← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

🍅 Chapter 112

ဤမိသားစု၏ ရှုပ်ထွေးလှသော ကိစ္စများတွင်သာ ဝင်ရောက်ပါဝင်နေရမည်ဆိုပါက တစ်နေ့ပြီးတစ်နေ့ စိတ်ညစ်ရလွန်း၍ သေသွားနိုင်သည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ၊ ငါကတော့...”

သူက ငြင်းဆိုရန် ပြင်ဆင်နေခိုက်မှာပင် ဝူယွီလန်က သူမယူဆောင်လာသော သေတ္တာအား ဖွင့်ပြလိုက်သည်ကို မြင်လိုက်ရလေသည်။

ထို့နောက် ဝူယွီလန် ပြုံး၍ ပြောလာလေ၏။

“ဒီလက်ဖက်ရည်ပန်းကန်လုံးအစုံကို မြို့ပေါ်မှာ တွေ့ခဲ့တာ၊ မြို့တော်ကနေ တင်သွင်းထားတာလို့ ကြားတယ်၊ အစ်ကိုကြီးက လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်ဆိုတော့ အစ်ကိုကြီးအတွက်ဝယ်လာခဲ့တာ”

သေသပ်လှပသော လက်ဖက်ရည်ပန်းကန်လုံးအစုံကို မြင်လိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှုမှာ မျက်တောင်မခတ်နိုင်လောက်အောင် ဖြစ်သွားတော့သည်။

“ဒီလက်ဖက်ရည်ခွက်အစုံက တကယ်လှတာပဲ”

သူ လက်ဖက်ရည်အိုးကို ကောက်ယူကာ ဘေးတစ်ဖက်မှနေ၍ ဟိုဘက်ဒီဘက် လှည့်ပတ်ကြည့်ရှုလိုက်သည်။

လက်ဖက်ရည်အိုး၏ ချေမွတ်လုံးဝန်းနေသော အစွန်းများကို ထိတွေ့လိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ရင်ထဲတွင် အလွန်တရာ သက်တောင့်သက်သာဖြစ်မှုများကို ခံစားလိုက်ရသည်။

သူက မိမိ၏အက်ကွဲနေသော လက်ဖက်ရည်ပန်းကန်လုံးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဤလှပသော လက်ဖက်ရည်ပန်းကန်လုံးအစုံအား လက်လွှတ်ရမည်ကို ပိုမိုနှမြောသွားတော့သည်။

ဝူယွီလန် ဘာမှမသိသလိုဟန်ဆောင်ကာ မေးလိုက်သည်။

“ဒါနဲ့ အစ်ကိုကြီး၊ ခုနက ဘာပြောလိုက်တာလဲ”

ရွာလူကြီးစုန့်ကျန်းရှု လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။

“အဟမ်း၊ အဲဒီတော့ မင်းတို့မိသားစုကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းပဲ အစီအစဉ်ဆွဲရမယ်ထင်တယ်”

“ဆောင်းဦးလေသွေးလာတာနဲ့ ချမ်းလာတော့မှာ၊ ရာသီဥတု အရမ်းအေးသွားရင် အလုပ်လုပ်ရတာ မလွယ်တော့ဘူး”

ဝူယွီလန် ထောက်ခံလိုက်သည်။

“ဒီလိုကိုး၊ အစ်ကိုကြီးပြောတာ လုံးဝမှန်ပါတယ်”

ခင်ပွန်းဖြစ်သူ၏မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေသည်ကို မြင်သောအခါ ဇနီးဖြစ်သူက ရွံရှာစွာဖြင့် သူ့ကို ဆွဲဆိတ်လိုက်သည်။

“ရှင့်မှာ ရည်မှန်းချက်ဆိုလို့ တစ်စက်လေးမှကိုမရှိဘူး”

သူမက ထိုသို့ပြောဆိုလိုက်သော်လည်း ရေနွေးတစ်အိုးတည်လိုက်ပြီး ရွာလူကြီးစုန့်ကျန်းရှုအတွက် လက်ဖက်ရည်ဖျော်ရန် ခွက်ကို သန့်စင်အောင် ဆေးကြောပေးလေသည်။

ရွာလူကြီးစုန့်ကျန်းရှုက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ခြေချိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ထဲမှ သင်းပျံ့လှသောရနံ့ကို ရှူရှိုက်ရင်း သက်တောင့်သက် သာဖြစ်မှုကြောင့် မျက်လုံးများပင် မှေးစင်းသွားတော့သည်။

“မင်းတို့မိသားစုက အုပ်ကြွပ်အမိုးနဲ့ အိပ်ခန်းဘယ်နှခန်း ဆောက်ချင်တာလို့ ပြောခဲ့တာလဲ”

ဝူယွီလန် ပြန်ဖြေလိုက်သည်။

“သိပ်မများပါဘူး၊ ဒီလောက်လေးတင်ပါ၊ ကျွန်မ ပုံစံကြမ်းလေးဆွဲလာတယ်၊ သုံးလို့ရမလားဆိုတာ ကြည့်ပေးပါဦး”

ဝူယွီလန် သူမ၏ရင်ဘတ်ထဲမှ ဆွဲထားသောပုံစံကြမ်းကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ရွာလူကြီးစုန့်ကျန်းရှုက ဝူယွီလန်အနေဖြင့် အုတ်ပြားများဖြင့်တည်ဆောက်ထားသော အုပ်ကြွပ်မိုးအိပ်ခန်း အနည်းငယ်ခန့်ကိုသာ ဆောက်လုပ်ချင်သည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော် ထိုပုံစံကြမ်းကို မြင်လိုက်ရသောအခါ...

“ဘာ၊ မင်းက ဒါကို ‘အခန်းနည်းနည်းလေး’ လို့ ခေါ်တာလား”

ဤခြံဝင်းကြီးမှာ တစ်မူတိတိ ကျယ်ဝန်းလေသည်။

အခန်းများအနေဖြင့်မူ….. တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု... သူ၏ လက်ချောင်းများဖြင့်ပင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှပေသည်။

ဝူယွီလန် နှာခေါင်းကို ပွတ်သပ်လိုက်သည်။

“အဟမ်း၊ နည်းနည်းတော့ ကြီးသွားတယ်၊ ဒါပေမဲ့ မိသားစုထဲမှာ ကလေးတွေအများကြီးရှိတယ်လေ၊ သူတို့ ကြီးလာရင် ကိုယ်ပိုင်အခန်းတွေရှိဖို့လိုတယ်”

ရွာလူကြီးစုန့်ကျန်းရှုမှာ စကားပင် ဆက်မပြောနိုင်တော့ပေ။

‘ဒါကို နည်းနည်းလေး ကြီးတယ်လို့ ခေါ်သလား၊ ဒါက အဓိပ္ပာယ်မရှိလောက်အောင်ကို ကြီးမားလွန်းနေတာပဲ'

‘ဒါက ဘယ်လိုအခြေအနေကြီးလဲ'

ရွာထဲမှလူများမှာ အလွန်ဆုံးဆောက်လှ ရွှံ့အိမ်ငါးခန်း ခြောက်ခန်းလောက်သာ ဆောက်နိုင်ကြသည်။

သူ့မိသားစုတွင် အုပ်ကြွပ်မိုးအိမ် ရှိနေခြင်းကပင် လုံလောက်စွာကောင်းမွန်နေပြီဖြစ်သော်လည်း သူတို့တွင်ပင် အခန်းနှစ်ခန်းသာ ရှိပေသည်။

ထိုအခန်းနှစ်ခန်းလေးအတွက်ပင် ငွေဆယ်ချောင်းကျော် ကုန်ကျခဲ့ရသည်မဟုတ်ပါလား။

“ဒါဆိုရင်တော့ ငွေတော်တော်လေး ကုန်ကျလိမ့်မယ်၊ အုတ်ပြားတွေ၊ အုပ်ကြွပ်တွေကို အမြောက်အမြားဝယ်ရင် ဈေးသက်သာနိုင်ပေမဲ့ ဘယ်လောက်ပဲ ချွေတာချွေတာ ဒီလောက်ကြီးတဲ့အိမ်ကို ဆောက်ဖို့ဆိုရင် အနည်းဆုံးတော့ ဒီလောက်ကုန်ကျမှာပဲ”

ရွာလူကြီး စုန့်ကျန်းရှုက လက်ခြောက်ချောင်းကို ထောင်ပြလိုက်သည်။

“ငွေအချောင်းခြောက်ဆယ်”

ထိုပမာဏမှာ အမှန်တကယ်ပင် သူမ လျာထားသော ဘတ်ဂျက်အတွင်း၌ ရှိနေသည်။

သူမ လက်ထဲတွင် ငွေများ အများအပြားကျန်ရှိနေသေးရာ ငွေအချောင်းခြောက်ဆယ်ဆိုသည်မှာ သူမအတွက် သေးငယ်သောကိစ္စတစ်ခုမျှသာ ဖြစ်သည်။

သူမက ချက်ချင်းသဘောတူလိုက်၏။

“ကောင်းပါပြီ၊ ငွေအချောင်းခြောက်ဆယ်ဆိုလည်း ခြောက်ဆယ်ပေါ့၊ ဒါပေမဲ့ ကျွန်မက အဲဒီလောက်ငွေအများကြီးကို တစ်ပြိုင်နက်တည်း ထုတ်မပေးနိုင်လို့ အလုပ်သမားခတွေကိုတော့ အချိန်မီပေးနိုင်မှာမဟုတ်ဘူး၊

ဒါပေမဲ့ လက်ရှိမှာ ကျွန်မ မိသားစုကို တောင်ပေါ်ခေါ်သွားပြီး ဆေးဘက်ဝင်အပင်တွေ ရှာခိုင်းနေတော့ ဝင်ငွေတချို့တော့ ရနိုင်ပါတယ်၊ အားလုံးရဲ့ လုပ်အားခတွေကို ကျွန်မ ဖြည်းဖြည်းချင်း ပေးချေသွားပါ့မယ်”

ထိုစကားကို ကြားသောအခါမှသာ ရွာလူကြီး စုန့်ကျန်းရှုမှာ ပုံမှန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ ဝူယွီလန်ကသာ ငွေအချောင်းခြောက်ဆယ်ကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်ခဲ့မည်ဆိုပါက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ တွေးတောမိမည်မှာ အသေအချာပင်။

နောက်ဆုံးတွင် မည်သည့်သာမန်လယ်သမားမိသားစုကများ ဤမျှကြီးမားသော ငွေပမာဏကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်မည်နည်း။

သူ့ကို ထုတ်ပေးခိုင်းလျှင်ပင် သူ ထုတ်ပေးနိုင်မည်မဟုတ်ပေ။

“လုပ်အားခကိစ္စက အရေးမကြီးပါဘူး၊ ရွာထဲကလူတွေကိုပဲ ငှားဖို့ကြိုးစားပါ၊ လုပ်အားခနောက်ကျတာကို လက်ခံနိုင်တဲ့လူတွေကိုပဲ ခေါ်လိုက်ပေါ့”

ဝူယွီလန် ယုံကြည်စိတ်ချစွာဖြင့် လွှဲအပ်လိုက်သည်။

“ဒါဆိုရင် ဒီကိစ္စကို အစ်ကိုကြီးဆီပဲ အပ်လိုက်တော့မယ်၊ ကျွန်မက ဒီအကြောင်း သိပ်နားမလည်တော့ အစ်ကိုကြီးပဲ ပိုပြီးပင်ပန်းရလိမ့်မယ်၊

ဒါပေမဲ့ စိတ်မပူပါနဲ့၊ အစ်ကိုကြီးအတွက် လုပ်အားခကို တစ်ပြားမှလျှော့မပေးပါဘူး၊ အလုပ်သမားခေါင်းဆောင်တစ်ယောက်ရဲ့ နှုန်းထားအတိုင်း ကျွန်မ ပေးချေပါ့မယ်”

ရွာလူကြီးစုန့်ကျန်းရှုက လက်ဖက်ရည်တစ်ငုံသောက်လိုက်ရာ သင်းပျံ့သောရနံ့များက သူ့ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားလေသည်။

သူက ယဉ်ကျေးစွာဖြင့် လက်တစ်ဖက်မြှောက်ကာ တုံ့ပြန်လိုက်၏။

“ဖြည်းဖြည်းပေါ့၊ ဖြည်းဖြည်းပေါ့”

“ဒါဆိုရင် အစ်ကိုကြီးအားတဲ့အချိန် အိမ်ဆောက်ဖို့ ရက်ကောင်းရက်မြတ် ရွေးပေးမယ့်လူကို ရှာပေးပါဦး၊

ဒါမှ ဒီကိစ္စကို စောစောစီးစီးစီစဉ်နိုင်မှာ”

All Chapters