အခန်း ၁၂၁၃
Vol. 114 Ch. 1213
အခန်း ၁၂၁၃ - ဖြစ်နိုင်ချေ နှစ်ခု
ထိုအဖိုးကြီးက မျက်မှောင်ကုတ်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ချေ။
"ခင်ဗျား ပြောပုံ အရဆိုရင် ခင်ဗျားက ဒီလကွယ်ဂိုဏ်းရဲ့ အကြီးအကဲတွေထက် ပိုပြီး သန်မာတယ်လို့ ကျုပ် ခန့်မှန်းမိတယ်။ ဒါပေမဲ့ ခင်ဗျားက သူတို့ကို ဖားနေတုန်းပဲဆိုတော့ ခင်ဗျားက သူတို့ရဲ့ ဂိုဏ်းချုပ်ကို ကြောက်လို့နေမှာပေါ့။ သူက သေချာပေါက် ခင်ဗျားထက် ပိုသန်မာမှာပဲ။ ကျုပ်ပြောတာ မှန်တယ်မလား" လုံချန်းက သဘောကျစွာဖြင့် မေးလိုက်သည်။
"တစ်ကနေ တစ်ဆယ်အထိ အဆင့်သတ်မှတ်ချက်အရဆိုရင် ကျုပ် ခန့်မှန်းချက်က ဘယ်လောက်အထိ နီးစပ်လဲ" သူက ထပ်မံမေးလိုက်သည်။
လုံချန်း၏ စကားကို ကြားလိုက်ရသောအခါ အဖိုးကြီးမှာ လန့်ဖျပ်သွားပုံရသည်။ သူက လကွယ်ဂိုဏ်း အကြီးအကဲများထက် ပိုသန်မာမှန်း ထိုကောင်က မည်သို့ သိသွားသနည်း။ ထို့ပြင် သူ လကွယ်ဂိုဏ်းချုပ်အား ကြောက်ရွံ့ရသည်ကို သူ မည်သို့ သိသနည်း။ စင်စစ် ထိုကောင်က မည်သူနည်း။
"လျှာရှည်မနေနဲ့တော့။ မင်း လက်ခံမလား၊ လက်မခံဘူးလားဆိုတာပဲ ပြောစမ်း" သူက စကားလမ်းကြောင်းလွှဲရင်း လုံချန်းကို မေးလိုက်သည်။
"ကျုပ်လည်း စိတ်မပါတာမလို့ တိုက်ပွဲကို ရှောင်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဒီကောင်က ကျုပ်ကို တကယ် သတ်ဖို့ ကြိုးစားခဲ့တာလေ။ တကယ်လို့ ကျုပ်က ဒီကောင်ကို သင်ခန်းစာကောင်းကောင်း မပေးခဲ့ရင် ကျုပ်ရဲ့ မြွေစုတ်က ကျုပ်ကို လူပျော့လို့ လှောင်ပြောင်နေလိမ့်မယ်။ နည်းနည်းတော့ ထောင်လွှားရာ ကျသွားနိုင်ပေမဲ့ ကိစ္စမရှိပါဘူး။ ကျုပ်တို့ အားလုံးက လူသားတွေပဲဥစ္စာ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
သူက ညာလက်ချောင်းများဖြင့် ဓားကို ဆက်လက်ဖမ်းညှပ်ထားဆဲမှာပင် ဘယ်လက်အား အသုံးပြုလိုက်သည်။
ဖြန်း...
ပြင်းထန်သော ပါးရိုက်ချက် တစ်ချက်က ကုဝမ်၏ ပါးပြင်ပေါ်သို့ ကျရောက်သွားပြီး သူ့ကို လွင့်ထွက်သွားစေခဲ့သည်။ ကုဝမ် နံရံပေါ်သို့ ပစ်ကျကာ သတိလစ်သွားစဉ် ဓားမှာလည်း သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့တော့သည်။ သူ့ပါးပြင်ပေါ်တွင် လက်ဝါးပုံစံ ထင်ကျန်ရစ်ကာ ရဲတက်နေခဲ့သည်။
လုံချန်းက အကြီးအကဲများထံ အကြည့်ကို ရွှေ့လိုက်သည်။ သူတို့သည် လုံချန်းက ဤမျှအထိ ရဲတင်းမည်ဟု တကယ် မမျှော်လင့်ထားကြချေ။ သူတို့အားလုံး အံ့အားသင့်သွားကြရသည်။
"နောက်တစ်ခါကျရင် မင်းတို့ရဲ့ လူငယ်တွေကို ယဉ်ကျေးမှု ရှိအောင် သင်ပေးထားကြဦး" လုံချန်းက အကြီးအကဲများကို ပြောလိုက်သည်။
"ဪ... ပြီးတော့ လျော်ကြေးအနေနဲ့ ဒီဓားကို ငါပဲ သိမ်းထားလိုက်မယ်။ တကယ်ကို မဆိုးတဲ့ ဓားတစ်လက်ပဲ။ တခြားတစ်ယောက်ယောက်ကို ပေးဖို့ ကောင်းလိမ့်မယ်"
"မင်း..."
ဂိုဏ်းအကြီးအကဲများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
"အကြီးအကဲချန်... ခဏစောင့်ပါဦး" လုံချန်းကို တိုက်ခိုက်ရန် ပြင်နေသော အကြီးအကဲကို ထိုအဖိုးကြီးက တားဆီးလိုက်သည်။
"မင်းက ဒီကောင်စုတ်ကို ကယ်ချင်လို့တော့ မပြောနဲ့နော်" အကြီးအကဲက အဖိုးကြီးကို မေးလိုက်သည်။
"သူ့ကို ကယ်မလို့လား။ လုံးဝမဟုတ်ပါဘူး။ ဒီကောင်လေးက ရဲတင်းလွန်းနေလို့ပါ။ ဒါပေမဲ့ ခဏလောက် စောင့်ပါဦး" အဖိုးကြီးက ပြန်ဖြေလိုက်သည်။
သူက လုံချန်းထံသို့ အာရုံပြောင်းလိုက်သည်။
"မင်းက ကိုယ့်လမ်းကိုယ် ရွေးခဲ့တာပဲ။ ငါ့တည်းခိုခန်းထဲကနေ ထွက်သွားလိုက်တော့။ မင်းရဲ့ သွေးတွေက ဒီက ပရိဘောဂတွေကို လာပြီး မပေကျံစေချင်ဘူး" ထိုအဖိုးကြီးက လုံချန်းကို ပြောလိုက်သည်။
"အာ... တော်တော်လေး စာနာတတ်တာပဲ။ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရမလိုပဲ။ ဒါပေမဲ့လည်း ကျုပ်က ဘယ်မှသွားဖို့ စိတ်မပါဘူး။ ကျုပ်အခန်းကျုပ် ရပြီဆိုတော့ အဲဒီကိုပဲ သွားတော့မယ်"
လုံချန်းက သူ့လက်ထဲရှိ သော့များကို ပြရင်း ရဲ့ရဲ့လေး ပြုံးပြလိုက်သည်။
"ဟူး... ဒီကောင်လေးက တကယ်ကို ငတုံးပဲ" အဖိုးကြီးက သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက လကွယ်ဂိုဏ်း အကြီးအကဲများကို လှမ်းကြည့်ရင်း ဆက်ပြောလိုက်သည်။ "မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ သွေးတွေ အများကြီး မထွက်အောင်ပဲ သတိထားပေးပါ"
အကြီးအကဲများက သဘောတူလိုက်ကြသည်။
"မင်းတို့အားလုံး နောက်ဆုတ်ကြ။ တိုက်ပွဲကြားထဲ မင်းတို့ မပါသွားစေချင်ဘူး" အကြီးအကဲက လူငယ်များကို ပြောလိုက်သဖြင့် သူတို့ နောက်ဆုတ်သွားကြသည်။ အပေါ်ထပ်တွင် ရပ်ကြည့်နေသော ကြာပန်းဂိုဏ်းမှ လူများသည်လည်း အနောက်သို့ ဆုတ်ကာ အပေါ်သို့ ပြန်တက်သွားကြသည်။
"နှစ်စက္ကန့်" မြွေဘုရင်က ရုတ်တရက် ပြောလိုက်သည်။
"ဘာ နှစ်စက္ကန့်လဲ" သူ မည်သည်ကို ပြောနေကြောင်း လုံချန်းက စူးစမ်းစွာ မေးလိုက်သည်။
"မင်း သူ့ကို မြေပြင်ပေါ် လဲကျအောင် လုပ်ဖို့ ဘယ်လောက်ကြာမလဲလို့ ငါ စဉ်းစားနေတာ" မြွေဘုရင်က ပြောလိုက်သည်။
"မင်းက အချိန်ကို အရမ်း အခွင့်အရေး ပေးလွန်းနေတာ မဟုတ်ဘူးလား" လုံချန်းက ရယ်မောရင်း မေးလိုက်သည်။
သူ့အနာဂတ် ရိပ်ခနဲ လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် သူ့အား အခြားနေရာ တစ်ခုတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
လကွယ်ဂိုဏ်း၏ အကြီးအကဲမှာ လည်ပင်းကို လုံချန်း၏ ဖမ်းဆွဲခြင်း ခံထားရလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူ့အောက်ရှိ မြေပြင်တွင် ကျင်းကြီးတစ်ကျင်း ဖြစ်သွားခဲ့ပြီး တစ်စုံတစ်ယောက်က ထိုအကြီးအကဲကို မယုံနိုင်စရာ ကောင်းသော ခွန်အားဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သကဲ့သို့ ထင်မှတ်ရစေသည်။
အကြီးအကဲသည် မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး သွေးများကို တပွက်ပွက် အန်ထုတ်နေခဲ့သည်။
လုံချန်းက လကွယ်ဂိုဏ်း အကြီးအကဲ၏ လည်ပင်းကို လွှတ်ပေးလိုက်ပြီး မြွေဘုရင်ထံသို့ လှည့်လိုက်သည်။ သူက လက်မောင်းနှစ်ဖက်ကို ဂုဏ်ယူစွာ ဆန့်ထုတ်ရင်း ပြောလိုက်သည်။
"တစ်စက္ကန့်ပဲ"
"လာကြွားနေပြန်ပြီ" မြွေဘုရင်က မျက်လုံးပင့်ကာ ပြောလိုက်သည်။
"မင်းဖြစ်ချင်တာ အဲဒါမဟုတ်ဘူးလား" လုံချန်းက ပြုံးစိစိဖြင့် မေးလိုက်သည်။ မြွေဘုရင်က သူ့ကို ကြွားစေချင်မှန်း သူ သိထားသည်။ ထို့ကြောင့်ပင် မြွေဘုရင်က နှစ်စက္ကန့်ဟု ပြောခဲ့ခြင်း ဖြစ်သော်လည်း ၎င်းက အရေးမကြီးချေ။
ဤပြဿနာကို ရှောင်လွှဲ၍ မရနိုင်ကြောင်းလည်း သူ နားလည်ထားသည်။ အကယ်၍ သူသာ ကုဝမ်ကို လွှတ်ပေးခဲ့လျှင် သူတို့က သူ့အား ကြောက်နေသည်ဟု ထင်မှတ်ကြမည်။ ထို့နောက် ယင်ကောင်များကဲ့သို့ ဆက်လက် နှောင့်ယှက်နေကြမည်။ ထို့ကြောင့် ဤယင်ကောင်များကို ခြောက်လှန့်ရန် ဤအရာက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သူတို့အား ခြောက်လှန့်ရန် သူ့အရှိန်အဝါကို ထုတ်လွှတ်နိုင်သော်လည်း သူသည် ဗိုလ်ချုပ် တစ်ဦးကဲ့သို့ သန်မာကြောင်း လူအချို့ ရိပ်မိသွားနိုင်သဖြင့် ရုတ်ရုတ်သဲသဲ မဖြစ်စေချင်ခဲ့ချေ။ ယခုအခါတွင်မူ သူတို့က သူ သန်မာကြောင်း သိသွားကြသော်လည်း ဗိုလ်ချုပ် တစ်ဦးကဲ့သို့ သန်မာမှန်းကိုမူ သိနိုင်မည် မဟုတ်ချေ။ အလွန်ဆုံးရှိလျှင် သူတို့က သူ့ကို အလတ်တန်းစား ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကဲ့သို့ သန်မာသည်ဟုသာ ထင်မှတ်နိုင်ကြမည်။
လုံချန်းက အသက်ရှူရန် ရုန်းကန်ရင်း သွေးအန်နေသော အကြီးအကဲကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
"ကဲ... ငါတို့ ဘယ်နားရောက်သွားလဲ။ ဟုတ်ပြီ... ငါ မင်းကို အခုလေးတင် ရိုက်နှက်လိုက်တာဆိုတော့ မင်း ငါ့ကို မနိုင်ဘူးဆိုတာ မင်းသိသွားပြီ။ အဲဒါက အခုလောက်ဆို ရှင်းလင်းသွားလောက်ပါပြီ။ ဒါကြောင့် ဒီဇာတ်လမ်းက ပုံစံ နှစ်မျိုးနဲ့ ဆက်သွားနိုင်တယ်" လုံချန်းက အကြီးအကဲကို ပြောလိုက်သည်။
"ပထမတစ်နည်းကတော့ မင်း ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်လိုက်ပြီး မင်းတို့ဘက်က မှားသွားတယ်ဆိုတာကို နားလည်လိုက်ဖို့ပဲ။ ပြီးတော့ မင်းတို့ရဲ့ လူငယ်တွေကို ပိုကောင်းတဲ့ လေ့ကျင့်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း မင်းတို့ သဘောပေါက်ဖို့ လိုလိမ့်မယ်"
"မင်း ဒီဖြစ်ရပ်ကနေ သင်ခန်းစာတစ်ခုခု ရနိုင်ပြီး ငါ ဒီမှာ ဘယ်သူ့ကိုမှ မသတ်ခဲ့တာကို ငါ့ကို ကျေးဇူးတင်သင့်တယ်။ ဒါပေမဲ့ မင်း အဲလိုလုပ်လိမ့်မယ်လို့ ငါမထင်ဘူး။ ဒါကြောင့်မလို့ ဒုတိယမြောက် ဖြစ်နိုင်ချေ ရှိလာတာပေါ့" သူက ထပ်လောင်း ပြောလိုက်သည်။
ခန်းမထဲရှိ လူတိုင်းက လုံချန်း၏ စကားများကို အသေအချာ ကြားလိုက်ရသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အဖိုးကြီးမှာမူ ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်မိသည်။ စောစောက မည်သို့ ဖြစ်ပျက်သွားသည်ကို သူ လုံးဝ နားမလည်နိုင်ခဲ့ချေ။
လုံချန်း လှုပ်ရှားသွားသည့် ပုံစံကို သူ သဘောမပေါက်နိုင်ခဲ့ချေ။ လုံချန်းက သူ့ထက်ပင် ပိုမိုသန်မာနေပုံရသည်။
'ဒါကြောင့်မလို့ သူက ဒီလောက် ထောင်လွှားနေတာကိုး။ ငါက ကလေးတစ်ယောက်လို သဘောထားပြီး သူ့ကို အဲလို စကားပြောခဲ့မိတာ ငါ တကယ် နုနယ်လွန်းခဲ့တာပဲ။ သူက လူငယ်တစ်ယောက်လို ဟန်ဆောင်ထားတဲ့ အဖိုးကြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်' သူက မျက်မှောင်ကုတ်ရင်း တွေးလိုက်မိသော်လည်း လုံချန်း၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားရအောင် ကြိုးစား နားထောင်နေခဲ့သည်။
"ဒုတိယမြောက် ဖြစ်နိုင်ချေကတော့ အချိန်အတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးပေါ့။ ဇာတ်မျောကြီး ဖြစ်နေပေမဲ့ မင်းတို့လို လူတွေက ဘယ်တော့မှ သင်ခန်းစာ မရကြဘူးလေ။ မင်းတို့က အရှက်မရှိဘဲ မင်းတို့ဂိုဏ်းရဲ့ သိက္ခာကို ဆယ်ဖို့အတွက် မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို ဒီကို ခေါ်လာနိုင်တယ်။ ဒါပေမဲ့ မင်းတို့ အဲဒီဖြစ်နိုင်ချေအတိုင်း သွားမယ်ဆိုရင်တော့ မင်းတို့ဂိုဏ်းရဲ့ သိက္ခာကို ဆယ်ဖို့ အသာထား ပိုပြီးတော့တောင် သိက္ခာကျသွားလိမ့်မယ်ဆိုတာကိုသာ မှတ်ထားလိုက်ပါ" လုံချန်းက ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ မင်းကို ကတိပေးရဲတယ်။ မင်းတို့ဂိုဏ်းချုပ်သာ ဒီကို ရောက်လာရင် သူ့ကို ကစားစရာ တစ်ခုလို ငါ ချေမှုန်းပစ်မယ်။ သူက တစ်လောကလုံးရဲ့ လှောင်ပြောင်စရာကြီး ဖြစ်သွားလိမ့်မယ်"