အခန်း ၁၂၀၇
Vol. 114 Ch. 1207
အခန်း ၁၂၀၇ - သရဲမြို့တော်
"တစ်ခုခု လုပ်လိုက်တာလား။ ဟုတ်တယ်။ သူ အနမ်းတစ်ခုပြီးရင် လုပ်လေ့ရှိတဲ့ အရာကို လုပ်လိုက်တာ" မင်းသမီး မီမီက လုံချန်း၏ စကားများကို ပြန်လည်ပြောဆိုရင်း ပြောလိုက်သည်။
"တ... တကယ်ကြီးလား။ အဲဒီလောက်တောင် မြန်တာလား။ သူက မိနစ် နည်းနည်းလောက်တောင် မအောင့်ထားနိုင်ဘူးပေါ့။ ဒါ တကယ် အံ့ဩဖို့ကောင်းတာပဲ။ သူ့ပုံစံက စွမ်းဆောင်ရည် အပြည့်ရှိမယ့်ပုံစံမျိုးပါ" အစောင့်များထဲမှ တစ်ဦးက မှတ်ချက်ချလိုက်သည်။
"မိုင်လို... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းသမီးလေးက သူ အတင်းအကျပ် လုပ်ခံရတာလို့ ပြောနေတာကို။ နင်က သူ့ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး စိတ်ဝင်စားနေရလား" နောက်ထပ် အစောင့်တစ်ဦးက သူမအား ငေါက်လိုက်သည်။
"ငါ အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး။ တ... တောင်းပန်ပါတယ်" ယခင်အစောင့်က တောင်းပန်လိုက်သည်။
"နင်တို့ရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ အနမ်းတစ်ခုပြီးရင် ဘာဖြစ်တတ်လဲဆိုတာကို သိနေကြတဲ့ပုံပဲ။ ဟုတ်တယ်မလား" မင်းသမီးက စူးစမ်းမေးမြန်းလိုက်သည်။
"သိတာပေါ့။ ဘယ်သူက မသိဘဲ နေမှာလဲ" အစောင့်များက ပြန်ဖြေကြသည်။ "ကျွန်မတို့ အားလုံးက လူကြီးတွေပဲဥစ္စာ"
"ဒါဆိုရင် ကောင်းပြီ။ အနမ်းတစ်ခုပြီးရင် ဘာဖြစ်တတ်လဲဆိုတာ ငါ့ကို ပြောပြစမ်း" မင်းသမီးက သူတို့ကို အမိန့်ပေးလိုက်သည်။
"မ... မင်းသမီးပဲ ကိုယ်တိုင် ကြုံခဲ့ရပြီ မဟုတ်ဘူးလား။ ကျွန်မတို့ကို ဘာလို့ လာမေးနေတာလဲဟင်" အစောင့်များက ဇဝေဇဝါဖြစ်ရင်း မေးလိုက်ကြသည်။
"ငါက စတာပါ။ နင်တို့ သိ၊ မသိ စမ်းကြည့်ချင်လို့ ပြောလိုက်တာ။ ကဲ... ပြောစမ်းပါဦး၊ ဘာဖြစ်တတ်လို့လဲ။ ဒါ ငါ့ရဲ့ အမိန့်ပဲ" မင်းသမီးက အမျိုးသမီးများကို ပြောလိုက်သည်။
"အာ... အနမ်းပြီးရင်တော့..."
...
လုံချန်းကမူ တစ်ဖန်ပြန်လည် ပိတ်သွားခဲ့ပြီဖြစ်သော ဂူအတွင်း၌ ထိုင်နေခဲ့ပြီး မိမိအကြောင်း ပြောဆိုနေကြသော ထိုစကားဝိုင်းကိုမူ မသိရှိခဲ့ချေ။ ယခုအခါ မိမိမှာ မည်သည့် အကြောင်းအရာများထဲတွင် ပါဝင်နေသည်ကို သူ လုံးဝ ရိပ်မိခြင်း မရှိခဲ့ပေ။
ထို့အစား သူသည် ဂူထဲတွင် ထိုင်ရင်း ဇနီးသည်များကို အပြင်သို့ ခေါ်ထုတ်ကာ အမျိုးသမီးများအတွက်သာ အာနိသင်ရှိသော ဤရေကန် အကြောင်းအား ပြောပြနေခဲ့သည်။ သူသည် မိခင်ကိုပင် အပြင်သို့ ခေါ်ထုတ်ထားခဲ့သည်။
"ဒါက ဒီလိုမျိုး အလုပ်လုပ်တာလေ။ အားလုံး နားလည်သွားကြပြီမလား" လုံချန်းက ရှင်းလင်းချက်ကို အဆုံးသတ်ရင်း ပြောလိုက်သည်။
"နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါက တကယ်ပဲ အဲဒီလောက်အထိ အံ့ဩဖို့ကောင်းတာလားဟင်" အမျိုးသမီးများက လုံချန်း ပြောပြချက်ကြောင့် အံ့အားသင့်ရင်း မေးလိုက်ကြသည်။
"ဟုတ်တယ်" လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။
"နင်က ဘာလို့ အဲဒီလောက်တောင် သေချာနေရတာလဲ" မင်ယုက မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက တခြားမိန်းကလေးတွေ ရေချိုးနေတာကို ချောင်းကြည့်ရင်း အဲဒီအာနိသင်ကို ကိုယ်တိုင် မြင်ခဲ့လို့လေ" ရွှင်းက ဘေးမှ ကြားဖြတ်ပြောလိုက်သည်။
လုံချန်းက သူမအား စိုက်ကြည့်လိုက်သည်။
'ငါက ချောင်းကြည့်တာ မဟုတ်ဘူး။ အတည့်အလင်း စောင့်ကြည့်နေတာ။ ချောင်းကြည့်တယ်လို့ လာမပြောနဲ့' သူက စိတ်ထဲမှ သူမအား ပြောလိုက်သည်။
သူ့အာရုံကို မင်းယုထံသို့ ပြန်လည်ပြောင်းလဲလိုက်ရင်း ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဒါက အလုပ်ဖြစ်တယ်ဆိုတာ ငါ သိလို့ပါ။ ယုံကြည်စိတ်ချရတဲ့ သတင်းမြစ်တွေဆီကနေ ဒီအာနိသင်အကြောင်းကို ငါ ကြားဖူးထားလို့လေ"
"ဒါကြောင့် နင်တို့အားလုံး ဒီမှာနေပြီး ရေချိုးကြလေ။ ငါကတော့ ဂူအပြင်ဘက်မှာ ရှိနေပေးမယ်။ နာရီဝက်လောက်ကြာမှ ပြန်လာခဲ့မယ်" လုံချန်းက မတ်တပ်ရပ်ရင်း အမျိုးသမီးများကို ပြောလိုက်သည်။
သူသည် နေရာရွှေ့ပြောင်းခြင်း ပညာ ကန့်သတ်ချက်အထိဖြစ်သော ဂူထွက်ပေါက် အနီးသို့ နေရာရွှေ့ပြောင်းလိုက်သည်။ ထိုနေရာမှတစ်ဆင့် ဤနေရာမှ ထွက်ခွာရန် နောက်ထပ်တစ်ကြိမ် နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်လိုက်လေသည်။
သူသည် ဂူထဲမှ ထွက်လာခဲ့သော်လည်း ပတ်ဝန်းကျင် အနီးအနားမှ ထွက်ခွာမသွားခဲ့ချေ။ ထို့အစား သူသည် အပြင်ဘက်ရှိ ကျောက်တုံးကြီး တစ်တုံး အပေါ်တွင် ထိုင်နေခဲ့သည်။
သူသည် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်အတွက် မြွေဘုရင်ကိုပင် အပြင်သို့ ခေါ်ထုတ်လိုက်သေးသည်။
"အား... နောက်ဆုံးတော့ ငါ အပြင်ရောက်ပြီဟ။ မိန်းကလေးတွေ ဘယ်မှာလဲ။ ရတနာကော ဘယ်မှာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီဘုရင်ကြီးကို ပြောစမ်းပါဦး" မြွေဘုရင်က အပြင်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မေးမြန်းလိုက်တော့သည်။ သူ မည်သည့် နေရာကို ကြည့်ကြည့် ထိုအမျိုးသမီးများအား မတွေ့ရချေ။
"ရတနာက ဂူထဲမှာ ရှိတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဒါဆို ငါတို့က ဘာလို့ ဒီမှာ စောင့်နေရတာလဲ။ ဂူထဲကိုဝင်ပြီး အဲဒီမိန်းကလေးတွေဆီကနေ ရတနာကို သွားလုကြစို့လေ။ သူတို့ကို အရင်ဦးအောင် မပေးနိုင်ဘူး။ မင်း သူတို့ကို ကြောက်နေရင် စိတ်မပူနဲ့ ငါဘုရင်ကြီးက မင်းကို ကာကွယ်ပေးမယ်" မြွေဘုရင်က ရတနာကို လက်လွတ်မခံချင်သဖြင့် အလျင်စလို ပြောဆိုလိုက်သည်။
"ကြောက်ရမှာလားကွာ။ အဲဒီမိန်းကလေးတွေ ထွက်သွားတာ ကြာလှပြီ။ ရတနာဆိုတာကလည်း ငါတို့အတွက် အသုံးမဝင်ပါဘူး။ ဒါက အမျိုးသမီးတွေအတွက်ပဲ အာနိသင်ရှိတဲ့အရာ" လုံချန်းက ပြတ်သားစွာ ပြန်လည်တုံ့ပြန်လိုက်သည်။
"အမျိုးသမီးတွေအတွက်ပဲ အလုပ်ဖြစ်တဲ့ ရတနာ ဟုတ်လား။ အဲဒါက ဘာမလို့လဲ" မြွေဘုရင်က အံ့အားသင့်စွာ မေးလိုက်သည်။
"အဲဒီရတနာက အသားအရေကို ကလေးလေးတစ်ယောက်လို နူးညံ့အိစက်သွားစေတဲ့ ရေကန်ငယ်လေး တစ်ကန်လေ။ ဒါပေမဲ့ ဒါက အမျိုးသမီးတွေအတွက်ပဲ အလုပ်ဖြစ်တာဆိုတော့ ဘာပဲဖြစ်ဖြစ် ငါတို့အတွက်တော့ အသုံးမဝင်ဘူး" လုံချန်းက ရှင်းပြလိုက်သည်။
"ဟင်... ဒါဆို ငါတို့က အသုံးမဝင်တဲ့ ရတနာတစ်ခုအတွက်နဲ့ ဒီလောက် အဝေးကြီးအထိ လာခဲ့ရတာပေါ့ ဟုတ်လား" မြွေဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
"လုံးဝကြီးတော့ မဟုတ်ပါဘူး။ အဲဒီလောက်အထိတော့ အသုံးမဝင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းပြောသလို သိပ်ပြီးတော့လည်း အသုံးမဝင်တာတော့ အမှန်ပဲ" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ငါတို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲ။ တောင်ပေါ်ကနေ ဆင်းကြစို့လေ။ ဒီတောင်ကြီးကို လနဲ့ချီပြီး ကြည့်နေရတာ ငါ တကယ် ပျင်းလှပြီ။ သွားကြစို့" မြွေဘုရင်က ဤနေရာမှ ထွက်ခွာလိုသော ဆန္ဒကို ဖော်ပြရင်း မေးမြန်းလိုက်သည်။
"ဘယ်ကို သွားရမလဲ ဟုတ်လား။ ငါ့စိတ်ထဲမှာ သွားမယ့် နေရာတစ်ခု ရှိပြီးသားပါ" လုံချန်းက ပြုံးရင်း ပြောလိုက်သည်။ "အခု ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်လည်း တည်ငြိမ်သွားပြီဆိုတော့ ပျော်စရာအချို့ကို စလို့ ရပြီပေါ့"
သူသည် အနောက်ပိုင်း အင်ပါယာ၏ မြေပုံကို ထုတ်ယူကာ ဖြန့်လိုက်လေသည်။
"ဒါက ငါတို့ နောက်ထပ် သွားမယ့်နေရာပဲ" သူက မြေပုံ၏ အလယ်တည့်တည့်သို့ လက်ညှိုးကို ချရင်း ပြောလိုက်သည်။
"အဲဒါက ဘာနေရာမလို့လဲ။ ထူးခြားတာတစ်ခုခု ရှိလို့လား" မြွေဘုရင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အဲဒီနေရာကို နှစ်တစ်ရာမှာ တစ်ကြိမ် ပေါ်လာတတ်တဲ့ တစ္ဆေကျောင်းတော်လို့ ခေါ်တယ်။ အနောက်ပိုင်း အင်ပါယာရဲ့ လူငယ်ကျင့်ကြံသူတွေ အားလုံးက အဲဒီနေရာကို လာကြလိမ့်မယ်။ ဘာလို့လဲ မင်းသိလား"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ ရတနာအမြောက်အမြား ရှိတယ်လို့ ပြောကြပြီး အထူးသဖြင့် ရွှင်းအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးဖို့ ငါလိုအပ်တဲ့ ပစ္စည်းတွေ ရှိနေလို့ပဲ။ ဒါတင်မကသေးဘူး၊ ဒါက စွန့်စားခန်းဖွင့်ရမယ့် နေရာကောင်းတစ်ခုလည်း ဖြစ်တယ်။ သူတော်စင် ဘုရင်က အင်မော်တယ် လောကကို ရောက်ရှိခါစတုန်းက အဲဒီနေရာကို သွားခဲ့ဖူးတယ်လို့ သိရတယ်" လုံချန်းက ပြောလိုက်သည်။
"သူ ရေးသားထားခဲ့တဲ့ မှတ်တမ်းအရ ဒီနေရာဟာ သူ အင်မော်တယ် လောကရဲ့ မင်းသမီးနဲ့ စတင်ဆုံတွေ့ခဲ့တဲ့ နေရာဖြစ်သလို သူ့ရဲ့ တိုးတက်မှုအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်။ သူ အထဲကို ဝင်ရောက်သွားတုန်းက အင်မော်တယ် မင်းသမီးထက် အားနည်းခဲ့ပေမဲ့ ပြန်ထွက်လာတဲ့ အချိန်မှာတော့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်ရှိသွားခဲ့တယ်" သူက ထပ်လောင်းပြောကြားခဲ့သည်။
"ဒါက ငါကိုယ်တိုင်လည်း ကြုံတွေ့ချင်တဲ့ အရာပဲ။ ငါ့အတွက် ပိုပြီး မြင့်မားတဲ့ ခွန်အားနဲ့ ရတနာတွေ လိုအပ်တယ်" သူက ဆက်ပြောသည်။
"ကောင်းပြီ။ ဒါဆိုရင် အဲဒီနေရာကို သွားကြတာပေါ့" မြွေဘုရင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ထွက်ခွာကြစို့"
"အခုချက်ချင်းကြီးတော့ မဟုတ်သေးဘူး။ မင်းယုနဲ့ ကျန်တဲ့ သူတွေက ရေကန်ထဲမှာ ရေချိုးနေကြတုန်း။ သူတို့ အဝတ်လဲပြီးရင် ငါတို့ ထွက်ကြမယ်" လုံချန်းက ရှင်းပြလိုက်သည်။
"ဪ... ဒါကြောင့်မလို့ မင်းက ဒီနေရာကို လုံးဝ အသုံးမဝင်တာ မဟုတ်ဘူးလို့ ပြောတာကိုး။ ရပါတယ်။ ဒီနှိမ့်ချပြီး အင်အားကြီးမားတဲ့ ဘုရင်ကြီးက မင်းကို စောင့်ပေးမှာဖြစ်ပြီး အရင်ဦးအောင် သွားမှာ မဟုတ်ပါဘူး။ အဲဒါအတွက် ငါ့ကို ကျေးဇူးတင်စကား လာပြောနေဖို့ မလိုဘူးနော်" မြွေဘုရင်က ဆိုလိုက်သည်။
"ဒါက ငါ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်အောက်ငယ်သားအတွက် ငါဘုရင်ကြီး လုပ်ပေးနိုင်တဲ့ အသေးအဖွဲ ကိစ္စလေးပါ"
"ဘာ... အသေးအဖွဲ ဟုတ်လား။ မင်း တစ်ယောက်တည်း သွားဖို့ အဲဒီနေရာ ဘယ်မှာလဲဆိုတာ သိလို့လား"
လုံချန်းက နှာခေါင်းရှုံ့လိုက်သည်။ "မင်း သွားချင်ရင်တောင် တစ်ယောက်တည်း သွားနိုင်မှာ မဟုတ်ဘူး"
"ငါဘုရင်ကြီးအတွက် မဖြစ်နိုင်တာ ဘာမှမရှိဘူး" မြွေဘုရင်က ပြန်လည်ချေပခဲ့သည်။
"အဲလိုလား။ ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို လမ်းညွှန်မှာ မဟုတ်တော့ဘူး။ မင်းဘာသာမင်း ငါတို့ကို အဲဒီနေရာ ရောက်အောင် ခေါ်သွားလိုက်တော့" လုံချန်းက မျက်လုံးပင့်ပြရင်း ပြောလိုက်သည်။
"အာ... ငါဘုရင်ကြီးက အင်အားကြီးမားတဲ့အတွက် လမ်းညွှန်မပါဘဲ သွားနိုင်တာမှန်ပေမဲ့ ငါ့ရဲ့ အစွမ်းတွေကို အသုံးပြုရလိမ့်မယ်။ အခုက ပျင်းနေလို့။ ဒါကြောင့် မင်းပဲ လမ်းကြောင်းကို ပြောပြလိုက်ပါ" မြွေဘုရင်က အနည်းငယ်မျှပင် အရှက်မရှိဘဲ ပြောဆိုလိုက်သည်။
"မင်းက မင်းမှားသွားတယ်ဆိုတာကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူးမလား" လုံချန်းက စူးစမ်းသလို မေးလိုက်သည်။
"ငါက ဘယ်တုန်းကမှ မမှားဖူးတာကို ဘာလို့ ဝန်ခံရမှာလဲ" မြွေဘုရင်က အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။
"ထားလိုက်ပါတော့။ အဲဒီအစား တခြားအရာတစ်ခုခု ပြောစမ်းပါဦး။ ငါ မင်းကို မေးချင်နေတာ ကြာပြီဖြစ်တဲ့ မေးခွန်းတစ်ခု ရှိတယ်" လုံချန်းက အကြောင်းအရာကို ပြောင်းလဲရင်း ပြောလိုက်သည်။
"ဘာမေးခွန်းလဲ။ မေးလေ" မြွေဘုရင်က ခေါင်းညိတ်ပြလိုက်လေသည်။