အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) ခေါင်းဖြတ်တိုက်ခိုက်မှု
ထို့နောက် သုံးဖက်မြင် မိုက်ခရိုပရင်တာများသည် ၎င်းတို့ဘာသာ ပုံတူပွား၍ ထုတ်လုပ်လာခဲ့လေသည်။
အသစ်ထွက်ပေါ်လာသော သုံးဖက်မြင် မိုက်ခရိုပရင်တာကို ယာဉ်တစ်စီးဖြင့် ဝေးလံသော နေရာသို့ သယ်ဆောင်သွားကာ တပ်ဆင်၍ ထုတ်လုပ်မှုများကို စတင်ခဲ့လေသည်။ ထုတ်လုပ်ရေး စက်ရုံများသည် ဘက်တီးရီးယားများကဲ့သို့ အဆမတန် ပွားများလာခဲ့ပေသည်။
မကြာမီမှာပင် ကီလိုမီတာ ဆယ်ဂဏန်းခန့်ကျယ်ဝန်းသည့် ပတ်ဝန်းကျင်၌ သုံးဖက်မြင် မိုက်ခရိုပရင်တာ ရာပေါင်းများစွာ ပေါ်ပေါက်လာခဲ့လေသည်။ ဤပရင်တာများသည် ထိုနေရာရှိ ကုန်ကြမ်းများကို အသုံး ပြုကာ အမျိုးမျိုးသော စက်ကိရိယာများကို ထုတ်လုပ်လာကြပြီး ပေါင်းစပ်စွမ်းအင်အတွက် လောင်စာ အဖြစ် ဟီလီယမ်(၃) ကို ထုတ်ယူခဲ့ကြလေ၏။
နှစ်နာရီခန့် ကြာပြီးနောက်တွင် အဓိကအဆောက်အအုံကြီးမှာ ပုံပေါ်လာခဲ့ပြီး ယာဉ်ရာပေါင်းများစွာ သည် ဟိုမှဒီသို့ သွားလာနေကြပေသည်။ အချို့သော သူများသည် ငါးရံ့နက်နည်းပညာကုမ္ပဏီမှ ဝန်ထမ်း များ ပိုမိုများပြားလာသည်ကိုပင် သတိပြုမိလိုက်ကြလေသည်။
ယခင်က လူဆယ်ဂဏန်းခန့်သာ ရှိခဲ့သော်လည်း ယခုအခါ လူထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။ နေရာအနှံ့အပြားတွင် လူများကို တွေ့မြင်နေရလေသည်။
"ဟာဟ... ကောင်းယွမ်တော့ လုပ်ချလိုက်ပြန်ပြီ...ဒီအန်းနီမေးရှင်းထဲက ဇာတ်ကောင်အရေအတွက်က ကိုက်တောင်မကိုက်ဘူး..."
"အသစ်ထုတ်လုပ်ထားတဲ့ ဉာဏ်ရည်တုစက်ရုပ်တွေများ ဖြစ်နေမလား... ငါးရံ့နက်နည်းပညာကုမ္ပဏီက လူတွေက မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်တယ်လို့ အမြဲတွေးခဲ့မိတာ... တကယ့်လူအစစ်တွေ တော့ မဖြစ်နိုင်လောက်ဘူး..."
"ဒါက တကယ်ကြီးလား... သိပ္ပံရုပ်ရှင်တွေထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းနေပြီ... တိုက်ရိုက် ထုတ် လွှင့်မှုတဲ့... ငါ့ကို နောက်နေတာလား..."
...
လက်တွေ့ကြုံတွေ့နေရသော နေရာရှိ အာကာသယာဉ်မှူးများမှာ ဆွံ့အသွားခဲ့ကြလေသည်။
ဤအရာက မည်သို့သော အဆင့်မြင့်နည်းပညာမျိုး ဖြစ်နေသနည်းဟု သူတို့ တွေးတောနေမိကြ၏။
လကမ္ဘာပေါ်တွင် မြို့တစ်မြို့ကို မည်သို့ တည်ဆောက်နေကြသနည်း ဆိုသည်ကို သူတို့ နားမလည် နိုင်အောင် ဖြစ်နေကြလေသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ တရားဝင် အဖွဲ့အစည်းများသည်လည်း အံ့အားသင့်သွားခဲ့ကြပေသည်။ အင်တာနက်အသုံးပြုသူများနှင့် မတူဘဲ သူတို့သည် အမှန်နှင့် အမှားကို သဘာဝကျကျ ခွဲခြားသိမြင်နိုင် ကြလေသည်။ ထိုအရာက တကယ့်အစစ်အမှန် ဖြစ်နေသောကြောင့်ပင် သူတို့ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ကြခြင်း ဖြစ်လေသည်။
သူတို့၏ နည်းပညာစွမ်းရည်မှာ တကယ်ပင် ဤမျှလောက်အထိ အထင်ကြီးလောက်စရာ ကောင်းနေ သလား ဆိုသည်ကို တွေးတောနေမိကြလေသည်။
ဤအရာများက သူတို့အတွက် မည်သို့သော ကိစ္စရပ်မျိုး ဖြစ်နေမည်နည်း။
လူတစ်ယောက်နှင့် စက်တစ်လုံးတည်းဖြင့် ဂြိုဟ်တစ်လုံးကို ပြောင်းလဲနိုင်ပြီး အချိန်မှာလည်း အလွန် နည်းပါးစွာသာ ကြာမြင့်ခဲ့လေသည်။
ကျိုးကျန်းလီသည်လည်း တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကာ သူ၏ မျက်ခွံများမှာ ဆက်တိုက် လှုပ်ခတ်နေခဲ့ပေသည်။
ကောင်းယွမ်၌ ဤသို့သော အရန်အစီအစဉ်မျိုး ရှိနေခဲ့သည်လားဟု သူ တွေးနေမိလေ၏။
အကယ်၍ ကောင်းယွမ်သာ ဤအဆင့်မြင့်နည်းပညာကို စွမ်းဆောင်ရည် အပြည့်အဝဖြင့် လည်ပတ်စေ မည်ဆိုပါက ကမ္ဘာကြီးတစ်ခုလုံးအတွက် သူတစ်ယောက်တည်းနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ သူ၏ ရှနိုင်ငံကို ကာကွယ်ပေးလိုစိတ်နှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်မှာ ရှားပါးလှသော မျိုးချစ်စိတ်ဓာတ် ပြယုဂ်တစ်ခုပင် ဖြစ်ပေတော့သည်။
ဤလပေါ်ဆင်းသက်သည့် ပြကွက်သည် အထက်လူကြီးများကို တုန်လှုပ်သွားစေခဲ့ပြီး သာမန်လူတန်း စားများအတွက်မူ ဖျော်ဖြေမှုတစ်ခု ဖြစ်စေခဲ့လေသည်။
ကောင်းယွမ်သည် ဤမြို့သစ်လေးကို ကွမ်ဟန်နန်းတော် ဟု အမည်ပေးလိုက်လေ၏။
ဤနေရာသည် မူလက ကွမ်ဟန်နန်းတော် ဖြစ်သော်လည်း ယခုအခါတွင် မရေမတွက်နိုင်အောင် တိုးချဲ့ တည်ဆောက်ထားပြီး မုန်တိုင်းသမုဒ္ဒရာ၏ အစွန်းအထိတိုင်အောင် ဆန့်တန်းသွားခဲ့ပေသည်။
မုန်တိုင်းသမုဒ္ဒရာဆိုသည်မှာ လကမ္ဘာပေါ်ရှိ အဓိက လကမ္ဘာပင်လယ်များထဲမှ တစ်ခုဖြစ်လေသည်။
ကောင်းယွမ်သည် မုန်တိုင်းသမုဒ္ဒရာ လကမ္ဘာရှုခင်းသာနယ်မြေကို တည်ဆောက်ရန်လည်း စီစဉ်ထားပြီး ထိုနေရာသည် ရှနိုင်ငံ၏ တစ်ခုတည်းသော အဆင့်အမြင့်ဆုံး ရှုခင်းသာနယ်မြေ ဖြစ်လာပေလိမ့်မည်။
အမျိုးသားအသင်းမှ အာကာသယာဉ်မှူးများသည် ဤနေရာကြီးက လူသူကင်းမဲ့သော မြေရိုင်းမှသည် စက်ရုံများ ပေါ်ထွက်လာကာ ကိရိယာများ ပေါက်ဖွားလာပြီး အရေးအကြီးဆုံးဖြစ်သည့် လူများပါရှိ နေသော ဧရာမ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေခဲ့ကြ လေသည်။
သူ၏ရှေ့ရှိ သုံးဖက်မြင် မိုက်ခရိုပရင်တာမှ လူတစ်ယောက် ထွက်ပေါ်လာသည်ကို ထန်ကျန့်လုံက မယုံ နိုင်စွာဖြင့် ကြည့်နေခဲ့ပေသည်။ ထွက်ပေါ်လာသူများသည် တစ်ယောက်ပြီးတစ်ယောက် တကယ့်လူ အစစ်များနှင့် တစ်ပုံစံတည်း တူညီနေခဲ့လေသည်။
လကမ္ဘာပေါ်ရှိ ကွမ်ဟန်နန်းတော်ကြီး ပုံပေါ်လာသည်ကို ကြည့်ရှုပြီးနောက် ကောင်းယွမ်သည် စီစဉ် ထားသည့်အတိုင်း ခြောက်နာရီအကြာတွင် ကမ္ဘာမြေသို့ ပြန်လည် ထွက်ခွာလာခဲ့လေတော့သည်။
*ဒီနေရာမှာ ငါ့ကို သိပ်ပြီးလိုအပ်ပုံ မရတော့ဘူးပဲ….* ဟု သူ တွေးလိုက်မိ၏။
*ဒီလိုဆိုရင်လည်း ပြန်တာပဲ ကောင်းပါတယ်လေ…* ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် အာကာသဘက်စ်ကားမှာ အလွန်ပျင်းစရာကောင်းပြီး အပြန်ခရီးအတွက် နှစ်နာရီကြာမြင့်မည် ဖြစ်လေသည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ ကောင်းယွမ်သည် အခြေစိုက်စခန်းတစ်ခုလုံးအား စစ်သင်္ဘော တစ်စီး တည်ဆောက်ရေးတွင် အာရုံစိုက်ရန် အမိန့်ပေးလိုက်လေသည်။
၎င်းသည် အနာဂတ်ကမ္ဘာတွင် အားအနည်းဆုံး လအဆင့် စစ်သင်္ဘောဖြစ်သော်လည်း ဤနေရာမှာ လကမ္ဘာဖြစ်သောကြောင့် လအဆင့် စစ်သင်္ဘောတစ်စီး တည်ဆောက်ခြင်းက အတော်လေး သင့် လျော်နေပေသည်။
ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော အခြေစိုက်စခန်းကြီးသည် အမျိုးမျိုးသော ကုန်ကြမ်း များကို အစဉ်မပြတ် စုဆောင်းနေလေသည်။
ထိုကုန်ကြမ်းများကို အစိတ်အပိုင်းအမျိုးမျိုးအဖြစ်သို့ ပြောင်းလဲကာ ဗဟိုချက်နေရာ၌ တပ်ဆင်ကြ လေ၏။
ဧရာမ ယာဉ်ပျံကြီးတစ်စီး တဖြည်းဖြည်း ပုံပေါ်လာခဲ့ပေသည်။
လူများအားလုံး မှင်သက်သွားခဲ့ကြလေသည်။
"ကောင်းယွမ် ဘာကို တည်ဆောက်နေတာလဲ..."
"မသိဘူးလေ... ဒါပေမဲ့ တော်တော်လေး အထင်ကြီးစရာကောင်းတဲ့ ပုံစံပဲ..."
"အာကာသစစ်သင်္ဘောများ ဖြစ်နေမလား... ကောင်းယွမ်ရဲ့ စစ်သင်္ဘောတွေကို အရင်ကတည်းက တွေ့ဖူးတယ်နော်..."
"ကောင်းယွမ်ဆီမှာ စစ်သင်္ဘောတွေ ရှိနှင့်ပြီးသားလေ... အဲဒါတွေက မုကျားကျေးရွာမှာ ကမ်းကပ် ထားတယ်လို့ ကြားတယ်..."
"ဒါက သေချာပေါက် အန်းနီမေးရှင်းပဲ... ကောင်းယွမ်က အမှိုက်ကောင်ပဲ..."
ကောင်းယွမ်သည် စစ်ရေးအင်အားကို ပြသနေခြင်းဖြစ်ကြောင်း ကျိုးကျန်းလီ တစ်ဦးတည်းကသာ သိရှိ ထားလေသည်။ အာကာသစစ်သင်္ဘော တစ်စီးတည်းနှင့်ပင် တစ်ကမ္ဘာလုံးကို ဖိနှိပ်ထားနိုင်သော်လည်း ယခုအချိန်တွင် သူက လကမ္ဘာပေါ်၌ ရောက်ရှိနေခြင်း ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို သတိထားမိပြီး အပြန်ခရီးတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်လာ ပါက အာကာသဘက်စ်ကားမှာ ဘေးကင်းစွာ ပြန်လာနိုင်မည် မဟုတ်ပေ။
တစ်ခါတစ်ရံ ကောင်းယွမ်တော့ အဆုံးသတ်သွားပြီဟု ထင်ရနိုင်ပေသည်။
သူသည် လက်ရှိတွင် အာကာသစစ်သင်္ဘော တည်ဆောက်မှုကို တိုက်ရိုက် ထုတ်လွှင့်ပြသနေပြီး သူ ကိုယ်တိုင်လည်း စစ်သင်္ဘောဖြင့် ပြန်လည်ရောက်ရှိလာမည် ဖြစ်ပေသည်။
ကောင်းယွမ်သည် စစ်သင်္ဘောများ တည်ဆောက်နေစဉ်မှာပင် ဆန့်ကျင်ဘက်ဒြပ်ထု ထုတ်လုပ်ရန် စက်ရုပ်များကို စီစဉ်ထားပြီး ဖြစ်လေသည်။
ယခုအခါ ကောင်းယွမ်သည် ကောင်းချိုးကို မယုံနိုင်လောက်အောင်ပင် ကျေးဇူးတင်နေမိလေ၏။
သူ့အနေဖြင့် အားနည်းချက်များ မရှိစေရန်အတွက် ထိုသူက နည်းပညာလေးခုကို တိုက်ရိုက် ပံ့ပိုးပေး ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ဤနည်းပညာလေးခုနှင့်ဆိုလျှင် ကောင်းမိသားစုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာ နတို့သည် စစ်ရေးအင်အားအရ ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ အရင်းအမြစ်များအရသာ ယှဉ်ပြိုင်နေခြင်း ဖြစ်ကြောင်း ကောင်းယွမ် သိရှိထားလေသည်။
သူတို့တွင် အရင်းအမြစ်များ ရှိနေသရွေ့ အရာအားလုံး အဆင်ပြေသွားမည် ဖြစ်၏။
ဤနည်းပညာများသည် ကောင်းချိုး၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ရလဒ်များ ဖြစ်နိုင်ပြီး ယခုအခါ သူက အရာအားလုံးကို မျှဝေပေးခဲ့ပြီ ဖြစ်ပေသည်။
မကြာမီမှာပင်...၊
ဧရာမ စစ်သင်္ဘောကြီးတစ်စီး တည်ဆောက်ပြီးစီးသွားခဲ့လေသည်။
ဆန့်ကျင်ဘက်ဒြပ်ထုကို ဖြည့်တင်းပြီးနောက် ကောင်းယွမ်သည် သင်္ဘောပေါ်သို့ တက်ကာ ကမ္ဘာမြေသို့ ပြန်ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်ချေသည်။
...
မော်ဂန် မိသားစုနှင့် တုန်းဟွမ်တို့သည် ပူးပေါင်းသွားခဲ့ကြပြီ ဖြစ်လေသည်။
ယခင်က မော်ဂန် မိသားစု၏ အကြီးအကဲကို ကောင်းယွမ် စေလွှတ်ထားသော စက်ရုပ်တစ်ရုပ်က ထိန်း ချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ထိုစက်ရုပ် ထွက်ခွာသွားပြီဖြစ်ရာ မော်ဂန် မိသားစုသည် အာဏာပြန် လည်ရရှိလာပြီဟု ခံစားနေကြရပေသည်။
မည်သို့ပင်ဖြစ်စေကာမူ တစ်စုံတစ်ယောက်ကသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် မည်သူက လက်လွှတ်ခံလို မည်နည်း။ အကြောင်းရင်းကို မသိရသော်လည်း ကောင်းယွမ်က လက်လွှတ်လိုက်ပြီဖြစ်သဖြင့် သူ မစွမ်းဆောင်နိုင်တော့၍သာ ဖြစ်ရပေမည်။
မော်ဂန် မိသားစုသည် အရှက်ရသွားသည်ဟု ခံစားရကာ လက်စားချေလိုစိတ်များ ပြင်းပြနေခဲ့ကြ လေသည်။
သူတို့သည် တုန်းဟွမ်နှင့် ချက်ချင်းပင် အဆင်ပြေသွားခဲ့ကြလေသည်။
ယခင်က ကောင်းယွမ်၏ လပေါ်ဆင်းသက်မှု တိုက်ရိုက် ထုတ်လွှင့်ချက်မှာ အလွန်မြန်ဆန်လွန်းသဖြင့် သူတို့၌ ကြိုတင်ပြင်ဆင်ရန် အချိန်မရခဲ့ပေ။
သို့သော် ယခုအခါတွင်မူ မော်ဂန် မိသားစုသည် တရားဝင် လမ်းကြောင်းများ ဖွင့်လှစ်ရန် ၎င်းတို့၏ အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်ကြီးအချို့၏ ထောက်ခံမှုကိုလည်း ရရှိထားခဲ့လေ၏။
အမေရိကရှိ သမ္မတအိမ်တော်သို့ ချီတက်ခြင်း လှုပ်ရှားမှုမှာလည်း အပြည့်အဝ အရှိန်အဟုန် မြင့်တက် နေခဲ့ပေသည်။
အန်းနီက ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် လူများစွာသည် တုန်းဟွမ်ထံသို့ ချဉ်းကပ်လာခဲ့ကြ လေသည်။
တုန်းဟွမ်သည် ယခုအခါ စိတ်အားထက်သန်နေပြီး ထီးနန်းသို့ တက်လှမ်းရန် အသင့်ဖြစ်နေခဲ့လေပြီ။
ထိုအချိန်တွင် ကောင်းယွမ်၏ လပေါ်ဆင်းသက်မှု တိုက်ရိုက် ထုတ်လွှင့်ချက်က တုန်းဟွမ်အား အခွင့် အရေးတစ်ရပ်ကို ပေးစွမ်းလိုက်ခြင်းဖြစ်လေသည်။
သူသည် မော်ဂန် မိသားစုနှင့် ပူးပေါင်းကာ ကောင်းယွမ်၏ အပြန်ခရီးတွင် ခေါင်းဖြတ်တိုက်ခိုက်မှု တစ်ရပ် ပြုလုပ်ရန် ၎င်းနှင့် နီးစပ်သော ဗိုလ်ချုပ်ကြီးများကို ဖျောင်းဖျခဲ့လေသည်။
ကောင်းယွမ်သာ သေဆုံးသွားမည်ဆိုလျှင် အမေရိကသည် မကြာမီတွင် ပြန်လည်၍ ကြီးကျယ်ခမ်းနား လာပေလိမ့်မည်။
အကယ်၍ သူတို့သာ ငါးရံ့နက်နည်းပညာကုမ္ပဏီကို ရရှိနိုင်မည်ဆိုပါက အမေရိကသည် နောက်ထပ် နှစ်ပေါင်းတစ်ထောင်တိုင်အောင် ထွန်းတောက်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေ၏။
ထိုအချိန်၌ အမေရိက၏ အဆင့်မြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည်များကို ဖြန့်ကျက်ထားပြီး နျူကလီးယား ထိပ်ဖူးများကိုလည်း လျှို့ဝှက်စွာဖြင့် အသင့်ပြင်ဆင်ထားခဲ့ကြလေသည်။
အရာအားလုံး အသင့်ဖြစ်နေချိန်မှာပင် တစ်စုံတစ်ယောက်က တုန်းဟွမ်ထံသို့ ရောက်ရှိလာခဲ့ပေသည်။
"တပ်မှူး... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."
"ဘာဖြစ်လို့လဲ..."
"အာကာသစစ်သင်္ဘောကြီးဗျ..."
တုန်းဟွမ်သည် နှုတ်ခမ်းကို တွန့်လိုက်ကာ၊
"အာကာသစစ်သင်္ဘောက စွမ်းအားကြီးတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အခု အဲဒါက ဘယ်မှာလဲ... အဲ့ဒီ ကျိန်စာသင့်နေတဲ့ လူသူကင်းမဲ့တဲ့ တောင်ပေါ်မှာလေ... ကောင်းယွမ်ကတော့ လပေါ်မှာ ရောက်နေ တာ... အာကာသဘက်စ်ကားကလည်း သိပ်မမြန်သလို ခံစစ်ကလည်း မခိုင်မာဘူး... ငါတို့သာ ကြိုတင် ပြင်ဆင်ထားမယ်ဆိုရင် သူ့ကို ဖြုတ်ချနိုင်မယ့် အခွင့်အရေး သေချာပေါက် ရှိတယ်..."
"မဟုတ်ဘူး တပ်မှူး... ကောင်းယွမ်က လပေါ်မှာ နောက်ထပ် အာကာသစစ်သင်္ဘောသစ် တစ်စီးကို တည်ဆောက်လိုက်ပြီဗျ... ဒီမှာ ကြည့်ပါဦး..."
လက်ထောက်ဖြစ်သူသည် သူ၏ စမတ်လက်ပတ်ကို အသုံးပြုကာ မျက်နှာပြင်ပေါ်သို့ ပုံရိပ်ယောင် တစ်ခုကို ထုတ်လွှင့်ပြသလိုက်လေသည်။
တုန်းဟွမ်သည် လပေါ်တွင် ပေါလောပေါ်နေသော ဧရာမ စစ်သင်္ဘောကြီးကို ကြည့်လိုက်မိသည့်အခါ ဟွမ်မောက်၏ ဆံပင်များပင် ထောင်မတ်သွားခဲ့ရပေသည်။
"ကျစ်... ဒါက မဖြစ်နိုင်ဘူး... ဒါက တိုက်ရိုက် ထုတ်လွှင့်မှု အတုပဲ... ကောင်းယွမ်က လပေါ်မှာ စစ် သင်္ဘောတွေကို ဘယ်လိုလုပ်ပြီး တည်ဆောက်နိုင်မှာလဲ..."
"ဒါဆို အစီအစဉ်ကို ဆက်လုပ်မှာပဲလား..."
"ဆက်လုပ်မယ်... ဒုံးကျည်တွေ ထပ်ထည့်လိုက်... နျူကလီးယား ထိပ်ဖူး ဆယ်လုံးက မလုံလောက် ဘူး... အလုံးသုံးဆယ်အထိ တိုးလိုက်..."
"တပ်မှူး... ခင်ဗျားက ရာထူးကို တရားဝင် မရယူရသေးဘူးလေ... ဒါကြောင့် ခင်ဗျားရဲ့ အာဏာက တရားဝင်မှု မရှိသေးဘူး..."
"ငါ တခြားဘာကိုမှ ဂရုမစိုက်ဘူး... ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်..."
ဟု တုန်းဟွမ်က အော်ဟစ်လိုက်လေသည်။
လက်ထောက်ဖြစ်သူသည် တုန်းဟွမ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် အမြန် ပြေးထွက်သွားခဲ့လေသည်။
တုန်းဟွမ်သည် အနည်းငယ် ဒေါသထွက်နေပြီး အခန်းထဲတွင် ဟိုမှဒီသို့ ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်နေခဲ့လေတော့သည်။