် လှပနေဆဲဖြစ်သော်လည်း ယခုတွင်မူ ယခင်ကထက် သိသိသာသာ အိုစာသွားခဲ့ပြီဖြစ်သည်။ သူမသည် သူရောက်လာသည်ကို သတိမထားမိခဲ့သလို သူသည်လည်း စကားသွားမပြောခဲ့ပေ။ သူသည် အဝေးတစ်နေရာမှနေ၍ သူမအား အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ခန့် ကြည့်လိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့သည်။
သူသည် ရုတ်တရက် သူအလွန်အမင်း လွမ်းဆွတ်တမ်းတနေရသည့် တစ်ယောက်သောသူအကြောင်းကို သတိပြန်ရသွားတော့သည်။
" တုလင်ဖေး... "
သူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဗဟိုဧကရာဇ်မြို့တော်မှ ထွက်ခွာ၍ ဗဟိုဧကရာဇ်မင်းဆက်၏ အင်မော်တယ်နယ်မြေပေါ်တွင် ခပ်မြန်မြန်ပျံသန်း၍ လှည့်လည်ကြည့်ရှုလိုက်သည်။ သို့သော် သူ၏နတ်ဘုရားအာရုံဖြင့် မည်မျှပင်ရှာစေကာမူ တုလင်ဖေး၏ တည်နေရာနှင့်ပတ်သတ်၍ သဲလွန်စတစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ပေ။
ကောင်းကင်တံတားတာအို၏ စကားအရဆိုလျှင် သူသည်လည်း သူမကို ရှာဖွေခဲ့သည့်တိုင် အကျိုးမထူးခဲ့သည် မဟုတ်ပါလော။
ထိုညမှာ လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။
အဆုံးသတ်တွင် နေမင်းကြီးက ၎င်း၏အလင်းတန်းများကို မြေပြင်ပေါ်သို့ ဖြန့်ကြက်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ဗဟိုဧကရာဇ်မြို့တော်၏ ခပ်လှမ်းလှမ်းတစ်နေရာရှိ လေပေါ်တွင်ရစ်ဝဲ၍ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သူ အနည်းငယ်ခန့် ရင့်ကျက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
ည၏အမှောင်ထုများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသောအခါ ကမ္ဘာကြီးက တည်ငြိမ်အေးချမ်းနေသည့်ပုံ ပေါ်နေတော့သည်။ ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သောအခါ သူ၏ ထွက်သက်မှာ ရေငွေ့တိမ်တိုက်တစ်ခုအသွင် ပြောင်းလဲသွားသည်။
" ငါက လူအားလုံး ထာဝရ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ကိုပဲ မျှော်လင့်တာပါ ... "
ထိုသို့ ရေရွတ်လိုက်သောစကားများကို သူတစ်ယောက်သာ ကြားနိုင်ပေသည်။ သို့သော်လည်း ဤအခိုက်အတန့်၏ တည်ငြိမ်အေးချမ်းမှုများမှာ ယာယီမျှသာဖြစ်ကြောင်း သူက သိသည်။ အဆုံးသတ်တွင် ရှောင်လွှဲ၍မရသော မထင်မှတ်ထားသည့် ဖြစ်ရပ်တစ်ခုပေါ်ပေါ်လာမည်ဖြစ်ပြီး ထို တည်ငြိမ်အေးချမ်းမှုများ ဆိတ်သုဥ်းသွားရမည်သာ ဖြစ်သည်။
ထိုဖြစ်ရပ်မှာ လျင်မြန်စွာ ဖြစ်ပျက်သွားနိုင်သည်လည်း ဖြစ်သည်။ မိစ္ဆာဧကရာဇ် သို့မဟုတ် သူတော်စင်ဧကရာဇ်က သူ့ကိုလာရောက် တိုက်ခိုက်မည်ဆိုပါက သူ့ထံတွင် လောကနတ်ဘုရားအလင်းတန်း မကျန်တော့သည်ကို သိသွားကြမည် ဖြစ်သည်။
ထိုသို့သာသိသွားပါက သူ့အားစောင့်ကြိုနေမည့် တစ်ခုတည်းသောအရာမှာ အမှောင်အတိပြီးနေသည့် အဆုံးမဲ့အိပ်မက်ဆိုးကြီးတစ်ခုပင် ဖြစ်သည်။ ဗဟိုဧကရာဇ်မင်းဆက်သည်လည်း သူနှင့်အတူ ပျောက်ကွယ်သွားရမည်သာဖြစ်သည်။
" ငါ လောကနတ်ဘုရားအစစ် တစ်ယောက်ဖြစ်လာဖို့လိုတယ်။ အဲဒါမှ ငါ တခြားတော်ဝင်မင်းဆက်တွေနဲ့ အမှန်တကယ်ယှဥ်နိုင်မှာ "
သူ၏ စိတ်နှလုံး ဖြည်းညင်းစွာ တည်ငြိမ်စပြုလာတော့သည်။ သူ၏အခြေအနေကို စောဒကတက်နေခြင်းမှာ အကျိုးမရှိကြောင်း သူကသိသည်။ ထို့အပြင် သူလုပ်နိုင်သည့်အရာမှာလည်း တစ်ခုတည်းသာရှိသည်မဟုတ်ပါလော။ ကျင့်ကြံရန်ပင် ဖြစ်သည်။
သူသည် ခေါင်းမော့ကာ ပျောက်ကွယ်သွားပြီးနောက် တော်ဝင်နန်းတော်ထဲရှိ သူ၏ကိုယ်ပိုင်တရားမှတ်သည့် အခန်းထဲတွင်ပြန်ပေါ်လာသည်။ သူသည် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်၍ ကျင့်ကြံခြင်းထဲတွင် သူ့ကိုယ်သူနှစ်မြှုပ်လိုက်တော့သည်။
သူသည် သာမန်အသက်ရှူလေ့ကျင့်ခန်းများလုပ်ရုံဖြင့် သူ၏ကျင့်ကြံခြင်းကို တိုးတက်အောင် မလုပ်နိုင်သည့် အဆင့်သို့ ရောက်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူ၏ ပဝေသဏီအတွဲက မပြီးမြောက်သေး၍ ပို၍ပင်ဆိုးနေတော့သည်။
သို့သော်လည်း သူက အနာဂတ်စိတ်ဆန္ဒဟု အမည်ပေးထားသည့် ထိုအတွဲ၏ တတိယအဆင့်တွင်ပါသော တာအိုမှော်အတတ်ကို ယခုအထိ လိပ်ပတ်လည်အောင် နားမလည်နိုင်သေးပေ။
သူ၏ မိုးမြေဧကရာဇ်အငွေ့အသက်ကို သုံးခဲ့သည့်တိုင်အောင် မထူးခဲ့ပေ။ သူ အနည်းငယ်မျှပင် ဉာဏ်အလင်းမပွင့် ဖြစ်နေခဲ့ခြင်းသာ။ သို့သော် ယခုတွင်မူ သူ၏အတွေးနှင့်ခံစားချက်များမှာ တည်ငြိမ်နေပြီဖြစ်၍ သူအာရုံစိုက်လိုက်သောအခါ အနာဂတ်စိတ်ဆန္ဒ တဖြည်းဖြည်း ပုံပေါ်လာတော့သည်။ ၎င်းမှာ နိမိဖတ်ခြင်းအတတ်နှင့် ဆင်တူပါသော်လည်း လက်တွေ့တွင် မဟုတ်ပေ။
သူ၏စိတ်စွမ်းအားများက သူ၏စွမ်းအင်လမ်းကြောင်းများထဲတွင် စီးဆင်းသွားသောအခါ အနာဂတ်စိတ်ဆန္ဒမှာ တဖြည်းဖြည်း သိသာထင်ရှားလာပြီး သူသည်လည်း ယခင်ကထက်ပို၍ လွတ်လပ်ကာ စိတ်ကြည်လင်လာသည့်အလား ခံစားလိုက်ရတော့သည်။ သူသည် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးနှင့် ထူးဆန်းသော ချိတ်ဆက်မှုတစ်ခုကိုပင် တည်ဆောက်လိုက်နိုင်သည်။
သူသည် အချိန်မည်မျှကုန်ဆုံးသွားကြောင်း မသိလိုက်ပေ။ ရက်အနည်းငယ်လား၊ လအနည်းငယ်လားကိုပင် မသေချာတော့ပေ။ သူသည် အချိန်၏စီးဆင်းမှုကို မေ့ပျောက်သွားတော့သည်။ သို့သော်လည်း သူက အသက်မဲ့နေပြီး အဆုံးမရှိသော စက်ဝန်းကြီးတစ်ခုထဲတွင် ပိတ်မိနေခဲ့သဖြင့် အနာဂတ်စိတ်ဆန္ဒကို ဖန်တီးနိုင်မည့် နောက်ဆုံးအဆင့်ကို မပြီးစီးခဲ့ပေ။
သို့သော် နံနက်ခင်း အရုဏ်ချိန်တစ်ခုတွင် သူင ကလေးငိုသံတစ်သံကို ကြားလိုက်ရတော့သည်။ ထိုအသံမှာ တော်ဝင်နန်းတော်ထဲတွင် ပဲ့တင်ထပ်သွားသဖြင့် သူ၏အာရုံစူးစိုက်မှုကို ပျက်ပြားသွားစေပြီး သူ့အား တုန်ရီသွားစေတော့သည်။ သူသည် ကျင့်ကြံခြင်းထဲတွင် နစ်မြောနေခဲ့ပါသော်လည်း ကမ္ဘာကြီးထဲသို့ သူနှင့်သွေးချင်းဆက်နေသည့် လူသားအသစ်တစ်ယောက် မွေးဖွားလာသည့်အချက်ကိုမူ သတိမထားမိပဲ မနေလိုက်ပေ။
ထိုအချိန်မှာပင် သူပိတ်မိနေခဲ့သည့် အသက်မဲ့နေသောစက်ဝန်းကြီး တုန်ရီသွားတော့သည်။ သူ၏ကလေးမွေးဖွားလာခြင်းမှာ အဆုံးမရှိသော အနာဂတ်တစ်ခုကို ကိုယ်စားပြုနေသည့်ပုံပေါ်နေသဖြင့် သူ၏နှလုံးသား တုန်ရီသွားရပြီး သူ၏အတွေးများ ချာချာလည်သွားတော့သည်။ ထိုအခိုက်အတန့်လေးတွင် သူ့အတွက် အရာအားလုံး အဖြေပေါ်သွားတော့သည်။
ပဝေသဏီအတွဲ၏ နောက်ဆုံးအဆင့်ဖြစ်သော အနာဂတ်စိတ်ဆန္ဒကို သူ အောင်မြင်စွာ ကျင့်ကြံနိုင်လေပြီ။