အခန်း ၅၂၃
Vol. 53 Ch. 523
အခန်း (၅၂၃) - စကြာဝဠာအောက်မှ ပိုးဖလံများ
နှစ်ပတ်ကြာပြီးနောက် ရွှေသဲကျွန်းမျော၏ အပြင်ဘက်တွင်....။
လော့ချန် ကျွန်း၏အပြင်ဘက်သို့ ကြည့်လိုက်ရာ သူ့မျက်လုံးဖြင့်ပင် အဆုံးအစ မမြင်နိုင်သော သဲကန္တာရကြီးကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲတွင် ဝမ်းနည်းတသဖြစ်လာမိသည်။ ဤကဲ့သို့ ငြိမ်းချမ်းနေပုံရသော သဲကန္တာရကြီးသည် နေ့စဉ်နှင့်အမျှ ကျင့်ကြံသူမည်မျှ၏ အသက်ကို မြိုချနေသည်မသိရပေ။ မနက်ဖြန်တွင်မူ သူကိုယ်တိုင်ပင် စစ်မြေပြင်သို့ သွားရပေတော့မည်။
သူ စိတ်ကူးယဉ်နေစဉ် နောက်မှ ခြေသံအချို့ ထွက်ပေါ်လာသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ယွမ်ရှောင်ယွဲ့တို့ အဆင်သင့် ဖြစ်နေပါပြီ”
လော့ချန် လှည့်ကြည့်လိုက်ရာ ယွမ်ရှောင်ယွဲ့နှင့် ချင်လျန်ချန်းတို့ ဦးဆောင်သည့် ကျင့်ကြံသူများ လန်ချီလှေပျံပေါ်သို့ တက်နေသည်ကို မြင်လိုက်ရသည်။ လီယင်ကျန်းက သူ့ဘေးတွင် ရပ်နေသည်။ လွန်ခဲ့သည့် သုံးရက်က လော့ချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ မီးသားရဲချီများကို အကုန်အစင် ထုတ်ပေးပြီး ဖြစ်သည်။ ယခုအခါ သူ၏ အခြေခံအုတ်မြစ်မှာ အနည်းငယ် ထိခိုက်ထားသော်လည်း ပုံမှန်ကျင့်ကြံရန်အတွက်မူ ပြဿနာ မရှိတော့ပေ။
“လမ်းခရီးမှာ သတိထားပါ၊ အခြေတည်အဆင့်ကျင့်ကြံသူရဲ့ ခေါင်းကိုလည်း ကောင်းကောင်းအသုံးချ”
“ဟုတ်ကဲ့၊ သိပါတယ်”
လီယင်ကျန်းက ပြန်လည် ဖြေကြားလိုက်သည်။
“ပြန်ရောက်ရင်တော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက သမားတော်ကြီးပေးတဲ့ ဆေးနည်းအတိုင်း ဆေးဆယ်စုံ ထပ်သောက်ဦး.... အခု ပျောက်သွားပြီလို့ ထင်ရပေမဲ့ တချို့ မီးသားရဲချီကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေက ငါ့ရဲ့ ပညာနဲ့ ကုလို့မရဘူး၊ ဆေးသောက်မှ ရမှာ”
“အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မှတ်ထားပါ့မယ်”
“လော့ထျန်းအဖွဲ့ ကိစ္စတွေကတော့.... စီမံခန့်ခွဲရေးမှူးစကားပဲ နားထောင်လိုက်ပါ၊ ငါ သူမကို ယုံတယ်”
လီယင်ကျန်း ခေါင်းညိတ်လိုက်သည်။ လော့ချန် ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီကို သူ ရင်ထဲတွင် အသေအချာ မှတ်သားထားပြီး ဖြစ်သည်။
“နောက်ဆုံးအနေနဲ့”
လော့ချန် ပြုံးလျက် ဆိုလိုက်သည်။
“မင်းတို့ လီမျိုးနွယ်စုရဲ့ ချီလုံဓားကို အခွင့်အရေးရရင် ငါ ပြန်ရှာပေးမယ်”
လီယင်ကျန်း ခေါင်းကို အမြန်ခါယမ်းလိုက်ရင်း
“အဖွဲ့ချုပ်ခေါင်းဆောင်ပေးတဲ့ နဝရတ်ဝိညာဉ်သခင်ဓားနဲ့တောင် ကျွန်တော် ကျေးဇူးတင်မဆုံးဖြစ်နေပါပြီ၊ ကျွန်တော် ဘာမှ ထပ်မလိုချင်တော့ပါဘူးဗျာ၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒီအတွက်နဲ့တော့ အန္တရာယ်အဖြစ်မခံပါနဲ့”
လော့ချန် ပြုံးလိုက်ရင်း ဘာမှ ထပ်မပြောတော့ပေ။ ချီလုံဓားသည် အခြားသော လက်နက်များနှင့် မတူပေ။ ထိုအရာသည် လီမျိုးနွယ်စု၏ အမွေအနှစ် ရတနာတစ်ခု ဖြစ်ရုံမျှမက သူ၏ မိတ်ဆွေဟောင်း လီကျင်ဟွမ်၏ ကိုယ်ပိုင်လက်နက်လည်း ဖြစ်သည်။ အကယ်၍ အခွင့်အရေး လုံးဝ ပေါ်ပေါက်မလာခဲ့ဘူးဆိုလျှင် ထားလိုက်တော့မည် ဖြစ်သော်လည်း အခွင့်အရေးသာ ရှိခဲ့မည်ဆိုလျှင်မူ မည်သို့ပင်ဖြစ်စေ သူ ပြန်ယူလာပေးမည်ဖြစ်သည်။
“ကဲ.... လှေပျံပေါ်တက်တော့၊ သူတို့ စောင့်နေကြပြီ”
လီယင်ကျန်း မော့ကြည့်လိုက်ရာ လန်ချီလှေပျံမှာ ဖြည်းဖြည်းချင်း စတင် လည်ပတ်နေပြီး ဝိညာဉ်အလင်းလွှာတစ်ခုက လှေပျံတစ်စင်းလုံးကို ဖုံးအုပ်သွားသည်။ စတင်ရောက်ရှိလာခဲ့စဉ်ကနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ဤလှေပျံကြီးမှာ များစွာ ပိုမို၍ သေးငယ်သွားခဲ့ပြီ ဖြစ်၏။ လာစဉ်က ပစ္စည်းများစွာ တင်လာသဖြင့် လှေပျံမှာ အလွန်ကြီးမားကာ ပျံသန်းမှုမှာလည်း အလွန် နှေးကွေးခဲ့သည်။
ပြန်သွားသည့်အခါမူ နေရာအများစုမှာ လစ်ဟင်းနေခဲ့သည်။ ယွမ်ရှောင်ယွဲ့က ရေခဲခံတပ်မှ စုဆောင်းထားသည့် ရှားပါးပစ္စည်းအချို့ကိုသာ ထျန်းလန်နတ်ဘုရားမြို့တော်တွင် ပြန်လည်ရောင်းချရန် တင်လာသည်။ မည်သို့ပင်ဆိုစေကာမူ လွတ်နေသော လှေပျံကြီးတစ်စင်းကို ထိုအတိုင်း မောင်းနှင်ပြန်သွားခြင်းက အကျိုးအမြတ်မရှိလှချေ။
ထို့ကြောင့် ပြန်သည့်အခါ လှေပျံမှာ ဆယ်တောင်ခန့်သာ ရှည်တော့ပြီး ပျံသန်းရန် အကောင်းဆုံး အနေအထား ဖြစ်သွားသည်။ ဤအတိုင်းအတာမျိုးဆိုလျှင် ပျံသန်းမှုမှာလည်း အမြန်ဆုံး ဖြစ်သည်။ ရန်သူများနှင့် တွေ့သည့်အခါတွင်လည်း ပိုမို မြန်ဆန်စွာ ထွက်ပြေးနိုင်သည်။
လီယင်ကျန်း ခုန်တက်ကာ လှေပျံပေါ်သို့ ရောက်သွားသည်။ ထို့နောက် ချင်လျန်ချန်း၊ ယွမ်ရှောင်ယွဲ့တို့နှင့်အတူ လှည့်ကြည့်ကာ လော့ချန်အား နှုတ်ဆက်လိုက်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင် လာမယ့်နှစ်မှ တွေ့မယ်”
ချင်လျန်ချန်း လှမ်း၍ အော်ဟစ်နှုတ်ဆက်လိုက်၏။
“အဖွဲ့ချုပ်ခေါင်းဆောင် သတိထားပါနော်”
ယွမ်ရှောင်ယွဲ့လည်း လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
လော့ချန် ဘာမှ မပြောဘဲ သူတို့ဘက်သို့ ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်။ သူ၏ အကြည့်အောက်တွင် လန်ချီလှေပျံကြီးမှာ ဖြည်းဖြည်းချင်း အထက်ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထို့နောက် သဲကန္တာရကြီးထဲသို့ ပျံသန်းသွားသည်။ သူ့အမြင်တွင် ကြီးမားသည့် လှေပျံမှာ တဖြည်းဖြည်းချင်း အစက်အပြောက်လေး ဖြစ်သွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။
သူ့ရင်ထဲတွင် ရှားရှားပါးပါး ဝမ်းနည်းမှုများ ပေါ်ထွက်လာသည်။
လော့ချန်သည် လှည့်ပြန်လာခဲ့ရင်း တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ ကျွန်း၏ အလယ်ဗဟို ရင်ပြင်ကြီးဆီသို့ ရောက်သောအခါ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်မိ၏။ ထိုနေရာတွင် ကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူထားပြီး ထိုကျောက်တိုင်ထက်၌မူ ရွှေရောင်စာလုံးတန်းများက တောက်ပစွာ လင်းလက်နေခဲ့ကြသည်။
၎င်းမှာ ဂုဏ်ထူးဆောင်စာရင်းပင် ဖြစ်သည်။
ဂိုဏ်းကြီးလေးဂိုဏ်းမှာ ဤစာရင်းထဲတွင် မပါဝင်ပေ။ အကြောင်းမူကား သူတို့၏ ဂိုဏ်းအတွင်း ကိုယ်ပိုင် ဂုဏ်ထူးဆောင်စနစ် ရှိသည်။ ဤကျောက်တိုင်သည် သူတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ စစ်ပွဲအတွင်း ရရှိသည့် ဂုဏ်ထူးဆောင်မှတ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် စာရင်းတွင် လက်အောက်ခံအင်အားစု အမည်များ သို့မဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူ နာမည်များသာ ပါဝင်သည်။
ဤဂုဏ်ထူးဆောင်မှတ်တမ်းမှာ အလှပြထားခြင်း မဟုတ်ဘဲ လုံးဝ အသုံးဝင်လှသည်။ ဂိုဏ်းကြီးလေးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည့် တိမ်ပြိုဂိုဏ်းထံတွင် ပစ္စည်းများ ပြန်လည် လဲလှယ်နိုင်သည်။ ဥပမာအားဖြင့် ပထမအဆင့် ဆေးလုံးများ သို့မဟုတ် တန်ဖိုးကြီးသည့် အခြေတည်ဆေးလုံးများ ဖြစ်သည်။ အခြားတန်ဖိုးကြီးသည့် ဆေးဝါးများလည်း ရှိသည်။
လော့ချန်သည် သူကျင့်ကြံရန်အတွက် သင့်တော်သည့် အဆင့်လတ် ဟန်ကွမ်းဆေးလုံး တစ်မျိုးကို မြင်လိုက်ရသည်။ ဤဆေးမှာ တိမ်ပြိုဂိုဏ်း၏ သီးသန့်ဆေးလုံးတစ်မျိုးဖြစ်သည်ဟု ဆိုကြရုံသာမက ဆေးဘုရင်ဂိုဏ်းနှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့၏ ဒုတိယအဆင့်ရှိ ဆေးလုံးများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ တိမ်ပြိုဂိုဏ်း၏ အဓိက ဆေးဖော်ဆရာမကြီး မူယွင်ယန်ကိုယ်တိုင် ဖော်စပ်ထားခြင်းဖြစ်ရာ အလွန် တန်ဖိုးကြီးလှသည်။ ဒုတိယအဆင့်ရှိ အဆင့်မြင့် ကျင့်ကြံခြင်းဆေးလုံးတစ်လုံးမှာ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ အလွန်တရာ ကြီးမားလှသော ဆွဲဆောင်မှုမျိုး ဖြစ်ပေလိမ့်မည်။ သို့သော် လော့ချန်အတွက်မူ ဆွဲဆောင်မှု သိပ်မရှိတော့ပေ။ အကြောင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ပေးသည့် ဆေးလုံးများဖြင့် သူလုံလောက်နေသေးသောကြောင့်ပင်။
ဆေးလုံးများအပြင် လေးဂိုဏ်းမဟာမိတ်အဖွဲ့က ပေးသည့် အရင်းအမြစ်များမှာလည်း အမြောက်အမြားပင်။ လက်နက်များ၊ ဆေးဝါးများ၊ ကျင့်စဉ်များ၊ ထိုမျှသာမက လူတိုင်း လိုချင်သည့် တိမ်ပြိုဂိုဏ်း၏ ရုပ်သေးရုပ်များလည်း ပါဝင်နေသေးသည်။ သာမာန် ရုပ်သေးရုပ် မဟုတ်ဘဲ တတိယအဆင့် ရုပ်သေးရုပ်များအထိ လဲလှယ်နိုင်သည်။ အကယ်၍ ထိုသို့သော ရုပ်သေးရုပ်မျိုးကိုသာ ရရှိထားခဲ့မည်ဆိုလျှင် အခြေတည်အဆင့် ကျင့်ကြံသူများအကြား၌ မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ လိုအပ်တော့မည် မဟုတ်ချေ။
ဤမျှ ကောင်းမွန်သည့် ပစ္စည်းများ ရှိနေခြင်းကြောင့် ဂုဏ်ထူးဆောင်စာရင်းမှာ အမြဲပြောင်းလဲလျက်ရှိသည်။ လက်အောက်ခံ အဖွဲ့အစည်းတိုင်းက ရင်းမြစ်ပစ္စည်းများ ကုန်ဆုံးသွားမည်ကို အလွန်အမင်း စိုးရိမ်ပူပန်ကြသဖြင့် သူတို့၏ ဂုဏ်ထူးဆောင်အမှတ်များကို အကြာကြီး စုဆောင်းထားလေ့ မရှိကြဘဲ ရရှိသည်နှင့် ချက်ချင်း လဲလှယ်ပစ်လေ့ ရှိကြသည်။ မရေမရာဖြစ်လှသော ကိန်းဂဏန်း အမှတ်များကို ကြည့်နေရခြင်းထက် စစ်မှန်သော ရတနာများကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းကသာ အကောင်းဆုံး ဖြစ်သည် မဟုတ်လော။
လော့ထျန်းအဖွဲ့လည်း ထိုနည်းအတိုင်းပင်။ နှစ်နှစ်အတွင်း ရရှိသည့် ဂုဏ်ထူးဆောင်အမှတ်များဖြင့် အခြေတည်ဆေးလုံး သုံးလုံး လဲလှယ်ထားပြီး ဖြစ်သည်။ ယခုအခါ ဂုဏ်ထူးဆောင် အမှတ် ၁၀၀ သာ ကျန်တော့သည်။ ထို့ကြောင့်လည်း လော့ထျန်းအဖွဲ့မှာ စာရင်း၏ အောက်ခြေတွင်သာ ရှိနေသည်။
“ပြန်ရောက်ရင် ရွှီဟွမ်ကျန်းကို အသေးစိတ် မေးကြည့်ရမယ်၊ ဂုဏ်ထူးဆောင်အမှတ်တွေကို ဘယ်လို တွက်ချက်လဲဆိုတာ”
လော့ချန်သည် ကြီးမားလှသော အဖြူရောင် ကျောက်တိုင်ကြီး၏ ရှေ့တွင် တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ရင်း ရွှေရောင်ဖြင့် ရေးထိုးထားသော အမည်နာမများကို တစ်ခုချင်းစီ ဖတ်ရှုနေမိ၏။ သူသည် လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ လက်အောက်တွင် မည်ကဲ့သို့သော အဖွဲ့အစည်းများ ရှိနေသည်ကို ကောင်းစွာ သိရှိထားရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။ စာရင်းထဲတွင် သူရင်းနှီးသည့် အဖွဲ့အစည်းအချို့လည်း ရှိသည်။ ဥပမာအားဖြင့် အဆင့် ၁၉ တွင် ရှိနေခဲ့သော လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်၊ လော့ရှားဈေးမြို့တော်မှ လော့မျိုးနွယ်စု၊ ထျန်းယီစျေးမြို့တော်မှ ချန်မျိုးနွယ်စု၊ မီးဖိုတစ်ရာတောင်ကုန်း၊ ချန်လျူချိုင့်ဝှမ်းမှ ချန်မျိုးနွယ်စုနှင့် ရွှီချန်တောင်မှ ဝေမျိုးနွယ်စုတို့ ဖြစ်ကြပေသည်။ ဤအဖွဲ့အစည်းများအားလုံးမှာ ထျန်းလန်နတ်ဘုရားမြို့တော် သို့မဟုတ် ၎င်း၏ အနီးအနား၌ အခြေစိုက်ထားကြသော ဒုတိယတန်းစား အင်အားစုများ ဖြစ်ကြသည်။
လွန်ခဲ့သော လဝက်တာ ကာလအတွင်း ထိုအဖွဲ့အစည်းများမှ အခြေတည်အဆင့် ကျင့်ကြံသူအချို့မှာ သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ လည်ပတ်ခဲ့ကြသည်။ အချို့သော လူများက ကျင့်ကြံခြင်း အတွေ့အကြုံများကို လာရောက်လဲလှယ်ကြခြင်း ဖြစ်သလို အချို့သော လူများကမူ လက်ရှိ ဖြစ်ပေါ်နေသော စစ်ပွဲ၏ အခြေအနေများကို လာရောက်ဆွေးနွေးကြခြင်း ဖြစ်၏။ အချို့သော လူများကိုမူ သူ လက်ရှိအချိန်အထိ တွေ့ဆုံဖူးခြင်း မရှိသေးချေ။ သူတို့မှာ ဒဏ်ရာများကြောင့် သီးသန့် အနားယူနေကြခြင်း ဖြစ်စေ သို့မဟုတ် မိုးကြိုးတောင်တန်း၌ တာဝန်ကျနေကြခြင်း ဖြစ်စေ ရှိနေပေလိမ့်မည်။
သို့သော်ငြားလည်း ဤမျှလောက်များပြားလှသော ရင်းနှီးသည့် အမည်နာမများကို တစ်နေရာတည်းတွင် မြင်တွေ့လိုက်ရသောအခါ လော့ချန် စိတ်ထဲ၌ အနည်းငယ်မျှ မိန်းမောသွားခဲ့ရတော့၏။ တစ်ခဏမျှအတွင်း သူသည် ထျန်းလန်နတ်ဘုရားမြို့တော်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သလိုပင် ခံစားလိုက်ရမိသည်။ သို့သော် လက်ရှိ အရှိတရားကမူ ဤနေရာသည် မိုင်ထောင်ချီဝါကျင်သောသဲကန္တာရကြီး၏ ဗဟိုချက်မတွင် ရှိနေသည့် လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ စစ်ဌာနချုပ် ရွှေသဲကျွန်းမျောဖြစ်ကြောင်းကို ချက်ချင်းပင် သတိရသွားတော့သည်။
စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည့် အချိန်ကျလျှင် ဤရင်းနှီးနေသော လူများထဲမှ မည်မျှလောက် အသက်ရှင်လျက် ပြန်လည် ဆုံစည်းနိုင်ကြမည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ အချို့သော အဖွဲ့အစည်းများမှာ စစ်မြေပြင်တွင် အကုန် သေဆုံးသွားနိုင်သည်။ ထိုအချိန်ကျလျှင် သူတို့၏ ပိုင်နက်နယ်မြေများမှာလည်း အခြားသော လူများ၏ လုယူခြင်းကို ခံရပေလိမ့်မည်။ အမှန်စင်စစ် ကျင့်ကြံသူများ ပိုမို၍ သေဆုံးလေလေ ဂိုဏ်းကြီးများက ပိုမို၍ ဝမ်းမြောက်လေလေ ဖြစ်ပေလိမ့်မည်။ အကြောင်းမူကား လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ကျရှုံးသွားတိုင်း သူတို့အတွက် နယ်မြေအသစ်များကို ပြန်လည်သိမ်းပိုက်ပြီး အကျိုးအမြတ်များ ထပ်မံ၍ ရှာဖွေနိုင်သော အခွင့်အရေးမျိုး ရရှိလာသောကြောင့် ဖြစ်၏။
လော့ချန်သည် ထိုရွှေအမြုတေ ဂိုဏ်းကြီးများကို မကောင်းသည့် ဘက်မှသာ အမြဲ မြင်သည်။ သူတို့၏ အမြင်တွင် လက်အောက်ခံ အဖွဲ့အစည်းများမှာ မြေစာပင်များသာ ဖြစ်သည်။ သူတို့ဂိုဏ်း မပျက်သရွေ့ နောက်ထပ် လာရောက် ခိုလှုံမည့်သူများ ရှိနေဦးမည်သာ။
လော့ချန် အချိန်အတော်ကြာ ရပ်ကြည့်နေသဖြင့် လူအချို့က သတိထားမိလာသည်။ သူ၏ ရုပ်သွင်နှင့် လုပ်ဆောင်ချက်များကို လူတိုင်း ကြားဖူးနေကြပြီ ဖြစ်သည်။ လူအများစုက သူ့အား မှတ်မိနေကြပြီဖြစ်သလို တန်ချန်ဇီ ဆိုသည့် နာမည်ကိုလည်း ကြားဖူးကြသည်။
လော့ချန်၏ အာရုံခံနိုင်စွမ်းမှာ ကောင်းမွန်သဖြင့် အနီးအနားမှ ကျင့်ကြံသူများ၏ တီးတိုးပြောဆိုသံများကို ကြားနေရသည်။
“အဲ့ဒီရှေ့က လူက တန်ချန်ဇီ မဟုတ်လား” ဟု လူတစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ဟုတ်တယ်၊ သူ ရပ်နေတာကိုက တကယ့် ဆရာတစ်ဆူပုံစံပဲ၊ အတော်ဆုံး လူတစ်ယောက်ဆိုတာ သေချာတယ်”
“ငါတို့ကော တစ်နေ့ကျရင် သူ့လိုမျိုး ဖြစ်လာနိုင်မလားမသိဘူး၊ ကျော်ကြားရုံတင်မကဘဲ လော့ထျန်းအဖွဲ့လို အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်တာ”
“ဟားဟားး…. မင်း တွေးတာ များသွားပြီ၊ လော့ထျန်းအဖွဲ့မှာပါတဲ့သူတွေက ဂိုဏ်းကြီးက ပုဂ္ဂိုလ်တွေထက်တောင် တော်သေးတယ်၊ အဲ့ဒီ မိုးကြိုးနတ်သားဆိုရင် အခြေတည်အစောပိုင်းနဲ့တင် ငါးယောက်ကို သတ်ခဲ့တာ”
“အာ.... ဘဝက ခက်ခဲလှပါပြီ အစ်ကိုရယ်၊ အဲ့လောက်တော့ မနှိမ်ပါနဲ့”
“ဟားဟားး….”
ပတ်ဝန်းကျင်ရှိ တိုးညင်းလှသော စကားသံများကို ကြားလိုက်ရသောအခါ လော့ချန် မပြုံးဘဲ မနေနိုင်တော့ချေ။ လွန်ခဲ့သည့် နှစ်ပတ်အတွင်းမှာပင် မင်လုံယွီတွင် တာအိုဘွဲ့နာမည်တစ်ခု ရှိနေမှန်း လော့ချန် သိလိုက်သည်။ သို့မဟုတ် မင်လုံယွီ ကိုယ်တိုင်ပင် သူ၏ မိုးကြိုးနတ်သားဆိုသည့် နာမည်ကို သိမည်မဟုတ်ပေ။ ဤနာမည်မှာ သူထွက်သွားပြီးနောက်မှ ပျံ့နှံ့လာခြင်း ဖြစ်သည်။ မိုးကြိုးအစီအရင်ကို သုံး၍ တစ်ယောက်တည်းဖြင့် အဆင့်တူ ငါးယောက်ကို တစ်ပြိုင်နက် သတ်ခဲ့ခြင်းမှာ လုံးဝ ထူးခြားသည့် မှတ်တမ်းပင်။ ထို့စွမ်းဆောင်ရည်ကြောင့် မင်လုံယွီသည် လူအများ၏ လေးစားမှုကို အပြည့်အဝ ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့သော ထူးခြားလှသည့် စွမ်းဆောင်ရည်နှင့် အစီအရင်ဆရာကြီးတစ်ဦး ဖြစ်ခြင်းတို့ကြောင့်ပင် သူသည် မိုးကြိုးနတ်သားဟူ၍ လူချီးမွမ်းခံနေရခြင်း ဖြစ်၏။
လော့ချန်သည် ယခုအခါတွင်မှ လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများမှာ စစ်ပွဲအတွင်း ကျရှုံးမှုများ ရှိခဲ့ပါသော်လည်း အဘယ်ကြောင့် စိတ်ဓာတ်ကျဆင်းခြင်းမျိုး လုံးဝ မရှိကြသည်ကို ကောင်းစွာ သဘောပေါက်သွားခဲ့ရတော့သည်။ သူတို့၏ စိတ်ဓာတ်များမှာ အခြားသော လူများထက် များစွာ ပိုမို၍ ထက်သန်နေခဲ့ကြသည်။
အားလုံးမှာ ထိုသန်းခေါင်ယံညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဖြစ်သည်။ ထိုတိုက်ပွဲတွင် ဂိုဏ်းကြီးလေးဂိုဏ်းမှာ အကြီးအကျယ် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့ လက်အောက်ခံအဖွဲ့အစည်းများမှာ လူအင်အား ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့သည်။ ယှဉ်ကြည့်လျှင် လော့ထျန်းအဖွဲ့မှာ ထက်ဝက်ပင် ဆုံးရှုံးခဲ့ခြင်းမရှိပေ။ အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေခဲ့သည်ဆိုဦးတော့ မည်သူမျှ အသက်ဆုံးရှုံးခဲ့ခြင်းမျိုးမရှိချေ။ ထိုအစား ချီသန့်စင်ကျင့်ကြံသူ အမြောက်အမြားနှင့် အခြေတည် ကျင့်ကြံသူ ငါးယောက်ကို သတ်နိုင်ခဲ့သည်။ ဤအောင်မြင်မှုကြောင့် လော့ထျန်းအဖွဲ့ဝင်များ မည်သို့လျှင် ဂုဏ်မယူဘဲ နေနိုင်ပါမည်နည်း။ လော့ထျန်းအဖွဲ့ ရှုံးနိမ့်ခြင်းမှာ စစ်ရေးအရ မဟုတ်ဘဲ အခြေအနေအရ နောက်ဆုတ်ခဲ့ရခြင်းသာ ဖြစ်သည်။ တိုက်ပွဲငယ်များတွင် လော့ထျန်းအဖွဲ့မှာ အမှန်တကယ် အနိုင်ရခဲ့သည်။
လော့ချန် ဂုဏ်ထူးဆောင် စာရင်းကို ကြည့်ရင်း စိတ်ဝင်စားမှုများမှာ လျင်မြန်စွာပင် လျော့နည်းသွားခဲ့ရတော့၏။ တိမ်ပြိုဂိုဏ်းမှ ပစ္စည်းများမှလွဲ၍ ကျန်သည့်အရာများကိုမူ သူ စိတ်မဝင်စားပေ။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများမှာမူ ထိုအရာများအတွက် လုယူနေကြပေလိမ့်မည် ဖြစ်သော်လည်း သူ၏ စည်းစိမ်ဥစ္စာနှင့် အဆင့်အတန်းအရမူ ထိုအရာများက ဘာမှ မဟုတ်ပေ။
“ဘာမှ ထူးခြားတာ မရှိဘူးဆိုရင်တော့ စစ်မြေပြင်မှာ အလုပ်ရှုပ်ခံမနေတော့ဘူး၊ အခြေအနေ မကောင်းရင် ချက်ချင်း ဆုတ်မယ်၊ ဒါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ”
ဤသည်မှာ လော့ချန် ဂုဏ်ထူးဆောင် စာရင်းကို လာရောက်ကြည့်ရှုရသည့် ရည်ရွယ်ချက် ဖြစ်သည်။ ယခုမူ ထိုနေရာ၌ သူ့အား ဆွဲဆောင်နိုင်သော အရာ မရှိသဖြင့် သူ၏ တိုက်စစ် မဟာဗျူဟာကိုလည်း ပြောင်းလဲပစ်ရမည်သာ ဖြစ်၏။ အခြားသော လက်အောက်ခံ အင်အားစုများမှာ ဂုဏ်ထူးဆောင်အမှတ်များရရှိရန်အတွက် အတင်းအကျပ် အားစိုက်ထုတ်နေကြရမည် ဖြစ်သော်လည်း သူ့တွင်မူ နောက်ဆုတ်ရန် အခွင့်အရေး ရှိနေခဲ့သည်။ သူ၏ အကျိုးပြုမှုများကြောင့် ရေခဲခံတပ်သည် သူ့အပေါ် စာနာမှုအချို့ ပြသမည်မှာ သေချာလှပေသည်။ စစ်မြေပြင်တွင် ခိုကပ်နေလျှင်ပင် မည်သူမျှ လက်ညှိုးထိုး အပြစ်တင်ရဲကြလိမ့်မည် မဟုတ်ချေ။
....
အရှေ့ဆီမှ ရောင်နီပျိုးစပြုခဲ့လေပြီ။
လော့ချန် နိုးထလာခဲ့ပြီးနောက် ခန္ဓာကိုယ်တွင်း အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ အလွန်ပင် စိတ်ဓာတ်တက်ကြွလာရတော့သည်။ နှစ်ပတ်အတွင်း သူသည် ပုံမှန် အာရုံခံပေါက် အခုနှစ်ဆယ်ကို ထပ်ဖွင့်လိုက်သည်။ ချီသန့်စင်အဆင့်တွင် ဖွင့်ခဲ့သည့် သုံးဆယ့်ခြောက်ခုနှင့် ပေါင်းလျှင် ငါးဆယ့်ခြောက်ခု ရှိသွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ကြီးမားသည့် ပြောင်းလဲမှု မရှိသေးသော်လည်း တစ်ခုခုတော့ ကွာခြားသွားပြီ ဖြစ်သည်။
ထိုအရာမှာ ချီစွမ်းအင်သိုလှောင်မှုနှင့် အသွင်ပြောင်းမှုနှုန်းပင်။ ဒန်ထျန်းမှာလည်း အာရုံခံပေါက် တစ်ခုသာ ဖြစ်သည်။ ယခုအခါတွင် သူသည် ပုံမှန် အာရုံခံပေါက်များကို ဖွင့်လိုက်ခြင်းဖြင့် ဒုတိယမြောက် ဒန်ထျန်းကို တည်ဆောက်လိုက်သကဲ့သို့ ဖြစ်သည်။ ဤအာရုံခံပေါက်များသည် သန့်စင်မထားသည့် ချီစွမ်းအင်များကို သိုလှောင်ထားနိုင်သည်။
“ငါသာ အာရုံခံပေါက် ၇၂၀ ကို အကုန်ဖွင့်နိုင်ရင် ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက် ဒန်ထျန်းကို တည်ဆောက်လိုက်သလိုဖြစ်သွားမှာ”
“ငါ့မှာ လောလောဆယ် အဆင့်တူတွေထက် ခုနစ်ရှစ်ဆ ပိုသန်မာတဲ့ ချီစွမ်းအင် ရှိပြီးသား၊ အခြေတည်အဆင့် ၆ မှာတင် အဆင့်မြင့် ကျင့်ကြံသူတွေထက် မနည်းတော့ဘူး၊ အာရုံခံပေါက် ၇၂၀ လုံး အကုန်ဖွင့်ပြီးရင်တော့ အဆင့်ရှစ်၊ ကိုးရောက်တဲ့သူတွေကိုတောင် ကျော်တက်သွားနိုင်တယ်”
“အခြေတည်အဆင့် အထွတ်အထိပ်ကလူတွေကိုတော့င် ယှဉ်နိုင်မှာပဲ”
အနာဂတ်ကို တွေးတောရင်း လော့ချန် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ကျင့်ကြံခြင်း မြန်နှုန်းတင် မဟုတ်ဘဲ သူ၏ တိုက်စစ် နည်းလမ်းများကိုပါ သက်ရောက်မှု ရှိစေမည်ဖြစ်သည်။ အမှန်စင်စစ် သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်။ ကျင့်ကြံခြင်းဆိုသည်မှာ အချိန်ပေး လေ့ကျင့်ရသည့် အရာဖြစ်သည်။ သို့သော် ခြေလှမ်းတိုင်းတွင် သူသည် အခြားသူများထက် ပိုမြန်ပြီး ပိုတည်ငြိမ်အောင် လုပ်နိုင်သည်။
သူ စိတ်ကူးယဉ်နေစဉ် အတောအတွင်း လော့ထျန်းအဖွဲ့ဝင်များမှာ တွမ်ဖုန်း၏ ဦးဆောင်မှုဖြင့် စစ်ရေးပြင်ဆင်နေကြသည်။ လော့ထျန်းအဖွဲ့တင် မဟုတ်ဘဲ ရေခဲခံတပ် တပ်စခန်းနှင့် ရွှေသဲကျွန်းမျော တစ်ခုလုံးမှာ အသက်ဝင်လာသကဲ့သို့ ရှိ၏။ အရပ်မျက်နှာအသီးသီးမှနေ၍ ဆူညံလှသော အသံမျိုးစုံ ထွက်ပေါ်လာခဲ့တော့သည်။ အခြေတည်အဆင့် ကျင့်ကြံသူများ ဦးဆောင်လာခဲ့ကြသည့် အလင်းတန်းများစွာမှာ ကျွန်းပေါ်မှနေ၍ ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့ကြပြီးနောက် သဲကန္တာရကြီးကို ဖြတ်သန်းလျက် ဦးတည်သွားခဲ့ကြချေပြီ။
အချိန်နာရီဝက် ကြာသွားသည်။
ရုတ်တရက် လူတစ်ရာ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ လော့ထျန်းအဖွဲ့ဘက်သို့ ပျံသန်းလာသည်။
လော့ချန်လည်း ချက်ချင်းပင် ရှေ့သို့ လှမ်း၍ ဆီးကြိုလိုက်တော့သည်။
“အကုန် အဆင်သင့် ဖြစ်ပြီလား”
ထန်ထိုက်ကျင်းက လော့ထျန်းအဖွဲ့ဝင် တစ်ရာခန့်ကို ဝေ့ဝဲကြည့်ရှုရင်း မေးမြန်းလိုက်သည်။ ဤကျင့်ကြံသူများမှာ တိုက်ခိုက်ရေးနန်းဆောင်မှ နောက်ကျမှ ရောက်ရှိလာခဲ့ကြသော စစ်ကူများ ဖြစ်ကြပါသော်လည်း လူတိုင်းမှာ တည်ငြိမ်ပြီး ထက်မြက်လှသော အရှိန်အဝါများကို ထုတ်ဖော်နေကြဆဲ ဖြစ်၏။ သူတို့မှာ စိတ်ဓာတ် တက်ကြွနေကြသလို ရန်လိုသည့် အရိပ်အယောင်များလည်း ထွက်ပေါ်နေသည်။ ဤသည်မှာ တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသည့် အဖွဲ့ဖြစ်ကြောင်း သိသာလှသည်။
“ဘာမှ ပြဿနာ မရှိပါဘူး”
လော့ချန် ပြုံးလျက် ဆိုလိုက်သည်။
“ဒီတစ်ခေါက်တော့ မိတ်ဆွေထန်ထိုက်ကိုပဲ အားကိုးရတော့မယ်”
“အေး.... ဒါဆို သွားကြရအောင်”
ထန်ထိုက်ကျင်း ခေါင်းညိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် အဖွဲ့နှစ်ဖွဲ့မှာ ပေါင်းစပ်သွားသည်။
သူတို့တင် မဟုတ်ပေ။ ရေခဲခံတပ် တပ်စခန်းတွင် နောက်ထပ် အဖွဲ့လေးဖွဲ့ ထပ်ပေါင်းလာသည်။ သူတို့ဘက်တွင် လူနှစ်ရာသာ ရှိသော်လည်း ကျန်သည့်အဖွဲ့များတွင် လူသုံးလေးရာစီ ပါဝင်သည်။ သူတို့ထက် အကုန် များကြသည်သာ။ သခင််မယင်ယွဲ့ ပြောသည့်အတိုင်းပင် ချန်ချင်အဖွဲ့မှာ အင်အား နည်းနေသည်။
“ချီတက်ကြ”
အမိန့်သံတစ်သံ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထို့နောက် လူတစ်ထောင်ကျော်မှာ ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့ကြသည်။ အချို့သော လူများက မှော်လက်နက်များပေါ်တွင် မတ်တပ်ရပ်နေကြသလို အချို့သောလူများကမူ တိမ်တိုက်များကို စီးနင်းလျက် သဲကန္တာရကြီး၏ အထက် ကောင်းကင်ယံမှနေ၍ ပျံသန်းသွားခဲ့ကြတော့၏။ သူတို့၏ ဦးတည်ရာအရပ်ကမူ အရှေ့ဘက်အရပ်တွင်ရှိနေသော၊ စစ်မြေပြင်၏ ဗဟိုချက်မဖြစ်သည့် မိုးတိမ်များ ဖုံးလွှမ်းနေသည့် မိုးကြိုးတောင်တန်းပင် ဖြစ်ချေတော့သည်။
တောက်ပလှသော ချီစွမ်းအင် အလင်းတန်းများအောက်တွင် အဖွဲ့ကြီးမှာ အခြားသော ဂိုဏ်းသုံးဂိုဏ်း၏ အဓိက တပ်ဖွဲ့ကြီးများနှင့် သွားရောက် ပေါင်းစပ်လိုက်ကြတော့၏။
လေပြေညင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး တိမ်တိုက်များ လွင့်မျောနေခဲ့စဉ် ကောင်းကင် တစ်ခုလုံးတွင်မူ မရေမတွက်နိုင်သော အလင်းတန်းများစွာက ဖြတ်သန်း စီးဆင်းနေခဲ့ကြချေပြီ။ ဝေးကွာလှသော အရပ်မှနေ၍ ကြည့်ရှုလိုက်မည်ဆိုလျှင်မူ သူတို့အားလုံးမှာ အလင်းဖျော့ဖျော့လေးများ ထွက်ပေါ်နေကြသည့် မရေမတွက်နိုင်သော ပိုးဖလံလေးများသဖွယ် သေခြင်းရှင်ခြင်း မသိနိုင်သည့် စကြာဝဠာကြီးဆီသို့ ပြေးလွှားနေသကဲ့သို့ ရှိပေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ