← Chapters

အခန်း ၅၂၄

Vol. 53 Ch. 524

အခန်း ၅၂၄

Vol. 53 Ch. 524

အခန်း (၅၂၄) - တာဟဲဈေးမြို့တော်မှ မိတ်ဆွေဟောင်း၊ မိုးနှင့်မြေလို ကွာခြားမှု

သဲကန္တာရကြီးမှာ အလွန်ပင် အဆုံးအစမဲ့ကာ ခြောက်သွေ့လွန်းလှသည်။

လော့ချန် ဝေ့ဝဲကြည့်ရှုလိုက်ရာ မျက်စိတစ်ဆုံး ဝါကျင့်ကျင့် သဲမှုန်များကိုသာ မြင်နေရသည်။ သဲခုံကြီးများမှာ လှုပ်ရှားသက်ဝင်ခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့် ပင်လယ်ပြင်ကြီးတစ်ခု၏ လှိုင်းတံပိုးများကဲ့သို့ပင် မြင့်တက်လိုက်၊ နိမ့်ဆင်းလိုက် ဖြစ်နေခဲ့ကြသည်။

ရှေးယခင်က ဤနေရာမှာ ဤကဲ့သို့ မဟုတ်ခဲ့ဟု ဆိုကြ၏။ ထိုစဉ်က ပင်လယ်ရေပြင်နှင့် မြက်ခင်းများ၊ တောင်တန်းများဖြင့် သာယာ လှပခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က မိုးကြိုးတောင်တန်းကိုးခု ထွက်ပေါ်လာပြီးနောက် အားကောင်းသော မိုးကြိုးစွမ်းအားများကြောင့် ဤနေရာတစ်ဝိုက်ရှိ တောင်တန်းမြေသားများမှာ သဲမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကာလကြာရှည်လာသည်နှင့်အမျှ ဤနေရာသည် ရွှေရောင်သဲကန္တာရကြီးအဖြစ် ပြောင်းလဲသွားသည်။

ဤသဲကန္တာရသည် သာမန်ကန္တာရများနှင့် မတူပေ။ အပင် သို့မဟုတ် သားရဲများ မရှိဘဲ သဲခုံများမှာ အမြဲလှုပ်ရှားနေသဖြင့် လေခွင်းအတတ်ကို မသုံးပါက သဲမြေထဲတွင် မြုပ်သွားနိုင်သည်။ အခြေတည် အဆင့်ရှိသူများပင် အချိန်မရွေး သတိထားနေရသည်။

လော့ချန်သည် အဖွဲ့၏ အလယ်ဗဟိုတွင် ရှိနေသည်။ သူသည် တည်ငြိမ်ပြီး ထက်မြက်လှသော မျက်ဝန်းအစုံဖြင့် ချီတက်နေခဲ့ကြသည့် စစ်တပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်မိ၏။ ထိုနေရာ၌ ကျင့်ကြံသူ တစ်သောင်းကျော်ခန့် ရှိနေခဲ့ကြပြီး အများစုမှာ ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများဖြစ်သည်။ သို့သော် အခြေတည်အဆင့် ကျင့်ကြံသူများလည်း ထောင်ချီ၍ ရှိနေကြသည်။ ထိုမျှလောက်များပြားလှသော အရေအတွက်မှာ ရွှေအမြုတေဂိုဏ်းကြီးတစ်ခုနှင့် ညီမျှနေပြီ ဖြစ်သည်။ အမှန်စင်စစ် ဂိုဏ်းကြီးအနည်းငယ်မျှသာ ဤမျှလောက်များပြားလှသော အခြေတည်အဆင့် ကျင့်ကြံသူများကို စုစည်းနိုင်စွမ်း ရှိကြပေသည်။ ကျောက်စိမ်းအိုးနယ်မြေတွင်မူ ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့တွင်သာ ဤကဲ့သို့သော နက်ရှိုင်းလှသည့် အခြေခံအုတ်မြစ်မျိုး ရှိနေခဲ့ကြခြင်း ဖြစ်၏။

“ဂိုဏ်းကြီးလေးဂိုဏ်းက ရှေ့ဆုံးက၊ သူတို့နောက်မှာ လက်အောက်ခံအင်အားစုတွေ၊ ကျန်တာကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေပေါ့၊ စစ်ပွဲသာ အကြီးအကျယ် ဖြစ်လာရင် ငါ့လော့ထျန်းအဖွဲ့က လူတစ်ရာလောက်နဲ့တော့....”

လော့ချန် စိုးရိမ်စိတ်ဖြင့် တိတ်ဆိတ်နေမိသည်။ အဖွဲ့သည် ဆဋ္ဌမမြောက် တောင်တန်းသို့ ရောက်ခါနီးပြီ ဖြစ်သည်။

ဂျိန်းးး....​

မိုးကြိုးသံတစ်ချက် ထွက်ပေါ်လာသည်။

လော့ချန် မော့ကြည့်လိုက်ရာ သဲကန္တာရပေါ်တွင် တိမ်တိုက်များကို ထိုးဖောက်နေသည့် မြင့်မားမတ်စောက်လှသော တောင်တန်းကိုးခုကို မြင်လိုက်ရသဖြင့် ရင်ထဲ၌ မသိစိတ်အရ တုန်လှုပ်ချောက်ချားသွားခဲ့ရတော့၏။ သူတို့၏ ခြေဖဝါးအောက်တွင်မူ သဲပြင်ကြီး ရှိနေခဲ့ပြီး သူတို့၏ ဦးခေါင်းထက်တွင်မူ မည်းမှောင်လှသော မိုးတိမ်ကြီးများက လေးလံစွာဖြင့် ဖုံးလွှမ်းနေခဲ့ကြသည်။ လျှပ်စီးအလင်းတန်းများမှာမူ မြွေနဂါးများအလား ကောင်းကင်ယံထက်၌ လိမ်ယှက်နေခဲ့ကြသည်။

“ခဏရပ်ကြ”

ထိုဆူညံလှသော မိုးကြိုးသံများကို ကျော်ဖြတ်လျက် စူးရှလှသော အမိန့်ပေးသံကြီးတစ်သံ ထွက်ပေါ်လာခဲ့တော့၏။

“မိုးကြိုးမုန်တိုင်း တိုက်နေတယ်၊ ခဏလောက် စောင့်ပြီးမှ တောင်ပေါ်တက်မယ်၊ ကိုယ့်အဖွဲ့ရဲ့ မိုးကြိုးခံစစ် ပစ္စည်းတွေကို သေချာ ကိုင်ထားကြ”

ထိုအသံမှာ စစ်တပ်ကြီး၏ ဗဟိုချက်မအနီး၌ တာဝန်ကျနေခဲ့သော ရွှေအမြုတေ စီရင်စုသခင်တစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လော့ချန်သည် လက်ထဲမှ အနက်ရောင် သစ်သားပြားကို တင်းတင်း ကျပ်ကျပ် ကိုင်ထားလိုက်သည်။ ဤပစ္စည်းမှာ ဒုတိယအဆင့် မိုးကြိုးခံစစ် ပစ္စည်း ဖြစ်သည်။ တိမ်ပြိုဂိုဏ်းအနေဖြင့် မည်ကဲ့သို့သော နည်းလမ်းဖြင့် ဤအရာများကို အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့သည်ကိုမူ လော့ချန် စဉ်းစား၍ မရနိုင်ပါချေ။ လွန်ခဲ့သော ကာလတုန်းကမူ ဓားဂိုဏ်းတစ်ခုတည်းကသာ ဤကဲ့သို့သောအရာမျိုးကို အများအပြား ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကိုမူ မိုးကြိုးတောင်တန်းအတွင်း၌ အလုပ်လုပ်ကိုင်နေကြရသည့် သူတို့၏ သတ္တုတွင်းလုပ်သားများ အသုံးပြုရန်အတွက်သာ ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်တွင်မူ ပူပြင်းလှသော လေပြင်းညှင်းတစ်ခုက မြေကမ္ဘာကြီးကို ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ မိုးကြိုးမုန်တိုင်းမှာ ကွယ်ပျောက်သွားခဲ့ရပြီးနောက် အထက်ကောင်းကင်ယံရှိ မည်းမှောင်လှသော မိုးတိမ်ကြီးများမှာလည်း လွင့်စင်သွားခဲ့ရတော့၏။ သို့သော်ငြားလည်း ၎င်းတို့က ယာယီမျှသာ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် တစ်လအတွင်းမှာပင် ထိုမိုးတိမ်ကြီးများက ပြန်လည်၍ စုစည်းလာခဲ့ကြဦးမည် ဖြစ်ကာ မိုးကြိုးများကို ထပ်မံ၍ ယူဆောင်လာခဲ့ကြဦးမည် ဖြစ်ကြောင်းကို လူတိုင်းက ကောင်းစွာ သိရှိထားကြပေသည်။

“တောင်ပေါ် တက်ကြစို့....”

ထိုအမိန့်ပေးသံ ထွက်ပေါ်လာခဲ့သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူ တစ်သောင်းကျော်ခန့်မှာ အလင်းတန်း နှစ်တန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီးနောက် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် တောင်တန်းများဆီသို့ သီးခြားစီ ပျံသန်းသွားခဲ့ကြတော့၏။ ဤတောင်တန်း နှစ်ခုမှာ လေးဂိုဏ်းမဟာမိတ်အဖွဲ့အနေဖြင့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည့် တစ်ခုတည်းသော တောင်တန်းနှစ်ခု ဖြစ်ကြပေသည်။ ကျန်ရှိနေခဲ့သော တောင်တန်း ခုနစ်ခုထဲမှ ခြောက်ခုကိုမူ ကျောက်စိမ်းအိုးဓားဂိုဏ်းက ထိန်းချုပ်ထားခြင်းဖြစ်ပြီး နဝမမြောက်တောင်တန်းကမူ မည်သည့်တပ်ဖွဲ့မျိုးမျှ စခန်းချ၍ မရနိုင်လောက်အောင်အထိ လုံးဝ မတည်ငြိမ်ဘဲ ဖြစ်နေခဲ့ရသည်။

သတင်းများအရ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးနှစ်ဦးက သဘောတူညီချက်တစ်ခု ပြုလုပ်ထားခဲ့ကြသည်ဟု ဆိုကြ၏။ အကယ်၍ တိမ်ပြိုဂိုဏ်းသာ မိုးကြိုးတောင်တန်း၏ ထိန်းချုပ်မှုအားလုံးကို ဆုံးရှုံးသွားခဲ့မည်ဆိုလျှင် သူတို့ ရှုံးနိမ့်သွားခဲ့ပြီဟု ကြေညာရမည် ဖြစ်သလို ရန်သူ့ဘက်မှလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

ဓားဂိုဏ်းသည် အစောပိုင်း ကာလများက လူအင်အား နည်းပါးမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး မိုးကြိုးတောင်တန်း၏ တောင်တန်း လေးခုခန့်ကို ဆုံးရှုံးခဲ့ဖူးသော်လည်း သူတို့သည် ဤတောင်တန်းကြီးများကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့ဖူးသည့် အတွေ့အကြုံများ ရှိနေခဲ့ကြသဖြင့် သူတို့ ပြန်လည်၍ စုစည်းမိသွားခဲ့ကြသည့် အချိန်တွင်မူ သူတို့၏ တန်ပြန်တိုက်စစ်များက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် လေးဂိုဏ်းမဟာမိတ်အဖွဲ့တစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်ခဲ့ကြသည်။ ခက်ခက်ခဲခဲ သိမ်းပိုက်ထားခဲ့ရဖူးသည့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် တောင်တန်းများမှာလည်း လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်းမှာပင် ပြန်လည်၍ ဆုံးရှုံးသွားခဲ့ရလေသည်။

ယခုအခါ လေးဂိုဏ်းမဟာမိတ်အဖွဲ့မှာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော်ငြားလည်း တိမ်ပြိုဂိုဏ်းသည် မိုးကြိုးတောင်တန်းအတွင်း၌ လွတ်လပ်စွာ တိုက်ခိုက်နိုင်စွမ်း ရှိကြသည့် မိုးကြိုးဒဏ်ခံရုပ်သေးရုပ်များကို တီထွင်ဖန်တီးနေခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုအချိန်သို့ ရောက်ရှိလာခဲ့မည်ဆိုလျှင်မူ တိမ်ပြိုဂိုဏ်းက သူတို့၏ တန်ပြန်တိုက်စစ်ကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်မည် ဖြစ်ရာ ထိုအချက်ကို စိတ်ထဲ၌ ထားရှိကြရင်း မဟာမိတ်အဖွဲ့သည် လက်ရှိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည့် တောင်တန်းနှစ်ခုကို မရရအောင် အသည်းအသန် ကာကွယ်နေခဲ့ကြခြင်း ဖြစ်၏။

....

“ဟူး.... နောက်ဆုံးတော့လည်း ငါတို့ ရောက်လာခဲ့ပြီပဲ....”

လူတစ်ဦးက လှမ်း၍ အော်ဟစ်ရေရွတ်လိုက်မိသည်။

“ဘုရားရေ.... လမ်းခရီးတစ်လျှောက်လုံး အဲဒီ ကျိန်စာသင့်စရာ သဲပြင်ကြီးကိုပဲ ကြည့်လာခဲ့ရလို့ ငါ့မျက်လုံးတွေတောင် ကျိန်းစပ်နေပြီ....” ဟု နောက်ထပ် လူတစ်ဦးက တိုးညင်းစွာ ညည်းတွားလိုက်၏။

“ငါတို့ အရင်တစ်ခေါက်တုန်းက စခန်းဟောင်းကိုပဲ ဆက်ပြီး သုံးရမှာလား....”

လော့ချန် ရောက်သည်နှင့် ပတ်ဝန်းကျင်မှ ဆူညံသံများကို ကြားရသည်။ ကျင့်ကြံသူများ၏ လှိုင်းတံပိုးကြီးမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြေပြင်ထက်သို့ ဆင်းသက်လာခဲ့ကြရင်း သူတို့၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလျက် စကားလုံးမျိုးစုံဖြင့် နှုတ်ဆက်နေခဲ့ကြ၏။ လော့ချန်ကမူ ထိုအရာများကို တစ်ချက်မျှ အာရုံစိုက်ခြင်း မပြုခဲ့ဘဲ ထန်ထိုက်ကျင်း၏ ညွှန်ကြားချက်များကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့မိတော့၏။

“အလျင်စလိုလုပ်ဖို့ မလိုပါဘူး....”

သူမ၏ တည်ငြိမ်လှသော အသံက လော့ချန်၏ နားထဲဝယ် ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ ဆရာက အားလုံး စီစဉ်ပေးထားတယ်၊ လွှဲပြောင်းတဲ့ ကိစ္စရပ်တွေ ပြီးသွားတာနဲ့ ငါတို့ တန်းပြီး ဝင်လို့ရပြီ”

လော့ချန်က ခေါင်းကို ဖွဖွမျှ ညိတ်ပြလိုက်ရင်း မည်သည့်စကားကိုမျှ ထပ်မံ၍ မဆိုတော့ချေ။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆဋ္ဌမမြောက်တောင်တန်းတစ်ခုလုံးရှိ စခန်းများ၏ လွှဲပြောင်းမှု ကိစ္စရပ်များကိုသာ စောင့်ကြည့်နေမိတော့၏။ တပ်ဖွဲ့သစ်များ ရောက်ရှိလာခဲ့ကြသည်နှင့်အမျှ ဤနေရာ၌ လပေါင်းများစွာ ကြာအောင် တာဝန်ကျနေခဲ့ကြသည့် ပင်ပန်းနွမ်းနယ်နေသော ကျင့်ကြံသူများမှာမူ တဖြည်းဖြည်းနှင့် စတင်၍ ဆုတ်ခွာသွားခဲ့ကြသည်။ သူတို့သည် ကိုယ်ပိုင် တဲနန်းများအတွင်းမှနေ၍ တစ်ဦးချင်းစီ ထွက်ပေါ်လာခဲ့ကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေခဲ့ကြကာ သူတို့၏ ချပ်ဝတ်တန်ဆာများမှာလည်း အက်ကွဲနေခဲ့ကြရင်း ဝတ်ရုံများမှာလည်း မီးခိုးများနှင့် ဖုန်မှုန့်များကြောင့် မည်းမှောင်နေခဲ့ကြပေသည်။

ရွှီဟွမ်ကျန်းသည် လော့ချန်၏ ဘေးဘက်တွင် မတ်တတ်ရပ်နေခဲ့ရင်း မိုးကြိုးတောင်တန်းအတွင်း တိုက်ခိုက်ရခြင်း၏ ဘေးအန္တရာယ်များကို တိုးညင်းစွာ ရှင်းပြနေသည်။

“မိုးကြိုးတောင်တန်းက တစ်နှစ်ပတ်လုံး မိုးကြိုးစွမ်းအင်တွေ ပြည့်နှက်နေခဲ့တာဗျ၊ ဒီနေရာရဲ့ ချီစွမ်းအင်တွေက တော်တော် ရုန်းကန်လှုပ်ရှားနေခဲ့ပြီး မတည်မငြိမ် ဖြစ်နေခဲ့တာ၊ တော်ရုံ အစီအရင်တွေက ဒီနေရာမှာ လုံးဝ အသုံးမဝင်ပါဘူး၊ လက်ရှိအချိန်မှာတော့ ဆဋ္ဌမမြောက်တောင်တန်းမှာ တိမ်ပြိုဂိုဏ်းနဲ့ အိုက်လောင်တောင်က ကျင့်ကြံသူတွေ တည်ဆောက်ထားခဲ့ကြတဲ့ အကြီးစား အစီအရင် သုံးခု ရှိတယ်”

“ပြောကြတာကတော့ အဲဒါတွေက စတုတ္ထအဆင့် ဖြစ်ပေမဲ့ မိုးကြိုးစွမ်းအင်တွေရဲ့ ကြားဖြတ်နှောင့်ယှက်မှုတွေကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်က တတိယအဆင့်လောက်ပဲ ရှိတော့တာဗျ၊ ဘယ်လိုပဲဖြစ်ဖြစ်.... ကျွန်တော်တို့ဆီကို ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ယောက် ကိုယ်တိုင် လာပြီးတော့ မတိုက်ခိုက်သရွေ့တော့ ဒီမြေမျက်နှာသွင်ပြင် အားသာချက်နဲ့ ကိုယ့်နေရာကိုယ် ကောင်းကောင်း ထိန်းထားနိုင်ပါလိမ့်မယ်”

လော့ချန် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်မိ၏။ ရွှီဟွမ်ကျန်း ပြောနေသည့် အချက်အလက်များအားလုံးမှာ မင်လုံယွီ ပြောပြခဲ့ဖူးသောအရာများနှင့် တစ်ထပ်တည်း ကျနေခဲ့ခြင်း ဖြစ်ပြီး မည်သည့် ကွဲလွဲမှုမျိုးမျှ မရှိချေ။

မိုးကြိုးတောင်တန်းမှာ ထင်ထားသလောက် ကြီးမားကျယ်ပြောလှခြင်းမျိုး မရှိဘဲ တောင်တန်းတစ်ခုချင်းစီ၏ အရွယ်အစားမှာ ဒန်ရှားတောင်မျှသာ ရှိပေသည်။ သို့သော်ငြားလည်း ထိုကဲ့သို့သော တောင်တန်းတစ်ခုတည်းကို အပြည့်အဝ လွှမ်းခြုံနိုင်ရန်အတွက် စတုတ္ထအဆင့်ရှိ သီးခြား အစီအရင် သုံးခုအထိ လိုအပ်နေခဲ့ပြီး ထိုသို့ ကာကွယ်ထားသည့်တိုင် စွမ်းဆောင်ရည်များက လျော့နည်းနေခဲ့ရသေးသည်။ ဤအချက်ကပင် ဤစစ်မြေပြင်ကြီးက မည်မျှလောက်အထိ ရက်စက်ကြမ်းကြုတ်လှသည်ကို ကောင်းစွာ သက်သေပြနေခဲ့ချေပြီ။

“ပြီးတော့ ဒီမှာက မိုးကြိုးစွမ်းအား ကျင့်ကြံတဲ့သူတွေနဲ့ တွေ့ရင် အထူးသတိထားဖို့လိုတယ်ဗျ၊ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပုံမှန်ထက် အများကြီး ပိုသာလွန်တယ်”

ရွှီဟွမ်ကျန်းက ပုံတူရုပ်ပုံ အချို့ကို ထုတ်ပြလိုက်သည်။

“ဒါက ဓားဂိုဏ်းက မိုးကြိုးအတတ် ကျွမ်းကျင်တဲ့ သူတွေ.... စုစုပေါင်း ၃ ယောက်ရှိတယ်ဗျ၊ နှစ်ယောက်က အခြေတည်အဆင့်လတ်မှာရှိပြီး ကျန်တဲ့တစ်ယောက်ကတော့ အခြေတည်နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ၊ ပြီးတော့ မီးလျှံမဟာမိတ်မှာလည်း မိုးကြိုးအတတ်ကို ကျွမ်းကျင်တဲ့ အခြေတည်အဆင့်လတ်ကျင့်ကြံသူတစ်ယောက် ရှိနေသေးတယ်၊ ကျွန်တော်တို့က သူ့ကို ယန်လေကျိ ဆိုတဲ့ဘွဲ့နာမည်နဲ့ပဲ သိထားတာဗျ၊ အဖွဲ့ချုပ်ခေါင်းဆောင် သူတို့နဲ့ တွေ့ရင် အဝေးကနေပဲ ရှောင်ပါ၊ ဒါက သူ့ရဲ့ ရုပ်ပုံ”

လော့ချန်သည် ထိုရုပ်ပုံများကို သေချာ မှတ်သားလိုက်သည်။

“ဒါဆိုရင် ငါတို့ဘက်မှာရော မိုးကြိုးအတတ်ကျွမ်းကျင်သူ မရှိဘူးလား”

“ရှိတာပေါ့”

ရွှီဟွမ်ကျန်းက အဝေးမှ လူတစ်ယောက်ကို ညွှန်ပြလိုက်သည်။ ထိုသူသည် ကောက်ကွေးလှသော ဆံနွယ်များ ရှိနေခဲ့သည့် မောက်မာကတ်သီးနိုင်သော ရုပ်သွင်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။

လော့ချန် လှမ်း၍ ကြည့်လိုက်သည်။

“ဒီကြာဇံဖတ် ဆံပင်နဲ့ လူလား....”

“ဟုတ်တယ်ဗျ၊ သူက အိုက်လောင်တောင်ကလေ၊ မိုးကြိုးအတတ်ကျွမ်းကျင်တယ်၊ အခြေတည်နှောင်းပိုင်းအဆင့်ရောက်နေပြီဗျ၊ သူ့မှာ မိုးကြိုးလွန်သွားလို့ ခေါ်တဲ့ မှော်ရတနာတစ်ခု ရှိပြီး သိပ်အစွမ်းထက်တယ်ဗျ၊ ကျွန်တော်တို့တွေ ဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေနဲ့ ထိပ်တိုက်တွေ့တိုင်း သူက အမြဲ ရှေ့ဆုံးကနေ ကာပေးလေ့ ရှိတာဗျ.... သူက ဘာကိုမှ ကြောက်ရွံ့တတ်တာ မဟုတ်ဘူး၊ ပြီးတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာလည်း မိုးကြိုးဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့သေးတယ်.... သူ့မှာ အနက်ရောင်မြူခိုးအဆိပ်ငွေ့လို့ ခေါ်တဲ့ မှော်ရတနာ ရှိနေခဲ့ပြီး အဲဒါက အကြီးစား တိုက်ပွဲတွေမှာ သိပ်အစွမ်းထက်လှတာဗျ၊ ပြီးတော့ ပဉ္စမမြောက်တောင်တန်းမှာရှိတဲ့ တိမ်ပြိုဂိုဏ်းမှာလည်း ဓားဂိုဏ်းကို အကြီးအကျယ် ဒုက္ခပေးနေခဲ့တဲ့ မိုးကြိုးကျင့်ကြံသူတစ်ယောက် ရှိနေခဲ့သေးတယ်ဗျ”

ထို့နောက် သူ မင်လုံယွီအကြောင်းကိုလည်း ထည့်ပြောလာသည်။

“ကျွန်တော်တို့ အဖွဲ့မှာလည်း မိုးကြိုးနတ်သားလို့ နာမည်ကြီးတဲ့ သူရှိတယ်လေဗျာ”

“မင်လုံယွီလား”

လော့ချန် မေးလိုက်သည်။

“ဟုတ်ပါတယ်၊ အစ်ကိုကြီးမင်က မိုးကြိုးစွမ်းအင်တွေကို ဆွဲယူပြီး သူ့ရဲ့အစီအရင်တွေနဲ့ ပေါင်းစပ်နိုင်တယ်ဗျ၊ အဲဒီတုန်းက သူက မိုးကြိုးငါးချက်အစီအရင်ကို ချထားခဲ့ပြီး အခြေတည်ကျင့်ကြံသူ ၅ ယောက်ကို သတ်ခဲ့တာ၊ အဲဒီဇာတ်လမ်းက အခုထက်ထိ မိုးကြိုးတောင်တန်းတစ်ခုလုံးမှာ လူပြောများနေတုန်းပဲဗျ၊ ဓားဂိုဏ်းကတောင် သူ့ကို ကြောက်ရတယ်”

လော့ချန် ပြုံးလိုက်မိသည်။ သူ၏ မျက်ဝန်းထဲ၌ ချီးကျူးရိပ်အချို့ ဖြတ်ပြေးသွားခဲ့ရသည်။ သူ မင်လုံယွီအား မည်သည့် အပြစ်ရှိစိတ်မျိုးမျှ ထားရန် မလိုကြောင်း ပြောခဲ့ခြင်းမှာ အပိုပြောခဲ့ခြင်းမဟုတ်ပေ။ ထိုညဘက် တိုက်ပွဲအတွင်း မင်လုံယွီသည် သူ တတ်နိုင်သမျှသော စွမ်းအားအားလုံးကို အသုံးချခဲ့ခြင်း ဖြစ်ပေသည်။ မင်လုံယွီ၏ အစီအရင်များသည် ယခုအခါ မိုးကြိုးတောင်တန်းပေါ်တွင် နာမည်ကျော်နေပြီ ဖြစ်၏။

ထို့နောက် လော့ချန်သည် သူမလာခင်က မင်လုံယွီ ပေးလိုက်သည့် အစီအရင်အိမ်မြှောင်ကို သတိရမိသွားရာ သူ၏စိတ်မှာ ပိုမို တည်ငြိမ်သွားခဲ့ရသည်။ မိုးကြိုးနတ်သား ဤနေရာတွင် ရှိမနေသည့်တိုင် သူ၏ ရတနာက ရှိနေဆဲဖြစ်သည်။

သူသည် မသိစိတ်အရ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ မတ်စောက်လှသော ကျောက်ဆောင်ကြီးများမှာ အရပ်မျက်နှာအနှံ့တွင် တည်ရှိနေခဲ့ကြပြီး ကျောက်မျက်နှာပြင်များမှာမူ မည်းမှောင်လျက် ရှိနေခဲ့ကြသည်။

‘ဒါက မိုးကြိုးမုန်တိုင်းကြောင့် ဖြစ်ပေါ်သွားခဲ့တဲ့ အမှတ်အသားတွေလား.... ဒါမှမဟုတ် ကျရှုံးသွားခဲ့ကြရတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ သွေးတွေ ကျောက်တုံးထဲကို စီးဝင်သွားခဲ့လို့လား၊ ဘယ်လိုပဲဖြစ်ဖြစ်.... ဒီမြေမျက်နှာသွင်ပြင်က အစီအရင်တစ်ခု တည်ဆောက်ဖို့အတွက် သိပ်ပြီးတော့ အဆင်ပြေလှတာတော့ မဟုတ်ဘူးပဲ’

“နောက်ဆုံးတစ်ချက်အနေနဲ့၊ အဖွဲ့ချုပ်ခေါင်းဆောင် တိုက်ခိုက်တဲ့အခါ အရမ်းမြင့်တဲ့နေရာကို မပျံပါနဲ့”

လော့ချန် မျက်ခုံးကို ပင့်လိုက်မိသည်။

“မိုးကြိုးထိမှာ စိုးလို့လား”

“ဟုတ်တယ်၊ မိုးကြိုးစွမ်းအားက ဘယ်အချိန် ကျလာမယ်မှန်း မသိရဘူး၊ တိုက်ပွဲ ဖြစ်နေချိန်မှာ အမြင့်ပျံနေရင် ပစ်မှတ် ဖြစ်သွားလိမ့်မယ်၊ ဒီတောင်ပေါ်မှာက မိုးကြိုးဒဏ်ခံရပြီဆို အသက်ရှင်တဲ့အရာ ဘာမှ မရှိဘူး”

သာမန် မိုးကြိုးများမှာ ကျင့်ကြံသူများအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုမျိုး မဟုတ်ပေ။ ၎င်းက နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိချိန်တွင် ကြုံတွေ့ရမည့် မိုးကြိုးကပ်ဘေးမျိုး မဟုတ်သည်မှာ သေချာလှပေသည်။ အချို့သော အစွမ်းထက်လှသည့် ကျင့်ကြံသူများမှာ ထိုကဲ့သို့သော မိုးကြိုးများကို အသုံးချ၍ မှော်ရတနာများကို သွန်းလုပ်ခြင်း သို့မဟုတ် မိမိတို့၏ ခန္ဓာကိုယ်ကိုပင် သန့်စင်ခြင်းများ ပြုလုပ်နိုင်ကြသေး၏။ သို့သော်ငြားလည်း အကယ်၍ တိုက်ပွဲ ပြင်းထန်နေစဉ်အတွင်း ခေတ္တမျှ လေဖြတ်သွားသကဲ့သို့ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့မည်ဆိုလျှင်မူ ထိုခဏတာ အချိန်လေးကပင် တိုက်ပွဲ၏ အရှုံးအနိုင်ကို တိုက်ရိုက် ဆုံးဖြတ်ပေးသွားနိုင်ပေသည်။ အမြင့်ကြီးကို ပျံသန်းမိသောကြောင့် သေဆုံးသွားခဲ့ရသည်ဆိုလျှင် အလွန်တရာ အရှက်ရဖွယ် ကောင်းလှသော သေဆုံးခြင်းမျိုး ဖြစ်ပေလိမ့်မည်။

ရွှီဟွမ်ကျန်းသည် ကိစ္စရပ်များစွာကို တစ်ပြိုင်တည်း ပြောပြခဲ့ခြင်း ဖြစ်ပေသည်။ သူသည် လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ခက်ခက်ခဲခဲ ရရှိခဲ့ဖူးသည့် သင်ခန်းစာများအားလုံးကို လော့ချန်ထံသို့ အကြွင်းအကျန်မရှိ ပေးအပ်နေခဲ့ခြင်း ဖြစ်၏။ လော့ချန်သည် သူတို့၏ ဘေးပတ်ဝန်းကျင်ရှိ မျက်လုံးများ တောက်ပနေခဲ့ကြသည့် ရင်ခုန်စိတ်လှုပ်ရှားနေကြသော လော့ထျန်းအဖွဲ့ဝင်များကို လှမ်း၍ ကြည့်ရှုလိုက်မိရာ ထိုလူအများစုမှာ ဤကဲ့သို့သော ဘေးအန္တရာယ်များကို ကောင်းစွာ သိရှိထားကြခြင်း မရှိသေးသည်မှာ သေချာလှပေသည်။

“ငါတို့ လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကိုလည်း ဒီအချက်တွေ သေချာသိထားဖို့အတွက် သတိပေးလိုက်ဦး....”

လော့ချန် ညွှန်ကြားလိုက်သည်။

“ပေးပြီးပါပြီ အဖွဲ့ချုပ်ခေါင်းဆောင်....”

ရွှီဟွမ်ကျန်းက ပြန်ဖြေလိုက်သည်။

“ကျွန်တော် လူတွေ လွှတ်ပြီးတော့ သူတို့ကို သေချာ သတိပေးခိုင်းထားပြီးသားပါ”

သူတို့ စကားပြောဆိုနေကြစဉ်အတွင်းမှာပင် ဆဋ္ဌမမြောက်တောင်တန်း၏ လွှဲပြောင်းခြင်း ကိစ္စရပ်များမှာ ပြီးဆုံးလုနီးပါး အခြေအနေသို့ ရောက်ရှိလာခဲ့ချေပြီ။ လော့ချန်သည် ဆုတ်ခွာသွားခဲ့ကြသည့် ကျင့်ကြံသူများကို ဝေ့ဝဲကြည့်ရှုလိုက်မိစဉ် ရုတ်တရက်ဆိုသလို ရင်းနှီးနေသော အဖွဲ့ငယ်လေးတစ်ခုထံ၌ သူ၏ မျက်ဝန်းများက ရပ်တန့်သွားခဲ့ရတော့၏။ ၎င်းမှာ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ် ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီးတစ်ယောက်က သူ့အား ကြည့်နေသည်။ လော့ချန် ခေါင်းညိတ်ပြလိုက်ရာ သူမကလည်း ခေါင်းညိတ်ပြလျက် ပြန်လည် နှုတ်ဆက်လာခဲ့တော့သည်။

“မိတ်ဆွေလီ၊ ဘာဖြစ်လို့လဲ”

ဆုတ်ခွာသွားခဲ့သည့် အဖွဲ့အတွင်း သူမနှင့်အတူ ယှဉ်တွဲ၍ ပျံသန်းလာခဲ့သော နန်ကုန်းကျင်းက လှမ်း၍ မေးမြန်းလိုက်မိ၏။

လီရီရှန်း သက်ပြင်းချလိုက်သည်။

“လော့ချန်က သူတို့တန်ဖိုးထားတဲ့ ဆေးဖော်ဆရာ ဖြစ်လို့ ဒီစစ်ပွဲကနေ ရှောင်နိုင်မယ် ထင်ခဲ့တာ၊ အခုတော့ သူလည်း ပါလာပြီပဲ”

နန်ကုန်းကျင်းမှာ တောင့်တင်းသွားခဲ့ရပြီးနောက် မသိစိတ်အရ လော့ထျန်းအဖွဲ့ ရှိနေသည့် အရပ်ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မိတော့၏။ သူ မြင်တွေ့လိုက်ရသည်ကမူ ရေခဲခံတပ်၏ စောင့်ရှောက်မှုအောက်တွင် တောင်တန်းကြီးများအတွင်းသို့ ဝင်ရောက်ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော လော့ချန်၏ ကျောပြင်ကိုသာ ဖြစ်ပေသည်။

သူ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

“ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးမှာ နာမည်ကြီးလှတဲ့ ဆေးဖော်ဆရာတစ်ယောက်တောင် ဒီမုန်တိုင်းကြီးထဲကို ဆွဲသွင်းခံလိုက်ရပြီဆိုမှတော့.... ငါတို့လို သာမန်လူတွေက ဘာကို မျှော်လင့်နိုင်ဦးမှာလဲ....”

လီရီရှန်းက ထပ်မံ၍ ခါးသက်စွာ ပြုံးလိုက်မိပြန်ရင်း ပြန်လည် စကားဆိုရန် ပြင်လိုက်စဉ် သူတို့၏ ကျောဘက်ဆီမှ အိုမင်းရင့်ရော်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့တော့၏။

“တန်ချန်ဇီကို စိတ်ပူမနေနဲ့၊ သူ့ကို တာဝန်ချထားပေးတဲ့နေရာက ဒီစစ်မြေပြင်တစ်ခုလုံးမှာ အန္တရာယ်အကင်းဆုံး နေရာပဲ၊ ရေခဲခံတပ်က သူ့ကို အများကြီး ဂရုစိုက်နေတာ”

လီရီရှန်းနှင့် နန်ကုန်းကျန်းတို့ နှစ်ဦးလုံးမှာ အံ့အားသင့်သွားခဲ့ကြရသဖြင့် အလျင်အမြန်ပင် လှည့်ကြည့်လိုက်ကြရင်း ရိုသေစွာဖြင့် ဦးညွတ်လိုက်ကြတော့၏။

“ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ဗျာ....”

လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်၏ ဂိုဏ်းချုပ်ကြီးကမူ ပင်ပန်းနွမ်းနယ်စွာဖြင့် လက်ကို ဝှေ့ယမ်းပြလာခဲ့သည်။

“ဒီလိုနေရာမျိုးမှာ ထုံးတမ်းတွေဘာတွေ လိုက်နာမနေနဲ့၊ သွားပြီးတော့ အနားယူကြစမ်း”

သူသည် ထိုသို့ ပြောဆိုနေစဉ်အတွင်းမှာပင် သူ၏ မျက်ဝန်းများက တရွေ့ရွေ့ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော လော့ချန်၏ ရုပ်သွင်ဆီ၌ ကြာမြင့်စွာ တည်ရှိနေခဲ့ရပြီး သူ၏ မျက်နှာထက်၌မူ မနာလိုရိပ်အချို့ ဖြတ်ပြေးသွားခဲ့ရတော့၏။ သူတို့ ရရှိထားခဲ့ကြသည့် စခန်းများ၏ ဘေးအန္တရာယ် အဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။ အကယ်၍ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်သာ ထိုကဲ့သို့ ဂရုစိုက်မှုကို ရရှိခဲ့မည်ဆိုလျှင် သူတို့၏ ဆုံးရှုံးမှုများမှာ ဤမျှလောက်အထိ ပြင်းထန်လိမ့်မည် မဟုတ်ချေ။ ဤနှစ်နှစ်အတွင်း သူတို့၌ အခြေတည်အဆင့် ကျင့်ကြံသူ ကိုးဦးအထိ ရှိနေခဲ့ကြသော်လည်း ယခုအခါတွင်မူ ငါးဦးမျှသာ ကျန်ရှိတော့သည်။

သူ ကြီးမားလှသော မျှော်လင့်ချက်များစွာ ထားရှိခဲ့ဖူးသည့် အခြေတည်အဆင့်လတ်ကျင့်ကြံသူ ကျိုးချင်းပင်လျှင် စစ်မြေပြင်အတွင်း ကျဆုံးသွားခဲ့ရချေပြီ။ အကယ်၍ ဤအခြေအနေသာ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဆိုလျှင် သူတို့ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်တွင် မည်မျှလောက်သော လူပမာဏက ထျန်းလန်နတ်ဘုရားမြို့တော်သို့ အသက်ရှင်လျက် ပြန်လည် ရောက်ရှိနိုင်ကြမည်နည်း။

“ထားလိုက်ပါတော့....”

သူ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

“ငါ မျှော်လင့်နိုင်တာကတော့.... ထျန်းရှင်းကျီ ပြောခဲ့တဲ့ စကားတွေက အမှန် ဖြစ်ပါစေလို့ပဲ.... မဟုတ်ရင်တော့.... ငါတို့ရဲ့ ဒီခရီးစဉ်တစ်ခုလုံးက အလဟဿ ဖြစ်သွားရလိမ့်မယ်”

လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်၏ ဂိုဏ်းချုပ်ကြီးသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိရင်း ဆဋ္ဌမမြောက်တောင်တန်းဆီမှနေ၍ ဖြည်းညှင်းစွာ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင်မူ ပင်ပန်းနွမ်းနယ်မှုများက အထင်အရှား ပေါ်လွင်နေခဲ့သည်။

....

လော့ထျန်းအဖွဲ့၏ တာဝန်မှာ တောင်စောင်းတွင် စောင့်ကြပ်ရန် ဖြစ်သည်။ ထိုနေရာတွင် မိုးကြိုးထိထားသည့် သစ်ပင်များစွာ ပေါက်ရောက်နေသည်။ ဤအပင်များသည် မိုးကြိုးလက်နက်များ လုပ်ရာတွင် အရေးပါလှသော်လည်း အလွန်အမင်း ရှားပါးလှသောအရာမျိုးတော့ မဟုတ်ချေ။ အကြောင်းမူကား ဂိုဏ်းကြီးများစွာမှာ သူတို့၏ ကိုယ်ပိုင်နယ်မြေများအတွင်း၌ သဘာဝ မိုးကြိုးစွမ်းအားများကို ဆွဲယူကာ ဤကဲ့သို့သော သစ်ပင်များကို ကိုယ်တိုင် စိုက်ပျိုးနိုင်သည့် အတတ်ပညာများကို တတ်မြောက်ထားခဲ့ကြပြီး ဖြစ်သောကြောင့်ပင်။

ဤနေရာမှာ ရှေ့တန်းစစ်မျက်နှာပြင်နှင့် များစွာ ကွာဝေးလှသော အရပ်တွင် ရှိနေခဲ့သည်။ ဤနေရာမှ ထွက်ရှိသမျှသော ရင်းမြစ်ပစ္စည်းများမှာလည်း ဂိုဏ်းကြီးများအတွက် အဖိုးမတန်လှချေ။

ပြောရမည်ဆိုလျှင် ဤနေရာမှာ အလွန်လုံခြုံပြီး ရန်သူများလည်း စိတ်မဝင်စားသည့် နေရာ ဖြစ်သည်။

“ကျေနပ်ရဲ့လား”

ထန်ထိုက်ကျင်းက လှမ်း၍ မေးလိုက်သည်။

လော့ချန် ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေတယ်”

သူသည် ကရုဏာမဲ့နတ်သမီးမှ ဂရုစိုက်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဤမျှလောက်အထိ မျှော်လင့်မထားခဲ့ပေ။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဤနေရာ၏ ဆုတ်ခွာရမည့် လမ်းကြောင်းမှာ အလွန်တရာ ကောင်းမွန်လွန်းလှပေသည်။ အကယ်၍ ရန်သူများ အလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် ရှေ့တန်းမှ ကျင့်ကြံသူများက ထိုတိုက်ခိုက်မှု၏ ဒဏ်ကို အရင်ဆုံး ခံစားကြရမည် ဖြစ်ရာ မိမိတို့၏ ဤနေရာသို့ ရောက်ရှိလာရန်အတွက် အချိန်များစွာ လိုအပ်ဦးမည်သာ ဖြစ်သည်။

“ကောင်းတာတော့ ကောင်းတယ်၊ ဒါပေမဲ့ ဆရာက အများကြီး ပေးဆပ်လိုက်ရတယ်၊ အရင်က မင်းပေးထားတဲ့ ဆေးလုံးတွေကို တိမ်ပြိုဂိုဏ်းနဲ့ အလဲအလှယ် လုပ်လိုက်ရတယ်လေ”

လော့ချန် တစ်ချက် တွန့်သွားသည်။ ထိုဆေးလုံးများကို စောစောကတည်းက သုံးလိုက်ပါက အခြေအနေ ပိုကောင်းလာနိုင်သည်ဟု သူ တွေးလိုက်သည်။ ကရုဏာမဲ့နတ်သမီးသည် မိမိထံမှ ဆေးလုံးများကို လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ရရှိခဲ့ပါသော်လည်း ချန်ချင်အနွယ်၏ စစ်မြေပြင်အခြေအနေမှာ တိုးတက်လာခြင်း မရှိခဲ့ပေ။ ယခုမှသာ လော့ချန် နားလည်သွားတော့သည်။ ကရုဏာမဲ့နတ်သမီးသည် ထိုဆေးလုံးများကို တိုက်ပွဲအတွင်း အသုံးချခဲ့ခြင်းမျိုး လုံးဝ မရှိဘဲ ပိုမိုကြီးမားလှသော အကျိုးအမြတ်များနှင့် ပြန်လည်လဲလှယ်ရန်အတွက် ယနေ့တိုင်အောင် သိုဝှက်သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပေသည်။ ရေခဲခံတပ်မှ အချိန်ကိုက် စီစဉ်ခြင်းမှာလည်း အဓိပ္ပာယ် ရှိပေသည်။

ခဏမျှအတွင်း သူ၏ ရင်ထဲ၌ ဒေါသရိပ်အချို့ တိုးဝှေ့ပေါ်ပေါက်လာခဲ့ရပါသော်လည်း ထန်ထိုက်ကျင်း တောင်ထိပ်ဆီသို့ ဦးတည်၍ ပျံသန်းသွားခဲ့သည့် အချိန်တွင်မူ ထိုဒေါသတရားများမှာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ရတော့၏။ အကယ်၍ သူကိုယ်တိုင်သာ သူမ၏ နေရာတွင် ရှိနေခဲ့မည်ဆိုလျှင်လည်း ထိုနည်းအတိုင်းပင် ဆုံးဖြတ်ချက် ချမိလိမ့်မည်မှာ သေချာလှပေသည်။ သူ ဆေးလုံးများကို စတင်ပေးခဲ့စဉ် အချိန်က ထိုဆေးလုံးများမှာ တန်ဖိုးရှိသော အရာများ ဖြစ်ကြရုံမျှသာ ရှိခဲ့သော်လည်း ယခုကဲ့သို့ စစ်ပွဲကြီး ပိုမို၍ ပြင်းထန်လာခဲ့သည့် အချိန်တွင်မူ တန်ဖိုးမှာ အဆမတန် မြင့်မားသွားခဲ့ရချေပြီ။ ဆေးလုံးတစ်လုံးချင်းစီက ကျင့်ကြံသူတစ်ဦး၏ တိုက်စစ်စွမ်းရည်ကို ခေတ္တမျှ မြှင့်တင်ပေးနိုင်သဖြင့် အသေးစား တိုက်ပွဲများ၏ ရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြပေသည်။ ယခုကဲ့သို့သော အချိန်တွင်မှ ထိုအရာများကို ထုတ်ယူ၍ လဲလှယ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပြီး ၎င်း၏ ရလဒ်ကြောင့် လော့ထျန်းအဖွဲ့ကိုယ်တိုင်လည်း အကျိုးကျေးဇူးကောင်းကောင်းကြီး ရထားလေပြီ။

“ငါ တကယ့်ကို ဒီအဆင့်မြင့် ကျင့်ကြံသူတွေကို လျှော့တွက်မိခဲ့တာပဲ....”

လော့ချန် တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

“သူတို့အားလုံးက ကြည့်ရတာ တည်ငြိမ်ပြီး အေးဆေးနေကြတယ်လို့ ထင်ရပေမဲ့ အကျိုးအမြတ်နဲ့ ပတ်သက်လာရင်တော့ ဘယ်သူကမှ သူတို့လောက် တွက်ချက်မှု မမြန်ကြဘူး၊ ခုနတုန်းက သူမအပေါ်မှာ ကျေးဇူးတင်စိတ်မျိုး ထားမိတာကတင် ငါသိပ် နှလုံးသား နုလွန်းနေပြီ”

သူ တောင်ခါးပန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်မိရာ ထိုနေရာက တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး မိုးကြိုးသစ်ပင် များစွာကလည်း တိတ်ဆိတ်စွာ တည်ရှိနေခဲ့ကြပေသည်။ ဤနေရာသည် လော့ထျန်းအဖွဲ့အတွက် အမှန်တကယ်ပင် အကောင်းဆုံးသော နယ်မြေတစ်ခု ဖြစ်ပေလိမ့်မည်။

“ဘာပဲဖြစ်ဖြစ်၊ ရောက်လာပြီဆိုတော့လည်း အကောင်းဆုံး ကြိုးစားရမှာပဲ”

ထိုသို့ တွေးတောလိုက်မိပြီးနောက် လော့ချန် သူ၏ မော်ကွန်းဝင်အစီအရင်အိမ်မြှောင်ကို ထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters