နဂါးနှင့်ဇာမဏီ အတိတ်ဆောင်သည့် မင်္ဂလာရှိသောကံကြမ္မာနေ့ရက်
Vol. 13 Ch. 1219
ပိုင်ရှောင်ချန်းက အဆင့်တက်အောင် ကြိုးပမ်းနေစဥ် ဗဟိုဧကရာဇ်နိုင်ငံမှာ အသင့်အနေအထား ရှိနေကြ၏။ ကျင့်ကြံသူပေါင်းများစွာ ဗဟိုဧကရာဇ်မြို့အပြင်တွင် မည်သည့်ကျူးကျော်သူကိုမဆို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားလျက် စောင့်ကြပ်နေကြလေသည်။
၄င်းမှာ ဗဟိုဧကရာဇ်နိုင်ငံသူနိုင်ငံသားများအတွက် အရေးအကြီးဆုံးနေ့တစ်နေ့ဖြစ်၍ပင်။ ယနေ့တွင် ဧကရာဇ်၏ကလေးများ ကမ္ဘာလောကထဲ ရောက်ရှိလာပေတော့မည်။
အင်ပါယာနန်းတော်မှ ကလေးငိုသံ ပဲ့တင်ထပ်လာသောအခါ အပြင်ဘက်တွင် ရပ်စောင့်နေကြသော နတ်အဆင့်ကျင့်ကြံသူတစ်ဖွဲ့လုံး တစ်ခဲနက် ကြွေးကြော်လိုက်ကြလေ၏။ မကြာမီ ကြွေးကြော်သံများကား မရေမတွက်နိုင်သော မြို့သူမြို့သားထံ ကူးစက်ပျံ့နှံ့သွားတော့သည်။
ထိုအချိန် ပိုင်ရှောင်ချန်းက မျက်လုံးများဖွင့်လိုက်၏။ သူ၏အသစ်ဖြစ်ပေါ်လာသော ကျင့်စဥ်နှင့်ပတ်သက်သမျှအကုန်မေ့လိုက်ပြီး နန်းတော်၏ဘေးအဆောင်ထဲမှ အပြေးအလွှားထွက်၍ စုန့်ကျင်းဝမ်၏ လက်သည်ထံကို ရှာလိုက်ရာ အမျိုးသမီးကျင့်ကြံသူအခြွေအရံတစ်ဖွဲ့လုံး ခြံရံထားလျက် ကလေးလေးပိုက်ထားသော သူမကို တွေ့လိုက်လေသည်။
" ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ အရှင်"
သူမက ခပ်သုတ်သုတ်လျှောက်လာ၍ ပြောသည်။
" အရှင့်သမီးတော်ပါ "
ထို့နောက် သူမက ကလေးကို ပိုင်ရှောင်ချန်းထံ ဂရုတစိုက် ကမ်းပေးလိုက်သည်။
ပိုင်ရှောင်ချန်းက ကလေးအား နူးညံ့ညင်သာစွာ လက်ခံလိုက်စဥ် လက်များတဆတ်ဆတ်တုန်နေခြင်းအား မရပ်နိုင်ပေ။ လွန်ခဲ့သော အချိန်အနည်းငယ်က ကလေးက ငိုနေခဲ့သော်လည်း သူ့လက်ထဲရောက်သွားသည်နှင့် တစ်ပြိုင်နက် မျက်ဝန်းကလေးများက ကြယ်လေးများသဖွယ် တဖျပ်ဖျပ်လင်းလက်လာသည်။ ထို့နောက် သူမက တခစ်ခစ်ရယ်လိုက်လေ၏။
၄င်းမှာ ထွန်းသစ်စနေမင်းသဖွယ် ကြည်လင်ပြတ်သားသော ရယ်သံလေးတစ်သံ ဖြစ်သည်။ ပိုင်ရှောင်ချန်းက ထိုအသံလေးကို ကြားလိုက်သည်ဝယ် သူ၏နှလုံးသား အရည်ပျော်ကျသွားလေသည်။
" ငါ့သမီးလေး။ ဒါ ငါ့သမီးကွ။ ဆုကြေးတွေ … အားလုံး လစာအပိုဆုကြေး ရစေ "
သူက အားရကျေနပ်စွာ ရယ်ကာ သူ့သမီးလေးကို တချိန်လုံး ကြည့်ရင်း ဟိုဟိုသည်သည် လျှောက်လာတော့သည်။ သူ့ပုံစံက ပီဘိကလေးငယ်လေးတစ်ယောက်အလားပင်။ ထို့နောက် သူက စုန့်ကျင်းဝမ်၏ ဘေးအဆောင်ထဲ ခပ်သုတ်သုတ်ဝင်သွားရာ အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာလေးနှင့် ခုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
" ကျင်းဝမ် ကြည့်ပါဦး ငါတို့ သမီးလေးလေ "
သူက စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲထွက်မတတ် ပြည့်လျှံေနလျက် ရှေ့လျှောက် နောက်လျှောက် လျှောက်နေတော့သည်။ သူ့သမီးလေးက အစက အတန်ငယ် လန့်သွားပုံပေါ်သော်လည်း နောက်တစ်ခေါက် တခစ်ခစ်ရယ်ပြန်သည်။ ကလေးမှာ အလွန်တရာ စိတ်လှုပ်ရှားနေပုံပေါ်သောကြောင့် လက်ကလေးများကိုသာ အနှီးနှင့်ထုပ်မထားပါက လက်ခုပ်တီးနေလောက်မည်။
ရှိသမျှလူတိုင်းအတွက် ကလေး၏ချစ်စရာရယ်သံလေးက ကမ္ဘာပေါ်တွင် ဟန်ဆောင်မှုအကင်းဆုံး အရာအလားပင်။
စုန့်ကျင်းဝမ်က မျက်နှာပေါ်တွင် မိခင်တစ်ဦး၏ပီတိအပြုံးဖြင့် ပိုင်ရှောင်ချန်းလက်တွင်းရှိ ကလေးကို ကြည့်လိုက်သည်။ ထို့နောက် သူမက ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
" နင် ကလေးလိုလုပ်နေဖို့ နည်းနည်းအသက်ကြီးမနေဘူးလား "
ဤအချိန်အထိ လီချင်းဟောက်၊ မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်နှင့် အခြားရင်းနှီးသော မျက်နှာများ အင်ပါယာနန်းတော်၏ အပြင်ဘက်တွင် စုဝေးနေခဲ့ကြလေသည်။ မကြာခင် မင်းသမီးလေးဖွားမြင်တော်မူခဲ့ပြီဆိုသော သတင်းပျံ့နှံ့သွား၏။ လီချင်းဟောက်က ခေါင်းနောက်လှန်၍ တဟာဟားရယ်လိုက်ပြီး လူတိုင်းနည်းတူ မဟာကောင်းကင်သခင်သည်လည်း သိသိသာသာ စိတ်လှုပ်ရှားနေသည်။ သရဲကြီးဘုရင်မှာ အတော်လေးကျေနပ်နေပုံရ၏။
" သမီးလေး" သူက တွေးသည်။
" ကောင်းတယ်၊ ဒါဆို ကျစ်မိုရဲ့ရပ်တည်ချက် နည်းနည်းလောက် ပိုလုံခြုံသွားပြီ "
သတင်းကား မြို့ကိုဖြတ်၍ တစတစ ပျံနှံ့လာပြီး နောက်ဆုံးတွင် မြို့ပြင်ရောက်သွားလေသည်။ မကြာခင် ဗဟိုဧကရာဇ်နိုင်ငံရှိ လူတိုင်းလူတိုင်း ထိုသတင်းအကြောင်း ပြောနေကြတော့သည်။
ထိုအချိန် နန်းတော်၏ အခြားအခြမ်းတွင် ကျိုးကျစ်မိုက ဝမ်းဆွဲလက်သည်၊ အမျိုးသမီးကျင့်ကြံသူတစ်သိုက်ဖြင့် ပြုစုခံရနေ၏။ ပိုင်ရှောင်ချန်းက သူမကို မမေ့သော်လည်း စုန့်ကျင်းဝမ်နှင့် သူ အတူကစားရင်း ချစ်နေပြီဖြစ်သော သူ့သမီးလေးအား တခဏလေး ထားခဲ့ရမည်ကို စိတ်ပူေနမိသည်။ စုန့်ကျင်းဝမ်က အခြားအရေးကြီးသော သူ၏တာဝန်များကို သိသဖြင့် ကြုံတောင့်ကြုံခဲ နွေးထွေးသော ပုံစံဖြင့် နောက်ဆုံး မောင်းထုတ်လိုက်လေသည်။
သူက စိတ်နှလုံးလှုပ်ရှားသွားလျက် သူမ၏နဖူးကို နမ်းပြီးနောက် သူ့သမီးကို လက်တွင်ပိုက်၍ ကျိုးကျစ်မို၏ နန်းတော်ဘေးအဆောင်ကို ဦးတည်လိုက်လေသည်။
သူ ဦးတည်ရာနေရာ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့သမီးထက်ပင် ပို၍ အသံသြဇာနှင့်ပြည့်စုံသော ကလေးငိုသံ ကြားလိုက်ရ၏။ ၄င်းမှာ မိုးခြိမ်းသံအလားပင်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ကိုယ်အတွင်း၌ ကောင်းကင်တံတားသွေးများ စီးဆင်းနေသော ဗဟိုဧကရာဇ်နိုင်ငံရှိ ကျင့်ကြံသူများအားလုံး တစ်ကိုယ်လုံးတုန်တက်သွားသည်ကို ခံစားလိုက်ရခြင်းပင်။
၄င်းသည် သွေးသက်သက် တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ပိုင်ရှောင်ချန်းကိုပင် သက်ရောက်သွား၏။ သူက အံ့သြတုန်လှုပ်လျက် နေရာတွင်ရပ်ကာ ကျိုးကျစ်မို၏အခန်းကို မျက်လုံးပြူးကြီးများဖြင့် လှမ်းကြည့်လိုက်သည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ မိုးကောင်းကင်အထိ ထိုးတက်နေသော ကြက်သွေးရောင်အလင်းတိုင်ကြီးတစ်တိုင်ကို ထိုအရပ်မျက်နှာတွင် မြင်လိုက်ရလေသည်။
မြေပြင်များ တသိမ့်သိမ့်တုန်ခါလာပြီး တိမ်တိုက်များ တလိပ်လိပ်တက်လာလေ၏။ တချိန်တည်းမှာပင် ထာဝရအပိုင်း၏ အရှိန်အဝါကား အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့လာရာ မရေမတွက်နိုင်သော မြို့သူမြို့သားများ ပင့်သက်ရှိုက်သွားပြီး အလိုအလျောက် ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
" မင်းမေဘ ... ကြွားလုံးထုတ်ချင်တယ်ပေါ့လေ ... ဟမ် "
အကြောင်းပြချက်တချို့ကြောင့် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အတန်ငယ် အူတိုသွား၏။
"မင်း အခုလေးတင်မှ မွေးလာတာလေ ပွဲထုတ်နေပြီတဲ့လား။ အဲဒီလိုမျိုး ငါ့အတွက် ဘယ်တုန်းကမှ မဖြစ်ဖူးဘူး။ ပြီးတော့ ဘယ်လိုလုပ်ပြီး အရှိန်အဝါက ထာဝရအရေပြားအဆင့်ထက် သာနေရတာတုန်း။ မင်းက ထာဝရကောင်းကင်ဘုရင်အဆင့်တောင် ရောက်နေပြီလား "
ထိုအတွေးများ သူ့ခေါင်းထဲဖြတ်ပြေးသွားချိန်မှာပင် သူ့သမီးလေးမှာ လန့်သွားပုံရပြီး ပြန်ငိုတော့သည်။ဤတစ်ကြိမ် ငိုသံကား စောစောကနှင့်မတူပေ။ မခံချင်သည့်အလားပင်။ ၄င်းတွင် လူတစ်ယောက်၏ဝိညာဥ်ကို ထိုးဖောက်သွားနိုင်သော စွမ်းအားရှိပုံရပြီး ထာဝရအသက်ရှည်နိုင်သည့်အရာတစ်ခုကို ကိုယ်စားပြုလေသည်။ ၄င်းမှာ မရေမတွက်နိုင်သောလူသားများ၏ နှလုံးသားနှင့်စိတ်များကို ဆွဲငင်နိုင်ပြီး ကောင်းကင်နှင့်မြေပြင်တွင် ပရမ်းပတာအခြေအနေများအား လှုံ့ဆော်ပေးနိုင်သော စွမ်းအားအမျိုးအစား ဖြစ်လေသည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ကောင်းကင်ယံ ထိုးတက်နေသော ကြက်သွေးရောင် အလင်းတိုင်အပြင် အလင်းတိုင်ကြီးဖြင့် ခမ်းနားကြီးကျယ်မှုအရ ယှဥ်ပြိုင်ရန်အလား အသက်ရှည်မီးအိမ်တစ်လုံး၏ပုံရိပ် သူ့သမီးတော်အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ခေါင်းခွံထဲမှ ထွက်ကျလုမတတ် ပြူးကျယ်သွားပြီး သူ့သမီးသူ လွှတ်ချမိလုနီးပါး ဖြစ်သွား၏။ ကျိုးကျစ်မို၏ကလေးအရှိန်အဝါကြောင့် သူ အူတိုရလျှင် သူ့လက်တွင်းရှိ သမီးဖြစ်သူ၏အရှိန်အဝါက မည်သည့်အမျိုးအစားဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် အသက်မရှူနိုင်ဖြစ်သွားရတော့သည်။
" အသက်ရှည်နည်းအပိုင်း "
သူ၏သမီးက အသက်ရှည်နည်းအပိုင်း၏ အရှိန်အဝါကို ပိုင်ဆိုင်နေသည့်အချက်ကြောင့် မယုံကြည်နိုင်မှုများဖြင့် သူ့ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။
" သူတို့လေးတွေက ကလေးတွေလား၊ မွန်းစတားတွေလားဟ "
သူက ခပ်တိုးတိုးရေရွတ်လိုက်၏။ ထိုအချိန်တွင် မဟာကောင်းကင်သခင်နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များမှာ မှင်သက်သွားကြလေသည်။ သို့သော် သူတို့၏မှင်သက်မှုများမှာ စိတ်လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားကြတော့သည်။
" အရှင်မင်းကြီး ဒီလိုကလေးတွေနဲ့သာဆို ဗဟိုဧကရာဇ်နိုင်ငံတော် ထာဝစဥ်တည်တံ့နေတော့မှာပဲ "
လူတိုင်း ကြွေးကြော်နေကြစဥ် ပိုင်ရှောင်ချန်းက သူ၏သမီးကို ငုံ့ကြည့်ပြီးနောက် ကျိုးကျစ်မိုအခန်းရှိရာကို လှမ်းကြည့်ရာတွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်စ ဖြစ်ထွန်းသွား၏။
" အာ ဘာပဲဖြစ်ဖြစ်၊ ဒီကောင်လေးတွေ အံ့သြစရာကောင်းရင်လဲ အံ့သြစရာကောင်းတယ်ပေါ့။ တကယ်ဆို သူတို့ ငါထက်သာစေဖို့ ဆုတောင်းပါတယ်။ ဒါမှ ဧကရာဇ်တစ်ပါးဖြစ်မယ့်အစား နောက်ဆုံး အနားယူပြီး ငါ့နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနိုင်မှာ "
သူက အတွေးများဖြင့် နစ်မြောနေလျက် ကျိုးကျစ်မိုအခန်းကို ခပ်သုတ်သုတ်သွားလိုက်သည်။ ထိုစဥ် တံခါးပွင့်သွားပြီး ကလေးကိုလက်ထဲတွင် ပိုက်လျက် ဝမ်းဆွဲလက်သည် ထွက်လာလေသည်။
" ဂုဏ်ယူဝမ်းမြောက်မိပါတယ် အရှင်၊ အရှင့်သားကို ပေးအပ်ပါရစေ"
"ဆုကြေးတွေ၊ လူတိုင်းအတွက် လစာအပိုဆုကြေးဟေ့"
သူက ရယ်၍ သူ့သမီးကို အခြားတစ်ဖက်တွင် ပိုက်လျက် သူ့သားကို နောက်တစ်ဖက်တွင် ပွေ့ပြီး ပျော်ရွှင်မြူးထူးစွာ ကခုန်နေတော့သည်။ သူက အင်ပါယာနန်းတော်တွင် ဖြစ်ကြောင်း မေ့သွားပုံရသည့်အလားပင်။ ထို့နောက် သူက အားနည်းနေပုံရသော်လည်း စိတ်အားတက်ကြွနေသော ကျိုးကျစ်မိုထံ အပြေးသွားလိုက်သည်။
ကံဆိုးစွာပင် သူ့သမီးမှာ ငိုနေဆဲဖြစ်ပြီး သူ့သားက ပို၍ကျယ်လောင်စွာပင် ငိုနေလေသည်။ ၄င်းက နားစူးလုနီးပါးဖြစ်ပြီး ပိုင်ရှောင်ချန်းက သူတို့ကို ချော့ရန် မည်မျှကြိုးစားစေကာမူ မရပ်ပေ။ ကျိုးကျစ်မိုက အတော်လေး စိတ်ပျက်သွားသဖြင့် ဝမ်းဆွဲလက်သည်ကို ကူရန် လက်ပြလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းက အကူအညီ မခံပေ။
" သူတို့ငိုချင်ရင် ငိုပါလေ့စေပေါ့။ ငိုတာ ဘာဖြစ်တုန်း။ သူတို့ ငိုငို၊မငိုငို ငါချစ်တယ် "
ကျိုးကျစ်မိုမှာ ဘာပြောရမည်ကို မသိတော့ပေ။ ပိုင်ရှောင်ချန်းက သူမအား စိတ်ကျေနပ်စေပြီးနောက် လက်ထဲတွင် ကလေးများပိုက်လျက် စိတ်လှုပ်ရှားစွာ အပြေးအလွှားထွက်လာပြီး လီချင်းဟောက်၊ မဟာကောင်းကင်သခင်နှင့် နန်းတော်အပြင်တွင် စောင့်နေကြသူများအားလုံးကို သွားရှာလေသည်။
" ဦးလေးလီ ၊ မဟာကောင်းကင်သခင် ၊ ကြည့်စမ်းပါဦး ကျွန်တော့်ကလေးတွေ "
သူက စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်နေလျက် လူအုပ်ကြီးထံ သူ့ကလေးများပြသရန် ဆက်သွားလေသည်။
"အစ်ကိုကြီး လာကြည့်ပါဦး။ ဟေး ရွှီပေါက်ချိုင် နတ်ဆရာ ဘယ်လိုထင်တုန်း ကြည့်စမ်းပါဦး ငါကလေးတွေလေ "
လူတိုင်းမှာ ဝမ်းမြောက်ဝမ်းသာရယ်မောနေကြသည်။ အထူးသဖြင့် သရဲကြီးဘုရင်ပင်။ သူက ပိုင်ရှောင်ချန်း၏သမီးကို ဟန်ဆောင်ပန်ဆောင်ကြည့်နေသော်လည်း သူ၏မျက်လုံးများက သူ့မြေးထံက မခွာဘဲ သိသာစွာပင် သူ့ကိုပွေ့ထားချင်လွန်း၍ လက်ယားနေလေသည်။
လီချင်းဟောက်မှာမူ နှလုံးသားထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေလေ၏။ ပိုင်ရှောင်ချန်းက သားရင်းသဖွယ် ဖြစ်ခဲ့သောကြောင့် ကလေးနှစ်ယောက်မှာ သူအတွက် မြေးများဖြင့်တူလေသည်။
" ရှောင်ချန်း ဒီကလေးနှစ်ယောက်အတွက် မင်းနာမည်စဥ်းစားပြီးပြီလား "
" နာမည် "
ပိုင်ရှောင်ချန်းက ဂုဏ်ယူခြင်းများဖြင့် မျက်လုံးများ တောက်ပနေလျက် သူ့သမီးကို အရင်ငုံ့ကြည့်လိုက်သည်။
" သေချာတာပေါ့ ကျွန်တော် နည်းနည်းပါးပါးစဥ်းစားထားတယ်။ ကဲ အကုန်လုံးပဲ … ကျုပ် စဥ်းစားထားတဲ့ နာမည်တွေကို ဘယ်လိုသဘောရကြလဲ "