အခန်း ၁၂၁၆
Vol. 114 Ch. 1216
အခန်း ၁၂၁၆ - သူတော်စင် အစီအရင်ဂိုဏ်း
ထိုလူနှစ်ယောက်မှာ လုံချန်းကို ပထမဆုံး စတင်တိုက်ခိုက်ခဲ့သည့် ကုဝမ်နှင့် ပြဿနာ အားလုံးကို စတင်ဖန်တီးခဲ့သည့် လူငယ်ပင် ဖြစ်သည်။ ၎င်းမှာ သူတို့အတွက် ပေးလိုက်သော ပြစ်ဒဏ်တစ်ခုပင် ဖြစ်တော့သည်။
"အကြီးအကဲ... အဲဒီလူက နောက်ကျရင် ကျွန်တော်တို့ကို သတ်မလားဟင်" လူငယ်တစ်ယောက်က ထိတ်လန့်တကြား မေးလိုက်သည်။
"သူက ငါတို့ကို သတ်ချင်ရင် စောစောကတည်းက အလွယ်လေး သတ်လို့ရတယ်။ နောက်ကျရင် သူ့ကို သွားပြီး မနှောင့်ယှက်နဲ့တော့။ ဒါဆိုရင် အဆင်ပြေလိမ့်မယ်။ တကယ်တော့ အပြင်တောင် မထွက်ကြနဲ့။ သူ့မျက်စိရှေ့မှာ မပေါ်အောင် နေကြ။ ကျန်တာကို ငါပဲ ကိုင်တွယ်လိုက်မယ်" လကွယ်ဂိုဏ်း အကြီးအကဲက ပြန်ဖြေလိုက်သည်။
လူငယ်များက ခေါင်းညိတ်ကာ အခန်းထဲသို့ ဝင်သွားကြသည်။ အကြီးအကဲသည်လည်း လုံချန်း၏ အထောက်အထားကို မည်သို့ အတည်ပြုရမည်နည်းဟု စဉ်းစားရင်း အခန်းထဲသို့ ဝင်သွားခဲ့သည်။
သူ့ဦးနှောက်ထဲတွင် အကြီးမားဆုံး မေးခွန်းမှာ လုံချန်းသည် နေမင်းဂိုဏ်းချုပ် ဟုတ် မဟုတ်ဟူသော အချက်ပင် ဖြစ်သည်။ သူ၏ နောင်လာမည့် လုပ်ဆောင်ချက်များသည် လုံချန်း၏ အထောက်အထားပေါ်တွင် မူတည်နေသည်။
ဤနားလည်မှုလွဲမှားမှု အားလုံးကို မသိရှိရှာသော လုံချန်းမှာမူ တဘက်ဖြင့် ခေါင်းအား သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
"မင်းကော စမ်းကြည့်ချင်လား" သူက မြွေဘုရင်ကို မေးလိုက်သည်။ "လူသားတွေရဲ့ ရေချိုးနည်းက တော်တော်လေး မဆိုးဘူးကွ"
"အဟက်... ငါ့အတွက်တော့ မဟုတ်ဘူး" ပုရွက်ဆိတ်ပမာဏ အရွယ်အစားလေးဖြင့် ကုတင်ပေါ်တွင် ပျင်းရိစွာ လူးလှိမ့်နေရင်း မြွေဘုရင်က ပြန်ဖြေလိုက်သည်။
လုံချန်း တည်းခိုခန်းထဲမှ ထွက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ကောင်းကင်ယံက စတင် မှောင်မိုက်လာသော်လည်း လမ်းမများနှင့် ဈေးတန်းမှာမူ လင်းထိန်နေဆဲပင် ဖြစ်သည်။
မြွေဘုရင်က သူ့နောက်မှ လိုက်ပါလာခဲ့သည်။
"ဒီဆိုင်မှာ ရောင်းနေတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေက ဘာတွေလဲ။ တော်တော်လေး အရုပ်ဆိုးတာပဲ" ဆိုင်ထဲရှိ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုရင်း မြွေဘုရင်က မှတ်ချက်ချလိုက်သည်။
"ဒီမြို့တစ်မြို့လုံးက သရဲမြို့တော်ကို လာကြတဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တည်ဆောက်ထားတာလေ။ ဒါကြောင့်မလို့ သရဲမြို့တော်ထဲမှာ သုံးလို့ရတဲ့ ပစ္စည်းတွေကိုပဲ ဒီမှာ တွေ့ရမှာပေါ့။ အဲဒါတွေ အားလုံးက ဝိညာဉ်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ယူဆရတဲ့ အရာတွေပဲ" ဆိုင်တစ်ဆိုင်သို့ ချဉ်းကပ်ရင်း လုံချန်းက မြွေဘုရင်ကို ပြောပြလိုက်သည်။
ဆိုင်ထဲတွင် ထူးဆန်းသော ဆွဲပြားများ၊ လက်ကောက်များနှင့် အရုပ်အချို့ အပါအဝင် ပစ္စည်းအများအပြား ရှိနေသည်။
"မင်္ဂလာပါ လူငယ်တို့။ မင်းတို့ဆိုင်မှန်ကို ရွေးချယ်ခဲ့တာပဲ။ မင်းတို့ရဲ့ အမြော်အမြင်ကို ငါချီးကျူးရမယ်။ ဒီမှာ လူအများကြီးက အလားတူ ပစ္စည်းတွေကို ရောင်းကြပေမဲ့ ငါတို့ပစ္စည်းလောက် ဘယ်အရာမှ အသုံးမဝင်ဘူး။ ဒီဆွဲပြားကိုပဲ ကြည့်လိုက်" ဆိုင်ရှင်က ကုန်ပစ္စည်းကို မရပ်မနား ချီးမွမ်းခန်းဖွင့်ရင်း လုံချန်းအား ထက်ထက်သန်သန် စတင်ရောင်းချရန် ကြိုးစားတော့သည်။
"ဒီလို အရည်အသွေးညံ့ပုံရတဲ့ ဆွဲပြားက ဘာများ ထူးခြားလို့လဲ" မြွေဘုရင်က မေးလိုက်ရာ ဆိုင်ရှင်က လုံချန်း မေးနေခြင်းဖြစ်သည်ဟု ထင်မှတ်သွားခဲ့သည်။
"ဒါကို ဝတ်ဆင်ထားရင် အတွင်းထဲမှာ လွှမ်းမိုးနေတဲ့ ဝိညာဉ် အရှိန်အဝါတွေကနေ ကာကွယ်ပေးနိုင်တယ်။ မြို့ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလေ ဝိညာဉ်အရှိန်အဝါရဲ့ ဖိအားက ပိုပြီး ပြင်းထန်လာလေပဲမလို့ လူအများကြီးက အဲဒီဖိအားကို မခံနိုင်ကြဘူး။ တကယ်တော့ လူအများကြီးက အဲဒီအရှိန်အဝါကြောင့် ရူးသွပ်သွားကြတာ" ဆိုင်ရှင်က ပြောလိုက်သည်။
"ဒါပေမဲ့ ဒီဆွဲပြားကို ဝတ်ထားရင် အဲလိုမျိုး ဖြစ်မှာမဟုတ်ဘူး။ အဲဒါက မင်းရဲ့ စိတ်ဝိညာဉ်ကို သရဲအရှိန်အဝါရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးတယ်။ ဒါ့အပြင် ဒီဆွဲပြားရဲ့ အာနိသင်က သုံးရက်အထိ ခံတယ်။ မင်း စိတ်ချလက်ချ အတွင်းထဲဝင်ပြီး ရတနာတွေကို ယူပြီး ပြန်ထွက်လာလို့ရတယ်။ ဒီဆွဲပြားအတွက် နည်းနည်းလောက် သုံးစွဲလိုက်တာက မင်းအတွက် နည်းလမ်းအများကြီးနဲ့ အထောက်အကူပြုလိမ့်မယ်" သူက ထပ်လောင်းပြောဆိုသည်။
"အဲလိုလား။ ငါ အဲဒါကို ကြည့်လို့ရမလား" လုံချန်းက သူ၏ လက်ကို ဆန့်ထုတ်ရင်း မေးလိုက်သည်။
ဆိုင်ရှင်က လုံချန်းအား စစ်ဆေးကြည့်ရှုနိုင်ရန် ဆွဲပြားကို ကမ်းပေးလိုက်သည်။
"ငါ နားလည်ပြီ။ မင်းက အစီအရင်တွေနဲ့ ဒီကျောက်စိမ်းရဲ့ သဘာဝ ဂုဏ်သတ္တိတွေကို အသုံးပြုပြီး စိတ်အေးချမ်းစေတဲ့ သလင်းကျောက် ရတနာတစ်ခုကို ပိုပြီး စွမ်းအားကြီးတဲ့ ပုံစံမျိုး လုပ်ထားတာပဲ။ ဒါက လူတွေအတွက် တကယ်ကို အသုံးဝင်လိမ့်မယ်" ဆွဲပြားကို ပြန်ပေးရင်း လုံချန်းက အသိအမှတ်ပြုလိုက်သည်။
"ဒါက ဘယ်လောက်တန်လဲ" သူက ဆိုင်ရှင်ကို မေးလိုက်သည်။
"ရွှေဒင်္ဂါး ၁၃ ပြားပဲ" ဆိုင်ရှင်က ပြုံးရင်း ပြောလိုက်သည်။
"ရွှေဒင်္ဂါး ၁၃ ပြားလား။ နည်းနည်းတော့ ဈေးကြီးပေမဲ့ မဆိုးပါဘူး။ ကံမကောင်းစွာနဲ့ပဲ ငါ အဲဒါမလိုဘူး။ မင်းပြောသလို ဆွဲပြားရဲ့ အာနိသင်က တကယ်ကောင်းပေမဲ့ သုံးရက်တော့ ခံမှာမဟုတ်ဘူး။ အလွန်ဆုံးရှိရင် တစ်ရက်ပဲ ခံလိမ့်မယ်" လုံချန်းက ပြောပြီးနောက် စတင်ထွက်ခွာခဲ့သည်။
"တစ်ရက်ပဲ ခံမှာဟုတ်လား။ မင်း ငါတို့ကို လိမ်နေတာလား" ဆိုင်ထဲတွင် စုပြုံနေကြသော အခြားဝယ်သူများသည် လုံချန်း၏ စကားကြောင့် လန့်ဖျပ်သွားကြပြီး သူတို့ လိမ်လည်ခံနေရသည်လောဟု တွေးတောမိကြတော့သည်။
"ဒီကောင်လေးရဲ့ စကားကို နားမထောင်ကြပါနဲ့။ သူက ဘာမှသိတာမဟုတ်ဘူး။ အဲဒီပစ္စည်းတွေရဲ့ ဈေးနှုန်းကို ကြားပြီး ကြောက်သွားတာ။ ဒါကြောင့်မလို့ သူက ဆင်းရဲလွန်းလို့ မဝယ်နိုင်ဘူးဆိုတာကို ဝန်မခံချင်ဘဲ မဝယ်ဖို့ ဆင်ခြေပေးသွားတာ သက်သက်ပဲ" ထွက်ခွာသွားသော လုံချန်းကို ဆိုင်ရှင်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"အဲဒါ သေချာတာပေါ့။ ကလေးတစ်ယောက်က ဒါ ဘယ်လောက်အထိ ခံမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ ဒါ့အပြင် သူက ဘယ်ဂိုဏ်းကြီး၊ မိသားစုကြီးကမှလည်း မဟုတ်ပါဘူး။ သူ့အဝတ်အစားတွေကို ကြည့်တာနဲ့တင် သိသာပါတယ်။ ဒီက ပစ္စည်းတွေကို ဝယ်ဖို့ သူ့မှာ ပိုက်ဆံ ရှိမှာမဟုတ်တာ သေချာတယ်"
"ဟား... သူက လေကြီးလိုက်တာ။ ခဏလောက်တော့ ငါ့ကို တကယ် ခြောက်လှန့်သွားပြီး ငါတို့ လိမ်ခံနေရပြီလို့ ထင်မှတ်သွားစေခဲ့တယ်။ တကယ့်ကို အရှက်မရှိတဲ့ ကောင်လေးပဲ။ သူ ဆင်းရဲတာကို ဝန်မခံဘဲ ဒီဆိုင်ကို အပြစ်တင်ဖို့ ကြိုးစားသွားတာ။ ဒီလို မဟုတ်မမှန် စွပ်စွဲမှုတွေအတွက် သူ့ကို ရိုက်မလွှတ်လိုက်တာ မင်းက တကယ်ကို သဘောကောင်းလွန်းလို့ပဲ"
ဝယ်သူများသည် လုံချန်း၏ စကားကို ယုံမည့်အစား ဆိုင်ရှင်၏ စကားကိုသာ စတင်ယုံကြည်သွားကြပြီး ဆင်ခြေအမျိုးမျိုး ပေးကာ အမှန်ဟု ယူဆလိုက်ကြတော့သည်။
လုံချန်းကမူ သူတို့၏ မိုက်မဲမှုများနှင့် ပတ်သက်၍ မည်သို့မျှ လုပ်စရာမရှိချေ။ သူသည် ထိုဆိုင်ကို ဂရုမစိုက်ဘဲ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
"အဲဒါက တကယ်ပဲ အသုံးမဝင်တဲ့ အရာလား" မြွေဘုရင်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။ "အာနိသင်ခံတဲ့ အချိန်က နည်းနေတယ်ဆိုရင် တစ်ခုထက်မက ပိုဝယ်သွားလို့ ရတာပဲဥစ္စာ။ ဘာကာကွယ်မှုမှ မပါဘဲ တစ်ယောက်တည်း သွားတာထက်စာရင်တော့ ပိုကောင်းတာပေါ့"
"ငါတို့က ဘာကာကွယ်မှုမှ မပါဘဲ သွားမယ်လို့ ဘယ်သူပြောလဲ"
လုံချန်းက ပြုံးရင်း မေးလိုက်သည်။ သူသည် ရှေးဟောင်းလက်စွပ်ထဲမှ အခြား ဆွဲပြား တစ်ပြားကို ထုတ်ယူလိုက်သည်။
"အဲဒါ ဘာလဲ" မြွေဘုရင်က မျက်မှောင်ကုတ်လျက် မေးလိုက်သည်။
"ဒါက သူတော်စင် ဘုရင်တုန်းက အဲဒီကို ဝင်တုန်းက သုံးခဲ့တဲ့ ဆွဲပြားလေ။ ဒါက သူ့အတွက် အရမ်း အဖိုးတန်လွန်းလို့ နောက်ပိုင်း သူ အသိပညာတွေ ပိုပြီး ကြွယ်ဝလာတဲ့အခါ ဒါကို မွမ်းမံပြင်ဆင်ခဲ့တာ။ ဟိုဆွဲပြားအစုတ်နဲ့ မတူတာက ဒီတစ်ခုမှာ ဘယ်လို အချိန်ကန့်သတ်ချက်မှ မရှိဘူး။ ဒါ့အပြင် အဲဒါက ငါ့ကို ဝိညာဉ်အရှိန်အဝါကနေ ကာကွယ်ပေးရုံတင်မကဘဲ ငါ့ရဲ့ အနီးနားမှာ ရှိနေတဲ့သူ အားလုံးကိုပါ ကာကွယ်ပေးနိုင်တယ်"
"ဒါဆို မင်းက ဘာလို့ ဈေးနှုန်းကို မေးနေရတာလဲ။ မင်း အဲဒါကို တကယ် ဝယ်ချင်နေတယ်လို့ ငါထင်နေတာ" မြွေဘုရင်က အံ့အားသင့်လျက် စူးစမ်းလိုက်သည်။
"ငါ အဲဒါကို ဝယ်ချင်လို့ မဟုတ်ပါဘူး။ တစ်ခုခုကို စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ။ အဲဒါကို အရမ်းကြီး တွေးမနေပါနဲ့" မြို့ထဲတွင် ဆက်လက် လှည့်ပတ်လမ်းလျှောက်ရင်း လုံချန်းက ပြန်ဖြေလိုက်သည်။
"ဒီမှာ ရောင်းနေတဲ့ ပစ္စည်းအများစုက ဝိညာဉ်အရှိန်အဝါကနေ ကာကွယ်ပေးတဲ့ အရာတွေချည်းပဲလား" မြွေဘုရင်က စူးစမ်းစွာ မေးလိုက်သည်။
"အများစုကတော့ ဟုတ်တယ်လို့ ငါထင်တယ်။ တခြား ပစ္စည်းတွေလည်း ရှိပေမဲ့ ဝိညာဉ်အရှိန်အဝါ ကာကွယ်ရေး ပစ္စည်းတွေက တခြားဘယ်နေရာမှာမှ မရောင်းတဲ့အတွက် ဒီမြို့ရဲ့ အဓိက ဆွဲဆောင်မှုပဲပေါ့" လုံချန်းက ရှင်းပြလိုက်သည်။
"ဒါတွေကို သူတော်စင် အစီအရင်ဂိုဏ်းက တပည့်တွေပဲ လုပ်ကြတာ။ ပြီးတော့ သူတို့က ဒီမှာ ဆိုင်တွေကို စီမံခန့်ခွဲဖို့ လူတွေကို ငှားရမ်းပြီး အဲဒီပစ္စည်းတွေကို ရောင်းချကြတာ။ ဒါကြောင့်မလို့ ဒီလောက်အထိ ဈေးကြီးနေတာပေါ့" သူက ထပ်လောင်းပြောဆိုသည်။
"သူတော်စင် အစီအရင်ဂိုဏ်း ဟုတ်လား..." မြွေဘုရင်က ရေရွတ်ရင်း တွေးတောနေမိတော့သည်။