← Chapters

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း (၅၂၂) - ရေခဲနတ်သမီးနှင့် လက်ထပ်လုနီးပါးဖြစ်ခဲ့သည့် အမောင်လော့ချန်

“အာ့....”

တိတ်ဆိတ်နေသော အခန်းအတွင်းမှ ညည်းသံတစ်ချက် ထွက်ပေါ်လာသည်။

လော့ချန် မျက်လုံးဖွင့်လိုက်ရာ သူ့မျက်ဝန်းထဲတွင် နမြောတသသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ယခုလေးတင် ဒုတိယအဆင့် မီးသားရဲချီကို သုံး၍ ခန္ဓာကိုယ်၏ အာရုံခံပေါက်တစ်ခုကို ဖွင့်လှစ်ရန် တတိယအကြိမ်မြောက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ရလဒ်မှာမူ အဆင်မပြေခဲ့ပေ။ ထိုနေရာတွင် အလွှာတစ်ခုခုက ကာဆီးထားသကဲ့သို့ ခံစားနေရသည်။

“ကျင့်ကြံခြင်းအဆင့် မြင့်လေလေ ချီစွမ်းအင်တွေက ပိုမိုသန့်စင်လာလေလေပဲ၊ ဒီတော့ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အာရုံခံပေါက်တွေအပေါ်မှာ အလိုအလျောက် ကာကွယ်ပေးတဲ့ အလွှာတစ်ခု ဖြစ်ပေါ်လာတာဖြစ်မယ်”

လော့ချန် တီးတိုးရေရွတ်လိုက်မိသည်။

“အရင်တုန်းကတော့ ဒါဟာ ကာကွယ်ပေးတဲ့အရာပေါ့၊ အခုတော့ ငါ့ရဲ့ အာရုံခံပေါက်တွေကို ဖွင့်လှစ်ဖို့အတွက် အဓိက အဟန့်အတား ဖြစ်နေပြီ”

“ဒါကို ဘယ်လို ဖြေရှင်းရမလဲ”

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် နွေဦးလေပြေမိုးရေစက်မှော်အတတ်ဖြင့် အာရုံခံပေါက်ဖွင့်လှစ်ရန်ကြိုးစားစဉ် မီးသားရဲချီကြောင့် ထိခိုက်ခဲ့ရသည့် ခန္ဓာကိုယ်ကို ပြန်လည် ကုသပေးလိုက်သည်။ သစ်သားဓာတ်ချီစွမ်းအင်များ စီးဆင်းလာသောအခါ အသေးစား ဒဏ်ရာများမှာ အလျင်အမြန်ပင် ပျောက်ကင်းသွားတော့သည်။

လော့ချန်၏ ခန္ဓာကိုယ်မှာ မူလကပင် အလွန်တရာ သန်မာလှပေသည်။ သူ့ပတ်ဝန်းကျင်ရှိ လူများထဲတွင် သူ့ထက် သာလွန်သူဟူ၍ ဝမ်ယွမ်တစ်ဦးတည်းသာရှိပြီး ခန္ဓာကိုယ်ကို အထူးလေ့ကျင့်ထားသည့် ချူခွေးနှင့် ယှဉ်လျှင်ပင် သူ တစ်ပန်းသာသည်။ သူ့အမြင်တွင် ချူခွေးသည် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ရာတွင် အောင်မြင်မှုရရှိထားသော်လည်း၊ သွေးကြောများကို ဖွင့်လှစ်ရာတွင်မူ မည်သို့လုပ်ရမှန်း မသိပေ။ မည်သို့ဆိုစေ လော့ချန်ကိုယ်တိုင်ပင် သွေးမိစ္ဆာဆေးလုံးနှင့် နွေဦးကျင့်စဉ်တို့ကို အားကိုး၍ ခက်ခက်ခဲခဲနှင့်သာ သွေးကြောများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ၏ အကြည့်များမှာ ဒုတိယအဆင့် မီးသားရဲချီကို ပိတ်ဆို့ထားသည့် လွင့်မျောကျောက်ပေါ်သို့ ရောက်သွားပြီး လီယင်ကျန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများအကြောင်းကို တွေးတောမိသွားသည်။ လီယင်ကျန်း၏ ခန္ဓာကိုယ်တွင် မီးသားရဲချီများ ကျန်ရှိနေသေးသည်။ ထိုမီးသားရဲချီမှာ ဒုတိယအဆင့် ဖြစ်သော်လည်း လော့ချန် ယခုသုံးနေသည့် မီးသားရဲချီများထက် များစွာ ပို၍ သန့်စင်နေသည်။

“ကြားဖူးတာတော့ မီးလျှံမဟာမိတ်မှာ မီးသားရဲချီတွေကို သန့်စင်တဲ့ နည်းလမ်းရှိတယ်တဲ့၊ ဒုတိယအဆင့်ဖြစ်ပေမဲ့ သူတို့ရဲ့ အရည်အသွေးက အများကြီး သာလွန်တယ်၊ ဒါကြောင့်ပဲ တိုက်ခိုက်တဲ့နေရာမှာ သုံးနိုင်တာပေါ့”

“ဒါဆိုရင် ငါ့ရဲ့ပြဿနာက မီးသားရဲချီ အရည်အသွေး မမီတာလား”

တွေးတောနေရင်းဖြင့် သူ၏ ဦးနှောက်ထဲတွင် ရဲတင်းသည့် အတွေးတစ်ခု ပေါ်လာသည်။

“တကယ်လို့ အရည်အသွေး မမီရင် အရေအတွက်နဲ့ အစားထိုးကြည့်ရင်ရော”

သူ၏ လက်ရှိ အာရုံခံပေါက်ဖွင့်နည်းမှာ ဝမ်ယွမ်၏ အတွေ့အကြုံများကို အဓိကထား၍ လေ့ကျင့်ထားခြင်းဖြစ်ရာ မီးသားရဲချီများကို ခန္ဓာကိုယ်ထဲသို့ အနည်းငယ်စီသာ စနစ်တကျ ထည့်သွင်းလေ့ရှိသည်။ သို့သော် ဝမ်ယွမ်၏ အတွေ့အကြုံများက သူ၏ ခန္ဓာကိုယ်နှင့် သင့်တော်လှသည်ဟု လုံးဝ အပိုင်တွက်၍ မရနိုင်ပေ။

“တကယ်လို့ ငါ အရေအတွက်ကို တိုးလိုက်မယ်၊ မီးသားရဲချီ နှစ်ခု ဒါမှမဟုတ် သုံးခုကို တစ်ပြိုင်နက်တည်း အာရုံခံပေါက်ဆီ ပို့လိုက်ရင်ရော အတင်းအဓမ္မ ဖွင့်လို့ မရနိုင်ဘူးလား”

“ဒါပေမဲ့ ဒီနည်းလမ်းက အဆင်မပြေရင် ခန္ဓာကိုယ် ထိခိုက်မှု များနိုင်တယ်”

တစ်ဦးတည်း တီးတိုး ရေရွတ်နေရင်း လော့ချန်၏ မျက်ဝန်းထဲတွင် ပြတ်သားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ကိုယ်ပိုင်နည်းလမ်းတစ်ခုကို ဖန်တီးရာတွင် စွန့်စားမှု မရှိဘဲ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ဝမ်ယွမ်ကိုယ်တိုင်ပင် သူ၏ လမ်းကြောင်း မှန်မမှန်ကို တိုက်ပွဲများဖြင့် စမ်းသပ်ခဲ့ရသည်။ သို့ဖြစ်လေရာ မိမိသည်လည်း တစ်ခုခုတော့ ပေးဆပ်ရမည်သာ ဖြစ်သည်။

လော့ချန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအားလုံး ပြန်လည်ပြည့်ဖြိုးလာသည်အထိ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးသားရဲချီနှစ်ခုမှာ လွင့်မျောကျောက်မှတစ်ဆင့် ထွက်ပေါ်လာသည်။ သူ ခေါင်းကို မော့၍ ရှူသွင်းလိုက်ရာ ချက်ချင်းပင် ထိုမီးသားရဲချီနှစ်ခုမှာ မီးနဂါးနှစ်ကောင်အလား သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုမီးသားရဲချီများသည် ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် သူ အာရုံစိုက်ထားသည့် အာရုံခံပေါက်ဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

....

နောက်တစ်နေ့တွင်....။

လော့ချန် အခန်းပြင်သို့ ခြေလှမ်းခပ်စိတ်စိတ်ဖြင့် ထွက်လာသည်။ သူသည် စိတ်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ထိန်းချုပ်ထားသော်လည်း သူ၏ မျက်ဝန်းများအတွင်းရှိ ထင်ရှားလှသော ဝမ်းမြောက်ရိပ်များကိုမူ လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သူထွင်ထားသည့် အာရုံခံပေါက်ဖွင့်လှစ်နည်းမှာ ဖြစ်နိုင်ချေ ရှိသည်။ ဒုတိယအဆင့် မီးသားရဲချီအရေအတွက်ကို တစ်ကြိမ်လျှင် သုံးမျှင်အထိ တိုးမြှင့်လိုက်သောအခါ အာရုံခံပေါက်ပေါ်ရှိ အလွှာကို ဖောက်ထွင်းနိုင်ခဲ့သည်။ မနေ့ညက သူ အာရုံခံပေါက် တစ်ခုကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့လေပြီ။

“လူ့ခန္ဓာကိုယ်ရဲ့ အသေးအမွှား အာရုံခံပေါက်တွေ အကုန်လုံးပေါင်းရင် ၇၂၀ ရှိတယ်”

“အရင်က နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းနှင့် ကြိုဖွင့်ခဲ့တဲ့ ၃၆ ပေါက်ကို ပေါင်းရင် အခုဆိုရင် ၃၇ ပေါက် ဖြစ်သွားပြီ၊ နောက်ထပ် ၆၀၀ ကျော် ကျန်သေးတယ်”

“အနောက်ပိုင်းမှာ ရှိတဲ့ အသက်အန္တရာယ်ကြီးမားတဲ့ အာရုံခံပေါက်တွေကို ထည့်မတွက်ရင်တောင် အကုန်လုံး ဖွင့်ဖို့အတွက် ဒုတိယအဆင့် မီးသားရဲချီ ၂၀၀၀ ကျော် လိုအပ်ဦးမှာပဲ”

“ဆယ်မျှင်ကို ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုတော့ နှစ်ထောင်ကျော်ဆိုရင် အနည်းဆုံး တစ်သိန်းလောက်တော့ ကုန်မှာပဲ”

ထိုကိန်းဂဏန်းကို တွက်ချက်မိသောအခါ လော့ချန် အံ့အားသင့်သွားသည်။ ဤပမာဏသည် သူ့အတွက် အရေးမကြီးလှသော်လည်း သာမန် အခြေတည် ကျင့်ကြံသူများအတွက်မူ အမှန်ပင် ကြီးမားလှသည့် ပမာဏဖြစ်၏။

“ခန္ဓာကိုယ်ကို ကျင့်ကြံတဲ့ လမ်းကြောင်းက တိုးတက်မှုမြန်ပေမဲ့ ဘာလို့ လူတိုင်း စွန့်ပစ်သွားကြလဲဆိုတာ အခုမှ နားလည်တော့တယ်၊ ဒါဟာ အဆုံးမရှိတဲ့ ငွေတွင်းကြီးပဲ”

လော့ချန်သည် ခန္ဓာကိုယ် ကျင့်ကြံရာတွင် သူ မည်မျှသုံးစွဲခဲ့သည်ကို အသေးစိတ် မတွက်ချက်ဖူးပေ။ အမှန်စင်စစ် သူသည် ခန္ဓာကိုယ်ကို အထူးအလေးပေး လေ့ကျင့်ခြင်းထက် သဘာဝအတိုင်း တိုးတက်လာခြင်းကိုသာ အားကိုးခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ် အပြည့်အဝ သန်မာလာသည့်အချိန်၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ချိန်နှင့်၊ အာရုံခံပေါက် ဖွင့်လှစ်ချိန်တို့တွင်သာ အနည်းငယ် အလေးပေးခဲ့သည်။ သို့သော် သူ စားသုံးခဲ့သည့် မိစ္ဆာသားရဲအသားများ၊ ဝိညာဉ်ဆန်နှင့် ဆေးဝါးများ၊ သွေးမိစ္ဆာဆေးလုံးတို့ကို ပြန်တွေးကြည့်လျှင်မူ၊ အသေးစိတ်သာ တွက်ကြည့်မည်ဆိုပါက ကြောက်ခမန်းလိလိ ပမာဏ ဖြစ်လာမည်မှာ အသေအချာပင်။ ယခု တစ်သိန်းတန်သည့် အာရုံခံပေါက်ဖွင့်နည်းက ဥပမာပင်ဖြစ်၏။ သာမန်လူများဆိုလျှင် မီးသားရဲချီကြောင့် ဖြစ်လာသည့် ဒဏ်ရာများကို ကုသရန် ဆေးဖိုး၊ သမားတော်ပင့်ခတို့မှာ အပိုကုန်ကျစရိတ်များ ဖြစ်လာပေလိမ့်မည်။

လော့ချန်သည် ဆေးကုတတ်သူတစ်ဦး ဖြစ်နေ၍သာ ဤကိစ္စကို ဖြေရှင်းနိုင်ခြင်း ဖြစ်၏။ မဟုတ်လျှင် အာရုံခံပေါက်များ ဖွင့်လှစ်ပြီးနောက်တွင်လည်း အသွင်ပြောင်းစွမ်းအားကို နားလည်ရန် လိုအပ်ဦးမည်။ ထို့အတွက်လည်း ထပ်ကုန်ဦးမည်ပင်။ ခန္ဓာကျင့်ကြံသူများဟူသည်မှာ အသုံးအဖြုန်းကြီးသည့် သတ္တဝါကြီးများသဖွယ် ဖြစ်ချေတော့၏။

“ဒါပေမဲ့ နောက်ပိုင်း ကိစ္စတွေကတော့ ငါနဲ့ မဆိုင်တော့ပါဘူး၊ အာရုံခံပေါက်ဖွင့်ပြီး ခန္ဓာကိုယ်ကို သန်မာအောင် လုပ်နိုင်ရင် ကျင့်ကြံနှုန်းကို အရှိန်တင်နိုင်မှာပဲ”

လော့ချန် ပြုံးလိုက်ပြီး ပိုဝေးကွာသည့် ကိစ္စများကို မတွေးတော့ဘဲ လက်ရှိအခြေအနေကိုသာ အာရုံပြန်စိုက်လိုက်သည်။

တပ်စခန်းအတွင်း၌ ရှိနေကြသော လူအချို့နှင့် အနည်းငယ်မျှ စကားဆိုပြီးနောက် သူ ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့သည်။ သူ ထန်ထိုက်ကျင်းကို သွားတွေ့ရန် ပြင်လိုက်ခြင်းဖြစ်၏။ ယခုအချိန်တွင် သူ လိုအပ်နေသည့် မီးသားရဲချီများက အလွန် များပြားနေလေရာ တွမ်ဖုန်းနှင့် ယွမ်ရှောင်ယွဲ့တို့ကိုသာအားကိုးပါက အချိန်တိုအတွင်း အများအပြား စုဆောင်းရန် ခက်ခဲလိမ့်မည်။ သူ၏ သုံးစွဲမှုက အလွန် များပြားနေသည်ဖြစ်ရာ မီးသားရဲချီ ပမာဏ များစွာ လိုအပ်သည်။ နောက်ပိုင်း အသက်အန္တရာယ်ကြီးသည့် အာရုံခံပေါက်များကိုမူ နောက်မှသာ စဉ်းစားတော့မည်။

ထန်ထိုက်ကျင်းသည် ဤရွှေသဲကျွန်းမျောဘက်သို့ သူထက်စော၍ ရောက်ရှိနေခဲ့သူဖြစ်ရာ မီးသားရဲချီများ ရနိုင်သည့် နေရာကို သိထားမည်မှာ သေချာသည်။

....

“ဟမ်.... ဒုတိယအဆင့် မီးသားရဲချီတွေ အများကြီးလိုချင်လို့ ဟုတ်လား”

အခန်းငယ်တစ်ခုထဲတွင် ထန်ထိုက်ကျင်းက လော့ချန်အား နားမလည်နိုင်စွာ ကြည့်နေသည်။

သူမ၏ အကြည့်ကို ရင်ဆိုင်ရင်း လော့ချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်၊ များလေ ကောင်းလေပဲဗျ”

“ဆေးဖော်ဖို့လား”

“ဒါကတော့ မိတ်ဆွေထန်ထိုက် စိတ်ပူစရာ မလိုပါဘူး”

ထန်ထိုက်ကျင်း၏ မျက်နှာအမူအရာ အနည်းငယ်မျှ ပြောင်းလဲသွားသော်လည်း ထပ်မမေးတော့ချေ။

သူမ အေးစက်စက် ပြောလိုက်သည်။

“ငါ့ လက်ထဲမှာတော့ သေသွားတဲ့ မီးလျှံမဟာမိတ်ရဲ့ အခြေတည်ကျင့်ကြံသူတစ်ဦးဆီက ရလာတဲ့ အမျှင်တစ်ရာ ရှိတယ်၊ အဲ့ဒါက ငါ့မှာရှိသမျှ အကုန်ပဲ”

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ရာဆိုသည်မှာ အလွန် နည်းလွန်းနေသည်။

ထန်ထိုက်ကျင်းသည် သူ၏ ကျေနပ်မှု မရှိသည့် မျက်နှာထားကို မြင်လိုက်ရသဖြင့်

“တကယ်လို့ မင်း ပိုလိုချင်ရင် တစ်လတစ်ခါ ပြုလုပ်တဲ့ ရွှေသဲကျွန်းမျော ကျင့်ကြံသူများ စုဝေးပွဲကို တက်၊ အဲ့ဒီမှာ ကျင့်ကြံသူတွေက သူတို့မလိုတဲ့ အရင်းအမြစ်တွေကို အလဲအလှယ် လုပ်ကြတယ်၊ အဲ့ဒီမှာဆိုရင် မင်း လိုချင်တဲ့ မီးသားရဲချီတွေကို လွယ်လွယ် ရနိုင်လိမ့်မယ်”

‘တစ်လတစ်ခါလား’

နောက်တစ်ကြိမ် ပြုလုပ်မည့် အချိန်ကို သိလိုက်ရသောအခါ လော့ချန် စိတ်ဓာတ်ကျသွားသည်။ အကြောင်းမှာ ထိုအချိန်သည် သူတို့ လော့ထျန်းအဖွဲ့ ဆဋ္ဌမတောင်သို့ ချီတက်ရမည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ လွဲချော်သွားနိုင်ချေ များသည်။

ထန်ထိုက်ကျင်းသည် သူ၏ ပူပန်မှုများကို ရိပ်မိသွားသည်အလား အေးဆေးပင် ပြောလိုက်သည်။

“အဲ့ဒီအခါကျရင် ငါ ရှီလန်ကို ပြောပြီး ရှာခိုင်းလိုက်မယ်၊ မင်း ရှီလန့်ကို ဝိညာဉ်ကျောက်တုံး သွားပေးလိုက်ပေါ့”

‘ရှီလန်လား’

လော့ချန် ခေါင်းညိတ်လိုက်မိသည်။ ရှီလန့်ကိုမူ သူ ယုံကြည်နိုင်သည်။ ငွေကြေးကိစ္စတွင် အနည်းငယ် မက်မောတတ်သည့် အကျင့်ရှိသော်လည်း အလုပ်ကိုမူ စနစ်တကျ လုပ်တတ်သည်။ နည်းနည်းပါးပါး အကျိုးအမြတ် ပေးလိုက်လျှင် အလုပ် အဆင်ပြေသွားပေလိမ့်မည်။

ကိစ္စပြီးပြတ်သွားပြီးနောက် လော့ချန် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပေးကာ မီးသားရဲချီများ ယူလိုက်ပြီးနောက် ထွက်ခွာရန်ပြင်လိုက်သည်။ ရေခဲခံတပ်မှ အမျိုးသမီးများမှာ ရာထူးမြင့်လေလေ နားလည်ရခက်ခဲလေလေ ဖြစ်သည်။ ကရုဏာမဲ့နတ်သမီး ဖြစ်စေ၊ သခင််မယင်ယွဲ့ ဖြစ်စေ သူ သတိထား၍ ဆက်ဆံရပေမည်။ ထန်ထိုက်ကျင်းက ထိုသူများထက် အနည်းငယ် ဆက်ဆံရ ပိုလွယ်သော်လည်း အကွာအဝေးတစ်ခုထားနေခြင်းက အကောင်းဆုံးပင်။

သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ထန်ထိုက်ကျင်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“ခဏနေပါဦး”

“ဘာများ ကျန်သေးလို့လဲဗျ”

လော့ချန် အံ့အားသင့်စွာ လှည့်ကြည့်ရင်း မေးလိုက်သည်။

ထန်ထိုက်ကျင်းက သူ့အား ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်ရင်း

“ငါ ကြားတာတော့ သခင်မယင်ယွဲ့က မင်းကို စည်းရုံးဖို့ အကြီးအကျယ် ကမ်းလှမ်းခဲ့တယ်တဲ့၊ ရေခဲနတ်သမီးကိုတောင် မင်းနဲ့ လက်ထပ်ပေးမယ် ပြောခဲ့တာကို မင်းက ငြင်းပယ်ခဲ့တယ်ဆို.... ဟုတ်လား”

“ရေခဲနတ်သမီး ဆိုတာ ဘယ်သူလဲဗျ”

“ရေခဲနတ်သမီးလေ”

“ဟင်”

လော့ချန် ကြောင်အသွားသည်။ ထန်ထိုက်ကျင်းသည် သူ၏ ထိုအမူအရာကို မြင်သောအခါ သူမ၏ သမိုင်းတစ်လျှောက်တွင် ရှားပါးလှစွာသော တိုးညင်းလှသည့် ရယ်မောသံတစ်သံကို ထုတ်ဖော်လိုက်မိတော့သည်။

“ကြည့်ရတာ မင်းကိုယ်မင်း ဘာကိုလက်လွတ်သွားလဲဆိုတာကိုတောင် မသိလိုက်ဘူးပဲ”

လော့ချန် မဝံ့မရဲ မေးလိုက်သည်။

“သူမက ရေခဲခံတပ်ရဲ့ လက်ရှိ ဂိုဏ်းမျိုးဆက် မလား”

“မှန်တာပေါ့၊ မင်း ခန့်မှန်းတာ မှန်တယ်”

ထန်ထိုက်ကျင်းက ပြုံးရယ်လျက် ဆိုသည်။

“သူမက သခင််မယင်ယွဲ့ရဲ့ အကြီးဆုံး တပည့်၊ ပြီးတော့ နောက်တက်မယ့် ဂိုဏ်းချုပ်လောင်းလျာပဲ၊ အနာဂတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပေါ့၊ မင်းသာ သူမနဲ့ လက်ထပ်လိုက်ရင် တကယ့်ကို ရေခဲခံတပ်ရဲ့ လူဖြစ်သွားမှာပဲ”

လော့ချန် စကားမပြောနိုင် ဖြစ်သွားသည်။ သူမှတ်မိသည်၊ သခင််မယင်ယွဲ့က သူနှင့် သူမ တပည့်အား လက်ထပ်ပေးမည်ဟု ပြောခဲ့သည်။ သို့သော် တစ်ဖက်လူ၏ နောက်ခံမှာ ဤမျှကြီးမားလိမ့်မည်ဟု သူ လုံးဝ မတွေးခဲ့မိပေ။

‘ဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်ကို ဒီလောက် လွယ်လွယ်နဲ့ ယောကျ်ားပေးစားလိုက်တာလား’

လော့ချန် ခေါင်းခါယမ်းလိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“သူနဲ့ လက်ထပ်ရင် ကျွန်တော်က ရေခဲခံတပ်မှာ အိမ်ပါသမက် ဖြစ်သွားမှာပေါ့”

ထန်ထိုက်ကျင်း ကြောင်အသွားပြီး လွှတ်ခနဲ မေးလိုက်မိသည်။

“ကျင့်ကြံခြင်းလောကထဲကလူတွေက အဲ့လိုကိစ္စရပ်တွေကို ဂရုစိုက်နေကြသေးလို့လား....”

လော့ချန် ရယ်မောလိုက်မိသည်။ ဤအမျိုးသမီးသည် အမျိုးသားတစ်ယောက်အတွက် အိမ်ပါသမက်ဖြစ်ရခြင်း၏ ဆိုလိုရင်းကို နားမလည်ပုံရသည်။ သူသည် သခင််မယင်ယွဲ့၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ပြီဖြစ်၏။ ထိုသူသည် သူမ၏ အကြီးဆုံး တပည့် ရေခဲနတ်သမီးအတွက် အားကိုးရာတစ်ခု ရှာပေးနေခြင်းပင်။ မိမိကဲ့သို့ အဆင့်မြင့် ဆေးဖော်ဆရာတစ်ဦး၏ အကူအညီရလျှင် သူမသည် နောင်တစ်ချိန်တွင် ဂိုဏ်းချုပ်နေရာကို ကျိန်းသေပေါက် ရယူနိုင်မည် ဖြစ်သည်။ ဂိုဏ်းချုပ်၏ ဆရာတစ်ဦးအနေဖြင့် သခင််မယင်ယွဲ့၏ ဩဇာအာဏာမှာလည်း ပိုမို ကျယ်ပြန့်လာပေလိမ့်မည်။

ဤကိစ္စကို ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ထောင်ဝမ် တိုက်ပွဲဝင်ခဲ့သည့် အခြေအနေကို ပြန်ကြည့်လျှင် သိနိုင်သည်။ ထောင်ဝမ်တစ်ဦးတည်း ရုန်းကန်နေခဲ့ရစဉ်အတွင်း သူမ၏ ဆရာသခင် ပိုင်စု ကိုယ်တိုင် ထွက်လာ၍ အကူအညီပေးခဲ့သည်။ အကျိုးအမြတ်အတွက်ဆိုလျှင် ဆရာတပည့်ကြားတွင် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမို နီးကပ်လာတတ်သည်။ သို့သော်လည်း လော့ချန်သည် ထိုရေခဲနတ်သမီးက သူမကိုယ်သူမ သူစိမ်းတစ်ယောက်နှင့် စေ့စပ်ရန် ကမ်းလှမ်းခံထားရသည်ကို သိရှိထားခြင်း​ ရှိ၊ မရှိ တွေးတောနေမိသည်။

ထိုစဉ်မှာပင် ထန်ထိုက်ကျင်းက သတိပြန်ဝင်လာပြီး သူ့အား သတင်းကောင်းတစ်ခု ပေးလိုက်သည်။

“နောက်နှစ်ပတ်နေရင် မင်းတို့ ပြောင်းရွှေ့ရတော့မယ်၊ မင်းတို့နေရာမှာ ချွီမျိုးနွယ်စုက အစားထိုး နေရာယူလိမ့်မယ်၊ ပြီးတော့.... လော့ထျန်းအဖွဲ့ရဲ့ နေရာကိုတော့ ငါ စီစဉ်ပေးပါ့မယ်”

လော့ချန် စိတ်လှုပ်ရှားသွားသည်။

“ဒါဆိုရင် မိတ်ဆွေထန်ထိုက်ကို ကျေးဇူးတင်ပါတယ်”

ထန်ထိုက်ကျင်း ခေါင်းညိတ်ပြီးနောက် လော့ချန်အား ဆွဲမထားတော့ပေ။ သူမသည် ထွက်ခွာသွားသည့် လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“သူ့ကို အရင်ကတည်းကသာ တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

အကယ်၍သာ လော့ချန်နှင့် စောစီးစွာ ဆုံတွေ့ခဲ့ပါက သူမသည် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ၏ အကူအညီဖြင့် စောစီးစွာအဆင့်တက်နိုင်မည်ဖြစ်ပြီး ဂိုဏ်းမျိုးဆက်ပြိုင်ပွဲတွင်လည်း ရေခဲနတ်သမီးထံ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။ သူမ ခြေလှမ်းတစ်လှမ်းမျှသာ လိုအပ်ခဲ့ခြင်း ဖြစ်သည်။

....

အခန်းပြင်သို့ ထွက်လာပြီးနောက် လော့ချန် လမ်းလျှောက်နေရင်း စိတ်သက်သာရာ ရသွားသည်။

သူ၏ စွန့်စားမှုသည် အကျိုးသက်ရောက်မှု ရှိနေပြီ ဖြစ်သည်။ သခင််မယင်ယွဲ့၏ ဖိအားအောက်တွင် ကရုဏာမဲ့နတ်သမီးသည် လော့ထျန်းအဖွဲ့အတွက် အဆင်ပြေစေရန် စတင် ပြုမူလာပြီ ဖြစ်သည်။ ဆဋ္ဌမတောင်သို့သာ တစ်ဦးတည်း သွားရလျှင် အဘက်ဘက်မှ စိုးရိမ်စရာ ရှိလာနိုင်သည်။ သို့သော် ထန်ထိုက်ကျင်းကဲ့သို့ ဂိုဏ်း၏ အဓိက ပုဂ္ဂိုလ်နှင့် အတူတူဆိုလျှင် ဘေးကင်းပေလိမ့်မည်။ ဤသို့ဆိုလျှင် လော့ထျန်းအဖွဲ့၏ ထိခိုက်မှုများကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်မည် ဖြစ်သည်။

“စစ်မြေပြင်မှာ ကရုဏာမဲ့နတ်သမီးက ဘယ်လိုများ ဆက်ဆံလိမ့်မလဲ”

လော့ချန် ပြုံးလိုက်သော်လည်း သူ့စိတ်ထဲတွင်မူ အဖြေကို သိထားပြီး ဖြစ်သည်။

သူ လော့ထျန်းအဖွဲ့ တပ်စခန်းသို့ ပြန်ရောက်သောအခါ အပြင်မှ အမောတကော ပြန်လာသည့် ချင်လျန်ချန်းကို တွေ့လိုက်ရသည်။

“ဦးလေးချင် ဘာတွေအလုပ်ရှုပ်နေတုန်းဗျ”

ပျော်ရွှင်နေသည့် ချင်လျန်ချန်းကို ကြည့်ကာ သူ ထပ်မေးလိုက်သည်။

“ဘယ်ကပြန်လာတာလဲ ဒီလောက်တောင် ပျော်နေတာ”

ချင်လျန်ချန်းက ရယ်မောလျက် ဆိုသည်။

“တိမ်ပြိုဂိုဏ်း တပ်စခန်းဆီ သွားခဲ့တာ”

“ဟင်”

လော့ချန် အံ့ဩစွာဖြင့် မေးလိုက်သည်။

“သားကိုရော တွေ့ခဲ့လား”

“မတွေ့ခဲ့ဘူး”

“ဟာ.... မတွေ့ဘဲနဲ့ ဘာလို့ ဒီလောက် ပျော်နေတာလဲ”

လော့ချန် နားမလည်နိုင် ဖြစ်သွားရသည်။

ချင်လျန်ချန်းက တဟားဟားရယ်လိုက်ရင်း

“မတွေ့လို့ ပျော်တာပေါ့၊ သူသာ ဒီစစ်မြေပြင်ကို ရောက်လာရင် ငါ ဘယ်လောက် စိုးရိမ်ရမလဲ”

လော့ချန် သဘောပေါက်သွားသည်။ စောနက သူ မိဘတစ်ယောက်၏ စိတ်ခံစားမှုကို သတိမထားမိခဲ့ပေ။

“ငါ စုံစမ်းကြည့်တာ ငါ့သားက သိပ်တော်တယ်ကွာ”

ချင်လျန်ချန်း ထိုသို့ ပြောနေစဉ်မှာပင် သူ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

“သူက ချီသန့်စင်အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံပြီးပြီ၊ ဂိုဏ်းက ပေးတဲ့ အခြေတည်ဆေးလုံးကို ရထားပြီးတော့ အခု အခြေတည်အဆင့်ကို တက်ဖို့ ကြိုးစားနေတာ”

“ဟားဟား၊ သူသာ အခြေတည်အဆင့် ရောက်သွားရင် ငါတို့ ချင်မိသားစုမှာ အခြေတည် ကျင့်ကြံသူ နှစ်ယောက် ဖြစ်လာပြီပေါ့”

“တော်လိုက်တာဗျာ”

လော့ချန် လက်မထောင်ပြလိုက်သည်။ သူတကယ်ပင် အံ့ဩသွားမိသည်။ အချိန်ကို တွက်ကြည့်လျှင် ချင်လျန်ချန်း၏ သားမှာ အသက်သုံးဆယ်ကျော်သာ ရှိသေးသည်။ သူသည် ဝိညာဉ်အမြစ်နှစ်ခု ရှိထားသည့် စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိချေ။ ယခုအခါ ဂိုဏ်းကြီးတစ်ခုလုံး၏ အလုံးအရင်းဖြင့် ပံ့ပိုးမှုကိုပါ ရရှိထားခဲ့ပြီ ဖြစ်သည်။ လော့ထျန်းအဖွဲ့တွင် ချင်ရှောင်ဟူနှင့် အရွယ်တူသည်မှာ သူ့တပည့် လင်ကျွင်း ဖြစ်သည်။ ရှောင်ဟူထက် နှစ်နှစ်ခန့် ငယ်ပြီး ပုံမှန်အရင်းအမြစ်များ အပြည့်အစုံ ရထားသလို လော့ချန်ကိုယ်တိုင်ပင် အခါအားလျော်စွာ လမ်းညွှန်ပေးသည်။ သို့သော် ယခုထိ ချီသန့်စင်အဆင့် (၈) တွင်သာ ပတ်ချာလည်နေသည်။

ကွာခြားချက်မှာ အရင်းအမြစ်တွင် မဟုတ်ပေ။ ချွီလင်ကျွင်း၏ အရင်းအမြစ်များမှာ ချင်ရှောင်ဟူထက်ပင် သာလွန်သေးသည်။ ကွာခြားချက်မှာ ပါရမီတွင် ဖြစ်သည်။

တစ်ဦးက ဝိညာဉ်အမြစ်နှစ်ခုကို ပိုင်ဆိုင်ထားပြီး အခြားတစ်ဦးကမူ တန်ဖိုးမရှိလှသော ဝိညာဉ်အမြစ်လေးခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ သူတို့နှစ်ဦးအကြားရှိ ကွာခြားချက်မှာ လူနှင့် တိရစ္ဆာန်ထက်ပင် ကြီးမားသေးသည်။ သို့သော် ချွီလင်ကျွင်းကမူ စိတ်မလောပေ။ သူ သုံးဆယ်အရွယ်တွင် အဆင့် (၈) ရှိနေပြီဆိုလျှင် အသက်ခြောက်ဆယ်မတိုင်မီ အထွတ်အထိပ် ရောက်နိုင်မည်မှာ သေချာသည်။ ဤသည်မှာ အတိကာလက ချွီလင်ကျွင်းနှင့် သူ့အဘိုး ချွီဟန်ချန်းတို့ တွေးတောင် မတွေးရဲသည့် အရာပင်။ ဖြည်းဖြည်းချင်း ကျင့်ကြံသွားလျှင် အခြေတည်အဆင့်သို့ ရောက်မည့်နေ့တစ်နေ့ ရှိလာမည်မှာ အသေအချာပင်။ ထိုအချိန်ကျလျှင် လော့ချန်အနေဖြင့် ကူချိုင်ယီကဲ့သို့ပင် ထိုလူငယ်လေးကို အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမဖြစ်ဖြစ်အောင် ဖန်တီးပေးမည်သာ ဖြစ်သည်။

“ဟုတ်သားပဲ.... ရှောင်တွမ်ဆီက ကြားတာတော့ နောက်နှစ်ပတ်ဆိုရင် ငါတို့ ထျန်းလန်ကို ပြန်ရတော့မယ်ဆို ဟုတ်လား”

ချင်လျန်ချန်းက မေးလိုက်သည်။

လော့ချန် ခေါင်းညိတ်လိုက်ရင်း

“ဟုတ်တယ်၊ အဲ့ဒီအခါကျရင် လီယင်ကျန်းလည်း သက်သာလာမှာပါ၊ သူကပဲ အကုန်လုံးကို ဦးဆောင်ပြီး ပြန်ခေါ်သွားလိမ့်မယ်”

ချင်လျန်ချန်း ပျော်ရွှင်စွာ ပါးစပ်ဟလိုက်စဉ်မှာပင် ရုတ်တရက် သတိဝင်လာသည်။

“ဟင်.... မင်းရော ငါတို့နဲ့အတူ ပြန်မလိုက်ဘူးလား”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters