အခန်း ၁၂၁၀
Vol. 114 Ch. 1210
အခန်း ၁၂၁၀ - တူညီမှု
"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ" မြွေဘုရင်က အံ့အားသင့်စွာ မေးလိုက်သည်။
"တကယ်တော့ သူက မြို့ကို ဖြတ်သန်းသွားတဲ့ လူငယ်တစ်ယောက်ကို လုယက်ခဲ့တာ။ အဲဒီကောင်က ထူးခြားတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူက မယုံကြည်ခဲ့တော့ နှစ်ခါပြန်တောင် စဉ်းစားမနေခဲ့ဘူး။ သူက အဲဒီလူငယ်ကို လုယက်ခဲ့ရုံတင်မကဘဲ သတ်ပါ သတ်ပစ်လိုက်တယ်" လုံချန်းက ပြောလိုက်သည်။
"ငါ ခန့်မှန်းကြည့်ရမလား၊ အဲဒီလူငယ်က ထူးခြားတဲ့လူတစ်ယောက် ဖြစ်နေတယ်မလား" မြွေဘုရင်က မေးလိုက်သည်။
"ဟုတ်တယ်။ အဲဒီလူက သရဲပညာတွေကို ကျင့်ကြံတဲ့ အမှောင်ဂိုဏ်း တစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သား ဖြစ်နေခဲ့တာ။ ဘာဖြစ်ခဲ့လဲဆိုတာ သိပြီးတဲ့ နောက်မှာတော့ သရဲဂိုဏ်းချုပ်က ဒီနေရာကို ကိုယ်တိုင် ရောက်လာခဲ့တယ်" လုံချန်းက ရှင်းပြလိုက်သည်။
"ဒီမြို့မှာ နေထိုင်ခဲ့တဲ့ ကျင့်ကြံသူက အားကောင်းပေမဲ့ သရဲဂိုဏ်းချုပ်ရဲ့ ရှေ့မှာတော့ ဘာမှမဟုတ်ခဲ့ဘူး။ ဒီမြို့မှာ နေထိုင်တဲ့ အပြစ်မဲ့ပြည်သူတွေ အပါအဝင် မြို့တစ်မြို့လုံး သုတ်သင်ချေမှုန်း ခံခဲ့ရတယ်" သူက ထပ်လောင်းပြောကြားခဲ့သည်။
"ဒါတင်မကသေးဘူး၊ သရဲဂိုဏ်းချုပ်က သူရဲ့ အမှောင်ပညာကို သုံးပြီး ဒီမြို့ကို ကျိန်စာတိုက်ခဲ့တယ်။ ရတနာမြို့တော်လို့ လူသိများခဲ့တဲ့ မြို့ဟာ ဒီနေ့ခေတ်ရဲ့ သရဲမြို့တော် ဖြစ်လာခဲ့တော့တာပဲ" သူက ဆက်ပြောသည်။
"သရဲဂိုဏ်းချုပ်က ရတနာတွေကို ယူမသွားဘူးလား။ ဘာလို့ ချန်ထားခဲ့တာလဲ" မြွေဘုရင်က အံ့အားသင့်စွာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက အဲဒါတွေကို စိတ်မဝင်စားလို့ပဲ။ ဒီမြို့မှာ သူလိုအပ်မယ့် ရတနာတွေ ရှိလိမ့်မယ်လို့ သူ မထင်တာကြောင့် ဂရုမစိုက်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက သူက အင်မော်တယ် လောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာလေ။ သူက အင်မော်တယ် ဧကရာဇ် အပါအဝင် ဒီလောကမှာရှိတဲ့ လူနည်းနည်းထက်ပဲ အားနည်းတာ" လုံချန်းက ပြန်ဖြေလိုက်သည်။
"သရဲဂိုဏ်းက အင်အားကြီးတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လို့ သူတို့ကိုယ်ပိုင် ရတနာတွေနဲ့တင် ပြည့်နှက်နေတာလေ" သူက ဖြည့်စွက်ပြောသည်။
"အဲဒီဂိုဏ်းက အခုထိ ရှိသေးလား" မြွေဘုရင်က မေးလိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ မရှိတော့ဘူး။ ငါတို့နှစ်ယောက်စလုံး သိတဲ့လူတစ်ယောက်က အဲဒီဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ပြီ" လုံချန်းက ပြန်လည်တုံ့ပြန်လိုက်သည်။
"ငါတို့နှစ်ယောက်စလုံး သိတဲ့လူ ဟုတ်လား။ မဟုတ်မှလွဲရော..."
"ဟုတ်တယ်။ သူတော်စင် ဘုရင်က သရဲဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တာ။ ဒါကို သူ့ရဲ့ ဒိုင်ယာရီထဲမှာလည်း ဖော်ပြထားတယ်" လုံချန်းက ရှင်းပြလိုက်သည်။
"သူက ဘာလို့ ဖျက်ဆီးပစ်တာလဲ" မြွေဘုရင်က မေးလိုက်သည်။ "အရင် အင်မော်တယ် ဧကရာဇ်တွေတောင် သူတို့ကို ဘာမှမလုပ်ခဲ့တာကို။ သူက ဘာလို့ ကြားထဲက ဝင်ပါရတာလဲ"
"ဒါက ပုံပြင် အရှည်ကြီးပဲ။ နှစ်တွေ ကုန်လွန်လာတာနဲ့ သူတို့ရဲ့ ဂိုဏ်းချုပ် သေဆုံးပြီးနောက်မှာ သရဲကျောင်းတော်ဟာ ဆုတ်ယုတ်လာခဲ့တယ်။ သူတို့က ဂုဏ်သတင်းနဲ့ အင်အား အားလုံး ဆုံးရှုံးခဲ့ပြီး တော်တော်လေးကို အားနည်းသွားခဲ့တာ။ သူတို့ရဲ့ ရတနာတွေကိုတောင် တခြားဂိုဏ်းတွေဆီ လက်လွတ်ခဲ့ရတယ်"
"ဒါကြောင့်မလို့ သူတို့ရဲ့ ဂိုဏ်းချုပ် ပြီးခဲ့တဲ့ အကြိမ်က ယူမသွားခဲ့တဲ့ သရဲမြို့တော်ထဲက ရတနာတွေကို သွားယူဆောင်ဖို့အထိ အောက်တန်းကျကျ လုပ်ခဲ့ရတော့တာပေါ့။ သူတို့က ရတနာတွေ သွားယူဖို့ သူတို့ရဲ့ လူငယ်တွေကို စေလွှတ်ခဲ့ပေမဲ့ သူတော်စင် ဘုရင်ကလည်း အဲဒီအချိန်မှာပဲ တစ်ပြိုင်တည်း ဝင်သွားခဲ့တယ်"
"မင်း ခန့်မှန်းနိုင်တဲ့အတိုင်းပဲ။ သူက ပိုပြီး အမြတ်အစွန်းများများ ရခဲ့တယ်။ သူက တခြားသူတွေနဲ့မတူဘဲ အရေးကြီးတဲ့ ရတနာများစွာကို ရရှိခဲ့တာ။ သရဲကျောင်းတော်က လူငယ်တွေက သရဲမြို့တော်အတွင်းမှာ သူ့ကို ဘာမှမလုပ်နိုင်တာကြောင့် အပြင်ဘက်ရောက်မှ သူ့ကို လုယက်ဖို့ ကြိုးစားခဲ့ကြတယ်"
"သူ ဒဏ်ရာရခဲ့ပေမဲ့ လွတ်မြောက်အောင် ပြေးနိုင်ခဲ့တယ်။ အဲဒီနေရာကနေ ပဋိပက္ခ စတင်ခဲ့တာပဲ။ ပြီးတော့ ဒါက ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကို မင်း အသေအချာ သိပြီးသား ဖြစ်မှာပါ" လုံချန်းက ရှင်းလင်းချက်ကို အဆုံးသတ်ရင်း ပြောလိုက်သည်။
"ဟုတ်တာပေါ့။ ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားတာလေ။ အင်မော်တယ် လောကကို အသစ်ရောက်လာတဲ့ လူတစ်ယောက် အတွက်တော့ လုံးဝမဆိုးဘူးပဲ" မြွေဘုရင်က ချီးကျူးလိုက်သည်။
"မှန်တယ်။ သူက တကယ်ကို ပါရမီပါတဲ့သူပဲ။ ဒါပေမဲ့ ရတနာတွေကလည်း သူ့ကို ကူညီပေးခဲ့တာပေါ့။ အခုတော့ အဲဒီရတနာတွေ အားလုံးက ငါ့ဆီမှာ ရှိနေပြီ" လုံချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဒီကောင်လေး... လမ်းမပိတ်နဲ့" လုံချန်းက မြွေဘုရင်အား ရှင်းပြနေစဉ် နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ဩရှရှနှင့် ဝင့်ဝါထောင်လွှားနေပုံရသည်။
လုံချန်း လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် ရပ်နေသည့် လူငယ်တစ်စုကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်ပုံရပြီး တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့နောက်တွင် လိုက်ပါလာကြသည့် ဂိုဏ်းမှ အကြီးအကဲအချို့လည်း ရှိနေသည်။
"ဘာကို ကြည့်နေတာလဲ။ ငါတို့ အချိန်ကို လာမဖြုန်းနဲ့။ ဘုရားရေ... ဒီလို ငတုံးတွေ ဘယ်ကနေ ရောက်လာကြတာလဲ မသိဘူး" လူငယ်များက ပြတ်ပြတ်သားသား ပြောဆိုလိုက်ကြသည်။
လုံချန်းက သူတို့ကို စိတ်ထဲမထားဘဲ လမ်းဖယ်ပေးလိုက်ကာ သူတို့အား ထွက်ခွာခွင့်ပြုလိုက်သည်။
ထိုလူငယ်များသည် နောက်တွင် ကျန်ရစ်ခဲ့ခြင်း သို့မဟုတ် သူနှင့် စကားများငြင်းခုံခြင်း မပြုခဲ့ကြချေ။ သူ့နာခံမှုကို မြင်သောအခါ သူတို့ ထွက်ခွာသွားကြတော့သည်။
"တောက်... တော်တော် ထောင်လွှားတာပဲ။ မင်း သူတို့ကို ဘာလို့ အပိုင်းပိုင်း မချိုးပစ်လိုက်တာလဲ" မြွေဘုရင်က မကျေမနပ်ဖြင့် မေးလိုက်သည်။
"သူတို့ကို လွှတ်ထားလိုက်ပါ။ သူတို့က မာနကြီးတဲ့ ကလေးတွေ သက်သက်ပါပဲ၊ ဘာမှမဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ သူတို့လို လူတွေကို အများကြီး တွေ့ရလိမ့်မယ်။ ဂိုဏ်းအများစုက သူတို့ရဲ့ လူငယ်တွေကို စေလွှတ်ကြမှာလေ" လုံချန်းက ပြန်ဖြေလိုက်သည်။
"အင်အားကြီးတဲ့ ဂိုဏ်းတွေက ဒီနေရာကို စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာ သူတို့အားလုံး သိကြတယ်။ အလတ်တန်းစား ဂိုဏ်းတွေနဲ့ အဆင့်နိမ့် ဂိုဏ်းသားတွေပဲ ဒီကို လာကြတာ။ သူတို့က အလတ်တန်းစားဂိုဏ်းက ဖြစ်ရမယ်။ ဒါကြောင့်မလို့ ဒီလောက် ထောင်လွှားနေတာပေါ့" သူက ဆက်ပြောသည်။
"အဆင့်နိမ့်ဂိုဏ်းက လူတွေကတော့ အလတ်တန်းစားဂိုဏ်းတွေကို မတော်တဆ ပြစ်မှားမိမှာ စိုးရိမ်လို့ နည်းနည်း ပိုပြီး ငြိမ်ကြလိမ့်မယ်" သူက ထပ်လောင်းပြောကြားခဲ့သည်။ "ဒါကြောင့် သူတို့ကို အလေးအနက်ထားလို့ မရဘူး။ သူတို့က ငါ့ကို စိတ်ဆိုးအောင် လုပ်ဖို့တောင် အရမ်း အားနည်းလွန်းတယ်"
"ဒါလည်း ဟုတ်တာပဲ။ ငါတို့ မြို့တစ်မြို့လုံးကို သုတ်သင်ပစ်လို့ မရဘူးလေ။ ဘယ်သူသိမှာလဲ၊ ငါတို့ဘာသာ နောက်ထပ် သရဲမြို့တော်တစ်ခု ထပ်ဖန်တီးမိသွားနိုင်တယ်" မြွေဘုရင်က နောက်ပြောင်ရင်း ပြောလိုက်သည်။ "မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ ထောက်ခံပါတယ်"
"တည်းခိုဖို့ နေရာတစ်ခု ရှာကြစို့" လုံချန်းက တည်းခိုခန်း တစ်ခန်းကို စတင်ရှာဖွေရင်း မှတ်ချက်ပြုလိုက်သည်။ ယခုအချိန်တွင် တည်းခိုခန်း အများစုမှာ လူပြည့်နေလောက်ပြီဖြစ်၍ ရှာဖွေရန် ခက်ခဲမည်ကို သူ သိထားသည်။
"သရဲမြို့တော်က ဘယ်တော့ ပေါ်လာမှာလဲ" မြွေဘုရင်က လုံချန်းကို မေးလိုက်သည်။
လုံချန်းက နေ၏ တည်နေရာကို သတိပြုမိရင်း ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
"ငါ မမှားဘူးဆိုရင်တော့ ၅၄ နာရီလောက် လိုသေးတယ်" သူက ပြန်ဖြေလိုက်သည်။
"နှစ်ရက်လောက် လိုသေးတယ်လို့ပဲ တည့်တည့်ပြောလိုက်ပါတော့လား" မြွေဘုရင်က ပြန်လည်ချေပသည်။
"ငါတို့က နည်းနည်း စောရောက်လာတဲ့ပုံပဲ။ နောက်ဆုံး အချိန်နားနီးမှ ဝင်ရမှာ မဟုတ်ဘူးလား။ လူကြီးလူကောင်းတွေက အဲလိုပဲ လုပ်ကြတာလေ"
"ငါတို့ နောက်ကျလို့ မရဘူး။ စောစောရောက်တာက ပိုကောင်းပါတယ်။ သရဲမြို့တော် ပေါ်လာပြီး ပထမဆုံး ၁၀ မိနစ်အတွင်းမှာပဲ အထဲကို ဝင်လို့ရတာ။ မဝင်နိုင်ရင် အခွင့်အရေး လက်လွတ်သွားလိမ့်မယ်။ ဒါကြောင့် နောက်ကျတာ ဒါမှမဟုတ် စွန့်စားတာမျိုး ငါတို့ အဖြစ်မခံနိုင်ဘူး။ ဒီအခွင့်အရေးကို လက်လွတ်သွားရင် နောက်ထပ်တစ်ကြိမ် ပေါ်လာဖို့ နှစ်နဲ့ချီပြီး စောင့်ရလိမ့်မယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ရွှင်းအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးဖို့ မင်း နောက်ထပ် ပစ္စည်း ဘယ်နှစ်ခု လိုသေးလဲ" မြွေဘုရင်က စူးစမ်းလိုက်သည်။
"ငါ့မှာ သူတော်စင် ဘုရင်ရဲ့ လက်စွပ်ထဲမှာ ပစ္စည်းအများစု ရှိပြီးသားပါ။ နောက်ထပ် ငါးခုပဲ လိုတော့တာ။ ပြီးတော့ အဲဒီထဲက နှစ်ခုကို နဂါးဗိမာန်မှာ ရခဲ့ပြီးပြီ။ ငါ့ကံကောင်းရင် တတိယမြောက် ပစ္စည်းကို သရဲမြို့တော်ထဲမှာ ရလိမ့်မယ်။ ဒါဆိုရင် နောက်ထပ် နှစ်ခုပဲ လိုတော့မှာဖြစ်ပြီး အဲဒါတွေကို ဘယ်မှာ ရှာရမလဲဆိုတာ ငါသိတယ်" လုံချန်းက ပြန်ဖြေသည်။
"ဒါဆိုရင် အကောင်းဆုံး အခြေအနေမှာ အားလုံးကို စုဆောင်းဖို့ လနည်းနည်းပဲ ကြာလိမ့်မယ်ပေါ့ ဟုတ်လား" မြွေဘုရင်က မေးလိုက်သည်။
"ဟုတ်တယ်" လုံချန်းက ပြန်ဖြေသည်။
"ဒါဆို ကောင်းတာပေါ့။ ငါလည်း ဒီလက်စွပ်ရဲ့ ဝိညာဉ်က ဘယ်သူလဲဆိုတာကို မြင်ဖူးချင်တယ်။ သူ့အကြောင်းကို ကြားပဲ ကြားဖူးတာကိုး။ ဒါပေမဲ့ မင်းက သူက ရုပ်ဆိုးတယ်လို့ ပြောတာတော့ ကြားလိုက်မိသား။ တစ်ကနေ တစ်ဆယ်အထိ သတ်မှတ်ချက်အရဆိုရင် သူက ဘယ်လောက်တောင် ရုပ်ဆိုးတာလဲ" မြွေဘုရင်က မေးမြန်းလိုက်သည်။
"ငါကတော့ တစ်ဆယ့်ငါးလို့ ပြောရမှာပဲ" လုံချန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"နင့်အဖေကမှ တစ်ဆယ့်ငါး"
လုံချန်း၏ စိတ်ထဲတွင် ရွှင်ဒ၏ အော်ဟစ်ငေါက်ငမ်းသံ ထွက်ပေါ်လာခဲ့လေသည်။