← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

🍅 Chapter 119

သူမ မြေကြီးပေါ်ရှိ အဒေါ်ဖန်ကို လက်ညှိုးထိုးကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“သူက နင့်မိန်းမရဲ့ ငွေဆံထိုးကို ခိုးချင်နေတာ”

ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံး၏ဒေါသများက ချက်ချင်းပင် ဟုန်းခနဲ တောက်လောင်သွားတော့သည်။

သူ့ဇနီးဖြစ်သူက ဤငွေဆံထိုးကို မည်မျှမြတ်နိုးကြောင်း သူ ကောင်းကောင်း သိရှိထားသည်။

ညတိုင်း သူမ ဆံထိုးကို ဖြုတ်လိုက်သည့်အခါ ချည်သားနုနုလေး တစ်စကိုယူ၍ ဂရုတစိုက် အကြိမ်ကြိမ် သုတ်ပြီးနောက် သိမ်းဆည်းရန်နေရာကို စနစ်တကျ ရှာဖွေလေ့ရှိသည်။

သူကိုယ်တိုင် ဇနီးဖြစ်သူအား ငွေဆံထိုးဝယ်မပေးနိုင်ခဲ့သည့်အပေါ် အပြစ်ရှိသလို ခံစားနေရသည်ဖြစ်ရာ ယခု ဤအဘွားကြီးက လာရောက်ခိုးယူလိုနေသည်မဟုတ်ပါလား။

စုန့်ကျစ်ချုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အဒေါ်ဖန်၊ ခင်ဗျားကို ကျွန်တော် မျက်နှာသာပေးတာ လုံလောက်ပြီမဟုတ်လား”

“ကျွန်တော့် မိန်းမကို နွားတင်းကုပ်ထဲမှာ နေခိုင်းပြီး တစ်နေ့ကုန် ရိုက်နှက်ဆဲဆိုခဲ့တဲ့အတွက် ခင်ဗျားနဲ့ စာရင်းမရှင်းရသေးဘူး၊ အခု ခင်ဗျားက ကျွန်တော့်မိန်းမရဲ့ ပစ္စည်းတွေကိုတောင် လာခိုးရဲတယ်ပေါ့လေ”

သူ အဒေါ်ဖန်ကို မြေကြီးပေါ်မှ ဆွဲထူကာ သူမ၏အင်္ကျီကော်လံကိုကိုင်၍ တံခါးဆီသို့ ဆွဲခေါ်သွားလေသည်။

စုန့်ကျစ်ချုံးကို မြင်သောအခါ အဒေါ်ဖန် ရင်ထဲတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။

စုန့်ကျစ်ချုံးက ကျောက်လီကျွမ်အား ကာကွယ်တတ်ကြောင်း သူမ သိထားပြီး ထိုအကြောင်းကြောင့်ပင် ဤနှစ်များတစ်လျှောက်လုံး သူမက ကျောက်လီကျွမ်အပေါ် အလွန်အကျွံ အနိုင်မကျင့်ရဲခဲ့ခြင်းဖြစ်သည်။

‘ဒါပေမဲ့ စုန့်ကျစ်ချုံးက မြစ်ကြောင်းတူးဖော်ရေးမှာ ရှိနေရမှာ မဟုတ်ဘူးလား’

သူမ တွေးတော၍ မဆုံးမီမှာပင် သူမ မျက်နှာပေါ်သို့ ပါးရိုက်ချက်တစ်ခု ကျရောက်လာလေသည်။

ပူလောင်သွားသော နာကျင်မှုက သူမကို လက်ရှိအဖြစ်အပျက်များအား ပြန်လည်သတိရသွားစေခဲ့သည်။

စုန့်ကျစ်ချုံး သူမအား တကယ်ပါးရိုက်ရဲသည်ကို သဘောပေါက်သွားသောအခါ အဒေါ်ဖန်က နီရဲနေသော မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“နင် ငါ့ကို ရိုက်ရဲတယ်ပေါ့”

‘ဘာပဲဖြစ်ဖြစ် ငါက စုန့်ကျစ်ချုံးရဲ့ ယောက္ခမလေ'

“ငါက နင့် ယောက္ခမဟဲ့”

စုန့်ကျစ်ချုံးက ပြန်လည်အော်ဟစ်လိုက်သည်။

“ခင်ဗျားက ယောက္ခမဖြစ်နေလို့ကို ရိုက်တာပဲ”

ထိုသို့ပြောပြီးနောက် စုန့်ကျစ်ချုံးက သူမကို နောက်ထပ်ပါးနှစ်ချက် ရိုက်လိုက်ပြန်သည်။

“ငါ့မိန်းမဆီက ခိုးရဲတယ်ပေါ့၊ ငါ့အမေအရင်း ဖြစ်နေရင်တောင်မှ…”

စုန့်ကျစ်ချုံး စကားကို ခေတ္တရပ်ကာ ဝူယွီလန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

“ငါ့အမေအရင်း ဖြစ်နေရင်တောင်မှ၊ ငါကတော့”

ဝူယွီလန် ခြေထောက်မြှောက်ကာ သူ့ကို ကန်ချလိုက်သည်။

ထို့နောက် ဆက်လက်အော်ဟစ်လိုက်သည်။

“နင်က ဘာတွေ လေရှည်နေတာလဲ၊ ရိုက်မယ်ဆိုရင်လည်း သေချာရိုက်စမ်းပါ၊ အားနည်းနည်း ထည့်စမ်းပါ၊ ထမင်းမစားထားရတဲ့အတိုင်းပဲ”

စုန့်ကျစ်ချုံးမှာ အကန်ခံလိုက်ရပြီးနောက် ချက်ချင်းပင် ငြိမ်ကျသွားကာ အဒေါ်ဖန်ထံသို့ အလျင်အမြန်အကြည့်လွှဲလိုက်သည်။

သူက လက်မြှောက်ကာ သူမကို နောက်တစ်ကြိမ် ထပ်မံရိုက်နှက်လိုက်သည်။

“ဒါ ငါ့မိန်းမကိုအနိုင်ကျင့်တဲ့အတွက် မှတ်ထား၊ ဒါက ငါ့မိန်းမရဲ့ပစ္စည်းတွေကို လာခိုးတဲ့အတွက် မှတ်ထား”

စုန့်ကျစ်ချုံး၏ ရူးသွပ်လုမတတ်ဖြစ်နေသည့် အမူအရာကို မြင်သောအခါ အဒေါ်ဖန်မှာ အနောက်သို့ ဆုတ်သွားလေသည်။

“ကျစ်ချုံး၊ စိတ်အေးအေးထားပါ၊ စိတ်အေးအေးထားပါ၊ အမေက မင်းမိန်းမရဲ့ပစ္စည်းတွေကို မခိုးပါဘူး”

ကျောက်လီကျွမ်မှာ ပြဿနာကို သိပ်မကြီးကျယ်စေချင်တော့ပေ။ မည်သို့ပင်ဖြစ်စေ အမည်ခံအားဖြင့် အဒေါ်ဖန်က စုန့်ကျစ်ချုံး၏ယောက္ခမပင်။

သမက်ဖြစ်သူက ယောက္ခမအား ရိုက်နှက်သည်ဟု သတင်းထွက်သွားပါက သိပ်ကောင်းမည်မဟုတ်ပေ။

ထို့ကြောင့် ကျောက်လီကျွမ် ၀င်တားလိုက်သည်။

“ကလေးတွေရဲ့အဖေ၊ ထားလိုက်ပါတော့၊ သူ့ကို မောင်းထုတ်လိုက်ရင်ရပါပြီ”

စုန့်ကျစ်ချုံး ကျောက်လီကျွမ်၏မျက်နှာပေါ်ရှိ မျက်ရည်စများကို မြင်သောအခါ ရင်နာစွာဖြင့် လက်လှမ်း၍ သုတ်ပေးလိုက်သည်။

“မိန်းမ၊ မင်း တော်တော်လေး နစ်နာသွားရပြီ”

သူ အဒေါ်ဖန်ကို အေးစက်စက်မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

“ထွက်သွားစမ်း”

အဒေါ်ဖန်မှာ စုန့်ကျစ်ချုံးကို တကယ်ပင် ကြောက်ရွံ့သွားလေပြီ။ သူက သူမ အမည်ခံယောက္ခမဆိုသည့်အချက်ကို လုံးဝဂရုမစိုက်ဘဲ အမှန်တကယ် လက်ပါရဲသည်မဟုတ်ပါလား။

စုန့်ကျစ်ချုံး ရှိနေသမျှကာလပတ်လုံး သူမ မည်သည့်အကျိုးအမြတ်မျှ ရမည်မဟုတ်ကြောင်း သိရှိထားသည်။

သူမက မြေကြီးပေါ်မှခြင်းတောင်းကို ကောက်ယူကာ ခပ်သုတ်သုတ် ထွက်ပြေးသွားလေသည်။

ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ ဘေးဘက်ရှိ အိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူအများအပြား တက်ကြွစွာအလုပ်လုပ်နေကြသည်ကို မြင်လိုက်ရပြီး သူမ မျက်လုံးများမှာ မနာလိုမှုများဖြင့် နီရဲသွားတော့သည်။

‘စုန့်မိသားစုက ခုတစ်လော အကျိုးအမြတ် ကြီးကြီးမားမားတစ်ခု ရထားတာပဲဖြစ်ရမယ်’ ဟု သူမ စိတ်ထဲမှ တွေးတောလိုက်သည်။

သို့မဟုတ်လျှင် အိမ်အသစ်ဆောက်ရန် မဖြစ်နိုင်ပေ။

သူမ စုံစမ်းကြည့်ထားသည်မှာ သူတို့က အုတ်ပြားနှင့် အုပ်ကြွပ်မိုးအိပ်ခန်း ဆယ်ခန်းကျော် တည်ဆောက်နေခြင်းဖြစ်သည်။

ငွေအချောင်းငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်မရှိဘဲနှင့် ထိုသို့တည်ဆောက်ရန် လုံးဝမဖြစ်နိုင်ပေ။

ကျောက်လီကျွမ်၏ခေါင်းပေါ်ရှိ ဆံထိုးနှင့် သူမ ဝတ်ဆင်ထားသော အဝတ်အစားသစ်များကို တွေးမိသောအခါ အဒေါ်ဖန်၏ရင်ထဲတွင် မခံစားနိုင်လောက်အောင် ယားယံလာတော့သည်။

စုန့်မိသားစုသာ တကယ်ကြီးပွားနေပြီဆိုလျှင် သူတို့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရမည်ဟု သူမ တွေးတောလိုက်သည်။

ကျောက်လီကျွမ်ဆိုသည့် ကောင်မက အားကိုး၍ရမည်မဟုတ်သော်လည်း သူမတွင် အခြားသမီးတစ်ယောက် ရှိနေသေးသည်။

သူမ၏ရှောင်ချင်က ထိုကောင်မထက် အများကြီးပိုသာသည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး တင်ပါးကြီးမားသဖြင့် ယောကျ်ားလေးများ မွေးဖွားပေးနိုင်မည်မှာ အသေအချာပင်။

ဤသို့သော မိန်းကလေးကို ဘယ်သူကများ မကြိုက်ဘဲနေမည်နည်း။

အိမ်သို့ ပြန်ရောက်သောအခါ အဒေါ်ဖန်က စုန့်မိသားစုတွင် သူမ မြင်တွေ့ခဲ့ရသမျှကို သမီးဖြစ်သူအား ပြောပြလေသည်။

ရှောင်ချင် စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။

“အမေ၊ စုန့်မိသားစုက တကယ်ပဲ ကြီးပွားနေပြီလား”

“ဒါဆို သမီး ဝမ်ရွာက အဲဒီမုဆိုးနဲ့ အိမ်ထောင်မပြုတော့ဘူး၊ သမီး စုန့်မိသားစုဆီပဲ အိမ်ထောင်ပြုချင်တယ်”

ကျောက်ရှောင်ချင်ကမူ လွန်ခဲ့သောနှစ်များစွာက စုန့်ကျစ်ချုံးကို မြင်ဖူးခဲ့ပြီး သူ၏ရုပ်ရည်သန့်ပြန့်မှုကို အလွန်သဘောကျခဲ့သော်လည်း စုန့်မိသားစုမှာ ဆင်းရဲလွန်းသဖြင့် သူမက အိမ်ထောင်မပြုချင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ကွဲပြားသွားပြီဖြစ်သည်။ စုန့်မိသားစုက ကြီးပွားနေလေပြီ။

သူမအနေဖြင့် မယားကြီးအဖြစ် အိမ်ထောင်ပြုဝင်သွားရန် အလွန်သင့်တော်ပြီး ကျောက်လီကျွမ်က သူမကို ပြုစုလုပ်ကျွေးရမည်ဖြစ်ရာ ဘဝက သေချာပေါက် သက်တောင့်သက်သာရှိပေလိမ့်မည်။

ကျောက်ရှောင်ချင် တွေးတောလေလေ ပိုဖြစ်နိုင်ချေရှိသည်ဟု ခံစားရလေလေ ဖြစ်နေသည်။

သူမက အဒေါ်ဖန်၏အင်္ကျီလက်ကိုဆွဲကာ ပူဆာလေတော့သည်။

“အမေ၊ သမီး စုန့်ကျစ်ချုံးနဲ့ အိမ်ထောင်ပြုချင်တယ်၊ သမီး ငွေဆံထိုးပန်ချင်တယ်၊ အဝတ်အစားအသစ်တွေ ဝတ်ချင်တယ်၊ သမီးကိုကူညီပါ၊ သမီးကို ကူညီပါဦး”

အဒေါ်ဖန်ကိုယ်တိုင်ကလည်း သမီးဖြစ်သူအား လယ်ယာမြေမရှိသော ဆင်းရဲသည့်မုဆိုးတစ်ဦးနှင့် အိမ်ထောင်ချမပေးချင်ပေ။

“မလောပါနဲ့၊ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ပါဦး၊

အမေ သမီးနဲ့အတူ စုန့်မိသားစုဆီ ထပ်သွားပြီး သူတို့ တကယ် ကြီးပွားနေပြီလားဆိုတာ စုံစမ်းကြည့်လိုက်မယ်၊ အဲဒီတော့မှလည်း နောက်မကျသေးပါဘူး”

All Chapters