← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

🍅 Chapter 116

ဆရာချန်ကျင်းကျစ်ကမူ စုန့်ကျစ်ချုံးကို တစ်ချက်မျှအကဲခတ်ကြည့်လိုက်သည်။

ဤကောင်လေးကို သူ မှတ်မိပေသည်။ ငယ်စဉ်က သူစာသင်နေသည်ကို ခိုးနားထောင်ရန် နံရံအမြဲတမ်း တွယ်တက်လေ့ရှိသူဖြစ်သည်။

ဤမျှ အသက်အရွယ်ရလာသည့်တိုင်အောင် ထိုအကျင့်ကို မဖျောက်နိုင်ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“နောက်တစ်ခါ အရှေ့တံခါးကနေဝင်ခဲ့”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ”

စုန့်ကျစ်ချုံး ထမင်းချိုင့်ကိုဆွဲကာ ကလေးများထမင်းစားသည့် အခန်းဆီသို့ သွားရောက်စောင့်ဆိုင်းနေလိုက်သည်။

မကြာမီမှာပင် ကျောင်းသားတစ်ဦးက ခေါင်းလောင်းကို ထိုးလိုက်၏။

ချွမ်၊ ချွမ်၊ ချွမ်၊ ချွမ်

ကျောင်းသားများမှာ သူတို့၏ ထမင်းချိုင့်များကို ကိုယ်စီကိုင်ဆောင်လျက် စာသင်ခန်းထဲမှ ပျော်ရွှင်စွာ ရယ်မောထွက်လာကြသည်။

စုန့်ကျစ်ချုံး တံခါးဝတွင် ရပ်ကာ ကျောင်းသားများကြား စူးစမ်းရှာဖွေနေလိုက်၏။

ရင်းနှီးသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူက ကမန်းကတန်း လှမ်းခေါ်လိုက်သည်။

“ထုန်ဟွာ၊ အဖေ ဒီမှာ”

ကလေးများ သူ့အသံကို ကြားသောအခါ အနီးသို့လျှောက်လာကြသည်။

“အဖေ၊ ဘာလို့ဒီရောက်နေတာလဲ”

“အဖေ မင်းတို့အတွက် ထမင်းလာပို့တာလေ”

စုန့်ကျစ်ချုံးကမူ ထမင်းချိုင့်ဖွင့်ကာ အတွင်းမှ ဂျုံပေါက်စီဖြူဖြူလေးများကို ထုတ်ယူပြီး သူတို့၏လက်ထဲသို့ တစ်လုံးစီ ထည့်ပေးလိုက်သည်။

ထို့နောက် ဝက်ဆီဖတ်များဖြင့် ချက်ထားသော ပဲကြာဆံနှင့် ဂေါ်ဖီထုပ် ပန်းကန်လုံးကြီးကို ထုတ်ယူလိုက်သည်။

“ဒီနေ့ ဒီဟင်းကို အဖေ ကိုယ်တိုင်ချက်ထားတာ၊ မြန်မြန်စားကြည့်ကြ”

အနည်းငယ် တူးနေသော ဂေါ်ဖီထုပ်ကိုကြည့်ရင်း စုန့်ထုန်ဟွာ ရွံရှာဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

“အဖေ၊ နောက်တစ်ခါ အဖေ ဟင်းမချက်ပါနဲ့တော့”

‘ချက်စရာဟင်းလျာတွေကို…. နှမြောစရာကောင်းလိုက်တာ၊ ဒီဂေါ်ဖီထုပ် ဒီလောက်ကြီးလာဖို့အတွက် ငါတို့ တော်တော်ကြာကြာ စိုက်ပျိုးခဲ့ရတာလေ'

“ဒီကလေးကတော့၊ အရသာတောင် မမြည်းကြည့်ရသေးဘဲနဲ့”

သူက ပြောပြောဆိုဆိုဖြင့် ဟင်းအနည်းငယ်ကို တူဖြင့်ညှပ်ကာ ပေါက်စီပေါ်သို့ တင်ပေးလိုက်သည်။

စုန့်ထုန်ဟွာ တစ်လုတ် ကိုက်စားလိုက်၏။ ဤရက်ပိုင်းအတွင်း သူမ၏ခံတွင်းအရသာမှာ ပိုမိုမြင့်မားလာသောကြောင့်လားမသိပေ။

တူးနေသော အရသာကို သူမ ချက်ချင်းပင် ခံစားလိုက်ရသည်။ တူးနေခြင်းက တစ်ပိုင်းဖြစ်ပြီး အရသာကလည်း အလွန်အမင်း ငန်လွန်းလှသည်။

“အဖေ၊ ဆားက ပိုက်ဆံမပေးရဘူးလို့ ထင်နေတာလား”

အရင်ကဆိုလျှင် ဆားကို ဤမျှအများကြီးထည့်ရဲပါက အဘွားက အဖေ့အား အရှင်လတ်လတ် အရေခွံဆုတ်ပစ်မည်မှာ အသေအချာပင်။

စုန့်ကျစ်ချုံး ဟင်းအနည်းငယ်ကို မြည်းကြည့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။

“ဟီးဟီး၊ နည်းနည်းတော့ ငန်သွားတယ်၊ ဒါပေမဲ့ အဖေ ရေယူလာတယ်လေ၊ ရေသောက်လိုက်၊ ရေသောက်လိုက်”

စုန့်ကျစ်ချုံး စကားပြောရင်း သူတို့အတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။ ထိုအချိန်မှာပင် ဆရာချန်ကျင်းကျစ်က ပြောင်းဖူးပေါက်စီတစ်လုံးကိုင်ကာ ဝင်ရောက်လာပြီး နှစ်လုတ်ခန့် ကိုက်စားပြီးသည်နှင့် သီးသွားလေသည်။

စုန့်ကျစ်ချုံးမှာ အကင်းပါးလှသဖြင့် ရေတစ်ခွက်ကို အလျင်အမြန် ကမ်းပေးလိုက်၏။

ဆရာချန်ကျင်းကျစ်လည်း အားနာမနေတော့ဘဲ ပါးစပ်ထဲရှိ ပြောင်းဖူးပေါက်စီကို ရေဖြင့် မျောချလိုက်ပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ မင်းတို့ အိမ်ကရေက ထူးထူးခြားခြား ချိုမြိန်နေပါရော့လား”

စုန့်ကျစ်ချုံး ခေါင်းညိတ်ပြလိုက်သည်။

“ဆရာကြီး ကြိုက်တယ်ဆိုရင် ဆရာကြီးအတွက် ကျွန်တော်လာပို့ပေးနိုင်ပါတယ်”

ဆရာချန်ကျင်းကျစ် ရေကို တစ်ငုံမြည်းကြည့်လိုက်သည်။ ချိုမြိန်အေးမြသောအရသာက လျှာဖျားတွင် ထပ်တလဲလဲ စွဲကျန်ရစ်နေစေ၏။

‘ကျစ် ကျစ်’

အကယ်၍ သူ့အံဆွဲထဲတွင် သိမ်းဆည်းထားသော လက်ဖက်ခြောက်အိပ်တစ်ဝက်လေးကို ဤရေဖြင့် ဖျော်သောက်ရမည်ဆိုပါက လုံးဝကို အကောင်းဆုံးတွဲဖက်ဖြစ်မည်မှာ အသေအချာပင်။

“အဟမ်း၊ ငါ့အတွက် သီးသန့်လာပို့ပေးရမယ်ဆိုရင် အရမ်းဒုက္ခများနေမလား”

စုန့်အာ့လန် အပြုံးဖြင့် ဝင်ပြောလိုက်၏။

“ဆရာကြီး၊ ဒုက္ခမများပါဘူး၊ မနက်တိုင်း ကျွန်တော်တို့ ကျောင်းလာတဲ့အချိန် ရေကိုပါ တစ်ပါတည်း သယ်လာပေးလို့ရပါတယ်”

ဆရာချန်ကျင်းကျစ်ကမူ ဉာဏ်ကောင်းသောဤကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။

“အဟမ်း၊ ဒါဆိုရင်လည်း မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

ဆရာချန်ကျင်းကျစ် လက်ဖက်ရည်ဖျော်ရန်အတွက် သူမတို့အိမ်မှရေကို လိုချင်နေကြောင်း ကြားသိရသောအခါ ဝူယွီလန် မျက်ခုံးပင့်လိုက်မိသည်။

“ဒီအဘိုးကြီးက တကယ်ကို ဇိမ်ခံတတ်တာပဲ”

သူမ ရေစည်ထဲသို့ စိတ်ဝိညာဉ်စမ်းရေ အများကြီး ရောစပ်ထားခြင်းမရှိသဖြင့် ဆရာချန်ကျင်းကျစ်အနေဖြင့် တစ်စုံတစ်ရာရိပ်မိသွားမည်ဟု သူမ မထင်ထားပေ။

ထို့အပြင် လက်ဖက်ရည်ကို မြတ်နိုးသူများအတွက် ရေ၏အရည်အသွေးအပေါ် တောင်းဆိုမှုမြင့်မားခြင်းမှာ သာမန်ကိစ္စတစ်ခုသာ။

သို့သော် ဤအဖြစ်အပျက်က သူမအတွက် သတိပေးချက်တစ်ခုဖြစ်လာခဲ့၏။

ယခုမှစ၍ ရေစည်ထဲသို့ စိတ်ဝိညာဉ်စမ်းရေ ထည့်သွင်းရာတွင် ယခင်ကထက် ပိုမိုလျှော့ချရတော့မည်ဖြစ်သည်။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။

ရက်ကောင်းရက်မြတ်ကို ရွေးချယ်တွက်ချက်ပြီးနောက် ရွာလူကြီးစုန့်ကျန်းရှုက ငှားရမ်းထားသောအလုပ်သမားများကို ခေါ်ဆောင်ကာ မြေတိုင်းတာခြင်းများ ပြုလုပ်၍ အိမ်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လေတော့သည်။

လုပ်အားခကို တစ်နေ့လျှင် ကြေးပြားနှစ်ဆယ် သတ်မှတ်ထားပြီး အလုပ်သမားအားလုံးမှာ ရွာထဲမှလူများသာဖြစ်ကာ ထမင်းမကျွေးပေ။

ဝူယွီလန် တိတ်တဆိတ်နေထိုင်ခဲ့သော်လည်း သူမ အိမ်ဆောက်နေသည်ဟူသောသတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ရာ မသမာသောရည်ရွယ်ချက်ရှိသူများက နည်းလမ်းမျိုးစုံ စတင်ကြံစည်လာကြတော့သည်။

“လီကျွမ်”

ကျယ်လောင်သော တံခါးခေါက်သံများနှင့်အတူ အရေးတကြီးအော်ခေါ်သံတစ်ခုက ခြံဝင်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။

မိထွေးဖြစ်သူ အဒေါ်ဖန်၏အသံက ပဲ့တင်ထပ်နေလေ၏။

“အမေ့ကို တံခါးလာဖွင့်ပေးပါဦး၊ အမေ နင့်ဆီကိုလာလည်တာ”

ယခုအချိန်တွင် မိသားစုဝင်များအားလုံး စားပွဲတွင် ထိုင်ကာ ထမင်းစားသောက်နေကြချိန်ဖြစ်သည်။

ရုတ်တရက် တံခါးခေါက်သံနှင့် အော်ခေါ်သံများ ကြားလိုက်ရသောအခါ အားလုံးက ပန်းကန်များနှင့် တူများကို တပြိုင်နက်တည်းချထားလိုက်ကြပြီး ကျောက်လီကျွမ်ထံသို့ အကြည့်များ ရောက်ရှိသွားကြသည်။

ကျောက်လီကျွမ်ကမူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဤအသံမှာ မိထွေးဖြစ်သူ၏အသံမှန်း သူမ သေချာပေါက် မှတ်မိနေပေသည်။

ဤဆင်းရဲနွမ်းပါးလှသော စုန့်မိသားစုထဲသို့ သူမ အိမ်ထောင်ကျပြီးကတည်းက မိထွေးဖြစ်သူမှာ သူမကို လုံးဝဂရုမစိုက်ခဲ့ဘဲ သူမဆိုသည့်လူ လောကကြီးထဲတွင် မရှိတော့သည့်အလား လျစ်လျူရှုထားခဲ့ခြင်းဖြစ်သည်။

ကျောက်လီကျွမ် အကူအညီတောင်းရန် မိဘအိမ်သို့ ပြန်သွားခဲ့စဉ်ကပင် မိထွေးဖြစ်သူမှာ ရေခဲတမျှ အေးစက်ခက်ထန်ခဲ့ပြီး ဆန်ပြုတ်တစ်လုတ်ကိုပင် တိုက်ကျွေးရန်ဆန္ဒမရှိခဲ့ပေ။

သို့သော် ယခုအခါတွင် မိထွေးဖြစ်သူက ရုတ်တရက်ကြီး သူမ၏အိမ်ပေါက်ဝသို့ ရောက်ရှိလာလေပြီ။

ကျောက်လီကျွမ် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိသည်။

‘သူ့ရည်ရွယ်ချက်က တကယ်တမ်း ဘာဖြစ်မလဲ'

သာမန် အလည်အပတ်လာရုံသက်သက်တော့ သေချာပေါက် မဖြစ်နိုင်ပေ။

“အမေ၊ သူ့ကို ဂရုစိုက်မနေပါနဲ့၊ သူက အကျိုးအမြတ်တစ်ခုခုမရှိဘဲနဲ့ ဘယ်တော့မှ မျက်နှာလာပြမယ့် လူစားမျိုးမဟုတ်ဘူး၊ ခဏလောက်စောင့်နေလိုက်၊ သူ ပျင်းသွားတဲ့အချိန်ကျရင် သူ့အလိုလို ပြန်သွားလိမ့်မယ်”

ဝူယွီလန်ကိုယ်တိုင်လည်း အဒေါ်ဖန်၏စရိုက်လက္ခဏာကို ကောင်းကောင်းသိရှိထားသည်။

သူမက အကျိုးအမြတ်မရှိလျှင် အရိပ်လေးပင် လာပြမည့်လူစားမျိုးမဟုတ်ပေ။

ထိုကဲ့သို့သောလူမျိုးက မိသားစုထဲတွင် အိမ်အသစ်ဆောက်နေသည်ကိုကြားသိသွားသည်နှင့်တစ်ပြိုင်နက် အကျိုးအမြတ်များ ရရှိရန်အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုကာ ရောက်လာမည်မှာ သေချာပေသည်။

All Chapters