အခန်း ၁၁၄
Vol. 12 Ch. 114
🍅 Chapter 114
ဝူယွီလန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဂရုတစိုက် တွေးတောကြည့်လိုက်သည်။
ယနေ့ ကလေးများကို ပညာသင်ကျောင်းသို့ ပို့ဆောင်ပေးခဲ့ခြင်းမှလွဲ၍ သူမ ဘာတစ်ခုမျှ ထူးထူးခြားခြားမလုပ်ခဲ့မိပေ။
ဝူယွီလန် မေးလိုက်သည်။
“ငါ ဘာများ လုပ်ခဲ့မိလို့လဲ”
စုန့်ကျစ်ချုံး ဒေါသတကြီးဖြင့် စွပ်စွဲလိုက်၏။
“ဟန်ဆောင်နေတုန်းပဲလား”
“ပြောစမ်းပါ၊ ကလေးတွေကို ဘယ်မှာ သွားရောင်းလိုက်တာလဲ”
ဝူယွီလန်မှာ ဘာမှနားမလည်နိုင်အောင် ဖြစ်သွားရသည်။
သူမ မျက်မှောင်ကြုတ်လိုက်လေ၏။
“ငါ ကလေးတွေကို ရောင်းစားလိုက်တယ်လို့ ဘယ်သူက ပြောလဲ”
စုန့်ကျစ်ချုံး မျက်လုံးများမှာမူ နီရဲနေလေသည်။
“တစ်ယောက်ပြီးတစ်ယောက် အကုန်ပျောက်နေတာလေ၊ ခင်ဗျား ရောင်းမစားဘူးဆိုရင် သူတို့တွေ ဘယ်ရောက်သွားနိုင်မှာလဲ”
“ရက်စက်လိုက်တဲ့ မိန်းမကြီး၊ ခင်ဗျား စိတ်ပြောင်းသွားပြီး ကျွန်တော်တို့ကို အေးအေးချမ်းချမ်း နေခွင့်ပေးတော့မယ်လို့ ထင်နေခဲ့တာ၊ တကယ်တော့ ခင်ဗျားက ဒီလိုလုပ်ဖို့ အချိန်ဆိုင်းနေခဲ့တာကိုး”
“မှတ်ထား၊ ထုန်ဟွာတို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဒီတစ်ခါ ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်”
ဝူယွီလန် ပြတ်သားစွာဖြင့် လက်ကိုမြှောက်လိုက်သည်။
ဖြန်း
“သတိထားစမ်း”
ရုတ်တရက် ရိုက်ချခံလိုက်ရသဖြင့် စုန့်ကျစ်ချုံးမှာ အူကြောင်ကြောင်ဖြစ်သွားရပြီး ထိုပါးရိုက်ချက်က သူ့ကို အမှန်တကယ်ပင် သတိဝင်လာစေခဲ့သည်။
ဝူယွီလန် ခက်ထန်စွာ အော်ဟစ်လိုက်၏။
“နင်က ဘယ်သူ့ကိုလာပြီး ဆရာလုပ်ချင်နေတာလဲ”
သူ့ခေါင်းပေါ်သို့ နောက်ထပ်ရိုက်ချက်တစ်ခု ကျရောက်လာပြန်သည်။
စုန့်ကျစ်ယုံ စိုးရိမ်တကြီးဖြင့် လှမ်းခေါ်လိုက်သည်။
“ဒုတိယညီ”
စုန့်ကျစ်ယုံသည် သူ့မျက်လုံးများဖြင့် အဆက်မပြတ် အချက်ပြနေလေ၏။
ဝူယွီလန် ဒေါသတကြီး ဆက်လက်ဆူပူလိုက်သည်။
“ဦးနှောက်မရှိတဲ့ကောင်၊ လူတွေပျောက်နေတယ်ဆိုရင် မေးရမှန်းမသိဘူးလား၊ အိမ်ပြန်ရောက်နေတာ ရက်အတော်ကြာနေပြီဆိုပေမဲ့ အိမ်မှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နင် နည်းနည်းလေးတောင် မသိပါလား”
ဝူယွီလန် စကားပြောနေရင်းဖြင့်ပင် သူ့ကို ထပ်မံရိုက်နှက်လိုက်ပြန်သည်။
သူမမှာ ရိုက်ရတာအရှိန်ရသွားပြီဖြစ်ရာ ဘေးနားရှိတံမြက်စည်းကို ကောက်ကိုင်ကာ သူ့အား တရစပ်ရိုက်နှက်တော့သည်။
မိခင်ဖြစ်သူက သနားညှာတာမှုမရှိ ရိုက်နှက်နေသည်ကိုမြင်လိုက်ရသောအခါ မြုပ်နှံထားခဲ့သော အတိတ်မှမှတ်ဉာဏ်ဟောင်းများက ရုတ်တရက် အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး စုန့်ကျစ်ချုံးတစ်ယောက် လေထဲသို့ ခုန်ပေါက်ရှောင်တိမ်းလိုက်ရသည်။
စုန့်ကျစ်ချုံး ရှောင်နေရင်းမှ အလန့်တကြား အော်ဟစ်လိုက်၏။
“အမေ၊ အမေ၊ မရိုက်ပါနဲ့တော့၊ တော်ပါတော့”
“ကျွန်တော် မှားမှန်းသိပါပြီ၊ ကျွန်တော် မှားမှန်းသိပါပြီ”
“ကျွန်တော် အဲခုလို အမေ့ကို ရမ်းသမ်းပြီး အပြစ်မတင်သင့်ခဲ့ပါဘူး၊ သား တကယ်မှားမှန်းသိပါပြီ”
ဝူယွီလန် ရပ်တန့်မည့်အရိပ်အယောင် မပြသည်ကို မြင်သောအခါ စုန့်ကျစ်ချုံး အနီးတွင်ရပ်နေသော စုန့်ကျစ်ယုံဘက်သို့ အလျင်အမြန်လှည့်ကာ မေးမြန်းလိုက်သည်။
“အစ်ကိုကြီး၊ မြန်မြန်ပြောပါဦး၊ ကလေးတွေ ဘယ်ရောက်သွားတာလဲ”
စုန့်ကျစ်ယုံ အဖြေမပေးရသေးမီမှာပင် ကျောက်လီကျွမ် ခြံဝင်းအတွင်းသို့ ခပ်သုတ်သုတ် လျှောက်ဝင်လာလေ၏။
ကျောက်လီကျွမ် ဝင်ပြောလိုက်သည်။
“မနေ့ညက ရှင့်ကို ကျွန်မ ပြောခဲ့တယ်မဟုတ်လား၊ ဒီမနက် ကလေးတွေစာသင်ဖို့ ပညာသင်ကျောင်းကိုပို့မယ်လို့ အမေ ပြောထားတယ်လေ”
စုန့်ကျစ်ချုံး၏ခေါင်းတစ်ခုလုံး “ဝီ” ခနဲ အူထွက်သွားတော့သည်။
ထိုသို့ ပြောခဲ့သလိုလို ရှိသော်လည်း သူက အလွန်အမင်းအိပ်ငိုက်နေခဲ့သဖြင့် အင်း အဲ မျှသာ အသံပြုကာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
စုန့်ကျစ်ချုံး တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်၏။
“ငါ၊ ငါ အိပ်ပျော်နေတော့ သေသေချာချာမကြားလိုက်ရဘူး”
ဝူယွီလန်တစ်ယောက် ရိုက်ရလွန်း၍ ပင်ပန်းသွားပြီဖြစ်ရာ စုန့်ကျစ်ချုံးကို မြေကြီးပေါ်သို့ လဲကျသွားအောင် ကန်ချလိုက်သည်။
သူမ မကျေမနပ်ဖြင့် ပြောဆိုလိုက်သေးသည်။
“နင့်ရဲ့ မျက်လုံးတွေက အမြဲတမ်း ဟိုကြည့်ဒီကြည့်နဲ့ဆိုတော့ ဦးနှောက်နည်းနည်းပါးပါးရှိမယ်လို့ ငါထင်ခဲ့တာ၊ တကယ်တမ်းကျတော့ နင်က ဒီလောက်တောင် ရူးသွပ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
စုန့်ကျစ်ချုံး မြေကြီးပေါ်မှ ကုန်းရုန်းထလာပြီးနောက် နာကြည်းခံရခက်နေသည့်ဟန်ဖြင့် သူ့တင်ပါးကိုသူ ပွတ်သပ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ၊ အိမ်မှာ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေရော အကုန်လုံးပျောက်နေတာလေ၊ ယောကျ်ားလေးတွေကို စာသင်ဖို့ လွှတ်လိုက်တာကို နားလည်ပေးလို့ရပေမဲ့ ကျွန်တော့်ရဲ့ ထုန်ဟွာနဲ့ ချန်းဟွာတို့ ဘယ်ရောက်သွားလဲဆိုတာ ကျွန်တော်က ဘယ်လိုလုပ်သိနိုင်မှာလဲ”
ကျောက်လီကျွမ် ဝူယွီလန်၏အနီးသို့ လျှောက်သွားပြီး အမောပြေစေရန်အတွက် သူမ၏ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။
“မနေ့ညကတည်းက ရှင့်ကို ကျွန်မ ပြောပြီးသားလေ၊ အမေက တာ့လန်၊ အာ့လန်၊ ကျင်းဟွာ၊ ယင်ဟွာ၊ ထုန်ဟွာ၊ ချန်းဟွာနဲ့ ချွမ်းနီ ကလေးခုနစ်ယောက်လုံးကို စာသင်ဖို့လွှတ်လိုက်တာပါဆို”
စုန့်ကျစ်ချုံး အံ့ဩတကြီး မေးလိုက်လေ၏။
“ဟင်”
“မိန်းကလေးတွေကိုပါ လွှတ်လိုက်တာလား”
စုန့်ကျစ်ချုံး မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေလေသည်။
“အဲဒါ မဖြစ်နိုင်ဘူးမလား၊ ဘယ်ပညာသင်ကျောင်းက မိန်းကလေးတွေကိုလက်ခံလို့လဲ”
ကျောက်လီကျွမ် ပြန်ဖြေလိုက်သည်။
“မင်ကျစ်ပညာသင်ကျောင်းလေ”
ဇနီးဖြစ်သူက မင်ကျစ်ပညာသင်ကျောင်းအား ရည်ညွှန်းလိုက်သည်ကို ကြားသောအခါ စုန့်ကျစ်ချုံးမှာ ပို၍သံသယဝင်သွားတော့သည်။
“မင်ကျစ်ပညာသင်ကျောင်း၊ ဆရာချန်ကျင်းကျစ်၊ ဆရာကြီးချန် ဖွင့်ထားတဲ့ကျောင်းကို ပြောတာလား”
“အဲဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်၊ အရင်က တစ်ယောက်ယောက်က သူ့သမီးကို အဲဒီကျောင်းမှာထားချင်လို့ ကျောင်းလခကို နှစ်ဆပေးပါမယ်လို့ ပြောတာတောင် ဆရာကြီးချန် လက်မခံခဲ့ဘူးလို့ ကြားဖူးတယ်”
သူ့သမီးများမှာ ဆရာကြီးချန်၏အထင်ကြီးလေးစားမှုကို ရရှိကာ အထူးအထွင့်အရေးဖြင့် ကျောင်းသားအဖြစ် လက်ခံနိုင်လောက်အောင် ဉာဏ်ရည်ထက်မြက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျောက်လီကျွမ်က ရှင်းပြလိုက်သည်။
“အမေ စီစဉ်တာလေ၊ ဘာပဲဖြစ်ဖြစ် ဆရာကြီးချန်က လက်ခံလိုက်ပြီဆိုတော့ သူတို့ အဲဒီကို ရောက်သွားကြပြီ”
ဝူယွီလန် ဤအရူးနှင့် ဆက်လက်၍ အချိန်မကုန်ချင်တော့ပေ။
“နင့်မှာ သူတို့ကို ကျောင်းပို့ပေးနိုင်တဲ့ အရည်အချင်းမရှိတိုင်း ငါ့မှာလည်း မရှိဘူးလို့ မဆိုလိုဘူး”
ထိုသို့ပြောပြီးနောက် သူမ လှည့်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
စုန့်ကျစ်ချုံး ခေါင်းကုတ်ကာ ဇနီးဖြစ်သူကို ကြည့်လိုက်လေ၏။
“တကယ်ပဲ ပို့လိုက်တာလား”
ကျောက်လီကျွမ် စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ ကလေးခုနစ်ယောက်လုံးကို ပို့လိုက်တာ”
ကျောက်လီကျွမ်လည်း သူမ၏ခင်ပွန်းဖြစ်သူနှင့် ဆက်လက်၍ မပြောဆိုချင်တော့ပေ။
မနေ့ညက အိမ်ရှိ အခြေအနေများကို သေသေချာချာ ရှင်းပြခဲ့သော်လည်း သူကမူ သူမ စကားများကို နားဝေတိမ်တောင်သာ နားထောင်ခဲ့သည်မဟုတ်ပါလား။
သူ အရိုက်ခံရလျှင်လည်း သူ့ကိုယ် သူသာ အပြစ်တင်ရမည်ဖြစ်သည်။
ဇနီးဖြစ်သူလည်း သူ့အား စကားမပြောချင်တော့သည်ကို မြင်သောအခါ စုန့်ကျစ်ချုံး နှာခေါင်းကိုသာ အသာအယာ ပွတ်သပ်လိုက်မိသည်။
“အဟမ်း၊ အမေက တော်တော်လေး အစွမ်းအစရှိတာပဲ”