← Chapters

ဒီနာမည်ဆိုရင်ကော...

Vol. 13 Ch. 1220

ဒီနာမည်ဆိုရင်ကော...

Vol. 13 Ch. 1220

လီချင်းဟောက်မှာ ထိုမေးခွန်းမေးမိခြင်းအား ချက်ချင်း နောင်တရသွား၏။ ပိုင်ရှောင်ချန်းကို သူသာ နားမလည်လျှင် မည်သူမှ နားလည်မည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့ စိတ်လှုပ်ရှားနေရသောအခိုက်အတန့်တွင် သူရင်ဆိုင်နေရသည်က မည်သည့်လူစားမျိုး ဖြစ်ကြောင်း တခဏ မေ့လျော့သွားခဲ့လေသည်။ နာမည်များနှင့်စပ်လျဥ်း၍ ပိုင်ရှောင်ချန်း၏မျက်နှာဝယ် ပေါ်လွင်နေသောစိတ်လှုပ်ရှားမှုကို မြင်သည်နှင့်တစ်ပြိုင်နက် သူက အလွန်မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားလိုက်ရတော့သည်။

သူသာ ရုတ်တရက် မကောင်းသည့်ခံစားချက်ရလာသူမဟုတ်။ မဟာကောင်းကင်သခင်မှာ အသက်ရှူရပ်သွားပြီး စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏မျက်လုံးများ တအံ့တသြ ပြူးကျယ်သွား၏။ ဖက်တီးကျန်းကြီး၊ ရွှီပေါက်ချိုင်နှင့် နတ်ဆရာတို့အား ဖော်ပြရန်ပင် မလိုတော့ပေ။

ရှိသမျှလူတိုင်း၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြ၏။ ခပ်ရိုးရိုးတွေးတတ်သောသူတစ်ယောက်ပင် ပိုင်ရှောင်ချန်းက ထူးထူးဆန်းဆန်းနာမည်များ ပြောတော့မည်ဖြစ်ကြောင်း သုံးသပ်မိရန် အချိန်များများစားစား ပေးရမည်မဟုတ်ပေ။

အားလုံးအထဲ စိတ်အလှုပ်ရှားဆုံးကား သရဲကြီးဘုရင်ပင်။ သူ့မြေး၏ ဘဝတစ်လျှောက်လုံး ဆိုးဝါးသောနာမည်တစ်ခုဖြင့် နေထိုင်ရတော့မည်ဟု သဘောပေါက်လိုက်သည်နှင့် သူက ကြားဖြတ်ပြောလိုက်သည်။

" ငါလဲ နာမည်တချို့တွေးမိတယ်။ ငါအရင်ပြောမယ်... "

" နေဦး ယောက္ခမကြီး "

ပိုင်ရှောင်ချန်းက မျက်စောင်းဖြင့် ကြားဖြတ်ပြောသည်။ သူ နာမည်ကောင်းများပေးရာနှင့်ပတ်သက်လာသော ထင်ရှားကျော်ကြားမှုအား မည်သူ့ကိုမှ ခိုးယူခွင့်ပေးမည် မဟုတ်ပေ။

သရဲကြီးဘုရင်မှာ ရှုံ့မဲ့သွားပြီး လီချင်းဟောက်ကို သူ လှုံ့ဆော်ပေးလိုက်သောအရာအတွက် တိတ်တိတ်ကလေး ကျိန်ဆဲကာ သက်ပြင်းချလိုက်လေသည်။ လီချင်းဟောက်မှာမူ ရင်တုန်လာပြီး တစ်ခုခုပြောတော့မည်အချိန်မှာပင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ချောင်းဟန့်ပြီး စကားစပြောတော့သည်။

" ကျုပ် သားအတွက် သိပ်ကို အထင်ကြီးစရာကောင်းတဲ့ နာမည်တစ်ခု ရွေးထားတယ်။ သိပ်တောင် မြင့်မြတ်ဦးမှာ။ သူ့ကို ပိုင်တတလို့ နာမည်ပေးမယ် "

ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေတော့သည်။ ဤရက်ပိုင်းအတွင်း နာမည်ပေါင်းများစွာ သူ စဥ်းစားနေခဲ့သော်လည်း မည်သည့်နာမည်ကမှ အထင်ကြီးသင့်သလောက် မကြီးပေ။ သို့သော် ဤနာမည်က သူ့ကို မိုးကြိုးဖြင့် ပစ်ချခံရသည့်အလား ခံစားရစေရာ စိတ်အားထက်သန်မှုများဖြင့် တဆတ်ဆတ်တုန်သွားစေသည်။

ဤနာမည်မှာ သူ့ဘဝတွင် အကောင်းဆုံးနာမည်များထဲကတစ်ခုဖြစ်ကြောင်း အမှန်တကယ် ယုံကြည်နေတော့သည်။ တကယ်တမ်းပြောရလျှင် တစ်လောကလုံးတွင် ၄င်းနှင့် ယှဥ်ပြိုင်နိုင်လောက်သည့် နာမည်နှစ်ခုသာ ရှိသည်။

တစ်ခုက သူ၏နာမည်ဖြစ်ပြီး အခြားတစ်ခုက သူ့သမီးနာမည်ပင်။

သူက နာမည်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပင့်သက်ရှိုက်သံများ ကြားလိုက်ရလေသည်။ ဖက်တီးကျန်းကြီးမှာ အော်ဟစ်ရယ်မောလုနီးပါးဖြစ်သွားသော်လည်း ချောင်းဆိုးရင်းသာ အဆုံးသတ်သွားတော့သည်။

ပိုင်ရှောင်ချန်းက သူ့ကိုလှမ်းကြည်သည်။

" ဘာဖြစ်တာလဲ အစ်ကိုကြီး "

ဖက်တီးကျန်းကြီးက ချောင်းဟန့်လိုက်သည်။

" အာ... ဘာမှမဟုတ်ပါဘူး " သူက ပြောသည်။

" ဒါ သိပ်ကောင်းတဲ့နာမည်တစ်ခုပဲ။ တကယ်ကွာ ငါ့နာမည်လို ` တ ´ စာလုံးနှစ်လုံးတောင်ရှိတယ်။ ငါတို့နှစ်ယောက်က ကံတံရားချင်းဆက်စပ်နေတယ်ထင်တယ် "

ပိုင်ရှောင်ချန်းက အလွန်ကျေနပ်သွားလျက် သူ့ကို ကြောင်တောင်တောင် ငေးကြည့်နေသော နတ်ဆရာကို လှမ်းကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် နတ်ဆရာ၏အမူအရာမှာ တင်းမာသွားပြီး နိမိတ်ဖတ်နေသည့်အလား လက်ချောင်းများဖြင့် တွက်ချက်လာတော့၏။

နတ်ဆရာ အလေးအနက်ထားနေပုံကြောင့် ပိုင်ရှောင်ချန်းက ကျေနပ်သွားပြီး ရွှီပေါက်ချိုင်ကို ကြည့်လေသည်။

ရွှီပေါက်ချိုင်က အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောသည်။

" အဲဒါက ... ကောင်းကင်ဘုံကလာတဲ့ မိုးခြိမ်းသံလိုလို၊ ကျွန်တော့်နားထဲမှာ ကောင်းကင်ဘုံက တေးသီဆိုနေသလိုလို နာမည်မျိုးပဲဗျ။ မဟာမင်းသားရဲ့ မွေးဖွားခြင်းက ကောင်းကင်နဲ့မြေပြင်မှာ အတိတ်နိမိတ်အရိပ်အယောင်တွေနဲ့အတူရောက်ရှိလာတယ်ဆိုတာ ထည့်တွက်ရင် အလွန်လျော်ကန်ပါပေတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးရတဲ့ မင်းသားလေးဟာ အဲဒီလို အရှင် ဖန်တီးထားတဲ့နာမည်မျိုးကို လက်ခံဖို့ အရည်အချင်းပြည့်မီနိုင်ပါတယ် အရှင်မင်းကြီးခင်ဗျား "

ရွှီပေါက်ချိုင်မှာ လူတိုင်းက သူ၏နုံချာသောလျှောက်တင်စကားအား ရွံရှာနေသည်ကို နည်းနည်းလေးမှ ဂရုစိုက်ပုံမရပေ။

ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်နေတော့သည်။ သို့သော် လီချင်းဟောက်၊ မဟာကောင်းကင်သခင်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် ဝါရင့်ဂိုဏ်းဝင်များအားလုံး လုံးဝအံ့အားသင့်သွားပုံရလေသည်။

"မင်းကြီး ဒီနာမည်က .... "

" ရှောင်ချန်း … မင်း ဘာလို့တခြားနာမည်မရွေးလဲ "

သူတို့အများစုမှာ အပြောအဆိုဆင်ခြင်ရန်ကြိုးစားနေကြသော်လည်း သရဲကြီးဘုရင်ကတော့ မဟုတ်ပေ။

" လုံးဝပဲ" သူက အော်သည်။

" မင်း ငါ့မြေးကို ဘယ်နည်းနဲ့မှ ပိုင်တတလို့ မပေးရဘူး။ မင်း ငါ့ကိုလာနောက်နေတာလား။ အဲဒါ ဘယ်လိုနာမည်တုန်းကွ။ မင်း သူ့ကို အဲဒီလိုနာမည်ပေးမယ်ဆိုရင် မင်းရဲ့သမီးကကော ဘယ်လိုလဲ။ ပိုင်ရှောင်ရှောင်လား "

ပိုင်ရှောင်ချန်းက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ရယ်လိုက်သည်။ ယခင်ကထက်ပို၍ သူ့ကိုယ်သူ ဂုဏ်ယူလာပြီး အားတက်သရော ခေါင်းညိတ်လေသည်။

" ခင်ဗျား ကျုပ်ကို တကယ်နားလည်တာပဲ ယောက္ခမကြီးရေ။ ကွက်တိပဲဗျာ။ ကျုပ်သမီးနာမည်က ပိုင်ရှောင်ရှောင် ဖြစ်လိမ့်မယ်။ ခင်ဗျား ဘယ်လိုသဘောရလဲ။ ပိုင်တတနဲ့ ပိုင်ရှောင်ရှောင် အတူတူဆို မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းဖြစ်လိမ့်မယ်လေ "

ဤအချိန်တွင် လူတိုင်းဆန့်ကျင်လာကြတော့သည်။ သရဲကြီးဘုရင်မှာမူ မျက်ရည်ကျလုဆဲဆဲဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရလေသည်။ ၄င်းက အမှန်တကယ်တွင် ပိုင်ရှောင်ချန်းကို အတန်ငယ်စိတ်မကောင်း ဖြစ်သွားစေ၏။

အတန်ကြာသည်အထိ တောင်စဥ်ရေမရလျှောက်ပြောပြီးနောက် သူက ပြောသည်။

" ကောင်းပြီ နားထောင်။ ကျုပ်တို့ ပိုင်ကို မပြောင်းဘူး။ တ ကိုလည်း ပြောင်းလို့မရဘူး။ ဒါပေမဲ့ အားလုံး အငြင်းပွားနေကြတာဆိုတော့ ကျုပ်တို့ တတိယမြောက်စာလုံးပို ပြောင်းနိုင်တယ်ထင်တာပဲ။ တစ်ခုစဥ်းစားဗျာ ယောက္ခမကြီး ခင်ဗျား ဒီလိုမျိုးဖြစ်နေရအောင် ခင်ဗျား သချိုင်းကုန်း ခြေတစ်လှမ်းလှမ်းနေပြီနော် "

နောက်ဆုံးမှာတော့ သရဲကြီးဘုရင် စိတ်တည်ငြိမ်အောင်လုပ်နိုင်သွား၏။ သူက မျက်လုံးများရဲရဲနီလျက် တခဏကြာ လေးလေးနက်နက်စဥ်းစားရင်း ရပ်နေပြီး နောက်ဆုံး အံကြိတ်၍ နာမည်အတွက် တတိယမြောက်စာလုံးကို အဆိုပြုလိုက်သည်။

" နောက်ဆုံးစာလုံးကို ပေါက်လို့ ပြောင်းရအောင် "

" ပိုင်တပေါက် "

ပိုင်ရှောင်ချန်း၏နှုတ်ခမ်းများ မဆိုစလောက်ရွဲ့သွားလေသည်။ ကျန်ရှိသောလူအုပ်ကြီးမှာမူ နောက်တစ်ခေါက် မှင်သက်ရပြန်တော့သည်။ လီချင်းဟောက်မှာ ပါးစပ်အဟောင်းသားနှင့် ဒေါပွနေသေးသော သရဲကြီးဘုရင်ကို တစ်လှည့်၊ ပိုင်ရှောင်ချန်းကို တစ်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းသာချလိုက်တော့သည်။

မဟာကောင်းကင်သခင်မှာ တိတ်ဆိတ်စွာရပ်နေပြီး ဖက်တီးကျန်းကြီးနှင့် အခြားငယ်ရွယ်သောဂိုဏ်းဝင်များအားလုံး ကို့ရိုးကားရား အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့အတွက် ကျိုးကျစ်မိုနှင့် သရဲကြီးဘုရင်မှာ လုံးဝသွေးမတော်သားမစပ်ပုံ ပေါ်နေတော့သည်။

" ဟုတ်တယ် "

သရဲကြီးဘုရင်က ဟိတ်ဟန်အပြည့်ဖြင့်ပြောသည်။

" သူ့ကို ပိုင်တပေါက်လို့ခေါ်။ မင်းပြောတဲ့ ပိုင်တတထက် အများကြီးသာတယ် "

ပိုင်ရှောင်ချန်းက အတန်ငယ် ဆူပုတ်သွားပြီး သူ့လက်တွင် ထွေးပိုက်ထားသော သူ့သားကို ငုံ့ကြည့်လိုက်သည်။ နောက်ဆုံး သူက သရဲကြီးဘုရင်ကို အလွန်ဒေါသထွက်အောင် မလုပ်ချင်၍ သဘောတူလိုက်လေသည်။

" ကောင်းပြီ ရတယ်။ အတည်ဖြစ်ပြီနော်။ သူ့နာမည်က ပိုင်တပေါက်၊ သူ့နာမည်က ပိုင်ရှောင်ရှောင်။ ပြီးတော့ မှတ်ထားဦး ဒါက ကျုပ်ဆုံးဖြတ်ချက် မဟုတ်ဘူး။ ကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်နော် "

ပိုင်ရှောင်ချန်းမှာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ သူ့ကိုစိတ်ဆိုးမည်စိုးရိမ်ပါသော်လည်း ထိုနာမည်များက အမှန်တကယ်ကောင်းကြောင်း တထစ်ချယုံကြည်သည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက်တွင် လူတိုင်းကို ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။

ပိုင်တပေါက်က အသက်ငယ်ငယ်လေးနှင့် ဖြစ်ပျက်နေသည်များအား နားလည်နိုင်သည်လား ပြောရခက်သော်လည်း သူက နာမည်ကြားသည်နှင့်တစ်ပြိုင်နက် အော်ငိုလေတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ရှောင်မှာ အလွန်ကျေနပ်နေသည့်အလား တခစ်ခစ်ရယ်နေ၏။

အချိန်အနည်းငယ်ကြာပြီးနောက် တပေါက်လေးမှာ ပင်ပန်းသွားပုံရပြီး အိပ်ပျော်သွားလေရာ ပိုင်ရှောင်ချန်းက သူ့ကို ဝမ်းဆွဲသည်လက်ထဲ အသာကလေး ထည့်ပေးလိုက်သည်။ ရှောင်ရှောင်မှာ တက်ကြွနေပြီး ပိုင်ရှောင်ချန်းက သူမကို ပွေ့ထားစဥ် တခစ်ခစ် ဆက်ရယ်နေလေသည်။ သူမင ဘေးပတ်လည်ရှိ သူစိမ်းများအားလုံးနှင့်ပတ်သက်၍ အလွန်စပ်စုနေပုံပေါ်၏။

" သမီးလေးတွေက သေချာပေါက် ပိုကောင်းတယ် " ပိုင်ရှောင်ချန်း၏ နှလုံးသားထဲ အချစ်များဖြင့်ပြည့်သျှံနေပြီး သူက သူ့သမီးကိုကြည့်ကာ တွေးလိုက်သည်။

နောက်ရက်များကား ဗဟိုဧကရာဇ်နိုင်ငံ၌ ပွဲလမ်းသဘင်ကျင်းပရာ အခါသမယဖြစ်ပြီး အထူးသဖြင့် ဗဟိုဧကရာဇ်မြို့တွင် နေရာတိုင်း မီးအိမ်များ၊ ရောင်စုံဆိုင်းဘုတ်များဖြင့် အလှဆင်ထားကာ စည်ကားသိုက်မြိုက်နေသည်။

သူတော်စင်ဧကရာဇ်နိုင်ငံနှင် မိစ္ဆာဧကရာဇ်နိုင်ငံမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ရောက်လာကြပြီး ကောင်းကင်ဧကရာဇ်အများစုက စျေးကြီးသောလက်ဆောင်များ ပို့လိုက်ကြလေသည်။ အတိတ်က ပိုင်ရှောင်ချန်း အဖမ်းခံခဲ့ရသော ဝိညာဥ်ဝါးမျိုသခင် နှင့် မူလနတ်ဆိုးမင်းသားတို့ပင် ပါ၏။

ပိုင်ရှောင်ချန်းအပေါ် အကြွေးတင်နေသော စီမာယွမ်ဟွာ၊ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၊ ဂူထျန်ကျွင်းနှင့် ချိန်စုတို့ကဲ့သို့လူအများကား ပြောစရာပင်မလိုသလောက်ပင်။

အကြီးမားဆုံးလက်ဆောင်များကား သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်ထံမှ လာလေသည်။ သူတို့သုံးယောက်က ကောင်းကင်အောက်ရှိ အရာအားလုံးကို ထိန်းချုပ်ကြရသည့် ရှုပ်ထွေးသောဆက်ဆံရေးတစ်ခုတွင် ပါဝင်နေကြသည်မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့ပေးသောလက်ဆောင်များကား လက်ချားခါလောက်ပေသည်။ မိစ္ဆာဧကရာဇ်က ကျောက်တုံးကြီးတစ်တုံးပို့လိုက်ပြီး သူတော်စင်ဧကရာဇ်က သူ၏ကောင်းကင်ရေကန်ထဲရှိ ကြာပန်းမှ ကြာရွက်နှစ်ရွက် ပို့လိုက်လေသည်။

ထိုကြာရွက်နှစ်ရွက်မှာ မယုံနိုင်စရာကောင်းလောင်အောင် တန်ဖိုးကြီးမား၏။ ထာဝရအင်မော်တယ်နယ်မြေများတွင် ထိုကဲ့သို့ အရွက်များအား ရှိသည့် တစ်ခုတည်းသောနေရာမှာ ကောင်းကင်ရေကန်ဖြစ်သည် မဟုတ်ပါလော။ ထို့ပြင် ပင်မကြာပန်းတွင် အစက ကြာရွက်ဆယ့်ရှစ်ရွက်သာ ရှိခဲ့သည်။

ယနေ့တွင် ၄င်းမှာ ဆယ့်လေးရွက်သာကျန်တော့ပြီး ပိုင်ရှောင်ချန်းကို နှစ်ရွက်ပေးလိုက်၍ ကြာပန်း၌ ဆယ့်နှစ်ရွက်သာရှိတော့သည်ဟု ဆိုနိုင်သည်။

ပိုင်ရှောင်ချန်းသည် ထိုလက်ဆောင်ကြောင့် အတော်လေး စိတ်နှလုံးလှုပ်ရှားသွား၏။ မိစ္ဆာဧကရာဇ်ပေးသည့် ကျောက်တုံးမှာမူ ထပ်တူတန်ဖိုးကြီးကြောင်း လူအများစုပြောကြပေမည်။ သူ ပေးသောလက်ဆောက်ကား သူတို့ခေါင်းပေါ်ရှိ ကောင်းကင်ထဲက မိုးမြေဧကရာဇ်၏ အသွေးအသားမှ ပြုလုပ်ထားသည် မဟုတ်ပါလော။

သို့သော် ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်၏သရုပ်မှန်နှင့်ပတ်သက်၍ မသင်္ကာစရာ တစ်ခုခုရှိကြောင်း သိသောကြောင့် သူပို့ခဲ့သည့်လက်ဆောင်နှင့်ပတ်သက်ပြီး အလွန်သတိထားလေသည်။ ထိုအကြောင်းကြောင့် သူက သူ့ကလေးများအား ၄င်းကို ထိခွင့်မပြုပေ။ ထို့ပြင် လက်ဆောင်ရရှိပြီးနောက် သူ၏မျက်လုံးများထဲတွင် ထင်ဟပ်နေသော သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်ရန် အချိန်အတော်ကြာလိုက်သည်။

ဗဟိုဧကရာဇ်နိုင်ငံအတွင်းမှ ရောက်လာသော ဂုဏ်ပြုလက်ဆောင်မြောက်မြားစွာလည်း ရှိသည်။ သို့သော် ကောင်းကင်တံတားဒေသ၏နေ့ရက်များမှာတုန်းက ပိုင်ရှောင်ချန်းကို အမှန်တကယ် သိခဲ့သူများသာ သူနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်လေသည်။

ချင်းမေ့ယွမ်နှင့် ရွှီရှန်းတို့နှစ်ယောက် အတူတူ လက်ဆောင်များ လာရောက်ဆက်သလေသည်။ ချင်းမေ့ယွမ်က အတော်လေး အေးအေးချမ်းချမ်းရှိပုံပေါ်ပြီး ရွှီရှန်းမှာ ပို၍စိတ်ရှုပ်နေ၏။ သို့သော် သူမက အမှန်တရားကို ကြိတ်မှိတ်လက်ခံလိုက်ပုံရသည်။ လေးလေးစားစားပြုံးပြပြီးနောက် ချင်းမေ့ယွမ်နှင့်အတူ ထွက်ခွာသွားသည်။

ပိုင်ရှောင်ချန်းက ဘာတစ်ခွန်းမှ မပြောဘဲ သူတို့ ထွက်ခွာသွားသည်ကို ကြည့်၍ သက်ပြင်းအရှည်ကြီးချလိုက်လေသည်။

သူသည် လွန်ခဲ့သော နှစ်များစွာတုန်းကကဲ့သို့ အသေးအဖွဲ ကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် ဗဟိုဧကရာဇ်ဖြစ်ပြီး သူ့မှာ ကျယ်ပြောပြီး ထိပ်ဆုံးရောက်လုနီးပါး အာဏာရှိသော်လည်း သူမလုပ်နိုင်သောအရာများ ရှိသေးသည်။

ဤအမျိုးသမီးနှစ်ယောက်သည် အတိတ်က သူနှင့်ကံတရားအရ ဆက်နွှယ်ခဲ့ကြသော်လည်း သူတို့၏ဘဝများမှာ အလွန်လေးနက်သော နည်းလမ်းများဖြင့် ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ စကားလေးတစ်ခွန်းနှင့် သူတို့နှစ်ယောက် ထွက်မသွားအောင် ဟန့်တားနိုင်ခဲ့သည့်တိုင် ထိုသည်က သူလိုချင်သောအရာမဟုတ်ပေ။

တစ်စုံတယောက်ကို သင် ဂရုမစိုက်သောအခါ သင်ပြောချင်သမျှအကုန် သူတို့ကိုပြောရန် လွယ်ကူသည်။ သို့သော်ငြား သင် သူတို့ကို ဂရုစိုက်ပြီးနောက်တွင် ပြော၍မဖြစ်သည့်အရာတချို့ရှိလာပေသည်။

ဤသည်မှာ အတိတ်က ပိုင်ရှောင်ချန်း နားမလည်ခဲ့သော်လည်း ယခုအပြည့်အဝနားလည်သွားသော အမှန်တရားတစ်ခု ဖြစ်သည်။

ရွှီရှန်းနှင့် ချင်းမေ့ယွမ်ကို လိုက်ပါပို့ဆောင်ပြီးနောက် သူက နန်းတော်ခန်းမဆောင်ကို ပြန်လာပြီး တပေါက်နှင့် ရှောင်ရှောင်ကို သွားကြည့်တော့မည့်ဆဲဆဲ သူ့နောက်မှ ဉာဏ်များပြီး ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသည်။

" ဟေး ပိုင်ရှောင်ချန်းလေး။ လိပ်ကိုယ်တော်ပြန်လာပြီကွ။ ငါ့ကို စားစရာနဲ့သောက်စရာ ကောင်းကောင်း ပေးစမ်း။ မဟုတ်ရင် မင့်သားရဲ့ မျက်နှာကို လိပ်အမှတ်အသား တံဆိပ်ခတ်ပစ်မယ် "

(၁) ' တ ' စာလုံးက ကြီးမားသော သို့ ခမ်းနားသော ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ နှစ်လုံးသုံးလိုက်တာက စာလုံးရဲ့ အဓိပ္ပါယ်ကို လေးနက်သွားစေပြီးတော့ ဒီဖြစ်ရပ်မှာ ချစ်စရာလဲကောင်းသလို ကြောင်တောင်တောင်လဲနိုင်ပါတယ်။

(၂) ဖက်တီးကျန်းကြီးရဲ့ နာမည်အစစ်က တ စာလုံးရှိတဲ့ ကျန်းတဟိုင်ဆိုတာ မှတ်မိသေးလား။

(၃) ရှောင်က သေးငယ်သောလို့ အဓိပ္ပါယ်ရတယ်။ မိန်းကလေးတစ်ယောက်နာမည်အနေနဲ့ ရှောင်ရှောင်က တော်တော်လေး ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ နာမည်နှစ်ခုပေါင်းလိုက်ရင် အသံထွက်က တကယ့်ကို ရူးကြောင်ကြောင်နိုင်ပါတယ်။

(၄) ပေါက်က ရတနာလို့ဆိုလိုပြီးတော့ နာမည်တွေမှာ သိပ်အတွေ့မများဘူး။ ရွှီပေါက်ချိုင် နာမည်မှာလဲ တူညီတဲ့စာလုံးရှိပါတယ်။

(၅) ပိုင်တပေါက်က တရားဝင်နာမည်တစ်ခုဆိုပေမယ့် နည်းနည်းဟန်များပြီး ကလေးကလားဆန်ပါတယ်။

All Chapters