အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) အာကာသထဲမှ မီးရှူးမီးပန်းများ
"သူ့ကို သတ်လိုက်..."
"သူ သေသွားမှသာ ငါ့အတွက် အခွင့်အရေး ရှိတော့မှာ..."
တုန်းဟွမ်သည် ဆုံးဖြတ်ချက်ချလိုက်လေ၏။ သူ ဆက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။
အမေရိကသည်လည်း ဆက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။ ယခုအခါ ကောင်းယွမ်သည် လကမ္ဘာပေါ်သို့ သွားရောက်ကာ ထုတ်လုပ်ရေး အခြေစိုက်စခန်းကို တည်ဆောက်နေပြီဖြစ်ရာ သူသာ ပုံမှန်လုပ်ထုံးလုပ် နည်းများအတိုင်း ရာထူးတက်လာပါက မည်သည့် အခွင့်အရေးမျှ ကျန်ရှိတော့မည် မဟုတ်ပေ။
"ပေလွန်း... ပေလွန်း..."
"ရောက်ပါပြီ တပ်မှူး..."
အတွင်းရေးမှူးဖြစ်သူသည် အပြင်ဘက်မှ ပြေးဝင်လာခဲ့လေသည်။
"လိုလီကျွန်းကို သွားပြီး စလစ်ပီဟတ်ကို လွှတ်ပေးလိုက်... လျှပ်စစ်မီးကိုလည်း ဖွင့်လိုက်... အန်းနီက အမေရိကကို တရားမဝင် ဓားစာခံလုပ်ထားတယ်... အကြီးအကဲ... သင်ဟာ အမေရိကန် ဥပဒေကို ချိုး ဖောက်ခဲ့ပြီး သင့်ရဲ့ တလွဲမူဝါဒတွေကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေရပြီ... အခုအချိန်ကစပြီး ငါ တုန်းဟွမ်က လူတိုင်းကို အန်းနီ့ကို ပစ်သတ်ဖို့ တိုက်တွန်းတယ်... အန်းနီကို သတ်နိုင်တဲ့ ဘယ်သူမဆို အမေရိကန်ဒေါ်လာ သန်းတစ်ရာ ဆုကြေးရလိမ့်မယ်..."
"ဗျာ..."
ပေလွန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေ၏။
"တပ်မှူး... ကျွန်တော်တို့ တကယ်ကြီး ဒီလို လုပ်ရမှာလား..."
"သူ မထွက်သွားရင် ငါက သူ့နေရာကို ဘယ်လိုလုပ် ယူနိုင်မှာလဲ..."
"မဟုတ်ဘူးလေ... ကျွန်တော်တို့က ကောင်းယွမ်ကို ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား... သူသာ အာဏာရှိနေသေးရင် ကျွန်တော်တို့ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အပြစ်အားလုံး ကို သူ့အပေါ် ပုံချလို့ရတယ်... အောင်မြင်သွားရင်တော့ အရာအားလုံး အဆင်ပြေသွားမှာပဲ... ကျရှုံးခဲ့ရင် တောင် ကောင်းယွမ်က သူ့ကိုပဲ လက်စားချေလိမ့်မယ်..."
ဟု ပေလွန်းက ပြောလိုက်လေသည်။
တကယ်တော့ သူ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် ကျရှုံးနိုင်ခြေ အလွန်များပြားသည်ဟု သူ ခံစားနေရလေသည်။
*ကောင်းယွမ်ဆိုတာ ဘယ်သူလဲ… သူ့ဆီမှာ အရန်အစီအစဉ်တွေ ရှိမနေဘဲ နေမှာလား… သူ အခုလို ရဲရဲ ဝံ့ဝံ့ ထွက်သွားရဲတာ ပစ်ချခံရမှာကို မကြောက်လို့လား…* ဟု သူ တွေးနေမိလေသည်။
ထို့ပြင် ကောင်းယွမ်သည် ထိုင်ဝမ်ကျွန်းကို ကယ်တင်ခဲ့စဉ်က စက်ရုပ်ဝတ်စုံကိုပင် မောင်းနှင်ခဲ့သေး သည် မဟုတ်ပါလား။
တုန်းဟွမ်သည် တုံ့ဆိုင်းသွားခဲ့လေ၏။
ပေလွန်း ပြောသည်မှာလည်း မှန်ပေသည်။
အကယ်၍ ကိစ္စများ ကျရှုံးသွားပါက အန်းနီသည် မြေစာပင် ဖြစ်သွားနိုင်လေသည်။
အကယ်၍ သူတို့ အောင်မြင်သွားခဲ့လျှင်ပင် ရှနိုင်ငံသည် သေချာပေါက် ဒေါသထွက်လာမည်ဖြစ်ပြီး လက်စားချေလာနိုင်ကာ ကမ္ဘာကြီးကို ကမောက်ကမ ဖြစ်စေနိုင်ပေသည်။
အကယ်၍ အန်းနီသာ အာဏာရှိနေသေးပါက သူမသည် ရှေ့ထွက်လာကာ ကယ်တင်ရှင်တစ်ဦး ဖြစ်လာ နိုင်လေသည်။
တုန်းဟွမ်သည် ပေလွန်း၏ ပခုံးကို ပုတ်လိုက်လေ၏။
"ကောင်းကောင်း ပြောနိုင်ခဲ့တယ်... ဒါဆိုရင် ကြေညာချက်ကို မထုတ်ပြန်နဲ့ဦး... ဒါပေမဲ့ သမ္မတအိမ် တော်ဆီကို ချီတက်မယ့် စစ်ဆင်ရေးကတော့ ဆက်လုပ်ရမယ်... သူ ဘယ်လောက်ကြာကြာ ပုန်းနေနိုင် မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
သူသာ အာဏာမရယူနိုင်သေးပါက ယခုအချိန်တွင် လက်နက်အမျိုးမျိုးကို တပ်ဖြန့်ခြင်းမှာ တရားမဝင် ဖြစ်နေမည်ဖြစ်ပြီး လျှို့ဝှက် အရောင်းအဝယ်များမှတစ်ဆင့်သာ ပြုလုပ်နိုင်ပေမည်။ အန်းနီမှာမူ ဌာနအသီးသီးကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေခဲ့ပြီ ဖြစ်လေသည်။
"နျူကလီးယား ထိပ်ဖူးတွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိလား..."
ဟု တုန်းဟွမ်က မေးလိုက်လေသည်။
"ခင်ဗျားက ရာထူးကို တရားဝင် မရယူရသေးဘူးလေ... ဒါကြောင့် လုပ်ထုံးလုပ်နည်းအရ တရားဝင်မှု မရှိသေးပါဘူး... ဒါပေမဲ့ အားလုံးက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေကြပါတယ်... ဗိုလ်ချုပ် ဒေါက်ကလည်း ကောင်းယွမ်ကို သဘောမကျဘူးလေ... သူက ကောင်းယွမ်ကို ရှင်းထုတ်ဖို့ ခင်ဗျားနဲ့ အပြည့်အဝ ပူးပေါင်းချင်နေတာ... ဒါပေမဲ့ သူ့ရဲ့ အာဏာနဲ့ဆိုရင် နျူကလီးယား ထိပ်ဖူး ဆယ်လုံးက အများဆုံးပဲ... အဲဒီလိုဆိုရင်တောင် နောက်ပိုင်းကျရင် ဒီကိစ္စက စစ်ခုံရုံးကို ရောက်သွားနိုင်တယ်..."
"ငါ အာဏာရလာဖို့ဆိုတာ သေချာနေပြီဖြစ်တဲ့အကြောင်း သူ့ကို ပြောလိုက်ပါ... ဒါကြောင့် သူ စိုးရိမ် စရာမလိုဘဲ ရှေ့ဆက်လုပ်လို့ရတယ်... သူ အမေရိကရဲ့ အကြီးမြတ်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်လာစေရမယ် လို့ ငါ အာမခံတယ်... ဒုံးကျည် ဆယ်လုံးပဲဖြစ်ဖြစ် သုံးဆယ်ပဲဖြစ်ဖြစ် သိပ်ပြီး ကွာခြားမှု မရှိပါဘူး... ငါတို့ဘက်ကသာ ထိအောင်ပစ်နိုင်ရင် သူ့ကို သေမင်းဆီပို့ဖို့ ဒုံးကျည်တစ်လုံးတည်းနဲ့တင် လုံလောက် နေပြီ..."
တုန်းဟွမ်သည် ထိုကိစ္စအတွက် ဆက်၍ စိုးရိမ်မနေတော့ပေ။
လကမ္ဘာသို့ သွားရန်မှာ အလွန်ဆုံး နာရီအနည်းငယ် သို့မဟုတ် ဆယ်နာရီခန့်သာ ကြာမြင့်မည် ဖြစ်လေ သည်။
ဤမျှ တိုတောင်းသော အချိန်လေးအတွင်း သူ မည်မျှပင် ကြိုးစားစေကာမူ အာဏာကို ချောမွေ့စွာ ရယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စကို ဘေးဖယ်ထားလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ချေမည်။
...
ကောင်းယွမ်သည် လကမ္ဘာပေါ်တွင် ပထမဆုံး တည်ဆောက်ထားသည့် အာကာသစစ်သင်္ဘောပေါ်သို့ တက်ရောက်သွားခဲ့လေသည်။ ကောင်းယွမ်သည် ၎င်းကို 'မုန်တိုင်း' ဟု အမည်ပေးလိုက်လေ၏။
အဓိကအားဖြင့် မုန်တိုင်းသမုဒ္ဒရာ အခြေစိုက်စခန်းကို အမှတ်ရစေရန်နှင့် မုန်တိုင်းသမုဒ္ဒရာ ရှုခင်းသာ နယ်မြေကို လူသိများစေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။
သူ ပြန်လည်ထွက်ခွာလာပြီးနောက် အခြေစိုက်စခန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေခဲ့လေသည်။
အိမ်နီးချင်း နိုင်ငံများမှာလည်း အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြလေ၏။
သို့သော်လည်း အာကာသယာဉ်မှူးများအားလုံးမှာ ဤအချိန်တွင် တိတ်ဆိတ်နေခဲ့ကြပေသည်။
ဤလပေါ်ဆင်းသက်မှုသည် သူတို့၏ ခြေရာများကို ချန်ထားရစ်နိုင်ရန်နှင့် အရေးကြီးသော နမူနာများကို ပြန်လည်သယ်ဆောင်လာနိုင်ရန် အခွင့်အရေးပေးမည်ဖြစ်ပြီး ၎င်းသည် ကြီးမားသော အောင်မြင်မှုကြီး တစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြလေသည်။
သို့သော် ကောင်းယွမ်က နာရီအနည်းငယ်အတွင်း လကမ္ဘာပေါ်၌ ဧရာမ အခြေစိုက်စခန်းကြီးတစ်ခုကို မည်သို့မည်ပုံ တည်ဆောက်ခဲ့ပြီး အာကာသစစ်သင်္ဘော တစ်စီးကိုပင် ထုတ်လုပ်နိုင်ခဲ့ကြောင်း ကိုယ် တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အခါ...၊
၎င်းနှင့် နှိုင်းယှဉ်လိုက်ပါက သူတို့အဖွဲ့ လုပ်ဆောင်ခဲ့သမျှမှာ မြေကြီးအနည်းငယ်ကို တူးဆွရုံမျှသာ ရှိနေ ခဲ့ပေသည်။
၎င်းမှာ မယုံနိုင်လောက်အောင်ပင် အားနည်းလွန်းနေခဲ့လေ၏။
ကောင်းယွမ်သည် အာကာသယာဉ်မှူးများကို လက်ပြနှုတ်ဆက်လိုက်လေသည်။
"ကျွန်တော် သွားတော့မယ်ဗျို့..."
တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း အင်တာနက်အသုံးပြုသူ တစ်စုသည် အာကာသယာဉ်မှူးများ၏ မျက်နှာ အမူအရာများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူကာ အမျိုးမျိုးသော စာသားများကို ရေးသားခဲ့ကြလေ သည်။
[မြန်မြန်လုပ်ပါ... အစွမ်းပြနေတာတွေကို ရပ်လိုက်တော့...]
[ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားနေရပြီ...]
[အဲဒီအချိန်တုန်းက ငါ အရမ်းကို မနာလိုဖြစ်ခဲ့ရတယ်... ဒါပေမဲ့ ငါ နည်းနည်းလေးမှ စိတ်ဓာတ်မကျခဲ့ ပါဘူး... ဘာလို့လဲဆိုတော့ ငါ့ဆီမှာ ငါ့လိုပဲ အသုံးမကျတဲ့ ညီအစ်ကို တစ်စု ရှိနေသေးတာကိုး...]
မကြာမီမှာပင် တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း၌ စစ်သင်္ဘောကြီး စတင်ထွက်ခွာသွားပြီး ကျယ်ပြောလှ သော စကြဝဠာကြီးထဲသို့ ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ကြရလေသည်။
ကောင်းယွမ်သည် တကယ်ပင် အိမ်အပြန်ခရီးကို နှင်နေခဲ့ပြီ ဖြစ်ပေသည်။
လကမ္ဘာ အခြေစိုက်စခန်းကို တည်ဆောက်ပြီးစီးသည်နှင့် ၎င်းအား ဖြည့်ဆည်းပေးနိုင်မည့် အထောက် အကူပြု အဆောက်အအုံ အမျိုးမျိုးကို တည်ဆောက်ရန်အတွက် ကမ္ဘာမြေသို့ ပြန်လာရန် လိုအပ်မည် ဖြစ်လေသည်။
အခြေခံအကျဆုံး လိုအပ်ချက်မှာ အနာဂတ်ကမ္ဘာနှင့် ဆင်တူသော အာကာသစခန်း တစ်ခု လိုအပ်ခြင်း ပင် ဖြစ်ပေသည်။ အာကာသစခန်းဆိုသည်မှာ တကယ်တော့ အာကာသ ဓာတ်လှေကားဖြင့် ချိတ်ဆက် ထားသည့် အာကာသစခန်း တစ်ခုဖြစ်ပြီး သိပ္ပံနည်းကျ သုတေသနများအတွက် အသုံးမပြုဘဲ ကုန်တင် ဆိပ်ကမ်းတစ်ခု အနေဖြင့်သာ အသုံးပြုခြင်း ဖြစ်လေသည်။
ထိုအခါ လကမ္ဘာမှ ကုန်ကြမ်းများကို အစဉ်မပြတ် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး သူသည် အခြားသူ များအပေါ် မှီခိုနေရန် လိုအပ်တော့မည် မဟုတ်ပေ။ သူသည် ကောင်းချိုး၏ ဖိအားများကို လျော့ကျသွား စေရန် ထိုကုန်ကြမ်းများကို ပေးပို့နိုင်မည် ဖြစ်လေသည်။
ဆယ်မိနစ်ကျော်မျှ အကြာတွင် မုန်တိုင်း စစ်သင်္ဘောသည် ကမ္ဘာမြေ၏ အမြင့်ပိုင်း ပတ်လမ်းကြောင်းသို့ ရောက်ရှိလာခဲ့လေသည်။
ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ရန် သင့်လျော်သော ထောင့်ကို ရှာဖွေနေစဉ် စစ်သင်္ဘော၏ ကာကွယ်ရေးစနစ်သည် ရုတ်တရက် လင်းလက်သွားခဲ့ပေသည်။
"ကျွန်ုပ်တို့ဆီကို ချဉ်းကပ်လာနေတဲ့ တိုက်ခိုက်ရေး ပစ်မှတ် ဆယ့်နှစ်ခုကို ထောက်လှမ်းတွေ့ရှိရ ပါတယ်..."
ကောင်းယွမ် အံ့အားသင့်သွားခဲ့လေ၏။
*ဘယ်သူများပါလိမ့်…* ဟု သူ တွေးလိုက်မိသည်။
၎င်းမှာ အလွန်အံ့ဩဖွယ်ကောင်းလှပေသည်။ အာကာသစစ်သင်္ဘော၏ ရေဒါသည် ကမ္ဘာပတ်လမ်း ကြောင်းထဲတွင် ရှိနေသဖြင့် ကမ္ဘာမြေကို (၃၆၀) ဒီဂရီ ပတ်လည် လွှမ်းခြုံကာ မျက်ကွယ်ဒေသ မရှိဘဲ ထောက်လှမ်းနိုင်စွမ်း ရှိနေလေသည်။
"ဖျက်ဆီးပစ်လိုက်..."
အကယ်၍ ဤအရာသာ အနာဂတ်ကမ္ဘာတွင် ဖြစ်မည်ဆိုပါက ရန်သူ၏ လက်နက်များမှာ အလွန်အမင်း အဆင့်မြင့်မားလွန်းသဖြင့် ကောင်းယွမ် ပို၍ပင် စိုးရိမ်ပူပန်နေရမည် ဖြစ်လေသည်။
ဥပမာအားဖြင့် အာကာသထဲတွင် အလင်းအလျင်ဖြင့် သွားလာနိုင်သည့် လေဆာလက်နက်များမှာ ရှောင် တိမ်းရန် မဖြစ်နိုင်ပေ။ ၎င်းတို့ကို ထောက်လှမ်းတွေ့ရှိချိန်တွင် တိုက်ခိုက်မှုက ရောက်ရှိနေပြီဖြစ်ရာ ခံနိုင် ရည်ရှိအောင် တောင့်ခံထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် လက်ရှိကမ္ဘာ၏ လက်နက်များမှာမူ မယုံနိုင်လောက်အောင်ပင် နှေးကွေးလှပေသည်။ မကြာမီ မှာပင် အမျိုးမျိုးသော လေဆာလက်နက်များသည် ချဉ်းကပ်လာသော ပစ်မှတ်များကို ချိန်ရွယ်လိုက် လေသည်။
"ရှင်းလင်းပစ်လိုက်..."
ရာပေါင်းများစွာသော လေဆာတန်းများသည် လှောင်ချိုင့်တစ်ခုသဏ္ဍာန် ဖြစ်ပေါ်သွားကာ တိုက်ချင်းပစ် ဒုံးကျည်များထံသို့ ပြေးဝင်သွားခဲ့လေသည်။ ဤမျှများပြားစွာ အသုံးပြုရခြင်း၏ အကြောင်းရင်းမှာ တိုက်ချင်းပစ် ဒုံးကျည်များက ၎င်းတို့၏ လမ်းကြောင်းကို ပြောင်းလဲကာ တိုက်ခိုက်မှု လွဲချော်သွားမည် ကို တားဆီးရန်ပင် ဖြစ်ပေသည်။
ယခုအခါ ဤလေဆာတန်းများသည် ဒုံးကျည်များ၏ ပတ်လည်ရှိ နေရာလွတ်ကို ပိတ်လှောင်ထားပြီဖြစ် ရာ ၎င်းတို့ မည်သို့ပင် ပြောင်းလဲစေကာမူ အနည်းဆုံး လေဆာနှစ်ခုကတော့ ၎င်းတို့ကို ထိမှန်သွားမည် သာ ဖြစ်လေသည်။
မကြာမီမှာပင်...၊
ထိန်းချုပ်မှု စနစ်မှတစ်ဆင့် အာကာသထဲတွင် မီးရှူးမီးပန်းများ ဆက်တိုက် ပေါက်ကွဲနေသည်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေသည်။
မြောက်မြားစွာသော ဒုံးကျည် အပိုင်းအစများသည် လေထုအတွင်းသို့ ကျဆင်းလာကာ ကြယ်ကြွေ သည့် မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ဤအချိန်တွင် အောက်ဘက်ရှိ နိုင်ငံတစ်နိုင်ငံမှ မိန်းကလေးများသည် ဤမြင်ကွင်းကို ကြည့်ရှုကာ မျက်စိမှိတ်၍ ဆုတောင်းနေကြမည် ဖြစ်ကောင်းဖြစ် နိုင်ပေသည်။
အချို့သော အပိုင်းအစများသည်လည်း ကမ္ဘာမြေကို ကျော်လွန်ကာ အာကာသ အမှိုက်သရိုက်များအဖြစ် ပျောက်ကွယ်သွားခဲ့သလို ကမ္ဘာပတ်လမ်းကြောင်း အတွင်း၌လည်း ကျန်ရစ်နေခဲ့လေ၏။
ကောင်းယွမ်သည် ကမ္ဘာပတ်လမ်းကြောင်း အတွင်းရှိ အပျက်အစီးများကို ရှင်းလင်းလိုက်လေသည်။
ဤအချိန်တွင် စစ်သင်္ဘော၏ စနစ်သည် ထိုဒုံးကျည်များ၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာလိုက်လေ၏။
၎င်းတို့အထဲတွင် နျူကလီးယား ထိပ်ဖူး အတော်များများ ပါဝင်နေခဲ့ပေသည်။
*တစ်ယောက်ယောက်က ငါ့ကို နျူကလီးယားဗုံးနဲ့ တိုက်ခိုက်လိုက်တာလား...*
၎င်းမှာ ကောင်းယွမ်၏ ပထမဆုံးသော တုံ့ပြန်မှုပင် ဖြစ်လေသည်။
"ပစ်လွှတ်လိုက်တဲ့ နေရာကို တွက်ချက်စမ်း..." ဟု ကောင်းယွမ်က အမိန့်ပေးလိုက်လေသည်။
စစ်သင်္ဘော၏ ထိန်းချုပ်မှု စနစ်သည် ဒုံးကျည်များ ဝင်ရောက်လာသည့် ဦးတည်ရာ၊ အနေအထားနှင့် ပုံသဏ္ဍာန်တို့အပေါ် အခြေခံ၍ ပစ်လွှတ်ရာ နေရာနှင့် ဇာစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာရန် ၎င်း၏ ဧရာမ တွက် ချက်မှု စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်လေသည်...။
အောက်ဘက်တွင်မူ တုန်းဟွမ်သည် ဒုံးကျည် ပစ်လွှတ်ရေးစနစ်၏ မျက်နှာပြင်ကို ကြည့်နေခဲ့လေသည်။ ၎င်းတွင် ဒုံးကျည် (၁၂) စင်းကို ပြသထားပြီး ၎င်းတို့အနက် ခြောက်စင်းမှာ နျူကလီးယား ထိပ်ဖူး (၁၀) လုံးစီကို သယ်ဆောင်ထားသော်လည်း ယခုအခါ ဒုံးကျည်အားလုံးမှာ ပစ်မှတ်နှင့် လွဲချော်သွားခဲ့ပြီ ဖြစ် ပေသည်။
သူသည် ထိတ်လန့်တုန်လှုပ်သွားပုံ ရလေ၏။
"အားလုံး ကြားဖြတ် တိုက်ခိုက်ခံလိုက်ရတာလား..."
"ဟုတ်ပါတယ်..."
ဒေါက်၏ မျက်နှာမှာ မှုန်ကုပ်နေခဲ့လေသည်။ တိုက်ချင်းပစ် ဒုံးကျည်များသည် ၎င်းတို့၏ လမ်းကြောင်း များ အပြောင်းအလဲရှိကာ အလွန်လျင်မြန်သောကြောင့် ကြားဖြတ်ဟန့်တားရန် အခက်ခဲဆုံး ဖြစ်သော် လည်း ဤအရာများအားလုံးမှာ ကောင်းယွမ်၏ အာကာသစစ်သင်္ဘောရှေ့တွင် ကစားစရာ အရုပ်များ သဖွယ် ဖြစ်နေခဲ့ပေတော့သည်။
"တပ်မှူး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..."
"အန်းနီ့ဆီကနေ လုပ်ပိုင်ခွင့် အမိန့် ရအောင်ယူမယ့် နည်းလမ်း ခင်ဗျားဆီမှာ ရှိတယ်ဆိုတာ ကျွန်တော် သိတယ်နော်..."
ဒေါက်သည် တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်လေသည်။
သို့သော် ဘာအသုံးဝင်မည်နည်း။ အစောကြီးဖြစ်စေ နောက်ကျမှဖြစ်စေ ဒုံးကျည်ကို ပစ်လွှတ်ခဲ့သည်မှာ အမေရိက ဖြစ်ကြောင်း ကောင်းယွမ် သိရှိသွားမည်သာ ဖြစ်ပြီး ထိုအချိန်တွင် အမေရိက တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခ ရောက်ရပေလိမ့်မည်။
"ဒေါက်... ခင်ဗျား အခုချက်ချင်း ဟာဝိုင်ရီကို အားလပ်ရက် အပန်းဖြေခရီး ထွက်သွားလိုက်တော့... ကျန် တာတွေကို ကျွန်တော့်ကိုသာ လွှဲထားလိုက်..."