← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ယူအက်စ်ဘီဒရိုက်ဗ် စက်ရုပ်

ပြန်လည်ထူထောင်ရေးဝါဒသည် မကြာသေးမီက ရန်သူ့နိုင်ငံများ ဝိုင်းရံထားခြင်းခံရသဖြင့် အခက်အခဲ များနှင့် ရင်ဆိုင်နေခဲ့ရလေသည်။

ယခင်က သူတို့ကို ကာကွယ်ပေးရန် အမေရိက ရှိခဲ့သော်လည်း အန်းနီ အာဏာရလာပြီးနောက်ပိုင်းတွင် သူတို့အား သိပ်ပြီး ဂရုမစိုက်တော့ပေ။

သေချာသည်မှာ အဓိက ပြဿနာမှာ သူတို့၏ အင်အားများ အားနည်းသွားခဲ့ပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်တော့ခြင်းပင် ဖြစ်လေ၏။

လဝက်မျှသာ ကြာသောအချိန်အတွင်း ပြန်လည်ထူထောင်ရေးဝါဒသည် အသေအပျောက် များပြားစွာ ဖြင့် ပြင်းထန်သော ထိခိုက်နစ်နာမှုများကို ခံစားခဲ့ရလေသည်။

အရေးအကြီးဆုံးမှာ သူတို့ ထွက်ပြေးရန် နေရာ မရှိတော့ခြင်းပင် ဖြစ်ပေသည်။

သင်္ဘောဖြင့် ထွက်ပြေးပါက ရေလက်ကြားတွင် တိုက်ခိုက်ခံရနိုင်ချေရှိပြီး ကုန်းလမ်းမှလည်း မဖြစ်နိုင် သည့်အပြင် လေယာဉ်ဖြင့်ဆိုလျှင်ပင် ဒုံးပျံနှင့် ဒုံးကျည် တိုက်ခိုက်မှုများကို ရင်ဆိုင်ရလေသည်။

သူတို့ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေချိန်တွင် အမေရိက၌ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး တုန်းဟွမ်၏ အာဏာသည် ခိုင်မာစွာ အမြစ်တွယ်သွားခဲ့လေသည်။ ဤအရာက သူတို့ ၏ မျှော်လင့်ချက်များကို ပြန်လည် ရှင်သန်လာစေခဲ့ပေသည်။

တုန်းဟွမ်သည်လည်း တိုက်ရိုက်ပင် ဖြစ်လေသည်။

"မင်းတို့က အကြမ်းဖက်ဝါဒကို ဖန်တီးခဲ့တဲ့သူတွေ မဟုတ်ဘူးလား... သွားပြီး ကောင်းယွမ်ကို ရှင်းပစ် လိုက်... အဲဒီလိုမှ မဟုတ်ရင်တောင် သူ့ဘေးနားက လူတွေကို ရှင်းပစ်လိုက်..."

ဤအရာက ကောင်းယွမ်ကို အလွယ်တကူ မလှုပ်ရှားရဲအောင် ဆိုင်းငံ့သွားစေခဲ့လေသည်။

ဤသို့ဖြင့် ထိုတိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

ဤဝန်ထမ်းများသည် ငါးရံ့နက် နည်းပညာကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် အတွက် ရှနိုင်ငံတွင် တပ်စွဲထားခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော် ယခုအခါတွင်မူ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူတို့သည် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် အကောင်းဆုံးသော ပစ်မှတ်များ ဖြစ် လာခဲ့ကြလေတော့သည်။

ဤသတင်းစကားများကို ပေးပို့ပြီးနောက် ကောင်းယွမ်သည် လုံခြုံရေးစက်ရုပ်များဖြင့် ဖွဲ့စည်းထား သော ဂျူးလူမျိုး ရှင်းလင်းရေးတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းလိုက်လေသည်။

သူသည် ၎င်းတို့အား လေဆာလက်နက်များနှင့် ယာဉ်ပျံများကို တပ်ဆင်ပေးခဲ့ပြီး ရှနိုင်ငံ နယ်နိမိတ် အတွင်းရှိ ဂျူးလူမျိုးများကို အမြစ်ပြတ်ချေမှုန်းရန် တာဝန်ပေးအပ်ခဲ့လေ၏။

ကောင်းယွမ် ကိုယ်တိုင်လည်း စစ်သင်္ဘောကို မောင်းနှင်ကာ... အစ္စရေးသို့ ဦးတည်ထွက်ခွာသွားခဲ့လေ သည်။

ယခင်အကြိမ်က ဂျပန်လူမျိုးများကို ရှင်းလင်းပစ်ပြီးနောက် သူ့ကို မည်သူကမျှ ဆန့်ကျင်ရဲတော့မည် မဟုတ်ဟု ကောင်းယွမ် ထင်မှတ်ခဲ့သော်လည်း သူ တွက်ဆမှု မှားယွင်းသွားခဲ့လေသည်။ အချို့သော သူများသည် ပြဿနာကို ကိုယ်တိုင် ဖိတ်ခေါ်နေကြခြင်းပင် ဖြစ်ပေသည်။

ထိုအချိန်တွင်...၊

အရှေ့အလယ်ပိုင်း ဒေသရှိ အစ္စရေးသည် မျက်နှာစာ သုံးဘက်မှ တိုက်ခိုက်ခံနေရလေသည်။

ပါရှားလူမျိုးများနှင့် အာရပ်တို့သည် သူတို့၏ မြင့်မြတ်သောမြေကို ပြန်လည်ရယူရန် ကတိပြုထားကြ လေ၏။

အစ္စရေးသည် ပြည်တွင်းပြည်ပ ပြဿနာများနှင့် ရင်ဆိုင်နေရလေသည်။

ထို့ပြင် ကူးစက်ရောဂါများက ကမ္ဘာတစ်ဝန်းသို့ ပြန့်နှံ့သွားခဲ့ရာ နေရာအနှံ့အပြားတွင် အစားအစာ တင်ပို့ မှု တားမြစ်ပိတ်ပင်ခြင်းများကို ဖြစ်ပေါ်စေခဲ့ပေသည်။ သူတို့၏ ကုန်သွယ်ရေး လမ်းကြောင်းများမှာ လည်း ပိတ်ဆို့နေခဲ့ပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော စစ်ပွဲများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့တွင် ပိုလျှံနေသော အစားအစာဟူ၍ လုံးဝ မရှိတော့ပေ။

အကယ်၍ စစ်မဖြစ်နေပါက အာဏာပိုင်များသည် လွန်ခဲ့သော အချိန်များစွာကတည်းက ဖြုတ်ချခံခဲ့ရ မည် ဖြစ်လေသည်။

ရှေ့တန်းမှ တိုက်ပွဲဝင်နေသော စစ်သားများသည် ယခုအခါ တစ်နေ့လျှင် ထမင်းနှစ်နပ်သာ စားရပြီး ထို အရာများမှာလည်း ရိက္ခာခြောက်များသာ ဖြစ်ပေသည်။

သူတို့၏ တိုက်ခိုက်လိုစိတ်မှာ ယခင်ကတည်းက ကျဆင်းနေခဲ့ပြီး ယခုအခါ လုံလောက်စွာပင် မစားရ တော့ပေ။ စိတ်ဓာတ်များ ကျဆင်းနေကာ တိုက်ပွဲတိုင်းတွင် ဆက်တိုက် ရှုံးနိမ့်နေခဲ့ကြလေသည်။ သူတို့ ၏ နယ်မြေများသည် သုံးပုံတစ်ပုံခန့်အထိ ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်လေ၏။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်သည် ကောင်းကင်ယံ၌ ပျံသန်းလာသော ဧရာမ စစ်သင်္ဘောကြီး တစ်စီးကို မြင်တွေ့လိုက်ရလေသည်။

စစ်သားများအားလုံး ချက်ချင်းပင် မှင်သက်သွားခဲ့ကြလေ၏။

ခံစစ်ဆင်နေသော အစ္စရေးရော၊ ထိုးစစ်ဆင်နေသော ခုခံရေးမဟာမိတ်အဖွဲ့ပါ တိုက်ခိုက်မှုများကို ရပ် တန့်လိုက်ကြပြီး ကောင်းကင်ယံသို့ ငေးမောကြည့်နေခဲ့ကြလေသည်။ ဤစစ်သင်္ဘောကြီးသည် ကောင်းယွမ်၏ စစ်သင်္ဘောဖြစ်ကြောင်း လူတိုင်း သိရှိထားကြပေသည်။

သို့သော် ကောင်းယွမ်က ဤနေရာတွင် ဘာလာလုပ်နေပါသနည်း။

ထိုသို့ တွေးတောနေစဉ်မှာပင်...၊

အာကာသစစ်သင်္ဘောသည် အသင့်ပြင်ဆင်လိုက်ပြီး ဤတစ်ကြိမ်တွင် သူသည် ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်ကို အသုံးမပြုခဲ့ပေ။ ထိုအရာက အလွန်အမင်း အစွမ်းထက်လွန်းလှပေသည်။

ထိုအစား လေဆာအမြောက်များ အားလုံးကို ဖွင့်လှစ်လိုက်လေ၏...။

လေဆာအမြောက်များသည် အပြည့်အဝ တိုက်ခိုက်မှုဖြင့် ၎င်း၏ ရှင်းလင်းရေးကို စတင်လိုက်လေ သည်။

သောင်းနှင့်ချီသော စွမ်းအင်မြင့် လေဆာများသည် သေမင်းတမန် ပိုက်ကွန်ကြီးတစ်ခုသဏ္ဍာန် ဖန်တီး လိုက်ပြီး အစွန်းပိုင်းမှစတင်ကာ အတွင်းဘက်သို့ တံမြက်လှည်းသကဲ့သို့ ရှင်းလင်းဝင်ရောက်သွားခဲ့ လေတော့သည်။

ကောင်းယွမ်၏ အမြန်နှုန်းမှာ အလွန်ပင် လျင်မြန်လှပေသည်။

ရှေ့တန်းရှိ သောင်းနှင့်ချီသော စစ်သားများသည် မိနစ်အနည်းငယ်အတွင်းမှာပင် ရှင်းလင်းခံလိုက်ရ လေသည်။

ထို့နောက် ကောင်းယွမ်သည် သာမန်ပြည်သူများကို စတင်၍ ပစ်မှတ်ထားလာခဲ့လေတော့သည်။

ထူထပ်လှသော လေဆာတန်းများသည် ၎င်းတို့၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဆက်တိုက် လောင်ကျွမ်းစေခဲ့လေသည်။ အိမ်ထဲတွင်ဖြစ်စေ မြေအောက်တွင်ဖြစ်စေ ပုန်းအောင်း နေလျှင်တောင်မှ စွမ်းအင်မြင့် လေဆာများကို မတားဆီးနိုင်ပေ။ ဤလေဆာများသည် ကြမ်းပြင်များကို ဖောက်ထွင်းဝင်ရောက်နိုင်ပြီး မြေအောက်ဆယ်မီတာကျော် အနက်အထိတိုင်အောင် ရောက်ရှိနိုင်စွမ်း ရှိလေသည်။

တစ်ဖက်ရန်သူ စစ်သားများသည် အစ္စရေး တစ်နိုင်ငံလုံး ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင် တွေ့လိုက်ကြရလေတော့သည်။

ကောင်းယွမ်၏ လေဆာဖြင့် အကုန်အစင် ရှင်းလင်းမှုအပြီးတွင် သူတို့သည် အမေရိကသို့ ဦးတည် ထွက်ခွာသွားခဲ့လေသည်။

သူတို့ မရောက်လာမီကတည်းကပင် တုန်းဟွမ်သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ပြီ ဖြစ်လေ ၏။

အစ္စရေးကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

ယခုအခါ ထိုမိစ္ဆာက သူ့ထံသို့ လာနေပြီ ဖြစ်လေသည်။

အာကာသစစ်သင်္ဘောကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။

ဒုံးကျည်များလည်း အသုံးမဝင်၊ လေယာဉ်များလည်း အသုံးမဝင်သလို... နျူကလီးယားဗုံးများလည်း အသုံးဝင်မည် မဟုတ်ပေ။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများမှလွဲ၍ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင် မှုများမှာ ရင်ဆိုင်မှုများ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အသေ ခံ စစ်ဆင်ရေးများသာ ဖြစ်ပေတော့သည်။

ထို့ကြောင့် တုန်းဟွမ်သည် ထွက်ပြေးသွားခဲ့လေတော့သည်။

သူတို့သည် ခိုင်ခံ့သော မြေအောက်ခံတပ်တစ်ခုအတွင်း ပုန်းအောင်းနေခဲ့ကြပြီး ပြင်ပကမ္ဘာနှင့် ဆက် သွယ်မှု အားလုံးကို ဖြတ်တောက်ထားခဲ့ကြလေသည်။

ကောင်းယွမ်သည် အခြေစိုက်စခန်း အချို့ကို ဖျက်ဆီးပြီးနောက်...၊

စစ်သင်္ဘောပေါ်မှ စက်ရုပ်အချို့ကို လွှတ်လိုက်လေသည်။

ဤစက်ရုပ်များကို တုန်းဟွမ်နှင့် သူ၏ ယုံကြည်ရသူများ၏ ပုံစံအတိုင်း ဖန်တီးထားခြင်း ဖြစ်လေသည်။ ၎င်းတို့၏ သတင်းအချက်အလက် အမျိုးမျိုးကို ထည့်သွင်းပြီးနောက် ၎င်းတို့သည် တုန်းဟွမ်အား တိုက် ရိုက် အစားထိုးကာ အမေရိကတွင် သူတို့အား ပေးအပ်ထားသော တာဝန်များကို ပြီးမြောက်အောင် လုပ် ဆောင်ကြမည် ဖြစ်ပေသည်။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက်... ကောင်းယွမ်သည် မုကျားသို့ ပြန်လာခဲ့ပြီး မုကျားမှ သေဆုံးသူများအတွက် အထူးမှာယူထားသော စက်ရုပ်များ ထုတ်လုပ်ရန် စီစဉ်လိုက်လေသည်။

ချက်ချင်းပင် ကောင်းယွမ်သည် ထိုနေရာသို့ ရောက်ရှိသွားခဲ့လေ၏။ ငါးရံ့နက် နည်းပညာကုမ္ပဏီ ရုံးချုပ်မှနေ၍ အနာဂတ်ကမ္ဘာသို့ သွားရောက်ရန်အတွက် အချိန်နှင့်အာကာသတံခါးကို ဆင့်ခေါ်လိုက် လေသည်။

ဤနေရာသို့ သူ မလာခဲ့သည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။

သူသည် လုံကျင်းမြို့ ဆင်ခြေဖုံးရှိ လူနေရပ်ကွက်၌ တစ်ဖန် ပြန်လည် ပေါ်လာခဲ့ပေသည်။

သို့သော် ဤတစ်ကြိမ် ရောက်ရှိလာချိန်တွင် ၎င်းမှာ ဧရာမ မြို့ကြီးတစ်မြို့ အဖြစ်သို့ ပြောင်းလဲသွားခဲ့ လေပြီဖြစ်ပေ၏။

ကောင်းယွမ် ပေါ်လာသည်နှင့် လင်းရှောင်က ချက်ချင်း သိရှိသွားခဲ့လေ၏။

"ညွှန်ကြားရေးမှူးကောင်း... ရောက်လာပြီပဲ..."

လင်းရှောင်သည် ကောင်းယွမ်အား မြို့တော် အုပ်ချုပ်ရေးခန်းမထဲသို့ ကြိုဆိုခေါ်ဆောင်သွားခဲ့လေသည်။

"ဒီနေရာက တည်ဆောက်ရေးတွေ တကယ်ကို မြန်ဆန်တာပဲ..."

"ညွှန်ကြားရေးမှူးကောင်းရဲ့ ကျေးဇူးကြောင့်ပါပဲ... ဒီနေရာက ပထမဆုံး တည်ထောင်တဲ့ မြို့သစ်ဖြစ်ပြီး ကျွန်တော်က ပထမဆုံး အုပ်ချုပ်ရေးမှူး ဖြစ်လာရတဲ့အတွက် ဂုဏ်ယူမိပါတယ်..."

"ကောင်းချိုးရော ဘယ်မှာလဲ..."

"အရာရှိကောင်း ဒီနေရာမှာ မရှိပါဘူး... သူက လကမ္ဘာ ကာကွယ်ရေး အခြေစိုက်စခန်းမှာ စစ်ပွဲကို ကွပ်ကဲနေပါတယ်..."

"စစ်ဖြစ်နေပြီလား..."

ကောင်းယွမ် အနည်းငယ် စိုးရိမ်သွားခဲ့ရလေသည်။

"ကျွန်တော့်ကို လပေါ် ပို့ပေးပါ..."

လင်းရှောင်သည် အခက်တွေ့နေဟန်ဖြင့်...၊

"ညွှန်ကြားရေးမှူးကောင်း... ကျွန်တော့်ကို အခက်တွေ့အောင်မလုပ်ပါနဲ့... အရာရှိကောင်းက ခင်ဗျား ရောက်လာရင် အလုပ်မှာပဲ အာရုံစိုက်ပြီး သူ့ကို လိုက်မရှာဖို့ မှာထားလို့ပါ..."

ကောင်းယွမ် ဤတစ်ကြိမ် ရောက်လာခဲ့ခြင်းမှာ ပိုမိုအဆင့်မြင့်သော နည်းပညာအချို့ကို လေ့လာရန် ဖြစ် လေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အာကာသ ဓာတ်လှေကားတစ်ခုကို တည်ဆောက်ကြ တော့မည်ဖြစ်ရာ ပြဿနာအမျိုးမျိုး ပေါ်ထွက်လာနေပြီး အရေးအကြီးဆုံးမှာ ဓာတ်လှေကား ကြိုးများ ၏ ကုန်ကြမ်းပစ္စည်း ပြဿနာပင် ဖြစ်ပေသည်။

အကယ်၍ နည်းပညာဆိုင်ရာ စာရွက်စာတမ်း အပြည့်အစုံကိုသာ ရှာတွေ့နိုင်ပါက ပြန်သွား၍ တိုက်ရိုက် ထုတ်လုပ်ကာ တပ်ဆင်နိုင်မည်ဖြစ်ပြီး ၎င်းက များစွာ ပိုမိုလွယ်ကူသွားစေမည် ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် သူသည် သတင်းအချက်အလက်ဌာနတွင် အချိန်အကြာကြီး မနေခဲ့ရသလို အစစ် အမှန် သတင်းအချက်အလက်များကိုလည်း မတွေ့ခဲ့ရပေ။ သူသည် ကလပ်သို့ ရက်အနည်းငယ် သွားခဲ့ ပြီးနောက် မြို့တော်ကြီးရှစ်ခု မီးလောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ပေသည်။

"လင်းရှောင်... ကျွန်တော် မင်းကို အခက်မတွေ့စေရပါဘူး... မေးခွန်း နည်းနည်းလောက်ပဲ မေးပါ့မယ်..."

"မေးပါ..."

"မင်း သုံးဖက်မြင် မိုက်ခရိုပရင်တာ နည်းပညာကို ရင်းနှီးကျွမ်းဝင်မှု ရှိလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

"သိပါတယ်..."

"ဒါဆိုရင် ကျွန်တော့်ကို ပြောပြစမ်းပါ... မင်းတို့ဆီမှာ ဒီနည်းပညာ ရှိနေပြီဆိုတော့ ကမ္ဘာမြေရဲ့ အရင်း အမြစ်တွေကို ကိုယ်တိုင် တူးဖော်လို့ ရနေတာပဲကို ဘာလို့ ကျွန်တော့်ကို ထောက်ပံ့ခိုင်းနေရတာလဲ..."

ကောင်းယွမ်က မေးခွန်းထုတ်လိုက်လေ၏။

လင်းရှောင်သည် ခဏမျှ မှင်သက်သွားခဲ့ပေသည်။

"အကြောင်းရင်းကို ကျွန်တော်လည်း မသိပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာလောက်ကတည်းက လူသားတွေဟာ ကမ္ဘာမြေပေါ်က သတ္တုအမျိုးမျိုး တူးဖော်တာကို ရပ်တန့်ခဲ့တယ် ဆိုတာတော့ ကျွန်တော် သိတယ်... အဲဒီအချိန်က ရှင်းပြချက်အရတော့ ကမ္ဘာမြေပေါ်က သတ္တုတွေဟာ ရေဒီယိုသတ္တိ ကြွနေပြီး စက်ကိရိယာတွေ ထုတ်လုပ်ဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်..."

"ဒါပေမဲ့ အခု နေရာအတော်များများမှာ ရေဒီယိုသတ္တိကြွမှု မရှိတော့ဘူးလေ..."

ကောင်းယွမ်က မေးလိုက်လေသည်။

"အဲဒီအကြောင်း ကျွန်တော် အရာရှိကောင်းကို အရင်က မေးဖူးတယ်... အရာရှိကောင်းက မရှင်းပြခဲ့ဘဲ ကမ္ဘာမြေပေါ်က သတ္တုတွေဟာ တူးဖော်ဖို့ မသင့်တော်ဘူးလို့ပဲ ပြောခဲ့တာ... ကျွန်တော်တို့ အပြင် ဘက်ကိုပဲ သွားလို့ရမယ်တဲ့လေ... ဒါပေမဲ့ အခု ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက သူပုန်တွေဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ခြေကုပ်ယူထားပြီး လကမ္ဘာရဲ့ အရင်းအမြစ်တွေကလည်း ရှားပါးနေ ပြီ... "

"သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုတွေအရ လကမ္ဘာကို ဆက်ပြီး တူးဖော်လို့ မရတော့ဘူးတဲ့... အကယ် ၍ အကြီးစား တူးဖော်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် လကမ္ဘာရဲ့ ဒြပ်ထုကို အလွန်အမင်း နည်းပါးသွား စေပြီး ကမ္ဘာနဲ့ လကြားက အကွာအဝေးကို တိုတောင်းသွားစေပြီးတော့ ကမ္ဘာမြေရဲ့ ဂေဟစနစ်ကို ထိ ခိုက် လာနိုင်တယ်... ပြီးတော့ ကမ္ဘာမြေနဲ့ တိုက်ရိုက် ဝင်တိုက်တာမျိုးတောင် ဖြစ်လာနိုင်တယ်တဲ့..."

လကမ္ဘာနှင့် ပတ်သက်သည့် ရှင်းပြချက်မှာ အကြောင်းပြချက် ခိုင်လုံသည်ဟု ကောင်းယွမ် ထင်မြင် မိသော်လည်း ကမ္ဘာမြေ၏ အရင်းအမြစ်များကို အဘယ်ကြောင့် တူးဖော်၍ မရနိုင်သနည်း။ ၎င်းသည် ပိတ်လှောင်ခံထားရသည်ဆိုသော ကောင်းချိုး၏ စကားနှင့် ဆက်စပ်နေမည်လား ဟု သူ တွေးလိုက်မိ လေသည်။

အကြောင်းရင်းကို ကောင်းချိုးထံ နောက်မှ မေးမြန်းရမည်ဖြစ်ပြီး ယခုအချိန်တွင် ကောင်းယွမ် လိုအပ် နေသည်မှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပင် ဖြစ်လေသည်။

"တပ်မှူးလင်း... ခင်ဗျားဆီမှာ အာကာသ ဓာတ်လှေကားအတွက် ပုံစံကြမ်းနဲ့ စာရွက်စာတမ်း အပြည့် အစုံ ရှိလား..."

"အို... ရှိပါတယ်... အဲဒါကို ဘာလုပ်ဖို့ လိုအပ်နေလို့လဲ... တကယ်တော့ မြို့တော်ကြီးရှစ်ခုရဲ့ အာကာသ စခန်းကို ဘာပြဿနာမှမရှိဘဲ ဆက်သုံးလို့ ရနေတာပဲ... အသစ်တစ်ခု တည်ဆောက်ဖို့ မလိုပါဘူး..."

"အဲဒါကို ထားလိုက်ပါ... ကျွန်တော့်ကို အပြည့်အစုံ တစ်စုံလောက်သာ ပေးပါ..."

လင်းရှောင်သည် ပြတ်သားစွာ လုပ်ဆောင်လိုက်ပြီး ကောင်းယွမ်အတွက် သက်ဆိုင်ရာ ဒေတာ နည်းပညာများ ထည့်သွင်းထားသော စက်ရုပ်တစ်ရုပ်ကို ပြင်ဆင်ပေးရန် သူ၏ အတွင်းရေးမှူးအား ချက်ချင်း ညွှန်ကြားလိုက်လေ၏။

*ဒီကမ္ဘာက အရာရှိတွေဟာ စက်ရုပ်တွေကို ယူအက်စ်ဘီဒရိုက်ဗ်လို အသုံးပြုရတာ သဘောကျကြ တာလား...* ဟု ကောင်းယွမ်က သူ့စိတ်ထဲတွင် တွေးလိုက်မိလေတော့သည်။

All Chapters