← Chapters

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း (၅၂၁) - ပျောက်ဆုံးနေသော ဝမ်ယွမ်နှင့် သွေးမိစ္ဆာ ကောလာဟလ

‘သွေးမိစ္ဆာ’

ဤစကားလုံးသုံးလုံး ထွက်လာသည်နှင့် အခန်းတွင်းရှိ လူသုံးဦးစလုံး၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဆုတ်သွားကြရတော့၏။

လီယင်ကျန်းက သူ၏ တုန်ရီနေသောအသံကို မနည်းထိန်းချုပ်ရင်း မေးမြန်းလိုက်သည်။

“သူသွားရာလမ်းတစ်လျှောက် ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေ အားလုံး သေဆုံးခဲ့ကြပြီး သူတို့ရဲ့ သွေးအနှစ်တွေကို စုပ်ယူခဲ့တဲ့ အဲဒီသွေးမိစ္ဆာက သူပဲလား”

ရွှီဟွမ်ကျန်းက မျက်မှောင်ကြုတ်လိုက်ရင်း

“နန်းဆောင်သခင်ဝမ် တိုက်ခိုက်ခံခဲ့ရတာလား.... မဟုတ်သေးပါဘူး၊ အဖွဲ့ချုပ်ခေါင်းဆောင်က သူကိုယ်တိုင်က သွေးမိစ္ဆာ ဖြစ်နေလိမ့်မယ်လို့ ထင်နေတာလား.... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက လူသတ်ရတာကို နှစ်သက်မယ့်သူ မဟုတ်ပါဘူး”

ထိုအချိန်တွင် တွမ်ဖုန်း၏ မျက်နှာကမူ ပိုမို၍ လေးနက်မှောင်မှောင်သွားခဲ့ရပြီး တာဟဲဈေးမြို့တော်တွင် ကြားခဲ့ရသော ကောလာဟလများကို ပြန်တွေးမိသည်။ ထိုစဉ်က ပျံ့နှံ့ခဲ့သော သတင်းအချက်အလက်များမှာ အထောက်အထား မခိုင်လုံသော်လည်း ဝမ်ယွမ်ကိုသာ ညွှန်းဆိုနေသည်။ သို့သော် ထိုနှစ်နှစ်၊ သုံးနှစ်တာ ကာလအတွင်း တာဟဲဈေးမြို့တော်တွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကြောင့် ဝမ်ယွမ်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ ယခုအခါ ထိုဘွဲ့အမည်သည် ဝမ်ယွမ်နှင့် ဆက်စပ်နေကြောင်း ကြားလိုက်ရသောအခါ သူ၏ ကျောပြင်ထက်၌ ချွေးအေးများပင် ပြန်လာခဲ့ရတော့သည်။

သူတို့သုံးဦး၏ အမူအရာ ပြောင်းလဲမှုကို ကြည့်ရင်း လော့ချန် စိတ်အေးသွားသည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ရှိနေသေးသည်။ ထိပ်သီးဂိုဏ်းကြီးနှစ်ခုစလုံးကမူ သွေးမိစ္ဆာအား မိစ္ဆာကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ် ကြေညာထားခဲ့ကြပြီး ဖြစ်ရုံမျှမက သုတ်သင်ရှင်းလင်းရန်အတွက်ပါ အမိန့်ထုတ်ပြန်ထားခဲ့ကြချေပြီ။

ကျောက်စိမ်းအိုးနယ်မြေသည် မိစ္ဆာလမ်းစဉ်ကို လက်မခံနိုင်ပေ။ ဤသည်မှာ ဂိုဏ်းဂဏအရေး မဟုတ်သလို အကျိုးအမြတ်အတွက်လည်း မဟုတ်ပေ။ ဤသည်မှာ အထက်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ်တို့၏ ကွဲပြားခြားနားမှု ဖြစ်သည်။ ပုံမှန်အချိန်တွင် မည်မျှပင် အကျင့်ပျက်နေပါစေ အပြင်ပန်းတွင်မူ အထက်လမ်းစဉ်အတိုင်း ပြုမူကြသည်။ အနည်းငယ် လွန်ကဲသူများကိုပင် သူခိုး၊ မိစ္ဆာများဟု သတ်မှတ်လေ့ရှိသည်။ အကယ်၍ မိစ္ဆာနည်းလမ်းကို ကျင့်ကြံသူ တစ်ဦးဦး ရှိလာလျှင်မူ ခြေချစရာ နေရာမရှိတော့ပေ။ ယခင်က စိတ်ဝိညာဉ်သန့်စင်ခြင်း အတတ်ကို ကျင့်ကြံခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ကူယွဲ့ကဲ့သို့ပင် အခြေတည်အဆင့်သာ ရှိသော်လည်း လူတိုင်း၏ ဝိုင်းဝန်း တိုက်ခိုက်ခံခဲ့ရသည်။

“သွေးမိစ္ဆာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ပဲ အစ်ကိုဝမ်နဲ့ ဆက်စပ်နေတာ…. အဲဒီ သတင်းတွေက နဝမတောင်နဲ့ သဲကန္တာရတစ်လျှောက်မှာ ပျံ့နှံ့နေခဲ့တာ ဆိုတော့ သူ ရှိနေနိုင်တဲ့ နေရာကလည်း ဒီနယ်မြေတွေထဲမှာပဲ ဖြစ်ဖို့ များတယ်…. ဒီကိစ္စကို ငါတို့ လေးယောက်ပဲ သိထားကြ…. အပြင်ကို လုံးဝ မပေါက်ကြားစေနဲ့”

သုံးဦးစလုံး တုန်လှုပ်သွားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ လမ်းစဉ်တို့၏ ကွဲပြားမှုထက် သူတို့ကြားရင်းနှီးမှုက ပိုအရေးကြီးသည်။ ဝမ်ယွမ်သည် မိမိတို့လူ ဖြစ်ပြီး တစ်ဖက်သားအား နစ်နာအောင် ပြုလုပ်ခဲ့ဖူးခြင်း မရှိခဲ့လေရာ သူ မိစ္ဆာတစ်ဦး ဖြစ်သွားလျှင်ပင် မိမိတို့အနေဖြင့် ကာကွယ်ပေးသွားမည်ဖြစ်သည်။

“ကံကောင်းလို့ တွေ့ခဲ့ရင် သူ့ကို ပြန်လာဖို့ အတတ်နိုင်ဆုံး ပြောကြ…. ဒါမှမဟုတ် ချက်ချင်း ငါ့ကို အကြောင်းကြား”

လော့ချန်က သိုလှောင်အိတ်ထဲမှ အသံလွှင့် ကျောက်စိမ်းပြား သုံးခုကို ထုတ်ပေးလိုက်သည်။ ဤပစ္စည်းသည် အကွာအဝေး အတော်အတန်အထိ အသံလွှင့်ပေးနိုင်သည်။

“ကဲ၊ မင်းတို့ သွားလို့ရပြီ”

သုံးဦးစလုံး စကားဆက်ပြောချင်သေးသော်လည်း လော့ချန်၏ မျက်နှာကို ကြည့်ပြီး ပြန်ထွက်သွားကြသည်။

သူတို့ ထွက်သွားပြီးနောက် လော့ချန် သက်ပြင်းချလိုက်သည်။

“အစ်ကိုဝမ်”

ဝမ်ယွမ် တစ်ယောက်တည်း ဤလမ်းကို လျှောက်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဤရလဒ်သည် သူ ပထမဆုံး နတ်မိစ္ဆာနှလုံးသားကြေးမုံ စမ်းသပ်မှုတွင် တွေ့ခဲ့ရသော အနာဂတ်နှင့် အလွန်တူနေသည်။

‘သွေးမိစ္ဆာ’

လော့ချန် သိသည်။ ဝမ်ယွမ်တွင် ကျင့်ကြံသူများ၏ သွေးကို စုပ်ယူပြီး ဒဏ်ရာကို မြန်မြန်ပျောက်ကင်းစေသည့် နည်းလမ်း ရှိသည်။ ယခင် တာကျန်းဂိုဏ်းမှ ဖိုရှန်းဂိုဏ်းကို တိုက်ခိုက်စဉ်က ချီသန့်စင်အဆင့် (၉) ရန်သူသုံးဦးက ဝမ်ယွမ်ကို ဝိုင်းတိုက်ခဲ့သည်။ ထိုတိုက်ပွဲကြီးကြောင့် ချင်ကျန်းလမ်းမကြီးတစ်ခုလုံး ပျက်စီးခြင်းအတိ ရောက်ရှိခဲ့ရဖူးသည်။ ထိုတိုက်ပွဲတွင် ဝမ်ယွမ်က လူတစ်ဦးကို သတ်၊ တစ်ဦးကို ဒဏ်ရာရစေပြီး ဓားကျိုး ရွှီရန်ခယ်နှင့် အတူတူ သေဆုံးကာ မြစ်ထဲသို့ ကျသွားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဝမ်ယွမ် ထူးဆန်းစွာ ပြန်ရောက်လာပြီး အဆင့်လည်း တက်လာခဲ့သည်။ ထိုအချိန်က သူ့ခန္ဓာကိုယ်တွင် သွေးနံ့များ ပြည့်နေသည်မှာ သူသည် ရွှီရန်ခယ်၏ သွေးနှင့် အရိုးများကို စုပ်ယူခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်လည်း သွေးမိစ္ဆာဆေးလုံးအတွက် ရွှေအမြုတေဂူသင်္ချိုင်းတွင် လူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ယခု ထိုကဲ့သို့ ဖြစ်ရပ်များ ပြန်ဖြစ်လာခြင်းမှာ ဝမ်ယွမ်၏ ပုံစံအတိုင်းပင် ဖြစ်သည်။ အကယ်၍ ဓူဝံတောင် တိုက်ပွဲတွင် သူ ဒဏ်ရာအပြင်းအထန် ရ၍ ဤနည်းလမ်းကို သုံးခဲ့သည်ဆိုလျှင် လော့ချန်အဖို့ နားလည်ပေးနိုင်သည်။ သို့သော် ယခု စစ်မြေပြင်တွင် ဖြစ်ပျက်နေသည်မှာ လူတစ်ဦးနှစ်ဦး မကပေ။ ကျယ်ပြန့်စွာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ များစွာသော ရုပ်အလောင်းများမှာ သွေးများ အကုန်အစင် စုပ်ယူခံလိုက်ရသည်။ အသက်ရှင်နေသော အခြေတည်အဆင့်ကျင့်ကြံသူများပင် မကြာခဏ တိုက်ခိုက်ခံနေရသည်။ ဤသို့ ကျယ်ပြန့်လှသည့် လုပ်ဆောင်ချက်မျိုးမှာ ရူးသွပ်ခြင်း လက္ခဏာတစ်ခုမျှသာ ဖြစ်ချေတော့သည်။ လော့ချန် နားလည်ပေးနိုင်သော်လည်း လက်ခံရန်မူ တွန့်ဆုတ်နေမိသည်။ ဤသည်မှာ အသက်ရှင်ရန် မဟုတ်ဘဲ သေလမ်းကို ရွေးချယ်နေခြင်းပင်။ ယခုအခါ တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းနှစ်ဖက်လုံးမှ ရွှေအမြုတေအဆင့် စီရင်စုသခင်များက ဤကိစ္စကို စုံစမ်းနေကြသည်။

အကယ်၍ တစ်ခါတည်း မိသွားခဲ့မည်ဆိုပါက....။

“အဲ့ဒီတုန်းက ကြေးမုံစမ်းသပ်မှုထဲမှာ အစ်ကိုဝမ်က ရွှေအမြုတေစီရင်စုသခင်တွေရဲ့ အမဲလိုက်တာကို ခံရတာ…. သွေးမိစ္ဆာဆိုတဲ့ နာမည်ကတော့ ငါသက်တမ်းနည်းလာလို့ သက်တမ်းတိုးအောင် လူတွေအများကြီး လိုက်သတ်ရင်း ရခဲ့တာ”

“အခုတော့ အစ်ကိုကြီးဝမ်က ငါ့ထက်ဦးသွားပြီ”

လော့ချန်၏ နှုတ်ခမ်းထောင့်စွန်းတွင် နာကျင်လှသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ရတော့၏။ သူ၏ ရင်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် တတ်နိုင်သမျှ ကိစ္စရပ်အဝဝကို ပြုလုပ်ပေးခဲ့ဖူးရုံမျှမက ဝမ်ယွမ်အတွက် သင့်တော်လှသော ဒုတိယအဆင့်ရှိ ခန္ဓာကျင့်စဉ်များကိုပါ ဝယ်ယူပေးခဲ့ဖူးသလို လော့ထျန်းအဖွဲ့၏ ကျင့်စဉ်ကျမ်းမှန်သမျှကိုလည်း ဖတ်ရှုခွင့် ပေးထားခဲ့ဖူးသည်။ သို့သော်ငြားလည်း ဝမ်ယွမ်ကမူ ဤလမ်းစဉ်ကိုသာ ရွေးချယ်သွားခဲ့ဆဲ ဖြစ်ပေသည်။

‘သွေးလမ်းစဉ်’

၎င်းက မိစ္ဆာအတတ်ပညာရပ်များထဲတွင် ဆွဲဆောင်မှု အရှိဆုံးနှင့် လူကို အဝါးမြိုနိုင်ဆုံးသော လမ်းစဉ်တစ်ခု ဖြစ်၏။ ယခုအခါ ထိုလမ်းစဉ်က သူ၏ အရင်းနှီးဆုံးသော မိတ်ဆွေကို ဝါးမြိုသွားခဲ့ပြီဖြစ်သည်။

လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ စိတ်ကို ပြန်လည်၍ တည်ငြိမ်အောင် ပြုလုပ်လိုက်တော့သည်။ သွေးမိစ္ဆာသည် ဝမ်ယွမ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ ဝမ်ယွမ်ကို စွန့်ပစ်မည် မဟုတ်ပေ။ ဝမ်ယွမ်သည် သူ၏ ကျင့်ကြံခြင်း အစောပိုင်း ကာလကတည်းက ဆရာအဖြစ်၊ အစ်ကိုအဖြစ်၊ မိတ်ဆွေအဖြစ် ဖေးမပေးခဲ့သူ ဖြစ်သည်။ လမ်းတစ်လျှောက် ဝမ်ယွမ်၏ အကူအညီသာမရှိလျှင် သူ ဤမျှ မြန်မြန် အောင်မြင်မည် မဟုတ်ပေ။ လော့ချန်သည် သူတစ်ပါး ကျေးဇူးကို သိသူ ဖြစ်သည်။ ထို့ပြင် သူတို့နှစ်ဦးမှာ ညီအစ်ကိုရင်းပမာ ဖြစ်ကြသည်။

“အစ်ကိုဝမ်ကို ဆက်ရှာရမယ်”

“ပြီးတော့ နောက်တစ်လဆိုရင် လော့ထျန်းအဖွဲ့က ဆဋ္ဌမတောင်မှာ တာဝန်ယူရတော့မယ်၊ လီယင်ကျန်းကို မြန်မြန် ကုသပေးပြီး ရှောင်ယွဲ့နဲ့ တခြားသူတွေကို ပြန်လွှတ်ရမယ်”

“ငါ ရှာတွေ့ထားတဲ့ အာရုံခံပေါက်ဖွင့်နည်းကိုတော့ လုံးဝ ရပ်လို့မဖြစ်ဘူး၊ ဒါဟာ စစ်ပွဲမတိုင်ခင် စွမ်းအားတိုးတက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

အချိန်တိုအတွင်း လော့ချန် ဆက်လုပ်ရမည့် အရာများကို စီစဉ်လိုက်သည်။ အနာဂတ်သည် မရေရာသေးသော်လည်း ခြေလှမ်းတိုင်းကိုမူ ခိုင်ခိုင်မာမာ လှမ်းရပေမည်။

နောက်တစ်နေ့တွင် သူသည် လီယင်ကျန်း၏ ခန္ဓာကိုယ်အတွင်းမှ မီးသားရဲချီများကို ဆက်လက်ဖယ်ရှားပေးခဲ့ပြီး နွေဦးလေပြေမိုးရေစက် မှော်အတတ်ဖြင့် အတွင်းဒဏ်ရာများကို ဆက်တိုက် ကုသပေးခဲ့သည်။ ထို့ပြင် တွမ်ဖုန်းအား တာဝန်ပေးကာ ရွှေသဲကျွန်းမျောပေါ်တွင် သူ၏ အဆက်အသွယ်များကို သုံး၍ နဝမတောင်အကြောင်း စုံစမ်းခိုင်းထားသည်။ သဲကန္တာရစစ်မြေပြင်ကိုလည်း ချန်မထားခဲ့ပေ။ နောက်ဆုံးအနေဖြင့် ယွမ်ရှောင်ယွဲ့အား ရေခဲခံတပ်ဘက်မှ အဆက်အသွယ်များမှတစ်ဆင့် ဒုတိယအဆင့် မီးသားရဲချီများကို ရှာခိုင်းလိုက်သည်။

ရွှေသဲကျွန်းမျောသည် တိမ်ပြိုဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်သည်။ သဘာဝအရ အရင်းအမြစ်များစွာ စုဝေးရာ နေရာဖြစ်သည်။ ဒုတိယအဆင့် မီးသားရဲချီဟူသည် ငွေရှိလျှင် ဝယ်ယူရသည်မှာ မခက်ခဲပေ။ မကြာမီပင် ယွမ်ရှောင်ယွဲ့က ဆယ်မျှင် ရှာပေးနိုင်ခဲ့သည်။

“ဈေးမကြီးပါဘူး အဖွဲ့ချုပ်ခေါင်းဆောင်၊ ဝိညာဉ်ကျောက်တုံး ၅၀၀ ပဲ ကုန်ပါတယ်၊ ရန်သူ့တပ်သားတွေက ဒီပစ္စည်းတွေကို ကိုင်ထားလေ့ရှိလို့ တိုက်ပွဲတွေအပြီးမှာ ဈေးပေါသွားတာပါ”

ယွမ်ရှောင်ယွဲ့က ရယ်မောရင်းပြောလိုက်သည်။

လော့ချန်ကမူ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။ ၎င်းက အလွန်အမင်း သက်သာလှသည်တော့ မဟုတ်ချေ။ ပထမအဆင့်ရှိ မီးသားရဲချီဆယ်မျှင်၏ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၅၀ သာရှိသည်။ သို့သော် ယွမ်ရှောင်ယွဲ့ အလိမ်ခံရခြင်း မဟုတ်ပေ။ မီးသားရဲချီ ဆိုသည်မှာ အဆင့်မြင့်လေ ဈေးကြီးလေ ဖြစ်သည်။ ဥပမာအားဖြင့် လွန်ခဲ့သော ကာလက ဝမ်ယွမ် ဝယ်စဉ်က ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကျော် ကုန်ကျခဲ့သည်။ လက်ရှိအခြေအနေမှာ စစ်ပွဲ၏ အကျိုးသက်ရောက်မှုကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းသာ ဖြစ်သည်။

“တော်တယ် ရှောင်ယွဲ့၊ ဆက်ပြီး စုဆောင်းထားလိုက်နော်”

“ဟုတ်ကဲ့…. သိပါပြီ အဖွဲ့ချုပ်ခေါင်းဆောင်”

“သွားလို့ရပြီ”

ယွမ်ရှောင်ယွဲ့ ထွက်သွားပြီးနောက် လော့ချန် အကာအကွယ်အစီအရင်ကို ဖွင့်လိုက်သည်။ ထို့နောက် လက်ထဲမှ လွင့်မျောကျောက်ကို ကြည့်ကာ မျှော်လင့်တကြီး ပြုံးလိုက်သည်။ သူသည် မကြာသေးမီက ပထမအဆင့်ရှိ နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်၊ ဒုတိယအဆင့် ချီခန္ဓာမူလကျင့်စဉ်နှင့် တတိယအဆင့် ဟင်္သာအသွင်ပြောင်းကျင့်စဉ်တို့မှ လေ့လာပြီး အာရုံခံပေါက်ဖွင့်နည်းတစ်ခုကို ရှာတွေ့ထားသည်။ ထို့ပြင် ဝမ်ယွမ် ပြောပြခဲ့သော ထိုးထွင်းသိမြင်မှုများလည်း ပါဝင်သည်။ ဤကဲ့သို့ စုဆောင်းမှုများကြောင့်သာ သူ လေ့ကျင့်ရန် ယုံကြည်ချက် ရှိလာခြင်း ဖြစ်သည်။

ယခုမူ အရာအားလုံး အဆင်သင့်ဖြစ်လေပြီ။

“အစ်ကိုဝမ်.... ကျွန်တော် အစ်ကို့လိုမျိုး ကိုယ်ပိုင်ကျင့်စဉ် မဖန်တီးနိုင်ပေမဲ့ ကျွန်တော့်အတွက် သီးသန့် ဖန်တီးထားတဲ့ ဒီ အာရုံခံပေါက်ဖွင့်နည်းကလည်း မဆိုးပါဘူး”

“မအောင်မြင်ရင်တောင် မီးသားရဲချီကို ရှင်းထုတ်ဖို့ နည်းလမ်း ရှိတာပဲ”

“စမ်းကြည့်တာ အရှုံးမရှိပါဘူး”

အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့ပြီး စွန့်စားမှု ကြီးကြီးမားမား မရှိတော့ကြောင်း သေချာသွားခဲ့ပြီးနောက်တွင်မူ လော့ချန်သည် သူ၏ ချီစွမ်းအားဖြင့် လက်ထဲရှိ လွင့်မျောကျောက်အတွင်းမှ ပြင်းထန်ပြီး ကြမ်းတမ်းလှသော မီးသားရဲချီတစ်မျှင်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters