အခန်း ၁၁၈
Vol. 12 Ch. 118
🍅 Chapter 118
ဝူယွီလန် မျက်ခုံးပင့်လိုက်သည်။
‘ဒီလောက် မျက်နှာပြောင်တိုက်နေတာတောင် သူ မပြန်သေးဘူးပေါ့'
“ဟီးဟီး၊ ခမည်းခမက်က တကယ်ကို နားလည်ပေးနိုင်တာပဲ”
ထိုသို့ပြောပြီးနောက် သူမက တောဟင်းရွက်များကို ပန်းကန်လုံးထဲသို့ တိုက်ရိုက်ပစ်ထည့်ကာ မွှေနှောက်လိုက်သည်။
“ခမည်းခမက်၊ ဧည့်ခံဖို့အတွက် သိပ်ကောင်းတာတွေတော့ မရှိပါဘူး၊ ဒီတောဟင်းရွက်တွေက အရသာတော်တော်လေး ကောင်းပါတယ်၊ မြည်းကြည့်ပါဦး”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အဒေါ်ဖန်မည်မျှပင် တုံးအပါစေ ဝူယွီလန် ဘာကိုဆိုလိုသနည်းဆိုသည်ကို ကောင်းကောင်း သဘောပေါက်သွားလေပြီ။
“ကောင်းပြီလေ၊ ငါက အပင်ပန်းခံပြီး ဒီအထိလာခဲ့တာကို နင်တို့က ဒီလို ဆက်ဆံရက်တယ်ပေါ့၊ အသားရှိတာကို ထုတ်မကျွေးဘဲ ငါ့ကို တောဟင်းရွက်ပြုတ်ရည်ပဲ တိုက်ချင်တာလား”
ဝူယွီလန် အေးစက်စက် တုံ့ပြန်လိုက်သည်။
“ဘာဖြစ်လို့လဲ၊ ခမည်းခမက်တို့အိမ်မှာ အသားရှိတုန်းကရော ကျွန်မတို့လီကျွမ်ကို ကျွေးဖူးလို့လား”
“ဖွီး၊ အမှိုက်တွေ”
ဝူယွီလန်မှာ သူမနှင့် ဆက်လက်ပြောဆိုရန် စိတ်ပါဝင်စားမှုမရှိတော့သဖြင့် ဟင်းရွက်ခြင်းတောင်းကို ကောက်ကိုင်ကာ ခြံဝင်းအပြင်ဘက်သို့ အားပြင်းပြင်း လွှင့်ပစ်လိုက်သည်။
အဒေါ်ဖန် စူးရှစွာ အော်ဟစ်လိုက်သည်။
“ဟေ့၊ ဒါက ဘာသဘောလဲ”
“နင်တို့ ကြီးပွားနေပြီဆိုတော့ လူကိုအထင်သေးတာပေါ့လေ”
ဝူယွီလန် မျက်ခုံးပင့်လိုက်သည်။
“နင့်ကို အထင်သေးတော့ရော ဘာဖြစ်လဲ”
“နင်၊ နင်”
အဒေါ်ဖန်မှာ အချိန်အတန်ကြာ ဆွံ့အသွားပြီး မည်သည့်စကားမျှ ထွက်မလာတော့ပေ။
ဝူယွီလန်၏ သဘောထားကို မြင်သောအခါ သူမက အနောက်လှည့်၍ ကျောက်လီကျွမ်၏အင်္ကျီကော်လံကို ဆွဲကိုင်လိုက်သည်။
အဒေါ်ဖန်က ရန်ထောင်လိုက်လေ၏။
“ကျက်သရေမရှိတဲ့ကောင်မ၊ နင့်ရဲ့ အတောင်ပံတွေ မာလာပြီပေါ့လေ၊ နင် တကယ်ပဲ မိဘအရိပ်မလိုအပ်တော့ဘူးလား”
သူမက အသံကိုနှိမ့်ကာ ခြိမ်းခြောက်လိုက်သည်။
“ငါ ပြောလိုက်မယ်၊ နင့်ယောက္ခမက ဘယ်လိုဒေါသအိုးမျိုးလဲဆိုတာ နင် ကောင်းကောင်းသိတယ်၊ နင်သာ မိဘအိမ်နဲ့ တကယ် အဆက်အသွယ်ဖြတ်လိုက်ရင် နောင်တစ်ချိန် နင့်မှာ ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ မိဘအိမ်က ကျောထောက်နောက်ခံပြုပေးဖို့ လုံးဝမစဉ်းစားနဲ့”
ကျောက်လီကျွမ် အဒေါ်ဖန်၏လက်ကို ဖမ်းဆုပ်ကာ အကြမ်းပတမ်း ခါထုတ်လိုက်သည်။
“ဟီးဟီး၊ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မရဲ့ဘဝက ဒီလောက်တောင် ဆင်းရဲဒုက္ခရောက်နေခဲ့တာ၊ မိဘအိမ်ကိုလည်း အခေါက်ပေါင်းများစွာ ပြန်လာခဲ့ပေမဲ့ ရှင် ကျွန်မကို တစ်ကြိမ်တစ်ခါလောက် ကူညီဖူးလို့လား”
မိထွေးရောက်လာလျှင် ဖအေရင်းမှာလည်း ပထွေးဖြစ်သွားတတ်သည်မဟုတ်ပါလား။
ဤမိဘအိမ်တွင် မည်သူကမျှ သူမအား ကျောထောက်နောက်ခံပြုပေးရန် ဆန္ဒမရှိကြောင်း၊
သူမဘက်မှ ရပ်တည်ပေးရန် ဆန္ဒမရှိကြောင်းကို သူမ စောစောကတည်းက သဘောပေါက်ခဲ့ပြီးဖြစ်သည်။
ကျောက်လီကျွမ်၏ အေးစက်ခက်ထန်သော သဘောထားကို မြင်သောအခါ အဒေါ်ဖန်မှာ အနည်းငယ် စိုးရိမ်လာသဖြင့် အသံကိုမြှင့်လိုက်သည်။
“ကျက်သရေမရှိတဲ့ကောင်မ၊ နင်က မိုးကောင်းကင်ကိုတောင် ပုန်ကန်နေတာလား၊ ဘာပဲဖြစ်ဖြစ် ငါက နင့်အမေပဲ”
“ငါ နင့်ကို ဒီနှစ်တွေတစ်လျှောက်လုံး ပြုစုပျိုးထောင်လာခဲ့တာ၊ နင် မိဘအိမ်ကို ဘာတွေများယူလာပြီး ကျေးဇူးဆပ်ဖူးလို့လဲ”
“တခြားလူတွေရဲ့ သမီးတွေက ပွဲတော်ရက်တွေဆိုရင် အသားတွေ၊ ငွေတွေ ယူလာကြတယ်၊ နင်ကရော၊ ပုပ်သိုးနေတဲ့ ကန်စွန်းဥလေးနည်းနည်းပဲ ယူလာတယ်၊ နင် ဘယ်သူ့ကို လာစော်ကားချင်နေတာလဲ”
ကျောက်လီကျွမ်၏မျက်လုံးများမှာ နီရဲသွားသည်။ သူမ အိမ်သို့ ပစ္စည်းများများစားစား ယူမလာနိုင်ခဲ့သည်မှာ မှန်သော်လည်း ထိုကန်စွန်းဥအနည်းငယ်မှာ သူမ အလွန်ကြာရှည်စွာ တိတ်တဆိတ်စုဆောင်းထားခဲ့ရသော ရိက္ခာများပင်။
သို့သော် အဒေါ်ဖန်က သူမအား နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သည်ဟု ဆိုခြင်းကိုမူ သူမ လုံးဝ သဘောမတူနိုင်ပေ။ ကျောက်လီကျွမ်က နာကြည်းစွာ တုံ့ပြန်လိုက်သည်။
“ကျွန်မကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တယ်လို့ ရှင်ပြောတယ်ပေါ့၊ ဘာနဲ့များ ပြုစုပျိုးထောင်ခဲ့တာလဲ၊ ရှင် ကျွန်မတို့အိမ်ကို ရောက်လာကတည်းက ကျွန်မက အသက်နှစ်နှစ် သုံးနှစ်လောက်ပဲ ရှိသေးတယ်၊ ရှင် ကျွန်မကို တောဟင်းရွက်တူးဖို့ မောင်းထုတ်ခဲ့ပြီး နေ့တိုင်း နွားတင်းကုပ်ထဲမှာပဲ အိပ်ခိုင်းခဲ့တာလေ”
“ကျွန်မ မေးပါရစေ၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ရှင် ကျွန်မကို ဆန်ပြုတ်တစ်ပန်းကန်လောက်များ တိုက်ဖူးရဲ့လား”
ထိုနွားတင်းကုပ်ထဲတွင် ဆောင်းရာသီတိုင်းနီးပါး သူမ အေးခဲပြီး သေလုနီးပါး ဖြစ်ခဲ့ရလေ၏။
ထို့ကြောင့်ပင် စုန့်ကျစ်ချုံးနှင့် အိမ်ထောင်ကျပြီးနောက်တွင် ဘဝက မည်မျှပင်ခက်ခဲကြမ်းတမ်းစေကာမူ သူမက သည်းခံနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစကားများကို ကြားသောအခါ အဒေါ်ဖန်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း လည်ပင်းကို မတ်မတ်ထားကာ ပြန်လည်ချေပလိုက်သည်။
“ဘယ်မိသားစုက ကလေးကများ အဲဒီလို မကြီးပြင်းလာခဲ့ရလို့လဲ၊ နင်က ကွက်ပြီးအဖိုးတန်နေတာကျလို့”
“ငါဂရုမစိုက်ဘူး၊ နင် နှစ်တိုင်း မိဘကို ကျေးဇူးဆပ်ငွေ မပေးခဲ့ဘူးလေ၊ အခု နင့်ဘဝက တိုးတက်နေပြီဆိုတော့ နောက်နောင်ပေးရမယ့် ကျေးဇူးဆပ်ငွေကလည်း နည်းလို့မရဘူး”
“လောလောဆယ်တော့ နင့်ရဲ့ဒီဆံထိုးနဲ့ အရင်ပေးဆပ်လိုက်”
အဒေါ်ဖန်မှာ ယခုလေးတင် သူမ အရိုက်ခံခဲ့ရသည်ကို မေ့သွားသည့်အလားပင်။
သူမက လက်လှမ်းကာ ကျောက်လီကျွမ်၏ပခုံးကို ဖိချလိုက်ပြီး ဆံပင်ပေါ်မှ ဆံထိုးကို ဆွဲနုတ်ရန် ကြိုးစားလေတော့သည်။
စုန့်ကျစ်ချုံး ပြန်လည်ရောက်ရှိလာသောအခါ သူ့ရှေ့မှောက်ရှိ မြင်ကွင်းက သူ့ကို ဒေါသထွက်လုမတတ် ဖြစ်စေခဲ့သည်။
သူ့ဇနီး ကျောက်လီကျွမ်ကို အဒေါ်ဖန်က အတင်းဖိချုပ်ထားပြီး လက်မြှောက်ကာ ကျောက်လီကျွမ်၏ခေါင်းကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ဟု သူ မြင်တွေ့လိုက်ရသည်။
စုန့်ကျစ်ချုံး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“တောက်စ်၊ ခင်ဗျားက ကျွန်တော့်မိန်းမကိုများ ထိရဲတယ်ပေါ့”
စုန့်ကျစ်ချုံးမှာ ဒေါသကြောင့် ဆံပင်များပင် ထောင်ထနေလေပြီ။
သူက ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်နှယ် ဟိန်းဟောက်ကာ အခန်းထဲသို့ ပြေးဝင်သွားသည်။
သူ၏အလျင်မှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဒေါ်ဖန်ထံသို့ ရောက်ရှိသွားသည်။
စုန့်ကျစ်ချုံးက လေထဲသို့ ခုန်တက်ကာ အဒေါ်ဖန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ကန်ချလိုက်သည်။
ထိုကန်ချက်မှာ အင်အားကြီးမားလွန်းလှသည်။
အငိုက်မိသွားသော အဒေါ်ဖန်မှာ လေးလံသော သံတူကြီးဖြင့် ထုရိုက်ခံလိုက်ရသူတစ်ဦးအလား အော်ဟစ်ကာ အနောက်သို့ လွင့်စင်သွားတော့၏။
“အိုး”
အဒေါ်ဖန်မှာ မြေကြီးပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး နာနာကျင်ကျင် ညည်းညူလိုက်သည်။
သူမ၏ခန္ဓာကိုယ်မှာ မြေကြီးနှင့် ထိတွေ့သွားကာ ဖားလျားမှောက်လျက်သား အနေအထားဖြင့် ကျသွားပြီး အချိန်အတန်ကြာသည်အထိ မထနိုင်တော့ပေ။
ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ကျစ်ချုံးက အလျင်အမြန်လှည့်ကာ ကျောက်လီကျွမ်၏အနီးသို့ ပြေးသွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“မိန်းမ၊ မင်း အဆင်ပြေရဲ့လား”
ကျောက်လီကျွမ် ကြိတ်မှိတ်ထိန်းထားခဲ့သော မျက်ရည်များမှာ ခင်ပွန်းဖြစ်သူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျိုးပေါက်သွားသော ဆည်တစ်ခုနှယ် ပေါက်ကွဲထွက်ကျလာတော့သည်။
သူမ မျက်လုံးများ နီရဲသွားကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ထိုသနားစရာကောင်းသော မြင်ကွင်းက စုန့်ကျစ်ချုံး၏ရင်ကို ထိန်းမနိုင်သိမ်းမရ နာကျင်စေခဲ့သည်။ ကျောက်လီကျွမ်က ငိုရှိုက်ကာ ခေါ်လိုက်၏။
“ကလေးတို့အဖေ”
စုန့်ကျစ်ချုံး နှစ်သိမ့်လိုက်သည်။
“မကြောက်နဲ့၊ ငါ ဒီမှာ ရှိတယ်၊ ဘယ် အဘွားကြီးက မင်းကို အနိုင်ကျင့်ရဲသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့”
အနီးမှ ဝူယွီလန်မှာမူ ဆွံ့အသွားရသည်။
‘ငါ့ကို မကြည့်နဲ့၊ ငါက အဲဒီအဘွားကြီး မဟုတ်ဘူး'